Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

နှစ်ထပ်တိုး (Compound Interest) ရဲ့စွမ်းအား

4:30 PM | ,


နှစ်ထပ်တိုးဆိုတာ ကျောင်းမှာသင်္ချာသင်တုံးက တွက်ခဲ့ဖူးကြမှာပါ။

ဒေါ်လာ(၁၀၀)ကို တနှစ်အတိုးနှုန်း(၁၀)ရာခိုင်နှုန်းနဲ့ အပ်ထားလိုက်ရင် တနှစ်ပြည့်တာနဲ့ ဒေါ်လာ(၁၁၀)ဖြစ်လာမယ်။

အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၁၀)ကို ဆက်စုထားရင် ဒုတိယနှစ်ကုန်တဲ့အခါ ငွေရင်း(၁၁၀)ပေါ်မှာ ရတဲ့အတိုးက (၁၁)ဒေါ်လာဖြစ်လို့ စုစုပေါင်းအပ်ငွေဟာ ဒေါ်လာ(၁၂၁)ဖြစ်သွားမယ်။ ဒါကို နှစ်ထပ်တိုးလို့ခေါ်တယ်ဆိုတာ အများသိကြပါတယ်။

ဒီတခါလဲ အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၂၁)ကို ဆက်စုထားရင် တတိယနှစ်ကုန်တဲ့အခါ ငွေရင်း(၁၂၁)ပေါ်မှာ ရတဲ့အတိုးက ၁၂.၁၀ဒေါ်လာဖြစ်လို့ စုစုပေါင်းအပ်ငွေဟာ ဒေါ်လာ(၁၃၃.၁၀)ဖြစ်သွားမယ်။

လူတိုင်းသိနေတဲ့ ဒီကလေးတွက်လေးများ ကြီးကြီးကျယ်ကျယ်လုပ်ပြီး ရှင်းပြနေရတယ်ဆိုပြီး ဆက်ဖတ်ဖို့စိတ်ရှည်ကြမှာမဟုတ်ဖူးဆိုတာ သိပါတယ်။

အံ့သြစရာကောင်းတာလေးတွေ့တော့မှာမို့ ဆက်ဖတ်ကြည့်လိုက်ပါ။

စောစောကပြောတဲ့ ဒေါ်လာ(၁၀၀)ကို အတိုးတပြားမှမထုတ်ပဲ ဘဏ်မှာထားလိုက်မယ်ဆိုရင်

၅နှစ်ကြာရင် ဒေါ်လာ(၁၆၁.၅၀)ဖြစ်လာမယ်။

၁၀နှစ်ကြာရင် ဒေါ်လာ(၂၅၉.၃၇)ဖြစ်လာမယ်။

၁၅နှစ်ကြာရင် ဒေါ်လာ(၄၁၇.၇၂)ဖြစ်လာမယ်။

အနှစ်(၂၀)ကြာရင် ဒေါ်လာ(၁၆၁၅.၀)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၃၀)ကြာရင် ဒေါ်လာ(၁,၇၄၄. ၉၄)ဖြစ်လာမယ်။

အနှစ်(၄၀)ကြာရင် ဒေါ်လာ(၄,၅၂၅.၉၂)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၅၀)ကြာရင် ဒေါ်လာ(၁၁,၇၃၉.၀၈)ဖြစ်လာမယ်။

အနှစ်(၇၀)ကြာရင် ဒေါ်လာ(၇၈,၉၇၄.၆၉)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၈၀)ကြာရင် ဒေါ်လာ(၂၀၄,၈၄၀.၀၂)ဖြစ်လာမယ်။

အနှစ်(၁၀၀)ကြာရင် ဒေါ်လာ(၁,၃၇၈,၀၆၁.၂၃)ဖြစ်လာမယ်။ ဒေါ်လာ(၁.၃)သန်းနော်။

တကယ်လို့ သင့်ကလေးမွေးစကတည်းက ဒေါ်လာ(၁၀၀)ကို ဘဏ်ထဲစုထားပြီး အတိုးမထုတ်ဖူးဆိုရင်ရယ်၊ သင့်ကလေးဟာ ကံကောင်းစွာနဲ့ အသက်(၁၀၀)အထိ နေခဲ့ရမယ်ဆိုရင် သင့်ကလေးဟာ အဖိုးကြီး အဖွားကြီးဖြစ်လာရင် သန်းကြွယ်မီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်သွားမှာပါ။ ဘယ်သူ့ကိုမှလဲ မှီခိုနေစရာမလိုတော့ပါဘူး။

လူတိုင်း အသက်(၁၀၀)အထိ မနေရပေမဲ့ အသက်(၆၀-၇၀)အထိနေကြရမှာမို့ သင့်ကလေးအတွက် နောင်ရေးအတွက် စဉ်းစားပေးဖို့ပါ။

ဒါက ဒေါ်လာ(၁၀၀)ပေါ် တွက်ထားတာနော်။ တကယ်လို့ ဒေါ်လာတစ်ထောင်စုခဲ့မယ်ဆိုရင် အနှစ်(၁၀၀)ကြာလို့ ရမဲ့စောစောက(၁.၃)သန်းရဲ့ ၁၀ဆဖြစ်တဲ့ ဒေါ်လာ(၁၃)သန်းရမှာနော်။

ဒီနှစ်ထပ်တိုးဟာ အဆပေါင်းများစွာဖြစ်စေလို့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက လက်ရှိကမ္ဘာ့အံ့ဖွယ်(၇)ပါးအပြင် နံပါတ်(၈)မြောက် ကမ္ဘာ့အံ့ဖွယ်တပါးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး သူက ထပ်ပြောသေးတယ်။ ဒီနှစ်ထပ်တိုးကို မသိသူတွေက ကျော်သွားပြီး သိသူတွေက ဖေါ်စားလို့ သူတို့သားသမီးတွေဟာ မီလျံနာသူဋ္ဌေးကြီးတွေဖြစ်သွားကြပါပြီတဲ့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူဖော်ပြပါသည်။
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၄)

9:30 PM | , , ,

စတော့ဈေးနှုန်းဂရပ်ဖြင့် ရောင်းဝယ်နည်း
စတော့ဈေးနှုန်းဂရပ်ကို နည်းစနစ်ပိုင်းအရ သုံးသပ်နည်းများကို ထပ်မံ ရှင်းပြတင်ဆက်ထားပါတယ်။ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်တော့မယ် ဆိုရင် စတော့ဈေးနှုန်းဂရပ်တွေကို စတော့ပွဲစား၊ အရောင်းအဝယ်သမားနှင့် ရင်းနှီးမြှုပ်နှံသူများဟာ နည်းစနစ်ပိုင်း သုံးသပ်မှုပြုလုပ်ကြပါတယ်။ ဒီလို သုံးသပ်ရာတွင် တစ်ချို့ဈေးနှုန်းဂရပ် ပုံသဏ္ဌာန် တွေကို မကြာခဏတွေ့ရတတ်၍ နည်းစနစ်ပိုင်း သုံးသပ်သူများဟာ ၄င်းတို့ကို နာမည်များ ပေးထား တတ်ပါတယ်။ ရှယ်ယာရောင်းဝယ်သူတွေဟာ ဒီပုံသဏ္ဌာန်တွေကို အတိတ်ကာလမှ စတော့ ဈေးနှုန်းများနှင့် နှိုင်းယှဉ်အသုံးချပြီး ဖြစ်နိုင်ချေ ရှိတဲ့ စတော့ဈေးနှုန်းတွေကို ခန့်မှန်း ရောင်းဝယ်လေ့ ရှိပါတယ်။ ပုံမှန်တွေ့ရဖန်များသည့် ပုံသဏ္ဌာန်တွေမှာ Head and Shoulder သဏ္ဌာန်၊ Multiple Tops သို့မဟုတ် Bottoms သဏ္ဌာန်နှင့် တြိဂံပုံသဏ္ဌာန်တွေပဲ ဖြစ်ပါတယ်။ အခုတင်ဆက်မှု မှာ ၄င်း သဏ္ဌာန်များအကြောင်း အကျဉ်းချုံ့ ရှင်းပြသွားပါမယ်။


Head and Shoulder ထိပ်ဦးနှင့် ပခုံးသဏ္ဌာန်
ပုံ ၉ တွင် တွေ့ရသလို Head and Shoulder သဏ္ဌာန်ဆိုသည်မှာ စတော့ဈေးနှုန်းများ အတက်အကျဖြစ်ထားသော ဈေးနှုန်းဂရပ် ပုံသဏ္ဌာန်ဖြစ်ပါတယ်။ ပုံ ၉ တွင် စတော့ ဈေးနှုန်းများသည် ဈေးအမြင့်ဆုံးအနေအထားသို့ သုံးခါမျှရောက်ခဲ့ပြီး အလယ်ထိပ်ဖူးရှိ ဈေးနှုန်းသည် အမြင့်ဆုံးဖြစ်နေခဲ့၍ ဘေးပခုံးနှစ်ဘက်ထိပ်ရှိ ဈေးနှုန်များသည် တူညီလုနီးပါးစီ ရှိနေပါတယ်။ ပထမ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော ဈေးနှုန်းများသည် Neckline ဆိုသော မျဉ်းအနီး အရောက်တွင် ပြန်တက်သွားသည်ကိုလည်း တွေ့ရပါမယ်။ ထိုကဲ့သို့ ပုံသဏ္ဌာန်မျိုးဟာ ဈေးနှုန်းတွေဟာ နောက်တစ်ခါ ပြန်တက်မလာ တော့ပဲ ထိုး၍ ကျဆင်းတော့မဲ့ အရိပ်အရောင် တွေပဲဖြစ်ပါတယ်။ ပုံ ၉တွင် တွေ့ရသည့် အတိုင်း ဒုတိယ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော စတော့ဈေးနှုန်းဟာ Neckline ဈေးနှုန်း အရောက်မှာ ပြန်တက်မလာတော့ပဲ ဆက်လက်၍ ကျဆင်းသွားတာကို တွေ့နိုင်ပါမယ်။


Multiple Tops/ Bottoms ထိပ်ဖူးအဆင့်ဆင့် နှင့် အောက်ခြေအဆင့်ဆင့် သဏ္ဌာန်များ
ပုံ ၁၀။ စတော့ဈေးနှုန်းဂရပ်တွေမှာ ရှယ်ယာ ဈေးနှုန်းတွေဟာ တူညီလုနီးပါးရှိသည့် အမြင့်ဆုံးဈေးနှုန်းတွေကို မကြာခဏ ရောက်ရှိပြီး ပြန်ကျလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို သဏ္ဌာန်တွေကို ထိပ်ဖူး အဆင့်ဆင့် သဏ္ဌာန် Multiple Tops လို့ခေါ်ပါတယ်။ ထို့အတူ တူညီလုနီးပါးရှိသည့် အနိမ့်ဆုံးဈေးနှုန်းတွေကို မကြာခဏရောက်ရှိပြီးမှ ဈေးပြန်တက်လာတတ်တဲ့ ပုံသဏ္ဌာန်တွေကို အောက်ခြေအဆင့်ဆင့် သဏ္ဌာန် Multiple Bottoms လို့ခေါ်ပါတယ်။ ပုံ ၁၀ မှာ ဥပမာပြထားတာ ထိပ်ဖူးနှစ်ခု သဏ္ဌာန် Double Tops ဖြစ်ပြီး အဆိုပါ ပုံသဏ္ဌာန်တွေဟာ ဈေးအတက်ဘက် ကနေ အကျဘက်သို့ ပြောင်းသွားနိုင်တဲ့ အရိပ်အရောင်များ ပြနေ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ အကြိမ်ကြိမ် ကြိုးစားရောင်းဝယ်ခဲ့သည့် စတော့ဝယ်ရောင်းသူ များဟာ စတော့၏ ဈေးနှုန်းဟာ ထိပ်ဖူးရှိ နှုန်းထား ရောက်လာတိုင်း ဈေးအမြင့်ဖြင့် အရောင်းအဝယ် မဖြစ်တော့၍ ၄င်းစတော့ကို ထပ်မံ ရောင်းဝယ် လိုခြင်းမရှိတော့ပဲ ထုတ်ရောင်းမှုများလာ၍ဖြစ်ပါတယ်။ ထိုအခါ စတော့ဈေးနှုန်းဟာ ထိပ်ဖူးသို့ ပြန်အတက် ပြခင်းမရှိတော့ပဲ ဆက်လက်ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ပုံ ၁၀ မှာ ထိုသဘောတရားကို ဥပမာအဖြစ် တွေ့မြင်နိုင်ပါမယ်။ Double Tops ကဲ့သို့ အောက်ခြေနှစ်ခု Double Bottoms များ လည်း စတော့ဈေးနှုန်းဂရပ်မှာဖြစ်ပေါ်နိုင်ပါတယ်။ Bottoms တွေဟာ သဘောတရားအားဖြင့် Tops တွေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Tops နှင့် Bottoms တွေဟာ နှစ်ခုသာမက သုံးခု Triple Tops/ Bottoms တွေအနေနဲ့လည်း တည်ရှိနေနိုင်ပါတယ်။

တြိဂံပုံသဏ္ဌာန်များ Triangles
စတော့ဈေးနှုန်းဂရပ်တွင် တွေ့ရလေ့ရှိသည့် ဈေးနှုန်းတြိဂံပုံသဏ္ဌာန် သုံးမျိုးမှာ ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles နှင့် အကျပြတြိဂံသဏ္ဌာန် Descending Triangles တို့ဖြစ်ပါတယ်။


ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles
ပုံ ၁၁၊ က။ ပုံ ၁၁ရှိ ပုံ က ကို ကြည့်လိုက်ပါ။ ခေါက်ချိုးညီတြိဂံ သဏ္ဌာန်အတွင်း စတော့ ဈေးနှုန်းများ အတက်အကျ ဖြစ်နေသည်ကို တွေ့ရပါမယ်။ တြိဂံကို ဖြစ်ပေါ်စေသော မျဉ်းတွေကို Trend မျဉ်းလို့ခေါ်ပါတယ်။ အပေါ်ဘက် Upper Trend မျဉ်းဟာ စတော့၏ ထိပ်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အမြင့်ဈေးနှုန်းတို့ ကျဆင်းလာမှုကို ယေဘူယျ ဖော်ပြပါတယ်။ အောက်ဘက် Lower Trend မျဉ်းဟာ အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ် နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ပြပါတယ်။ ခေါက်ချိုးညီ တြိဂံသဏ္ဌာန်ဟာ ဈေးကွက်ထဲမှာ စတော့ရောင်းသူနှင့်ဝယ်သူအကြား အမြင့်ဈေး နှင့် အနိမ့်ဈေး မည်သည့် ဈေးနှုန်းကို ပေးရမည် မသေချာပဲ အငြင်းပွားနေ၍ ဖြစ်ပေါ်လာ တတ်ပါတယ်။ ထို့ကြောင့် တစ်ချိန်ချိန်မှာ စတော့ ဈေးနှုန်းဟာ Trend မျဉ်းကို ချိုးဖောက်ပြီး အကျဘက် သို့မဟုတ် အတက်ဘက် ဈေးနှုန်းတွေ ဖြင့် အရောင်းအဝယ် ပြုသွားပါလိမ့်မယ်။ ပုံ က မှာ စတော့ဈေးနှုန်းဟာ အတက်ဘက်သို့ ချိုးဖောက် ဦးတည်သွားပြီဖြစ်၍ ထို စတော့ကို ဝယ်ယူသင့်ပြီဖြစ်ကြောင်း အချက်ပြပုံ ဥပမာကို တွေ့ရပါမယ်။

အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles
ပုံ ၁၁၊ ခ။ စတော့၏ အမြင့်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းတို့ ပြောင်းလဲနှုန်း မရှိသလောက်ဖြစ်နေလျှင် Upper Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေတတ် ပါတယ်။ ထို Upper Trend မျဉ်းနှင့် အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာမှုကို ပြသည့် Lower Trend မျဉ်းတို့ စုဆုံမှုကြောင့် အတက်ပြတြိဂံ သဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အတက်ပြတြိဂံသည် အချိန်တစ်ခုခုတွင် စတော့ ဈေးနှုန်းများသည် Upper Trend မျဉ်းကို ချိုးဖောက်ပြီး ဈေးနှုန်း တက်တောက်လျောက် အတက်ပြသွားမည်ဖြစ်၍ စတော့ရှယ်ယာများကို ဝယ်ယူသင့်နေပြီဖြစ်ကြောင်း အချက်ပြခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုသဘောကို ပုံ ခ တွင် ကြည့်ရှုနိုင်ပါတယ်။

အကျပြတြိဂံသဏ္ဌာန် Descending Triangle
ပုံ ၁၁၊ ဂ။ စတော့တစ်ခု၏ အနိမ့်ဈေးတွင် ရောင်းဝယ်မှုများ နှုန်းထား ပြောင်းလဲမှု မရှိလျှင် Lower Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေပါမယ်။ ထို Lower Trend မျဉ်းနှင့် စတော့၏ အမြင့်ဈေးများ ကျဆင်းလာမှုကို ပြသည့် Upper Trend မျဥ်းတို့ တွေဆုံရာမှ အကျပြတြိဂံသဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အကျပြတြိဂံပုံစံ စတော့ ဈေးနှုန်းဂရပ်တွင် ဖြစ်ပေါ်လာပါက စတော့ဈေးနှုန်း များသည် တစ်ချိန်ချိန်တွင် Lower Trend အောက် တောက်လျောက် ကျဆင်းကာ အရောင်းအဝယ် ဖြစ်မည်ဖြစ်၍ စတော့ရှယ်ယာများကို ဈေးမကျခင် ထုတ်ရောင်းသင့်နေပြီ ဖြစ်ကြောင်း အချက်ပြခြင်း ပဲဖြစ်ပါတယ်။ ထိုသဘောကို ပုံ ဂ တွင် ကြည့်ရှုဆင်ခြင်နိုင်ပါမယ်။

ဖတ်ရှုသူများအနေဖြစ် သတိပြုမိနိုင်သည်မှာ ထိုနည်းနာများသည် အသုံးချရန် ခက်ခဲနေနိုင်ပြီး တစ်ခါတစ်ရံ မရေရာသော အချက်ပြမှုများလည်း ဖြစ်နေတတ်ပါတယ်။ ကျွမ်းကျင်သော နည်းစနစ်ပိုင်း သုံးသပ်သူများဟာ အခုဖော်ပြပါ နည်းလမ်းများနှင့် သူတို့၏ အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီးမှ ဈေးနှုန်း ခန့်မှန်း ရောင်းဝယ်မှုများကို ပြုလုပ်ပါတယ်။ ထို့ကြောင့် မိမိကိုယ်တိုင် စတော့ရောင်းဝယ်မှု မပြုခင် ကြိမ်ဖန်များစွာ လေ့လာထားသင့်ပါတယ်။ ထိုမှသာ ဆုံးရှုံးမှုများကို ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ အခြား နည်းစနစ်ပိုင်း သုံးသပ်နည်းများကိုလည်း အခွင့်သင့်ရင် တင်ဆက်ပေးသွားပါမယ်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၃)

8:30 PM | , , ,


ဈေးနှုန်းထောက်ပံ့မျဉ်း Support Line
ပုံ ၆။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ဆိုတာ ဈေးနှုန်းနေရာပြမျဉ်း တစ်ခုပဲဖြစ်ပါတယ်။ စတော့ရှယ်ယာ တစ်ခုရဲ့ကျဆင်းနေတဲ့ ဈေးနှုန်းတွေဟာ ထိုမျဉ်းအနားရှိ ဈေးနှုန်းကို ရောက်လာရင် ဆက်မကျတော့ပဲ ပြန်လည် တက်လာတတ်ပါတယ်။ အကြောင်းမှာ အစုရှယ်ယာ တစ်ခု၏ ဈေးနှုန်းက ထောက်ပံ့မျဉ်းပေါ်ရှိ Support ဈေးနှုန်း အနီးသို့ ကျဆင်းလာချိန်တွင် စတော့ဝယ်ရောင်းသူများဟာ ၄င်းရှယ်ယာ၏ဈေး ပေါ်လွန်းနည်းလွန်းသည်ဟု ထင်ပြီး ပြန်လည် ဝယ်ယူမှုများကြောင့် ဈေးအတက် ပြန်လည် ပြလာနေလို့ပဲဖြစ်ပါတယ်။ ထို့အပြင် Support ဈေးနှုန်းသည် ရောင်းသူဝယ်သူများမှ ကိန်းပြည့် များဖြင့် ရောင်းဝယ်ရသည်ကို ပိုမိုနှစ်သက်၍ များသောအားဖြင့် ဒသမ ဂဏန်းမပါသော ကိန်းပြည့် ဈေးနှုန်းများ ဖြစ်နေတတ်ပါတယ်။ ဥပမာ ၅၉ကျပ်။ Support ဈေးနှုန်းကို စတော့ Candlestick ဂရပ်များတွင် သတ်မှတ်ဆွဲသား လိုပါက ကျနေသည့် ဈေးနှုန်း ပြန်တက်သွားသည့် အမှတ်များကို ဖြတ်၍ ရေးဆွဲရပါမယ်။ ပုံ ၆ တွင် အမေဇုန် အွန်လိုင်းကုမ္ပဏီ၏ စတော့ဈေးနှုန်းပြ ဂရပ်ကို ဖော်ပြထားပါတယ်။ ထိုဂရပ်တွင် ကျဆင်းလာသော စတော့ဈေးနှုန်းများဟာ ဒေါ်လာ ၅၉ ဈေးနှုန်း အရောက်တွင် သုံးကြိမ်တိုင်တိုင် ပြန်လည် အတက်ပြခဲ့၍ Support ဈေးနှုန်းမျဉ်းကို ၅၉ ဒေါ်လာ အပေါ်မှာဖြတ်သန်းရေးဆွဲရပါမယ်။ Support ဈေးနှုန်းဟာ အစုရှယ်ယာ၏ အခြေအနေ ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါတယ်။


ဈေးနှုန်း ခုခံမျဉ်း Resistance Line
ပုံ ၇။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ၏ သဘောတရား နှင့် ပြောင်းပြန်ဖြစ်သော မျဉ်းမှာ ဈေးနှုန်းခုခံမျဉ်း Resistance ဖြစ်ပါတယ်။ Resistance မျဉ်းပေါ်ရှိ ဈေးနှုန်း အနီးသို့ အရောက်တွင် အစုရှယ်ယာတစ်ခု၏ အတက်ပြ နေသော ဈေးနှုန်းတွေဟာ ပြန်လာ ကျဆင်းလာ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ စတော့ ဝယ်ရောင်းသူများဟာ အစုရှယ်ယာတစ်ခု၏ ဈေးနှုန်းက Resistance ဈေးနှုန်း အနီးသို့ အတက်ပြလာတိုင်း ၄င်းရှယ်ယာ၏နှုန်း ဈေးမြောက် လွန်းနေပြီဟု ထင်ပြီး ပြန်လည် ထုတ်ရောင်းမှုများ ကြောင့် စတော့ဈေးနှုန်းများ ဈေးအကျ ပြန်လည် ပြလာနေ၍ ဖြစ်ပါတယ်။ ပုံ ၇ မှာ Resistance မျဉ်း၏ ဥပမာကို တွေ့ရမှာ ဖြစ်ပါတယ်။


Support မျဉ်းနှင့် Resistance မျဉ်းအကြား ပုံစံပြောင်းပြန်ဖြစ်ခြင်း Role Reversal
ပုံ ၈။ တစ်ချို့အချိန်တွေမှာ Support မျဉ်းကနေ Resistance မျဉ်းအဖြစ် ပြောင်းပြန်ဖြစ်သွားမှုမျိုး ရှိနိုင်ပါတယ်။ ဒီလို အခြေအနေကို Role Reversal လို့ ခေါ်ပါတယ်။ စတော့ဈေးကွက်အတွင်း Support မျဉ်းသို့ ကျဆင်းလာတဲ့ စတော့ဈေးနှုန်း ဟာ Support ဈေးနှုန်းအောက် ထပ်မံ ကျဆင်းသွားလျှင် ၄င်း Support မျဉ်းဟာ Resistance မျဉ်းဖြစ်သွားတတ်ပါတယ်။ ဒီလို အခြေအနေတွေဟာ စတော့ရှယ်ယာတစ်ခုကို ရောင်းလိုသူတွေ များလွန်းနေတဲ့ အချိန်တွေမှာ ဖြစ်ပေါ်တတ်ပြီး ထိုများပြားတဲ့ ရောင်းလိုသူတွေ ကြောင့် စတော့ဈေးနှုန်းဟာ Support မျဉ်း အောက်အတွန်းချခံသွား ရတတ်ပါတယ်။ ရောင်းလိုအားများလာ၍ စတော့ဈေးကွက်ဟာ အများစုဆုံးဖြတ်ချက်ကို လုပ်ဆောင်ရပါ တော့တယ်။ အလားတူပဲ Resistance မျဉ်းကနေ Support မျဉ်း အဖြစ်ပြောင်းလဲသွားပြီး စတော့ဈေးနှုန်းဟာ Resistance မျဉ်းကို အပေါ် ကျော်လွှားထိုးတက်သည့် အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ Role Reversal သဘောတရားကို ပုံ ၈ ကို ကြည့်ရှုလျှင် ပိုမိုလွယ်ကူစွာ နားလည် သဘောပေါက်နိုင်ပါတယ်။

Support နှင့် Resistance ဈေးနှုန်းတွေကို ဘယ်လို အသုံးပြုသင့်သလဲ။
ပုံ ၆နှင့် ပုံ ၇။ Support မျဉ်းနှင့် Resistance မျဉ်းတွေကို သတ်မှတ်နိုင်ခဲ့ပါက စတော့ရှယ်ယာ တစ်ခုကို ဘယ်အချိန်မှာ ဝယ်ယူသင့်သလဲ ထုတ်ရောင်းသင့်သလဲ ဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ထို့ကြောင့် Support နှင့် Resistance မျဉ်းတွေကို မိမိလိုအပ်သလို အခြေအနေမျိုးစုံမှာ အသုံးချနိုင်ပါတယ်။ Support မျဉ်းတစ်ခုအနီးကို ရောက်လာတိုင်း စတော့ဈေးနှုန်းက အကြိမ်များစွာ ပြန်အတက်ပြခဲ့ လျှင် အားကောင်းသည့် Support မျဉ်းလို့ ယူဆနိုင်ပြီး Support မျဉ်းအနီးရှိဈေးနှုန်းမှာ အဆိုပါ စတော့ကို ဝယ်ယူဖို့ ကြိုတင်အော်ဒါ Bid Order ပွဲစားကုမ္ပဏီကို မှာထားနိုင်ပါတယ်။ ဒီလိုဝယ်ယူနိုင်ခဲ့ပြီး စတော့ဈေးနှုန်းဟာ Support ဈေးနှုန်းအနား ရောက်အပြီး ပြန်တက်လာပါက ဈေးအချိုဆုံးနှုန်းထားဖြင့် စတော့ကို ဝယ်ယူလိုက် နိုင်မည်ဖြစ်ပြီး စတော့ဈေးအတက်ပြသည့် အကျိုးကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် Support မျဉ်းကို အရှုံးမများအောင်လည်း ကိုးကား အသုံးပြုလို့ ရပါတယ်။ ပုံ ၆ မှာ ၅၉ ဒေါ်လာမှာ ရှိသည့် Support မျဉ်းရှိပါတယ်။ အကယ်၍ စတော့ဈေးနှုန်းဟာ Support ဈေးနှုန်း မှာ အတက်ပြန်လည် မပြပဲ ထိုးကျသွားခဲ့ရင် အရှုံမများစေဖို့ စတော့ကြိုတင် ရောင်းချရန် အမိန့်ပေးသည့် အော်ဒါဖြစ်တဲ့ Stop Order ကို ၅၈ သို့ ၅၉ဒေါ်လာမှာ ထုတ်ရောင်းရန် ပွဲစားကုမ္ပဏီကို အမိန့်ပေးထားနိုင်ပါတယ်။ အလားတူ ထိုသဘောတရားတွေရဲ့ ပြောင်းပြန်အတိုင်း Resistance မျဉ်း အနား စတော့ဈေးနှုန်း ရောက်လာလျှင် စတော့ကို ထုတ်ရောင်းဖို့ အချက်ပြခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းမှာ Resistance ဈေးနှုန်း ရောက်အပြီးတွင် စတော့ဈေးနှုန်းများ ပြန်ကျလာတတ်၍ ဈေးကောင်းနေတုန်း ထုတ်ရောင်းရန် အမိန့်အော်ဒါကို ပေးထား သင့်ခြင်းပါပဲ။ အကယ်၍ Resistance ဈေးနှုန်းကို စတော့ဈေးနှုန်းက ဖြတ်ကျော်ပြီး တောက်လျှောက် အတက်ပြသည့် အခါမျိုးတွင်လည်း ဈေးအတက်ကို မလွတ်စေဖို့ ကြိုဝယ်အော်ဒါ Bid Order ကို ပွဲစားကုမ္ပဏီထံ မှာထားနိုင်ပါတယ်။ ဥပမာအားဖြင့် ပုံ ၇ အရ Resistance ဈေးနှုန်းကို ကျော်ပြီး စတော့ဈေးနှုန်း တက်သွားချိန်တွင် အကျိုးခံစားနိုင်ရန် Bid Order ကို ၃၉ ဒသမ၅ သို့ ၄၀ ဒေါ်လာခန့်မှာ ဝယ်ဖို့ ကြိုမှာထားလို့ရပါတယ်။

Support၊ Resistance နှင့် Role Reversal သဘောတရားတွေကို တသမတ်ထဲ မရှိပဲ အခြေအနေမျိုးစုံတွင် မိမိ လိုအပ်သလို အသုံးချနိုင်ပါတယ်။ ထို့ကြောင့် အသုံးပြုနည်း တစ်ချို့ကို ဥပမာအနေဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၂)

7:30 PM | , , ,


စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume
ပုံ ၄။ စတော့ရှယ်ယာများ အချိန်ကာလတစ်ခုအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အရေအတွက်ဟာ Volume ဖြစ်ပါတယ်။ ပုံ ၄ မှာ ဝိုင်း၍ ပြထားသလို စတော့တစ်ခုရဲ့ အရောင်းအဝယ် အရေအတွက် ဂရပ်ကို စတော့ဈေးနှုန်းဂရပ် အောက်မှာ သပ်သပ်ပြထားလေ့ရှိပါတယ်။ စတော့အရောင်းအဝယ် Website တွေမှာ စတော့တစ်ခု၏ Volume ဂရပ်ကို အခုလိုဖော်ပြထားပါတယ်။ Volume ဟာ အရေးကြီးပါတယ်။ အကြောင်းမှာ အရောင်းအဝယ် အရေအတွက်များစွာ ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေဟာ ပိုခိုင်မာတဲ့ ဈေးနှုန်းအဖြစ် အတည်ပြုနိုင်၍ ဖြစ်ပါတယ်။ ထို့ကြောင့် Volume များစွာနဲ့ စတော့ဈေးနှုန်း အတက်ပြမှုဦးတည်ရာ Upward Trend တွေဟာ Volume အနည်းငယ်ပဲ အရောင်းအဝယ်ဖြစ်ကာ အတက်ပြခဲ့တဲ့ စတော့ဈေးနှုန်း အတက်ပြမှုတွေထက် ပိုမိုခိုင်မာသည်ဟု ယုံကြည်နိုင်ပါတယ်။ ဥပမာပေးရလျှင် အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခုမှာ လူအချို့သုံးဆောင်နေတာကိုတွေ့လျှင် ထိုလူတွေဟာ မြီးစမ်းသည့် သဘောနှင့်လာသုံးဆောင်သည်ဟု ကျွန်တော်တို့ဟာ ကောက်ချက်ချတတ်ပါတယ်။ ဒါမှမဟုတ်ပဲ အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခုမှာ လူအများ အုတ်အော်သောင်းနင်းမှာယူ သုံးဆောင်နေပါက ထိုဆိုင်မှာ အစားအသောက်ကောင်းတစ်မျိုးမျိုး ရှိနေပြီလို့ ပြောနိုင်ပါတယ်။ ဤဥပမာအတိုင်း ရှယ်ယာအရေအတွက်များစွာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေဟာ ခိုင်မာထိုက်တန်သည့် ဈေးနှုန်းတန်ဖိုးတစ်ခု ဖြစ်ဖို့များပါတယ်။ ထို့ကြောင့် Volume ကို စတော့ဈေးနှုန်းတစ်ခု၏ အရှိန်အဟုန်ကို ဖော်ပြသည့် အရေအတွက်အဖြစ် မှတ်ယူရပါမယ်။

Volume ကို ဘယ်လိုအသုံးပြုသင့်သလဲ။
စတော့ဈေးနှုန်း အတက်အကျမှန်သမျှကို ၄င်းတို့နှင့် ဆက်စပ်သည့် စတော့အရောင်းအဝယ် အရေအတွက်ကို ကြည့်၍ သုံးသပ်သင့်ပါတယ်။ ဥပမာပြရလျင် အတက်ဆက်တိုက်ပြခဲ့တဲ့ စတော့ ဈေးနှုန်းတစ်ခုဟာ အချိန်တစ်ခုမှာ ဈေးကျဆင်း သွားပါတယ်။ သို့သော် ကျဆင်းသွာတဲ့ ဈေးနှုန်းဖြင့် ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume သည် အလွန်နည်းနေပါက ၄င်းကျဆင်းမှုဟာ ခိုင်မာမှုမရှိတဲ့ ဈေးကျမှုပဲဖြစ်ပါတယ်။ ထို့ကြောင့် Volume အနည်းငယ်ဖြင့် စတော့ဈေးကျဆင်းမှုဟာ မခိုင်မာ၍ စတော့ဈေး ပြန်တက်လာနိုင်သည့်အတွက် မိမိပိုင် စတော့တွေကို ချက်ချင်း ထုတ်မရောင်းသေးပဲ စောင့်ကြည့် အကဲခတ်နိုင်ပါသေးတယ်။ ထို့အပြင် အရောင်းအဝယ် အရေအတွက် နည်းသထက် နည်းနည်းလာခြင်းဖြင့် အတက်ပြလာတဲ့ စတော့ဈေးနှုန်းတွေဟာ အတက်ပြမှု မကြာမှီ ပြီးဆုံးတော့မည့် အရိပ်အရောင်တွေဖြစ်ပြီး ဈေးမကျခင် ထုတ်ရောင်းဖို့ပြောတဲ့ အချက်ပြမှုတွေပဲ ဖြစ်ပါတယ်။ ထို့အပြင် လက်ရှိအချိန်တွေမှာ ရှိနေတဲ့ Volume က အရင်က ပျှမ်းမျှအရောင်းအဝယ်ဖြစ်မှု အရေအတွက်ထက်များနေပါက စတော့၏ အခြေခံဈေးနှုန်း ပြောင်းလဲသွားမှုကို အချက်ပြပါတယ်။


စတော့ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average
ပုံ ၅။ စတော့ရှယ်ယာတစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average ဆိုသည်မှာ အတိတ်ကာလရှိ စတော့ဈေးနှုန်းတွေရဲ့ ပျမ်းမျှဈေးနှုန်းများကို ချိတ်ဆက်ဆွဲသားထားသည့် မျဉ်းဖြစ်ပါတယ်။ ထို့ကြောင့် စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းဟာ အတိတ်ကာလမှ ဈေးနှုန်းအတက်အကျတွေကို ရှင်းလင်းစွာ အကျဉ်းချုံ့ဖော်ပြနိုင်ပါတယ်။ ပုံ ၅ မှာပြထားတဲ့အတိုင်း Moving Average ဟာ စတော့ဈေးနှုန်းများစွာကို အကျဉ်းချုံ့ကာ ဖော်ပြသည့် ပျမ်းမျှနှုန်းဖြစ်ပြီး စတော့ဝယ်ရောင်းသူတွေအတွက် အလွယ်တကူ သုံးသပ်နိုင်ရန် ပျမ်းမျှအားဖြင့် အပြောင်းအလဲတွေ ဈေးအတက်ဘက်၊ အကျဘက် ဦးတည်ရာ Trends တွေကို ရှင်းလင်းစွာဖော်ပြပေးပါတယ်။

ပျမ်းမျှဈေးနှုန်းမျဉ်းကို ဘယ်လိုအသုံးပြုသင့်သလဲ။
စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းကို ကြည့်ခြင်းဖြင့် စတော့ဈေးနှုန်း၏ အကျဘက်ဦးတည်မှု Downward Trend အတက်ဘက်ဦးတည်မှု Upward Trend တွေကို ဖော်ထုတ်နိုင်ပါမယ်။ အချိန်ကာလတစ်ခု အတွင်းမှာ စတော့ဈေးနှုန်း Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အပေါ်ကနေ ချိုးဖောက် ဖြတ်သန်းခဲ့လျှင် စတော့ဈေးနှုန်းတွေဟာ အကျဘက်ကို ဦးတည်လာမှု Downward Trend ကို တွေ့ရပါမယ်။ Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အောက်ကနေ ချိုးဖောက်ဖြတ်သန်းခဲ့လျှင်တော့ ဈေးနှုန်း အတက်ဘက်ဦးတည်မှု Upward Trend တွေကို တွေ့ရပါမယ်။ ထို့အပြင် ပျမ်းမျှဈေးနှုန်းမျဉ်းကို အသုံးချပြီး Support နှင့် Resistance ဈေးနှုန်းမျဉ်းများကိုပါ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၁)

6:30 PM | , , ,

စတော့ဈေးနှုန်းဂရပ် ဖတ်ရှုပိုင်းခြားနည်း
ဟောလိဝုဒ်က စတော့ပွဲစားတွေအကြောင်း ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မှတ်ပါလိမ့်မည်။ ထိုရုပ်ရှင်များထဲတွင် စတော့ပွဲစားများသည် တစ်နေကုန် ကွန်ပြူတာရှေ့မှာထိုင်ပြီး အရောင်စုံဘားဂရပ် မျဉ်းကြောင်းဂရပ်လေးတွေကို မျက်ချေမပြတ်ကြည့်နေကာ ဆယ်မိနစ်တစ်ကြိမ်လောက်တိုင်း ဖုန်းဖြင့် အရောင်းအဝယ် ပြုနေတတ်ကြသည်။ စတော့အရောင်းအဝယ် လောကတွင် ၄င်းပွဲစားတွေကို ပုံစံကားချပ်ဖြင့် သုံးသပ်သူများ Chartists ဟုခေါ်ဆိုပြီး ၄င်းပွဲစားများသည် နည်းစနစ်ပိုင်းသုံးသပ်နည်း Technical Analysis ကို အသုံးချကာ ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ကြသည်။

နည်းစနစ်ပိုင်းသုံးသပ်နည်း ဆိုတာဘာလဲ။
နည်းစနစ်ပိုင်းသုံးသပ်နည်းဆိုသည်မှာ တကယ်တော့ အရောင်းအဝယ်မပြုခင် စမ်းစစ်နည်း တစ်မျိုးပင်ဖြစ်သည်။ နည်းစနစ်ပိုင်းသုံးသပ်နည်းသည် စတော့ဈေးကွက် အတွင်းရှိ ရှယ်ယာတို့၏ ရေတိုကာလ ဝယ်လိုအားနှင့် ရောင်းလိုအားကို လေ့လာပြီး ဖြစ်နိုင်ချေ ဈေးနှုန်းကို ခန့်မှန်းသတ်မှတ်သည်။ ထိုနည်းသည် ရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုး၊ ရေရှည်တွင်ရရှိမည့် အကျိုးအမြတ်နှင့် ရှယ်ယာထုတ်ဝေသည့် ကုမ္ပဏီတို့၏ စွမ်းဆောင်ရည် စသည်တို့ကို ထည့်သွင်းတွက်ချက် သုံးသပ်ခြင်း မလုပ်ပေ။ ၄င်းအချက်အလက်များ၊ ကုမ္ပဏီ၏ အရည်အချင်း၊ ရှင်သန်ရသည့်ဈေးကွက်နှင့် ဆက်စပ်သတင်းစသည်တို့ကို အဓိက ထည့်သွင်းသုံးသပ်ပြီး ရင်းနှီးသင့်မသင့် ဆုံးဖြတ်သည့် အခြေခံပိုင်းသုံးသပ်နည်းဖြစ်သည့် Fundamental Analysis ဖြစ်သည်။ ထို့ကြောင့် နည်းစနစ်ပိုင်းသုံးသပ်နည်းနှင့် မတူပဲကွဲပြားသည်။ နည်းစနစ်ပိုင်းသုံးသပ်နည်းကို အသုံးပြုသော စတော့ဝယ်ရောင်း ပြုလုပ်သူများသည် ဈေးကွက်အတွင်းရှိ အစုရှယ်ယာတစ်ခု၏ အချိန်တိုအတွင်း ဈေးနှုန်း အတက်အကျများကိုသာ စိတ်ဝင်စားပြီး ၄င်းအစုရှယ်ယာ၏ အစစ်အမှန်တန်ဖိုးကို ဂရုမထားပါ။ စတော့ဝယ်ရောင်းပြုသူများနှင့် ပွဲစားများ၏ ရည်ရွယ်ချက်မှာ ကုန်သည်တစ်ဦးကဲ့သို့ပင် ရေတို ရှယ်ယာရောင်းဝယ်မှု များများပြု၍ အကျိုးအမြတ်ရရှိရန်ဖြစ်ပြီး အဆိုပါရှယ်ယာတွင် ရေရှည် ရင်းနှီးမြှုပ်နှံရန် မရည်ရွယ်ပါ။

စတော့ရောင်းဝယ်သူများဟာ ဘာကြောင့် နည်းစနစ်ပိုင်းသုံးသပ်မှုကို ပြုလုပ်ပါသလဲ။
စတော့ရှယ်ယာ အရောင်းအဝယ်မပြုခင် နည်းစနစ်ပိုင်းသုံးသပ်မှုပြုခြင်းသည် အချိန်ကုန်သက်သာစေ၍ ဖြစ်သည်။ စတော့ရောင်းဝယ်မှုလုပ်သူသည် စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းနှင့် အရောင်း အဝယ်ဖြစ်သည့် အရေအတွက် Volume ကို ချက်ချင်းကြည့်ရှုကာ ၄င်းရှယ်ယာ၏ တန်ကြေးကို သုံးသပ်နိုင်၍ ဖြစ်သည်။ အခြေခံပိုင်းသုံးသပ်မှုမှာ ကုမ္ပဏီ၏ အခြေအနေနှင့် သတင်းများပေါ် မူတည်ပြီး အချိန်ယူ သုံးသပ်ရမည်ဖြစ်၍ အရောင်းအဝယ်ပြုရာတွင် ချက်ချင်း တန်ကြေးကို ပိုင်းဖြတ်နိုင်မည်မဟုတ်ပါ။ သို့တည်းအပြင် နည်းစနစ်ပိုင်းသုံးသပ်သူ Technical Analysts တစ်ချို့ဟာ စတော့ရှယ်ယာ၏ လက်ရှိ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်နေသည့် အရေအတွက်ကိုသာ ကြည့်ခြင်းဖြင့် ၄င်းရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အခြေခံသတင်း အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီးသား ရောက်သည်လို့ ယုံကြည်ကြပါသည်။ ဤယုံကြည်ချက်ဟာ ဝါရင်ဘူဖတ် Warren Buffet လို အခြေခံပိုင်းသုံးသပ်မှု ဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် လက်ခံရခက်သည့် အယူအဆဖြစ်ပါသည်။

နည်းစနစ်ပိုင်းသုံးသပ်နည်းကို ဘယ်သူတွေ အသုံးပြုသလဲ။
အမှန်တစ်ကယ်တွင် နည်းစနစ်ပိုင်းသုံးသပ်မှုသည် စတော့ဝယ်ရောင်းသမားနှင့် ပွဲစားတွေအတွက် သာမက ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများအတွက်ပါ အသုံးဝင်သည့် စတော့အရောင်းအဝယ်မပြုခင် စတော့ဈေးနှုန်းသုံးသပ်နည်း တစ်ခုဖြစ်ပါသည်။ နည်းစနစ်ပိုင်း သုံးသပ်မှုသည် အစုရှယ်ယာတစ်ခုတွင် ရေရှည် ရင်းနှီးမြှုပ်နှံသင့်မသင့် ဆုံးဖြတ်သည့် ပညာတော့မဟုတ်သည်ကို သိထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတွင် ငွေပမာဏ မည်မျှဖြင့် ရေရှည်ရင်းနှီးသင့်သည် မသင့်သည်ကို အခြေခံပိုင်းသုံးသပ်နည်းဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး စတော့ရှယ်ယာများကို ဘယ်အချိန်တွင် ရောင်းရမည် ဝယ်ရမည်ကိုတော့ နည်းစနစ်ပိုင်းသုံးသပ်နည်းဖြင့် ဆုံးဖြတ်ရပါမည်။ ထို့ကြောင့် စတော့ရှယ်ယာ အရောင်းအဝယ်ပြုသည့် ပညာတစ်ရပ်ဖြစ်သည့် နည်းစနစ်ပိုင်းသုံးသပ်နည်းသည် စတော့ အရောင်းအဝယ်သမားများ၊ ပွဲစားများနှင့် အကျိုး ဆောင်ကုမ္ပဏီများအတွက် အရေးပါသည့် အသိပညာဖြစ်ပါသည်။ စတော့အိပ်ချိန်းတွင်လည်း အချိန်စက္ကန့်ပိုင်းအတွင်း အရောင်းအဝယ်များစွာကို ပြုလုပ်ပေးခြင်း ဈေးနှုန်းခန့်မှန်းခြင်းတို့ကိုလည်း ပိုလက်တွေ့ကျသည့် ဤနည်းစနစ်ပိုင်း သုံးသပ်နည်း ဖြင့်သာ လုပ်ဆောင် နေပါသည်။

စတော့ဈေးနှုန်းဂရပ်ဖတ်ပြီး Technical Analysis ကို ဘယ်လိုလုပ်ရသလဲ။
အောက်မှာ ရှုပ်တယ်လို့ ထင်ရသည့် ဈေးနှုန်း ဂရပ်ပုံတွေကို ပြထားပါတယ်။ မစိုးရိမ်ပါနှင့်။ ဤစာပိုဒ်ကို ဖတ်အပြီးတွင် လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သွားမှာပါ။ ဂရပ်ဖတ်တတ်ရင် နည်းစနစ်ပိုင်းသုံးသပ်နည်းကိုပါ တတ်မြောက် လာပါမယ်။ အခု ဂရပ်တွေပုံကို ကြည့်လိုက်ပါ။


Candlestick Chart ဖယောင်းတိုင်ဈေးနှုန်းဂရပ်ပုံ
ပုံ ၁ မှာ တွေ့ရတာကတော့ Candlestick ဂရပ်ပုံဖြစ်ပြီး စတော့ရှယ်ယာတစ်ခုရဲ့ ဈေးနှုန်း အတက်အကျများကို Candlestick များစွာဖြင့် ဖော်ပြထားပါတယ်။ ညာဘက်မှာ ရှိတဲ့ ဒေါင်လိုက်မျဉ်းဟာ ရှယ်ယာရဲ့ဈေးနှုန်းပြမျဉ်း ဖြစ်ပြီး အလျားလိုက်မျဉ်းဟာတော့ ထိုရှယ်ယာ အရောင်းအဝယ်ပြုခဲ့သည့် အချိန်နှင့် နေ့ရက်တွေပြသည့် ဝင်ရိုးမျဉ်းဖြစ်ပါတယ်။ ဒါကြောင့် Candlestick တစ်ခုတိုင်းဟာ ၅ မိနစ် သို့ ၁၀ မိနစ် သို့ တစ်နာရီ စသည့် အချိန်အပိုင်းအခြားတစ်ခုတွင်းရှိ စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းများ ကို ညွှန်ပြနေပါတယ်။


Candlestick ပုံမှာပါတဲ့ ဈေးနှုန်းတွေကို ဘယ်လို ဖတ်ရသလဲ။
အခု ပုံ ၂ ကိုကြည့်လိုက်ပါ။ Candlestick Chart မှာပါတဲ့ ဖယောင်းတိုင်ပုံကို တွေ့ရပါမယ်။ Candlestick တစ်ခုတိုင်းမှာ စတော့ဈေးနှုန်းနှင့် ပတ်သက်လို့ ဈေးနှုန်းအကြောင်း ငါးမျိုးပါဝင်ပါတယ်။ အခု ဖယောင်းတိုင်ပုံတွေကို တစ်နာရီ အချိန်အတွင်း ပေါ်ပေါက်ခဲ့သည့် ရလဒ်တွေလို့ မှတ်ယူပြီးဖြေကြာပေးပါမယ်။

High။ ပုံမှာ ဖော်ပြထားတဲ့ High ဆိုတဲ့အရာဟာ အချိန်တစ်ခုအတွင်း အမြင့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ဈေးနှုန်းတွေကို ဆိုလိုပါတယ်။ ၁၀နာရီမှ ၁၁နာရီမှာ အမြင့်ဆုံးဈေးနှုန်းက ၂၇၀၀ကျပ် ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ High ဈေးက ၂၅၀၀ကျပ် ဖြစ်ပါတယ်။

Low။ Low ဆိုတဲ့ ဈေးနှုန်းတွေကတော့ အချိန်တစ်ခုအတွင်း အနိမ့်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေ ဖြစ်ပါတယ်။ ၁၀နာရီမှ ၁၁နာရီမှာ အနိမ့်ဆုံးဈေးနှုန်းက ၂၁၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Low ဈေးနှုန်းက ၂၀၀၀ကျပ် ဖြစ်ပါတယ်။

Open။ Open ဆိုသည်မှာ အချိန်တစ်ခု စစခြင်းစတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် စတော့၏ အဖွင့်ဈေးနှုန်းဖြစ်ပါတယ်။ ၁၀ နာရီမှ ၁၁နာရီ အတွင်း စတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် အဖွင့်ဈေးနှုန်းမှာ ၂၃၀၀ ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ အဖွင့်ဈေးက ၂၄၀၀ကျပ် ဖြစ်ပါတယ်။ ၁၁ မှ ၁၂နာရီအတွင်း Open ဈေးဟာ ၁၀ မှ ၁၂နာရီရှိ Open ဈေးလိုအောက်မှာ မဟုတ်ပဲ အပေါ်နေရာ ရောက်သွားတာကို တွေ့မှာပါ။ ဒါဟာ ၁၁ မှ ၁၂နာရီ ဈေးနှုန်းတွေဟာ အဖွင့်ဈေးက အပိတ်ဈေး Close ထက်များခဲ့၍ ဈေးနှုန်း အကျပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဈေးနှုန်းအကျပြတဲ့ ဖယောင်းတိုင်မှာ အဖွင့်ဈေးက အပေါ်မှာ ရှိနေ တတ်ပြီး ဈေးနှုန်းအတက်ပြတဲ့အချိန်မှာ အဖွင့်ဈေးကအောက်နေမှာ ရှိတတ်ခြင်း ကို မှတ်သားထားရပါမယ်။

Close။ အပိတ်ဈေး Close ဆိုတာ အချိန်တစ်ခုကုန်ဆုံးချိန် နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ၁၀ မှ ၁၁နာရီမှာ ပိတ်ခဲ့တဲ့ ဈေးနှုန်းဟာ ၂၅၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Close ဈေးနှုန်းက ၂၂၀၀ကျပ် ဖြစ်ပါတယ်။ Close အပိတ်ဈေးနှုန်းဟာလည်း အဖွင့်ဈေးနှုန်းလိုပဲ ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး တည်နေရာ ပြောင်းသွားမှာပါ။ ဈေးနှုန်းအတက်ပြတဲ့ ၁၀ မှ ၁၁ နာရီ Close ဈေးနှုန်းဟာ ဖယောင်းတိုင်ရဲ့ အပေါ်ဘက်မှာရှိပြီး ဈေးနှုန်းအကျပြတဲ့ ၁၁ မှ ၁၂နာရီ Close ဈေးနှုန်းဟာ အောက်နေရာမှာ ရှိပါတယ်။

အစိမ်းရောင်နှင့် အနီရောင်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုများခဲ့လျှင် စတော့ဈေးနှုန်း အတက်ပြသည်ဟု ယူဆပြီး အစိမ်းရောင်ဖြင့် ဖယောင်းပုံကို ပြပါတယ်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုနည်းခဲ့လျှင် စတော့ဈေးနှုန်း အကျပြသည်ဟု ယူဆပြီး အနီရောင် ဖယောင်းပုံကို ပြပါတယ်။ ထို့ကြောင့် ၁၀ မှ ၁၁နာရီ ပုံဟာ စိမ်းနေပြီး ၁၁ မှ ၁၂နာရီပုံဟာ နီနေပါတယ်။

ပုံ A နှင့် ပုံ B။ ပုံ A မှာ ဖယောင်းပုံရဲ့ အလယ်တိုင် ပျောက်နေပြီး အတုံးလေးသာ ဖြစ်နေတာ တွေ့ရပါမယ်။ ဒါဟာ အဖွင့်ဈေးနှုန်းနှင့် အပိတ်ဈေးနှုန်း တူညီပြီး ဈေးအတက်အကျ မရှိတဲ့ Candlestick ပုံမျိုးဖြစ်ပါတယ်။ ပုံ B မှာ High ရဲ့ဈေးနှုန်းဟာ အပိတ်ဈေးနှင့် ကပ်နေတာတွေ့ရပါမယ်။ ဒီလိုပုံမျိုးကို ကြည့်၍ စတော့ဈေးနှုန်းက အမြင့်ဆုံးဈေးနားနီးကပ်စွာ ကပ်ပိတ်တယ်လို့ ပြောနိုင်ပါတယ်။

အခုဆိုရင် Candlestick Chart တွေကို ဖတ်ရှု နိုင်ပြီဖြစ်၍ ၄င်းတို့ကို အသုံးချပြီး နည်းစနစ်ပိုင်း သုံးသပ်နည်း တစ်ချို့ကို တင်ပြသွားပါမယ်။


Trend ခေါ်ဈေးနှုန်း ဦးတည်ရာလမ်းကြည့်နည်း
ပုံ ၃ မှာ ဝိုင်းထားသည့် နေရာကို ကြည့်လိုက်ပါ။ စတော့ဈေးနှုန်းများသည် အချိန်အနည်းငယ်အတွင်း ဆက်တိုက် ကျဆင်းလာသည်ကို တွေ့ရပါမယ်။ ထိုကဲ့သို့ ဖယောင်းပုံများ၏ High ဈေးနှုန်းများနှင့် Low ဈေးနှုန်းများ နိမ့်ကာနိမ့်ကာ ကျဆင်းလာသည့် ဦးတည်လာရာ လမ်းကြောင်းကို အကျဘက် ဦးတည်မှု Downward Trend ဟု ခေါ်ပါတယ်။ အဆိုပါ ပုံနှင့် ဆန့်ကျင်ဘက် အနေအထားတွင် ဖယောင်းပုံများ၏ High နှင့် Low ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက် လာပါက အတက်ဘက်ဦးတည်မှု Upward Trend ဟုခေါ်တယ်။

Trend တွေကို ဘယ်လိုအသုံးပြုသင့်သလဲ။
Trend တွေသည် စတော့ဝယ်ရောင်းသူတွေအကြား အချိန်တစ်ခုအတွင်း အစုရှယ်ယာကို ရောင်းထုတ်လိုလာခြင်း ဝယ်ယူလိုလာခြင်း ရေပန်းစားမှုတွေကို ဖော်ပြပါတယ်။ ကား အရောင်း အဝယ်ဈေးကွက်ထဲမှာလိုပင် မတ်တူးကားကို နေ့တစ်နေ့အတွင်း ချက်ချင်း ဝယ်လိုသူတွေများလာလို့ ထိုနေ့တွင် ဈေးတက်သွားသလို ဖြစ်ပါတယ်။ ဈေးအတက်ပြမယ့် Upward Trend အရိပ်အရောင်တွေ တွေ့လာလျှင် ၄င်းစတော့ကို ကြိုတင်ဝယ်ယူထားသင့်ပြီး ဈေးပြန်မကျမှီ ထုတ်ရောင်းသင့်ပါတယ်။ ဈေးအကျပြမယ့် Downward Trend အရိပ်အရောင်တွေ ပြလာပါက စတော့ကို ကြိုတင်ရောင်းချထားသင့်ပြီး ဈေးပြန်မတက်မှီမှာ ပြန်ဝယ်ယူသင့်ပါတယ်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ

5:30 PM | ,


စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက်ရန် အလွန်လွယ်ကူပါသည်။ ဥပမာပြ၍ ရှင်းလင်းလိုသဖြင့် အပေါ်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေးထားပါသည်။ စတော့ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာနများတွင် ဖော်ပြလေ့ရှိသည့်အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံအချက်အလက်တို့ကို တွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင် မြန်မာပြည်ရှိ ကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏ စတော့ဈေးနှုန်းညွှန်းကိန်းများသကဲ့သို့ ဖြစ်အောင် ဖန်တီးပုံဖော်ထားသည်။ ဥပမာပြထားခြင်းဖြစ်၍ ဇယားအတွင်းရှိကိန်းဂဏန်းများသည် လက်တွေ့ ရလဒ်များ မဟုတ်သည်ကိုသိရပါမည်။ ဇယားပုံသည် ဧပြီလ ၁၀ရက်နေ့ စတော့အိပ်ချိန်းပိတ်ချိန် ညနေ ၄နာရီတွင် ရရှိသည့် အများပိုင်ကုမ္ပဏီ အချို့၏ စတော့ဈေးနှုန်းနှင့် ဆက်စပ်ညွှန်းကိန်းများ ကို ဖော်ပြထားသည်။

Column 1 & 2: 52 W High and Low
Col 1 နှင့် Col 2 ကို ကြည့်လိုက်ပါ။ ထို Column နှစ်ခုတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် အစုရှယ်ယာတစ်ခု၏ လွန်ခဲ့သည့် ၅၂ပတ် သို့ တစ်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်း High နှင့် အနိမ့်ဆုံးဈေးနှုန်း Low များဖြစ်သည်။ ဥပမာ FMI ရှယ်ယာ၏ လွန်ခဲ့သည့် ၅၂ပတ် အတွင်းအမြင့်ဆုံးဈေးနှုန်းမှာ ၁၀၅၀၀ကျပ် ဖြစ်ပြီး AGD ဘဏ် ရှယ်ယာ၏ အနိမ့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၉၆၀၀ကျပ် ဖြစ်သည်။

Column 3: ကုမ္ပဏီစတော့အမည်နှင့် စတော့အမျိုးအစား
ဤ Column တွင် ရောင်းဝယ်သည့်အစုရှယ်ယာ၏ အများပိုင်ကုမ္ပဏီအမည်ကို ဖော်ပြထားသည်။ ကုမ္ပဏီအမည်၏နောက်တွင် အထူးစကားလုံးတို (သို့) အက္ခရာတစ်ခုခု မပါလျှင် ၄င်းအစုရှယ်ယာသည် သာမန်အစုရှယ်ယာဖြစ်သည်။ ပါခဲ့လျှင် အခြားအစုရှယ်ယာအမျိုးအစား ဖြစ်သည်။ ဥပမာအနေဖြင့် ဇယားပုံတွင်ပါရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာသည် PF ဟုပါရှိ၍ ဦးစားပေးရှယ်ယာ Preferred အမျိုးအစားဖြစ်သည်။

Column 4: Ticker Symbol စတော့အက္ခရာ
စတော့သင်္ကေတ Ticker သည် စတော့ရှယ်ယာ၏ အက္ခရာအမည်ဖြစ်သည်။ Bloomberg စသည့် စီးပွားရေးသတင်း ရုပ်သံလိုင်းများကိုကြည့်လျှင် စတော့အက္ခရာများပြေးနေပြီး စတော့ဈေးနှုန်းနှင့် အတက်အကျကို ဘေးတွင်ဖော်ပြသည်ကို တွေ့ရမည်။ ထို့ကြောင့် Ticker Symbol သည် အစုရှယ်ယာ၏ အတိုကောက်အက္ခရာအမည် ဖြစ်သည်။ AAPL သည် Apple အစုရှယ်ယာ၏ Ticker Symbol ဖြစ်ပြီး အောက်တွင် ဥပမာပြသည့် အတိုင်း First Myanmar Investment အစုရှယ်ယာ၏ Ticker Symbol မှာ FMI ဖြစ်သည်။

Column 5: Dividend per Share အစုရှယ်ယာတစ်ခုလျှင်ပေးသည့် အမြတ်ဝေစုပမာဏ
ဤ Column တွင် ဖော်ပြပါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာတစ်ခုလျှင် နှစ်စဉ်ရမည့် အမြတ်ဝေစု ပမာဏကိုပြထားသည်။ Div သည် Dividend အမြတ်ဝေစု၏ အတိုကောက်ဖြစ်သည်။ ဤ Column အောက်တွင် ဘာမှမဖော်ပြထားသော ကုမ္ပဏီသည် အမြတ်ဝေစု ပေးဝေခြင်းမရှိသေးပေ။ ထို့ကြောင့် FMI ၏ နှစ်စဉ်ငွေသား အမြတ်ဝေစုသည် ၂၀၀ကျပ် ဖြစ်ပြီး AGD ကတော့ အမြတ်ဝေစု မပေးသေးဟု ဇယားပုံမှာတွေ့ နိုင်သည်။

Column 6: Dividend Yield အမြတ်ဝေစုရရှိနှုန်း
အမြတ်ဝေစုပေးဝေမှုပမာဏသည် ယနေ့ရှယ်ယာ ပေါက်ဈေး၏ ရာခိုင်နှုန်းမည်မျှရှိသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အမြတ်ဝေစုကိုတည်ပြီး အစုရှယ်ယာ၏ ပေါက်ဈေးနှင့် စားထားခြင်း ဖြစ်သည်။ အစုရှယ်ယာဈေးတက်သည်ထက် ၄င်းမှနှစ်စဉ်အမြတ်ဝေစုငွေကို မျှော်မှန်းလိုသူများ အတွက်အသုံးဝင်သည့် ရာနှုန်း ဖြစ်သည်။ ဥပမာအားဖြင့်ပုံတွင်ဖော်ပြသည့် အတိုင်း အမြတ်ဝေစုများများလိုချင်လျှင် FMI ထက် MCB ၏ အစုရှယ်ယာကိုရွေးသင့်ပါသည်။ MCB သည် အမြတ်ဝေစုရရှိနှုန်းပိုများ၍ မိမိရင်းနှီးသောငွေ ၁၀၀ကျပ်လျှင် အမြတ်ဝေစု ၁၀ကျပ်ရရှိမည် ဖြစ်ပြီး FMI ကမူ ၁၀၀ကျပ်ရင်းမှ ၁ကျပ် ၅၄ပြားခန့်သာ နှစ်စဉ် အမြတ်ဝေစုခွဲပေးသည့် သဘောဖြစ်သည်။ အမြတ်ဝေစုခွဲပေးမှုများတိုင်း ပိုကောင်းသည့် အစုရှယ်ယာလို့တော့မဆိုနိုင်ပါ။

Column 7: Price/ Earnings Ratio သို့ P/E အချိုးရလဒ်
အစုရှယ်ယာတစ်ခု၏ ပေါက်ဈေးနှင့် ၄င်းအစုရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အမြတ်ငွေကို မီးမောင်းထိုးပြသော အချိုးဖြစ်သည်။ ရလဒ်နည်းလေကောင်းလေ ဖြစ်သည်။ ရလဒ်ကြီးနေသော အစုရှယ်ယာသည် ဈေးမြောက်နေသည်ဟု ဆိုနိုင်သည်။ P/E ကို ယနေ့ပေါက်ဈေးကို တည်ပြီး Column 9 ရှိ EPS ဖြင့်စားခြင်းမှ ရရှိနိုင်သည်။ P/E သဘောတရားကိုသိရန်ကို ဥပမာ ဇယားပုံရှိ AGD ဘဏ်၏ P/E ကို ကြည့်လိုက်ပါ။ P/E ၉ ဆိုသည်မှာ AGD ဘဏ်၏အမြတ်ဝင်ငွေ သည် မနှစ်ကအတိုင်း ယခုနှစ်တွင် ရရှိနိုင်မည်ဆိုပါက ဝယ်ဈေး၏ ၉ကျပ်လျှင် AGD ဘဏ်သည် ၁ကျပ် ပြန်ရှာပေးနိုင်သည်ဟူ၍ ဖြစ်သည်။ တိုတိုပြောသော် AGD စတော့ပေါက်ဈေး၏ ၉ကျပ်တိုင်းသည် ၁ကျပ်နှစ်စဉ်ရှာပေးနေခြင်း ဖြစ်သည်။ FMI ၏ P/E မှာမူ ၈၀ ဖြစ်နေ၍ နှစ်စဉ် ၁ကျပ်ရှာရန် ၈၀ကျပ်ဖိုး ဝယ်ယူထားရမည်ဖြစ်နေသောကြောင့် ဈေးမြောက်နေသည်ဟုဆိုပါသည်။

Column 8: Trading Volume အရောင်းအဝယ် ဖြစ်မှုအရေအတွက်
အစုရှယ်ယာတစ်ခု၏ တစ်နေ့တွင် အရောင်း အဝယ်ဖြစ်ခဲ့သည့် အရေအတွက်ပင်ဖြစ်သည်။ ဤ Column အောက်ရှိ ဂဏန်းကို သုညနှစ်လုံး ထပ်တိုး၍ ဖတ်သင့်သည်။ ဥပမာ FMI စတော့ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်သည် ၃၀၀ခု မဟုတ်ပဲ ၃၀၀၀၀ခု ဖြစ်သည်။

Column 9: Earning Per Share ရှယ်ယာတစ်ခုလျှင် ရရှိသော အမြတ်ငွေ
ဥပမာဆိုပါစို့။ AGD ဘဏ်သည် မနှစ်က အမြတ်ငွေ ကျပ် သိန်း ၁၁၁၁ ဝင်ခဲ့သည်။ AGD ဘဏ်မှထုတ်ဝေထားသော ရှယ်ယာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းခုတိတိဖြစ်လျှင် ရှယ်ယာတစ်စောင်ခြင်းစီ၏ အမြတ်ငွေမှာ ၁၁၁၁ကျပ် ဖြစ်သည်။ ထို့ကြောင့် AGD အစုရှယ်ယာ၏ EPS မှာ ၁၁၁၁ကျပ် ဖြစ်လေသည်။ EPS သည် ရှယ်ယာတစ်ခု၏ မနှစ်က ရရှိခဲ့သည့် အမြတ်ဝင်ငွေကို ပြသည်။ ပုံတွင် FMI သည် မနှစ်က ရှယ်ယာတစ်စုလျှင် ၁၆၄ ကျပ်သာ အမြတ်ငွေအဖြစ်ဝင်ခဲ့ပါသည်။

Column 10 & 11: Day High and Low
ယနေ့ အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာ ဈေးနှုန်းများအနက် အမြင့်ဆုံး High နှင့် အနိမ့်ဆုံး Low ဈေးနှုန်းများဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် အများဆုံးဈေးနှုန်း ၁၃၃၀၀ကျပ်နှင့် အနည်းဆုံးဈေးနှုန်း ၁၂၉၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

Column 12: Previous Close မနေ့ကအပိတ်ဈေး
ဇယားပုံအတိုင်းဆိုလျှင် ယနေ့ ဧပြီလ ၁၀ရက် ဆိုပါက မနေ့ကဧပြီလ ၉ရက်နေ့ အိပ်ချိန်းပိတ်ချိန်မတိုင်မှီ နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာဈေးနှုန်းဖြစ်သည်။

Column 13: Close Price အပိတ်ဈေး
အပိတ်ဈေးဆိုသည်မှာ စတော့အိပ်ချိန်းမပိတ်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စတော့ရှယ်ယာ၏ ဈေးနှုန်းဖြစ်သည်။ အပိတ်ဈေးနှင့်ပတ်သက်၍ သိရမည်မှာ အပိတ်ဈေးအတိုင်း နောက်နေ့တွင် အစုရှယ်ယာများကို ဝယ်ယူလို့ ရချင်မှရမည်ဆိုတာပဲဖြစ်သည်။ စတော့ဈေးကွက်တွင် အစုရှယ်ယာများ၏ ဈေးနှုန်းသည် စတော့အိပ်ချိန်း ပိတ်ချိန်များတွင်ပင် အမြဲတစေ ပြောင်းလဲနေနိုင်သည်။ အပိတ်ဈေးသည် သေချာပေါက်ဝယ်လို့ရမည့် ဈေးနှုန်းမဟုတ်သော် လည်း မိမိကမည်မျှပေး၍ အစုရှယ်ယာတစ်ခုကို ဝယ်သင့် ရောင်းသင့်သည်ကို နှိုင်းယှဉ် ညွှန်ပြနိုင်သော ဈေးနှုန်းတန်ဖိုးတစ်ခုသာဖြစ်သည်။

Column 14 & 15: Net Change & Rate အပြောင်းအလဲပမာဏနှင့် ပြောင်းလဲနှုန်း
အစုရှယ်ယာတစ်ခု၏ မနေ့က အပိတ်ဈေးနှုန်းမှ မည်မျှပမာဏ အတက်အကျဖြစ်သွားသည်ကို ပြသည်မှာ Net Change ပင်ဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် ဧပြီလ ၉ ရက်နေ့ အပိတ်ဈေးတွင် ၁၂၈၀၀ကျပ်ရှိရာမှ ဧပြီ ၁၀ရက် တွင် ၁၃၀၀၀ကျပ်ရှိခဲ့သဖြင့် Net Change မှာ ၂၀၀ကျပ် အတက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FMI ၏ စတော့မှာ ဧပြီလ ၉ရက်နေ့က ဈေးနှုန်းမှ ၁ ဒသမ ၅၆ ရာခိုင်နှုန်း အတက်ပြခဲ့သည်ဟု ဆိုနိုင်သည်။ ထိုအတက်ပြသည့် ရာခိုင်နှုန်းသည် Change Rate ပြောင်းလဲနှုန်းဖြစ်သည်။ သတင်းဌာနများက စတော့ဈေးနှုန်းများကို TV တွင် ဖော်ပြရာတွင် လက်ရှိအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း၊ ၄င်း၏ဘေးတွင် မနေ့ကအပိတ်ဈေးမှ မည်မျှပြောင်းလဲသည်ကိုပြသည် ပြောင်းလဲနှုန်း Change Rate ကိုသာ အဓိကဖော်ပြလေ့ရှိသည်။ Change Rate သည် စိမ်းနေလျှင် အတက်ပြသည့် စတော့ဈေးနှုန်းဖြစ်ပြီး အနီရောင်ဖြစ်နေပါက မည်မျှကျဆင်းသွားသည်ကိုပြသည့် ရာခိုင်နှုန်းသာ ဖြစ်သည်။

အခုဆိုလျှင်စတော့ဈေးနှုန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို တင်ပြလို့ပြီးပါပြီ။ ၄င်းတို့ကို ကြည့်လျှင် စတော့ဈေးနှုန်းတစ်ခု၏ ပေးသင့်သော တန်ဖိုးကို အနည်းနှင့်အများ သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စတော့တစ်ခု၏ ပေါက်ဈေးဆိုသည်ကို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများကို ကြည့်၍ ပျှမ်းမျှအားဖြင့် အရောင်း အဝယ်ဖြစ်နိုင်မည့် ဈေးနှုန်းဟုသာ သတ်မှတ် ရပါမည်။

ယခုတင်ပြခဲ့သော အကြောင်းအရာများသည် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်များသာ ဖြစ်ပြီး စတော့ရှယ်ယာတစ်ခုကို ဝယ်ယူရင်းနှီးသင့်မသင့် ဆုံးဖြတ်ရန် ပိုင်းခြားသုံးသပ်ချက် Analysis လုပ်နည်းများ မဟုတ်သေးပါ။ ထို့ကြောင့် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရုံဖြင့်အစုရှယ်ယာတစ်ခု၏ စစ်မှန်သည့် တန်ဖိုးကို မသုံးသပ်နိုင်ပါဟုပြောလိုပါသည်။ ဈေးကွက်ရှိ ပေါက်ဈေးသည် အစုရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုးနှင့် အမြဲကင်းကွာနေတတ်သည်ကို ရင်းနှီးမြှုပ်နှံသူတိုင်း နှလုံးသွင်းထားရပါမည်။

Question: Column 7 နဲ့ 15 ကိုသိပ်နားမလည်ဘူး။
Answer: ကုမ္ပဏီ A နှင့် B အချိုရည် ဈေးကွက်တွင် ရှိသည်။ ကုမ္ပဏီ A သည် မနှစ်က ကျပ်သိန်း ၁၀၀၀ အမြတ်ရခဲ့ပြီး B သည် အမြတ်ကျပ်သိန်း ၅၀၀ ရခဲ့သည်။ ကုမ္ပဏီ A ကော B ကပါ ရှယ်ယာအရေအတွက် အစောင်ရေ တစ်သိန်းစီထုတ်ဝေထားသည်။ ထိုအခါ A ၏ ရှယ်ယာတစ်ခုစီ၏ အမြတ်မှာ ကျပ် ၁၀၀၀ဖြစ်ပြီး B ရှယ်ယာတစ်ခု၏ အမြတ်မှာ ကျပ် ၅၀၀ဖြစ်သည်။ ရှယ်ယာတစ်ခုစီ၏ အမြတ်ကို EPS ဟုခေါ်သည်။ စတော့ဈေးကွက်တွင် A ၏ ရှယ်ယာတစ်စောင်ဈေးနှုန်း ကျပ် ၁၀၀၀၀ ဖြစ်နေပြီး B ရှယ်ယာဈေးမှာ ကျပ် ၄၀၀၀ သာပေါက်နေသည်။ A ရှယ်ယာ၏ PE ကို တွက်လိုလျှင် ရှယ်ယာဈေး ၁၀၀၀၀ကျပ်ကိုတည် EPS ၁၀၀၀ကျပ်နှင့်စားလျှင် PE ၁၀ ရသည်။ B ၏ PE ကဒီလိုဆိုတော့ ၈ ဖြစ်သည်။ A ၏ PE က ၁၀ ဆိုတော့ ကျွန်တော်တို့က အခု ရှယ်ယာ A ဝယ်လျှင် A ကုမ္ပဏီ၏ အမြတ်က မနှစ်ကအတိုင်း အမြတ်သိန်းတစ်ထောင်ကျပ်ရသည်ဆိုပါက အခု A ရှယ်ယာ တန်ဖိုး ကျပ်၁၀၀၀၀ ထဲရှိ ၁၀ကျပ်တိုင်းသည် ၁ ကျပ်ရှာပေးနိုင်မည်ဟုညွှန်ပြခြင်းပင်။ ကျပ် ၁၀၀၀၀ ဆိုလျှင် ကျပ် ၁၀၀၀ ရှာပေးနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ရှယ်ယာ ဝယ်ဈေး၏ ပမာဏပြန်ရဖို့ မနှစ် အမြတ်ငွေအတိုင်းဆိုပါက ၁၀နှစ်ရှာပေးရမည်ဟုဆိုနိုင်သည်။ ဒါမဟုတ် အခုရှယ်ယာကို ဝယ်ရင်းရင် ၁၀ကျပ်ရင်း နှစ်စဉ် ၁ကျပ် ပြန်ရဟုပြောခြင်းပင်။ B ၏ PE မှာမူ ၈ သာ ဖြစ်၍ ၈ကျပ် ရင်း ၁ကျပ်ပြန်ရှာပေးနိုင်ဖြစ်နေသည်။ B သည် Aကုမ္ပဏီလောက် အမြတ်ဝင်ငွေမများသော်လည်း B ၏ ရှယ်ယာသည် ၈ ကျပ်ရင်းပြီး ၁ကျပ်ပြန်ရမည်ဖြစ်၍ A ကုမ္ပဏီ ထက် ဈေးတန်နေသည်။ ထို့ကြောင့် အချိုရည်ဈေးကွက် တည်ငြိမ်ပြီး အပြောင်းအလဲမရှိပါက အမြတ်ဝင်ငွေနည်းသော်လည်း ရှယ်ယာဈေးတန်နေသည့် B ကုမ္ပဏီ၏ ရှယ်ယာသာ ဝယ်သင့်ပါသည်။ ထိုအကြောင်းအရာတွေကို ကြည့်၍ PE တန်ဖိုးနည်းလေ ရှယ်ယာဈေးတန်လေလေ ဝယ်မည့် ရှယ်ယာရှင်အတွက်ကောင်းလေလေ ဖြစ်သည်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

ကြီးပွားအောင်မြင်မှုရဲ့အဓိကသော့ချက်

4:30 AM | ,


ကမ္ဘာ့ဘီလျံနာများဖြစ်ကြတဲ့ ဝါရင်ဘူဖတ်၊ စတိဗ်ဂျော့နှင့် ဘီလ်ဂိတ်တို့ အားလုံးဟာ သူတို့၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများအတွက် ပဓာနကျတဲ့ အရာတစ်ခုကိုသာ တူညီစွာ ရည်ညွှန်း ကြပါတယ်။ တကယ်တော့ သူတို့ ရည်ညွှန်းတဲ့အရာဟာ အလေ့အထတစ်ခုဖြစ်ပြီး သာမန်လူတွေထက် သောက်သောက်လဲ ပိုမိုအောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပါတယ်။ ထိုအလေ့အထဟာ ဘာလဲ၊ ထိုအလေ့အထကို မိမိဘဝမှာ တွေ့ကြုံလာမည့် စီးပွားရေးလုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်တွေမှာ ဘယ်လိုလက်တွေ့ အသုံးချသွားရမှာလဲဆိုတာတွေကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။

အောင်မြင်မှုအတွက် အဓိကအကျဆုံးသော့ချက်
၁၉၉၁ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့အဖေဟာ အခုအချိန်မှာ ပ နှင့် ဒု အချမ်းသာဆုံးသူဋ္ဌေးကြီးတွေဖြစ်လာမယ့် ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖတ်ကို သူတို့၏ အောင်မြင်မှုအတွက် အဓိကအကျဆုံးအရာဟာ ဘာလဲလို့ မေးမြန်းခဲ့ပါတယ်။ နှစ်ယောက်စလုံးက တစ်ညီထဲဖြေကြားခဲ့သည်ကတော့ အာရုံစူးစိုက်မှု Focus ပဲဖြစ်ပါတယ်။ ဘီလ်ဂိတ်ရဲ့ အာရုံစူးစိုက်မှုကို Walter Issac ရေးတဲ့ The Innovators စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။

မိုက်ကရိုဆော့ဖ်ကိုတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်နဲ့ ပေါ်လ်အဲလ်လန်တို့နှစ်ဦးကြားက ကွာခြားချက်ကို ပြရင်တော့ အာရုံစူးစိုက်မှုပဲဖြစ်တယ်။ အဲလ်လန်ရဲ့စိတ်ဟာ အိုင်ဒီယာပေါင်းများစွာ၊ စွဲလမ်းမှုပေါင်းများစွာထဲမှာ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဘီလ်ဂိတ်ကတော့ တစ်ခုထဲကိုပဲ တစ်စိုက်မတ်မတ် အစွဲအလမ်းတကြီး ပြုလုပ်သူဖြစ်တယ်။

ဘီလ်ဂိတ်ရဲ့ သူငယ်ချင်း စီးပွားဖက်ကြီး အဲလ်လန် ကလည်း ဒီလိုပြောပြခဲ့ပါတယ်။
ကျွန်တော်က မြင်မြင်သမျှကို သိချင်၊ စူးစမ်းချင်နေတဲ့အချိန်မှာ ဘီလ်ဂိတ်ကတော့ အလုပ်တစ်ခုကို တစ်ချိန်ချင်းစီ အေးဆေးတည်ငြိမ်စွာ စူးစိုက်လုပ်ဆောင်ပါတယ်။ သူ ပရိုဂရမ်ရေးရင်ပဲ ကြည့်လေ။ ဘီလ်ဂိတ်က မှင်တံ marker လေးကို ပါးစပ်မှာကိုက်၊ ခြေထောက်ကလေး လှုပ်ကာလှုပ်ကာနဲ့ တခြား ဘာအနှောင့်အယှက်ကိုမှ အာရုံမရပဲ မှင်သက်ပြီး ဈာန်ဝင်စားလုပ်ဆောင်ပါတယ်။

ပေါလ်အဲလန်က ထိုသို့ပြောဆိုပြီး ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်သွားတဲ့ သူငယ်ချင်း ဘီလ်ဂိတ်ရဲ့ အရည်အချင်းကို ရည်ညွှန်းပါတယ်။

ဘီလ်ဂိတ်ရဲ့စီးပွားပြိုင်ဘက်ကြီး စတိဗ်ဂျော့ကလည်း အလားတူ အရည်အချင်းရှိပါတယ်။ စတိဗ်ဂျော့ဟာ ပြဿနာတိုင်း၏ အကောင်းဆုံးအဖြေကိုရှာဖွေတိုင်း လက်ဖျားခါလောက်အောင် အာရုံစူးစိုက်လေ့ ရှိပါတယ်။ စတိဗ်ဂျော့တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီ၏ အဓိက Marketing ဒဿနသုံးခုထဲမှာ အာရုံစူးစိုက်မှု Focus ဟာ ဒုတိယအချက်အဖြစ် ဖော်ပြထားတဲ့ သဘောတရားဖြစ်ပြီး အောက်ပါ ဆောင်ပုဒ်ကိုကြည့်လျှင် ထင်ရှားစွာတွေ့မြင် နိုင်ပါမယ်။

ကျွန်တော်တို့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အရေးမကြီးတဲ့ အခွင့်အရေးတွေကို လစ်လျူရှုရပါမယ်။
In order to do a good job of those things we decide to do, we must eliminate all of unimportant opportunities.

အခွင့်အရေးဆိုတာ နှစ်ခါမရရိုးမှန်ပေမဲ့ အခွင့်အရေးတိုင်းကို လက်စုပ်လက်ကိုင်ရယူရန်မလိုပဲ အရေးမကြီးတဲ့ အခွင့်အရေးတွေကို ပစ်ပယ်ပြီး အဓိကကျတာတွေကိုသာ အာရုံစူးစိုက်လုပ်ဆောင် သင့်ကြောင်းပြောပြထားခြင်း ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု Focus ဟာ ဝါရင်ဘူဖတ်အတွက် လည်း အဓိကသော့ချက်ဖြစ်ပါတယ်။ ဘူဖတ်ဟာ စီးပွားရေးကိုသာ အာရုံစူးစိုက်လုပ်ဆောင်လို၍ အနုပညာ၊ စာပေ၊ သိပ္ပံပညာ၊ ခရီးသွားခြင်းနှင့် ဗိသုကာစတဲ့ နယ်ပယ်တွေမှာ အာရုံမများဖို့ စိတ်ပိုင်းဖြတ်ခဲ့ဖူးပါတယ်။

ဘာကြောင့် အာရုံစူးစိုက်မှုဟာ အရေးအရမ်းကြီး ပါသလဲ။
အကြောင်းမှာ စီးပွားရေးတွင်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရာတွင်သော်လည်းကောင်း ဘဝတွင် သော်လည်းကောင်း ကျွန်တော်တို့အားလုံးဟာ သာမန်ရလဒ်တွေထက် ပိုကောင်းတဲ့ အောင်မြင်မှု တွေရလိုလျှင် ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်တွေအပေါ် အတိုင်းထက်အလွန် အာရုံစူးစိုက်ရန် လိုအပ်လို့ပဲ ဖြစ်ပါတယ်။

သာမန်အညတရမှ ကွဲပြားထွက်ခြင်း
သာမန်၊ ပုံမှန် စတဲ့ နာမဝိသေသနတွေမှ ခွဲထွက်ပြီး အောင်မြင်မှုကိုရယူရန် ကျွန်တော်တို့ဟာ တစ်ခုခုမှာ အားလုံးထက် ပိုကောင်းအောင် ကြိုးစားဆောင်ရွက်ရပါမယ်။ ဘာကိုပိုကောင်းရမည်ကို အတိအကျ သတ်မှတ်ထားခြင်းတော့မရှိပါ။ McDonald's ဟာ ဈေးနှုန်းချိုသာခြင်းနှင့် အလွယ်တကူ ကားဖြင့် ဝင်ရောက်၍ ပါဆယ်ဆွဲသွားနိုင်ခြင်းတို့တွင် ပိုကောင်းအောင် အာရုံစူးစိုက်ပါတယ်။ ချပါတီထမင်းလိပ် Burrito ရောင်းသည့် ကုမ္ပဏီ Chipotle ကတော့ ထမင်းလိပ်များစွာကို မြန်ဆန်စွာ ရရှိစေရန် ဝန်ဆောင်မှုအပေါ်မှာ အာရုံစူးစိုက်ပါတယ်။ အားသာချက်ခြင်း မတူညီသော်လည်း ထိုကုမ္ပဏီ နှစ်ခုစလုံးဟာ တစ်ခုထဲတွင်သာ စူးစိုက်လုပ်ဆောင်၍ လျှမ်းလျှမ်းတောက် အောင်မြင်နေပါတယ်။

လက်တွေ့တွင်လည်း ကုမ္ပဏီများနှင့် လူအများကို ကျရှုံးခန်း၏ နိဒါန်းသို့ အရောက်ပို့ဆောင်ပေးသည့် အချိန်မှာတော့ တစ်ခုထဲကို စူးစိုက်မလုပ်ဆောင်ပဲ အခြားအရာများကိုပါ လုပ်ဆောင်ရန် ကြိုးပမ်းလိုက်သောအခါတွင်ပဲ ဖြစ်ပါတယ်။ ထိုအခါတွင် မိမိတို့၏ ပဓာနအကျဆုံးရည်မှန်းချက်များပါ စူးစိုက်မှု အားနည်းလာ၍ သာမန်အညတရအဆင့်သို့ လျောကျသွားနိုင်ပါတယ်။ ဒီအချိန်မှာ အောင်မြင်မှု အတော်အတန် ရရှိပြီးသူတွေက ပိုမို သတိထားပြီး ရည်မှန်းချက်အစစ်အမှန်ကိုသာ အာရုံစိုက်သင့် ပါတယ်။

McDonald ကိုပဲကြည့်ပါ။ Hamburger ကောင်းလို့ နာမည်ကျော်ခဲ့တဲ့ ကုမ္ပဏီဟာ အခြားဖောက်သည်များကိုပါ ဆွဲဆောင်ဖို့ ၄င်းဆိုင်တွေရဲ့ Menu မှာ ရရှိနိုင်တဲ့ အစားအသောက်များကို အမျိုးအစား တိုးမြှင့်ထည့်သွင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မှာစရာများလွန်းတဲ့ Menu ကိုကြည့်ပြီး Customer တွေက ဘာသုံးဆောင်ရမလဲ တွေဝေစဉ်းစားရတော့သလို အစားအစာအမျိုးအစားများလွန်း၍ ပြင်ဆင်ရန် အချိန်ကြာမြင့်လာပြီး စောင့်ဆိုင်းရချိန်တွေ များလာပါတယ်။ အရေးမပါသည့် အရာများတွင် ထွေပြားမိ၍ နဂိုအားသာချက်များကိုပါ မစူးစိုက်နိုင်တော့ပဲ ဝန်ဆောင်မှု ကျဆင်းလာတတ်ပါတယ်။

Apple ကုမ္ပဏီဆိုရင်လည်း စတိဗ်ဂျော့ ပြန်မလာခင်က ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅၀ ကျော်နဲ့ ပြာယာခပ်နေခဲ့ပါတယ်။ စတိဗ်ဂျော့က တစ်ဖန်ရောက်ရှိလာတဲ့နောက်ပိုင်းမှာ Customer တွေကို အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး အတွေ့အကြုံတွေပေးမည့် ရည်မှန်းချက်အပေါ်သာ ပြန်လည်စူးစိုက်ခဲ့ပြီး Apple ကုမ္ပဏီ၏ ကုန်ပစ္စည်း ၁၀မျိုးကိုသာ ဦးတည်ထုတ်လုပ်ရန် လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲခဲ့အပြီးမှာ Apple ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာခဲ့တာ လူတိုင်းသိပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုး
ဘဝအောင်မြင်မှုနှင့် စီးပွားရေးအောင်မြင်မှုမျိုး သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်း အောင်မြင်နိုင်ရန် သာမန်ရင်းနှီးမြှုပ်နှံသူများထက် ပို၍အမြတ်အစွန်းရရန် ကျွန်တော်တို့ဟာ အချိန်အခါသိမှုနှင့် အာရုံစူးစိုက်မှုတို့ကို အထူးလိုအပ်ပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုးဆိုတာ အချိန်အခါရယ်၊ စည်းကမ်းရယ်၊ စိတ်ရှည်ဖို့ရယ် လိုပါတယ်။ ဘယ်လောက်ပဲ ပါရမီပါသော် ကြိုးစားသော်လည်း အချို့အရာတွေဟာ အချိန်အခါရောက်မှ ဖြစ်ထွန်းလာတတ်ပါတယ်။ ဥပမာ အမျိုးသမီးကိုးဦးကို ကိုယ်ဝန်ဆောင်ခိုင်ပြီး တစ်လအတွင်း ကလေးတစ်ဦး မွေးဖွားအောင်လုပ်ဖို့ မဖြစ်နိုင်သလိုမျိုးပါပဲဟု ဟာသနှော၍ ဝါရင်ဘူဖတ်က ရှင်းပြခဲ့ဖူးပါတယ်။

လက်တွေ့မှာ သာမန်ပျှမ်းမျှအမြတ်အစွန်းကိုပဲ ပုံမှန်ရရှိဖို့ ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် အလွန်ခက်ခဲ ပါတယ်။ ဒါကြောင့် မိမိဟာ အတွေ့အကြုံများတဲ့ ဉာဏ်ကြီးရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက် မဟုတ်သေးလျှင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေမှာ ပျှမ်းမျှအမြတ်အစွန်းကိုပဲ ရဖို့ အားထုတ်ကြိုးစားရပါမယ်။ ရင်းနှီးမြှုပ်နှံမှုလောကဆိုသည်မှာ ဉာဏ်ကြီးရှင်တွေတောင်မှ ဗျာများရင် ပါသွားတတ်ပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်နိုင်ဖို့ ပထမ အချက်အနေနဲ့ မရှုံးအောင် ဂရုထားစူးစိုက်ရမှာ ဖြစ်ပြီး အခြားသူများအား ဆုံးရှုံးမှုတွေဖြစ်စေတဲ့ အမှားတွေကို နားလည်သိထားရမည်ဖြစ်ကာ ၄င်းအမှားတွေကို ရှောင်ရှားနိုင်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူများ သိသင့်တဲ့ အဆိုပါအမှားတွေဟာ အရောင်း အဝယ်ကို သွက်လက်လွန်စွာ ဆုံးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်ချက် မြင့်မားလွန်းနေခြင်း၊ အရှုံးကို မကြောက်ခြင်း၊ အလွန်အမင်း ချေးငှား၍ ရင်းနှီးမြှုပ်နှံခြင်းနှင့် နေ့စဉ်ဈေးအတက်အကျတွေကိုသာ ကြည့်၍ ဆုံးဖြတ်ချက်များ အလွယ်တကူ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒုတိယသိရမည့် အချက်မှာ မိမိ၏ ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိရှိရန်ဖြစ်ပြီး ထိုရည်ရွယ်ချက်ရရှိရန် အမြဲတစေ သင်ယူနေခြင်း၊ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခြင်းနှင့် မှားယွင်းသော ဆုံးဖြတ်ချက်များချမိချိန်တွင် လျင်မြန်စွာ သုံးသပ်ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခြင်းတို့ကို စူးစိုက်လုပ်ဆောင်နေရမည်ပဲ ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အခွင့်အလမ်းတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို နှံ့စပ်စွာ သိအောင် စူးစိုက်၍ကြိုးစားရပါမယ်။ မိမိ နှံ့စပ်ကျွမ်းကျင်တဲ့ ဒေသ၊ စက်မှုကဏ္ဍ နှင့် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုပါက ကျွန်တော်တို့ အားလုံး စိတ်ချယုံကြည်စွာ ရင်းနှီးသင့်၊ မသင့် ကို သိနိုင်ပါတယ်။ ထို့အတူ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ထိုအတိုင်း ကျွမ်းကျင်နှံ့စပ်စွာ သိရန်ဦးစွာ စူးစိုက်လုပ်ဆောင် ရပါမယ်။ ထိုသို့နှံ့စပ်ရန် စူးစိုက်နိုင်မှသာ ကျွန်တော်တို့ဟာ ဈေးကွက်အတွင်းမှာ အခြားသူတွေမမြင်တဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်ထူးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သာမန်ထက်ပိုတဲ့ အမြတ်အစွန်းတွေကို ရရှိပါမယ်။

နေ့တိုင်းနေ့တိုင်း စာမျက်နှာ ၅၀၀ကျော် လောက်ရှိတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ နှစ်စဉ် စာရင်းရှင်းတမ်းတွေ ကုန်သွယ်ရေးစာစောင်တွေ ဈေးကွက်သုတေသန သုံးသပ်ချက်တွေကို တစိုက်မတ်မတ်ဖတ်ရှုပါ။ ဒီလိုလုပ်မှ စီးပွားရေး အသိပညာတွေ အတွေ့အကြုံတွေ တိုးပွားလာမှာပါ။ အသိပညာဆိုတာ အတိုးနှုန်းတိုးသွားသလိုပဲ စူးစိုက်လေ့ကျင့်လေ၊ အဆများစွာပွားများလာလေပါ။ အခု ပြောတာတွေကို လူတိုင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လုပ်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်ဟူ၍လည်း ဘူဖတ်က အကြံပေးထားပါသည်။

ဘူဖတ်ပြောတာကို လူတိုင်းအလွယ်တကူ လုပ်နိုင်ပါတယ်။ ပြဿနာက အများစုက မလုပ်ကြတာပါ။ အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်း၏ အဓိက သော့ချက်ဟာ တကယ်တော့ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်တဲ့ မိမိ၏ အသိပညာ အတွေ့အကြုံတွေရဲ့ အတိုင်းအတာကို ရှင်းလင်းစွာ သိရှိဖို့ပါ။ ဒါမှ မသိသေး မရှင်းလင်းသေးတဲ့ အရာတွေကို စူးစိုက် လေ့လာနိုင်မှာပါ။ ဒါကြောင့် လေ့လာသုံးသပ်ဖို့ လုံလောက်တဲ့ အချိန်နဲ့ လိုအပ်တဲ့ အာရုံစူးစိုက်မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူများဟာ စတော့ဈေးကွက်ကပေးတဲ့ ပျှမ်းမျှအမြတ်အစွန်း ထက်ပိုရဖို့အတွက် အခြားကိုယ်မသိတဲ့ အစုရှယ်ယာတွေမှာ စူးစမ်းရင်းနှီးခြင်း မပြုသင့်ပါဘူး။

သို့သော်လည်း ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာကို တစူးတစိုက် ကြိုးစားလေ့လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ကို တန်ဖိုးဖြတ်နိုင်မဲ့ ပညာ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းကဏ္ဍကို နားလည်သဘောပေါက်နိုင်မဲ့ ပညာကို နေ့စဉ်တည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။ ဘူဖတ်အောက်မှာပြောထားသလိုပါပဲ။

ကျွန်တော်ဟာ ပိုတော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်တာဟာ ကျွန်တော်က စီးပွားရေးသမားတစ်ဦးဖြစ်လို့ ဖြစ်ပါတယ်၊ ပိုအောင်မြင်တဲ့ စီးပွားရေးသမားဖြစ်တာဟာတော့ ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်လို့ပါ။
I am a better investor because I am a businessman and I am a better businessman because I am an investor.

စီးပွားရေးမှာ နှံ့စပ်ကျွမ်းကျင်ပါမှ ပိုတော်ပိုမြတ်တဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်မှာပါ။ နှံ့စပ်ကျွမ်းကျင်အောင် မိမိဘက်မှ စူးစိုက်စွာ လေ့လာလိုက်စားနေရပါမယ်။

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ဘဝတစ်လျှောက်လုံး စူးစိုက်စွာ တစိုက်မတ်မတ် ပြုလုပ်သွားရမည့် အရာပါ။ တာတိုပြေးတာမျိုးမဟုတ်ပါ။ အကယ်၍ ကျွန်တော်တို့ဟာ အချိန်နှင့် အာရုံစူးစိုက်မှုကို မပျက်မကွက် ပေးစွမ်းနိုင်ပါက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို စွဲမြဲသင်ယူခြင်းဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးတွင် အမြတ်ဝေစုများကို ရရှိစေမှာပါ။

Motley Fools မှာ ဖော်ပြခဲ့တဲ့ Dan Dzombak ရေးသားတဲ့ အကြံပေးဆောင်းပါးကို ဘာသာပြန် တင်ဆက်ထားခြင်းဖြစ်သည်။ အတွေးအမြင်အစုံ အလင်ကို ရင်းနှီးမြှုပ်နှံသူအများ ဖတ်ရှုဆင်ခြင် နိုင်ရန်ရည်ရွယ်၍သာ တင်ဆက်လိုက်ပါသည်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

ယနေ့ ကမ္ဘာ့ရေနံဈေး ဘာကြောင့်ကျဆင်းရတာလဲ

6:30 PM | ,


ယခုတလော နေ့စဉ်ထုတ် ကမ္ဘာ့သတင်းစာကြီးများတွင် အဓိကထားပြီး ဖေါ်ပြနေကြသော သတင်းများမှာ ISIS အဖွဲ့ကြီးရဲ့ အကြမ်းဖက်သတင်း ISIS ကို USA နဲ့ မဟာမိတ်နိုင်ငံတွေက ဗုံးကြဲတိုက်ခိုက်တာတွေ၊ ပြင်သစ်နိုင်ငံပါရီမြို့တွင် Charlie_Hedbo မဂ္ဂဇင်းပုံနှိပ်တိုက်ကို မူဆလင်အကြမ်းဖက်သမားနှစ်ဦးက ဝင်စီးပြီး လူ၁၂ယောက်ကို ပစ်သတ်သွားခြင်း၊ အင်ဒိုနီးရှားမှာ ပျက်ကျသွားတဲ့ လေယဉ်တစီးကို ပင်လယ်ထဲက ဆယ်ယူဖို့ ကြိုးပမ်းမှုသတင်းတွေနဲ့အတူ ကမ္ဘာ့ရေနံဈေးကျဆင်းတဲ့ သတင်းတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့ရေနံဈေးဟာလဲ အံဩစရာကောင်းလောက်အောင် ရေနံတစည်ကို US$100 ကနေ ၆လအတွင်း US$50 အထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ရေနံဈေး ဘာကြောင့် ရုတ်တရက် ကျဆင်းသွားရသလဲဆိုတာကိုတော့ လူတော်တော်များများ မသိကြပါဘူး။

ရေနံဈေးကျဆင်းခြင်းဟာ အဓိကအကြောင်းကတော့ ရိုးရိုးလေးပါပဲ။ Supply-and-Demand မညီမျှမှုပါပဲ။ လိုအပ်တာထက် ပိုထုတ်လို့ပါ။ US Energy Information Administration ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီနေ့ ကမ္ဘာ့ရေနံသုံးစွဲမှုဟာ တနေ့ကို ရေနံစည်ပေါင်း ၉၂.၃သန်းသာရှိပေမဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်းဟာ တနေ့ကို ရေနံစည်ပေါင်း၉၂.၈သန်း ဖြစ်နေပါတယ်။ တရက်ကို ရေနံစည် ၅သိန်းနီးပါး အပိုထုတ်လုပ်နေကြပါတယ်။ တရက်အပိုထုတ်လုပ်မှုဟာ မသိသာလှပေမဲ့ လအတန်ကြာလာတော့ ရေနံတွေ အလျှံပယ်ပေါလာတော့ ရေနံဝယ်ချင်အောင် ရေနံထုတ်နိုင်ငံတွဟာ ရေနံဈေးတွေ လျှော့ရောင်းကြတော့တာပါပဲ။

အရင်က ဈေးမကျပဲ အခုမှ ဘာလို့ရေနံဈေးတွေ ရုတ်တရက် ကျဆင်းသွားရတာလဲ။ အများသိကြတဲ့အတိုင်း ကမ္ဘာမှာ ရေနံအများဆုံးထွက်တဲ့ အာရပ်၁၂နိုင်ငံပါဝင်တဲ့ OPEC ဆိုတဲ့ ကမ္ဘာ့ရေနံအဖွဲ့အစည်းကြီးက ရေနံဈေးကျဆင်းသွားရင် ပြန်တက်အောင်လို့ သူ့အဖွဲ့အစည်းတွေကို အချိုးကျ လျှော့ထုတ်ဖို့ တိုက်တွန်းပါတယ်။ ဥပမာ နိုင်ငံတိုင်းက သူတို့ရဲ့ ထုတ်လုပ်မှုကို ၁၀ရာခိုင်နှုန်း လျှော့ချဖို့တိုက်တွန်းရင် လိုက်နာကြရမှာပါ။ တကယ်တမ်းကျတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံကလွဲရင် ကျန်၁၁နိုင်ငံဟာ ဘယ်တော့မှ မလိုက်နာခဲ့ကြပါဘူး။ သူတို့ ထုတ်ချင်သလို ထုတ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ရေနံဈေးနှုန်းကို မထိခိုက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ OPEC အဖွဲ့ကြီးရဲ့ တိုက်တွန်းချက် ရာခိုင်နှုန်းအတိုင်း လျှော့ချလိုက်တဲ့ပမာဏဟာ အလွန်များပြားလွန်းလို့ပါပဲ။ သူ့ရဲ့များပြားတဲ့ လျှော့ချထုတ်လုပ်မှုဟာ စုစုပါင်းရေနံထုတ်လုပ်ပမာဏကို ထိန်းထားနိုင်ခဲ့လို ကမ္ဘာ့ရေနံဈေးကို မထိခိုက်စေခဲ့ပါဘူး။

အခုတော့ ဆော်ဒီနိုင်ငံဟာလဲ ကျန်အာရပ်၁၂နိုင်ငံလို OPEC ရဲ့ တိုက်တွန်းချက်ကို မလိုက်နာတော့ပါဘူး။ ဈေးကွက်မှာ demand ရှိတယ်ဆိုပြီး သူထုတ်ချင်သလောက် ရေနံတွေထုတ်လိုက်တဲ့အတွက် ကမ္ဘာ့ဈးကွက်မှာ ရေနံတွေ အလျှံပယ်ပေါလာပြီး အခုတော့ ရေနံဈေးနှုန်းတွေ ကျဆင်းလာရခြင်းပါပဲ။

ရေနံဈေး ခုလိုကျဆင်းလာလို့ ရေနံရောင်းချပြီး အဓိကဝင်ငွေရနေကြတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ Canada, Russia, Iran, Venezuela နဲ့ မလေးရှားနိုင်ငံတွေဟာ စီးပွားရေးထိခိုက်နေကြပါပြီ။

ရေနံဈေးကျဆင်းလို့ ရေနံထုတ်တဲ့နိုင်တွေပဲ ထိခိုက်ပြီး ကျန်နိုင်ငံတွေအတွက် ပိုကောင်းမှာလားလို့ ထင်ရပါတယ်။ ရုတ်တရက်အမြင်အရတော့ ဒီလိုပဲယူဆစရာပါပဲ။ ရေနံဈေးတွေကျလာရင် ကားဆီဈေးတွေ၊ စက်ရုံအတွက် သုံးရတဲ့ဆီဈေးတွေ၊ ရေနံအခြခံ products ထုတ်လုပ်စရိတ်တွေ၊ လျှပ်စစ်မီတာခနှုန်းတွေကျလာလို့ နိုင်ငံ့စီးပွားရေးတွေ တိုးတက်လာမယ် ထင်ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးပညာရှင်တွေကတော့ ဒီရေနံဈေးကြာရှည်ကျဆင်းမှုဟာ မကြာခင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်ပြီး စီးပွားကပ်ဆိုက်မှုကြီး (RECESSION) ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စီးပွားရေးနိယာမတခုဖြစ်တဲ့ Supply-and-Demand ဟာ မညီမျှမှု (unbalance) ဖြစ်ရင် စီးပွားရေးစံနစ်တခုလုံးကို ထိခိုက်ကမောက်ကမ ဖြစ်စေတတ်တဲ့သဘောပါပဲ။ စောင့်ကြည့်ကြတာပေါ့။

ဒီရေနံဈေးကျဆင်းမှုရဲ့ အကျိုးဆက်အနေနဲ့ RECESSION ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတဲ့ စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်ကိုတော့ ဒီဆောင်းပါးရှည်မှာစိုးလို့ နောင်အလျဉ်းသင့်မှ ရေးပြပေးပါမယ်။

ဝန်ခံချက်။ ဒီနေ စင်္ကာပူနိုင်ငံထုတ် The Sunday Times သတင်းစာမှာပါတဲ့ Dr Larry Haverkamp ရဲ့ Making Sense of Oil Money ဆောင်းပါးကို မှီးထားပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

မြန်မာ့ငွေကြေးတန်ဖိုး တက်တာကောင်းသလား

5:30 PM | ,


US ဒေါ်လာဆိုတာ ကမ္ဘာမှာ အခိုင်မာဆုံးငွေကြေးဆိုတာ လူတွေအားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် စီးပွာရေးကိစ္စတွေမှာ US ဒေါ်လာကို ကမ္ဘာ့စံနူန်းတရပ်အဖြစ် ရွှေကဲ့သို့ တန်ဖိုးထားကြပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ရေနံစိမ်းဈေး၊ US ဒေါ်လာဈေး အတက်အကျအပြောင်းအလဲတွေဟာ ကမ္ဘာ့စီးပွားရေးကို တနည်းတဖုံရိုက်ခတ် အကျိုးသက်ရောက်တတ်ပါတယ်။

ဒေါ်လာဈေးကျရင် မြန်မာ့ငွေကြေးဈေးတက်တတ်တာ ဓမ္မတာပါ။ မြန်မာ့ကျပ်ငွေတက်ရင် တနည်းအားဖြင့် ဒေါ်လာဈေးကျရင် လူတွေဟာ ငါတို့နိုင်ငံရဲ့ ပိုက်ဆံတန်ဖိုးပိုရှိလာတယ်ဆို ဝမ်းသာတတ်ကြတယ်။

တကယ်ရော ဝမ်းသာသင့်သလားဆိုတာဆန်းစစ်ကြည့်ကြရအောင်။

မြန်မာ့ငွေကြေးတက်လာရင် (သို့မဟုတ်) US ဒေါ်လာဈေးကျရင် ဘာတွေဖြစ်လာမလဲ။

နိုင်ငံခြားသွားမယ့်လူတွေ နိုင်ငံခြားကို ဒေါ်လာလွှဲချင်သူတွေအတွက်တော့ ကျပ်ငွေနဲ့လဲလိုက်ရင် အရင်နှုန်းနဲ့လဲတာထက် ဒေါ်လာပိုရလို့ ပျော်တာသဘာဝပါ။ အထူးသဖြင့်နိုင်ငံခြားကို ဟောလီးဒေး အပန်းဖြေခရီးထွက်ကြမဲ့ လူတွေအတွက်လဲ ပျော်စရာကြီးပါပဲ။

အဲဒီလူတွေကလွဲရင် ကျန်တဲ့လူတန်းစားတွေ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။

၁။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေ မိမိရဲ့မိသားစုထံကိုငွေလွှဲရင် အရင်ကျပ်ငွေလောက် မရတော့ဘူး။ သူ့မိသားစုဟာ ကျပ်ငွေကို အရင်ပမာဏလောက်မရကြတော့ အရင်ကျပ်ငွေပမာဏလောက်ရအောင် ဒေါ်လာကို ပိုလွှဲပေးကြရတယ်။

၂။ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းသူ importer တွေဟာ ယခင်သွင်းနေကြကုန်တွေကို ဈေးနှုန်းလျှော့၍ တင်သွင်းကြရမယ်။ ဥပမာ ယခင်က ဒေါ်လာ၁၀၀တန်ပစ္စည်းတခုကို ကျပ်ငွေ၁၀၀,၀၀၀ကျပ် ပေးနေရတယ်။ ယခုကျပ်ငွေဈေးတက်လို့ ၁ဒေါ်လာဟာ ၈၀၀ဖြစ်သွားရင် ဒေါ်လာ၁၀၀တန်ပစ္စည်းကို အခု၈၀၀၀၀ကျပ်ပဲ ပေးရတော့မယ်။ သွင်းကုန်တွေကို ဈေးလျှော့ဝယ်နိုင်လာမယ်။ စာသုံးသူတွေကို အရင်ဈေးထက် လျှော့ရောင်းနိုင်လို့ ကုန်ဈေးနူံးတွေ ကျလာလိမ့်မယ်။

၃။ ဒါဆိုရင် ပြည်ပကိုပို့ကုန်ပို့တဲ့သူ exporter တွေအတွက်ရော။ အရင်ဝယ်နေကျပစ္စည်းတွေ အခုတော့ ကျပ်ငွေတန်ဖိုးမြင့်တက်လာလို့ ပြည်တွင်းမှာ နိုင်ငံခြားပို့မဲ့ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ရတယ်။ အဲဒါကြောင့် နိုင်ငံခြားကိုပို့တဲ့အခါ အရင်ပို့နေကျဈေးထက် ပိုရောင်းရတော့မယ်။ ဈေးကြီးလာလို့ နိုင်ငံခြားက ပစ္စည်းအဝယ်နည်းလာမယ်။ ပို့ကုန်တင်ပို့မှု အရေအတွက်တွေ ကျလာမယ်။ ဒါကြောင့် ပို့ကုန်သမားတွေဟာ ကိုယ့်နိုင်ငံရဲ့ငွေကြေးတန်ဖိုးကျမှာ အကြောက်ဆုံးပါပဲ။

၎။ ဟိုတယ်တည်းခိုခ ခရီးသွားစရိတ်တွေတက်လာလို့ နိုင်ငံခြားသား tourists တွေ အဝင်နည်းလာကြလိမ့်မယ်။ ငွေကြေးတန်ဖိုး သိပ်မတက်တဲ့နိုင်ငံတွေကိုပဲ သွားကြလိမ့်မယ်။

ဒါကြောင့် မြန်မာကျပ်ငွေဈေးတက်လာလို့ တနည်းအားဖြင့် ဒေါ်လာဈေးကျလာပြီဆိုရင် မျိုးချစ်စိတ်နဲ့ အရမ်းဝမ်းမသာလိုက်ပါနဲ့။ နိုင်ငံခြားက သွင်းကုန်ဈေးနှုန်းတွေတက်လာပြီး ကုန်ဈေးနူံးတွေလဲ ထပ်ချပ်မကွာ မြင့်တက်လာတော့မယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။
ငွေကြေးဖလှယ်နှုန်းဆိုတာ တကယ်တော့ အခုရှင်းပြသလို ရိုးရိုးရှင်းရှင်းလေး မဟုတ်ပါဘူး။ ကမ္ဘာ့ရေနံဈေးနှုန်း၊ ရွှေဈေးနှုန်း၊ ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်စတာတွေနဲ့လဲ ချိတ်ဆက်သက်ဆိုင်နေကြပါတယ်။ အခြေခံသဘောလေးပဲ ရှင်းပြတာပါ။

အဲဒီအခြေခံသဘောလေးသိထားရင်ပဲ ဒေါ်လာဈေးအတက်အကျဖြစ်ရင် ကုန်ဈေးနှုန်း (အထူးသဖြင့် နိုင်ငံခြားသွင်းကုန်ဈေး) အအတက်အကျဖြစ်စေနိုင်ပြီး လူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေလာနိင်တယ်ဆိုတာ သိမြင်နိုင်ပါပြီ။ အကွက်မြင်တဲ့စီးပွားရေးသမားတွေဟာ ဒေါ်လာဈေးတက်ပြီကြားတာနဲ့ နိုင်ငံခြားကသွင်းရတဲ့ ပစ္စည်းတွေကို ကြိုဝယ်ပြီး လှောင်ထားတတ်ကြတယ်။ အဲဒီပစ္စည်းတွေ ဈေးတက်တော့မယ်ဆိုတာ ကြိုသိနေကြတယ်။ ဈေးတက်တာနဲ့ အမြတ်နဲ့ ထုတ်ရောင်းလေ့ရှိပါတယ်။ US ဒေါ်လာဈေးကျလိုဆိုပြီး ဒေါ်လာစက္ကူကို ဝယ်စုတဲ့သူအင်မတန်ရှားပါတယ်။ ဒေါ်လာဈေးပြန်တက်လို့ မြတ်တဲ့အမြတ်ဟာ ကုန်ပစ္စည်းဈေးကို တင်ရောင်းတာလောက်မရတဲ့အပြင် ဒေါ်လာငွေကိုင်ထားတာဟာလဲ ဥပဒေနဲ့မလွတ်ကင်းလို့ အန္ဒရာယ်များလို့ပါ။။

ဒါကြောင့် ကမ္ဘာ့နိင်ငံကြီးတွေဟာ သူတို့ရဲ့ ငွေတန်ဖိုးကျဖို့ အမြဲထိန်းသိမ်းဆောင်ရွက်ကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့တဲ့နိုင်ငံတွေပေါ့။ ဒါမှ သူတို့ကုန်ပစ္စည်းတွေကို တခြားနိုင်ငံတွေက များများဝယ်ကြမှာကိုး။

ငွေတန်ဖိုးကျအောင် အစိုးရက ဘဏ်တိုးနူန်းလျှော့ချပေးခြင်းစတာတွေ လုပ်တတ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းတခုကတော့ ငွေစက္ကူတွေ ပေါပေါလောလော ရိုက်ထုတ်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ အကျိုးဆက်က ဆိုးကျိုးတွေရှိလို့ အစိုးရတွေဟာ နောက်ဆုံးမတတ်တာမှသာ ဒီနည်းလမ်းကိုရွေးပါတယ်။

အခုတလော သတင်းစာတွေမှာ ဖတ်ရပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာ US ဒေါ်လာတွေ ဈေးကျနေတယ်၊ European နိုင်ငံတွေမှာ သူတို့ရဲ့Euro ငွေကြေးတွေကျနေတယ်၊ ဂျပန်နိုင်ငံမှာ ယန်းဈေးတွေ ကျနေတယ်။ သူတို့နိုင်ငံကလူတွေ သူတို့ငွေကြေးတွေတန်ဖိုးကျလို့ဆိုပြီး ဘာလို့ဆန္ဒမပြကြသလဲ။ ငွေဈေးကျခြင်းဟာ သူတို့နိုင်ငံက ထွက်ကုန်ဈေးတွေသက်သာလာလို့ တခြားနိုင်ငံတွေကို ပိုမိုပို့လာနိုင်တဲ့အတွက် တိုင်းပြည်ရဲ့ ဝင်ငွေတိုးလာတယ်။ ကုန်ဈေးနူန်းတွေကျလာလို့ သူတို့စားဝတ်နေရေး ပိုကောင်းလာစေလို့ပါပဲ။

မေးစရာ မေးခွန်းတခုတော့ ရှိပါလိမ့်မယ်။ မိမိတို့နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကျတာကောင်းတယ်ဆိုရင် အစိုးရတွေဟာ ဘာလို့ တန်ဖိုးအရမ်းကျအောင် မလုပ်ကြတာလဲဆိုတာပါ။ နိုင်ငံတနိုင်ငံရဲ့ငွေကြေးတန်ဖိုး ရုတ်တရက်ထိုးကျသွားခြင်းဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေးမကောင်းတာကို ဖေါ်ပြလိုက်တာပါပဲ။ အဲဒီလိုဖြစ်ရင် နိုင်ငံတကာက အဲဒီနိုင်ငံနဲ့စီးပွားရေးလုပ်ဖို့ ရှောင်ရှားကြပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ထွက်ခွာသွားကြလိမ့်မယ်။

ဒီစာလေးရေးပြတာက နောင်ဒေါ်လာဈေးအတက်အကျဖြစ်လာရင် အဲဒီအကျိုးဆက်တွေ သိထားတော့ ရှောင်သင့်၊ ဆောင်သင့်တာလေးတွေ ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ပါ။ သိလွန်း၊ တတ်လွန်းလို့တော့ မဟုတ်ရပါဘူး။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

စတော့ရှယ်ယာ ကစားချင်သူများအတွက်

4:30 PM | ,


တလောက ကျနော်တို့ မြန်မာနိုင်ငံ ရန်ကုန်မှာ စတော့ရှယ်ယာအရောင်းအဝယ် Exchange ကို ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းတပုဒ်ကို အင်တာနက်မှာ ဖတ်လိုက်ရတယ်။

စတော့ရှယ်ယာဆိုတာ နိုင်ငံခြားမှာတော့ အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားငွေ အတက်အကျကို ဈေးကျနေတုံးဝယ်မယ်၊ ဈေးပြန်တက်ရင် ရောင်းမယ်ဆိုတဲ့ FOREX ဆိုတာတို့၊ Government_Bond တို့ USA က Dow_Jones တို့၊ Nesdaq တို့စတာတွေ အများကြီးရှိကြပါတယ်။ နိုင်ငံပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ ကွဲပြားကြပါတယ်။ စာရှည်မှာစိုးလို့ အကျယ်မရှင်းပြတော့ပါ။

ဘယ်လို စတော့ရှယ်ယာမျိုးပဲဖြစ်ဖြစ် အခြေခံကတော့ အဲဒီစတော့ရှယ်ယာအစုတွေကို ဝယ်ထားမယ်။ မြတ်ရင် ထုတ်ရောင်းမယ်။ မရောင်းချင်သေးရင်လဲ ဆက်ထားထားလိုရတယ်။ ဈေးတက်ရင် အမြတ်အစွန်းကို ခံစားခွင့်ရတယ်။ ဈေးကျနေရင်တော့ အမြတ်မရဘူးပေါ့။

မြန်မာနိုင်ငံက လုပ်ငန်းတခုထဲမှာ အစုဝင်ထားတဲ့ပုံစံနဲ့ တူပါတယ်။ ဒါပေမဲ့ ကွဲပြားတာတွေက လုပ်ငန်းတခုမှာ အစုငွေဝင်ထားရင် ပုံသေအတိုးကို လစဉ်မှန်မှန်ရနေမယ် (အလိမ်မခံရဘူးဆိုရင်ပေါ့လေ)။ အဲဒီအစုငွေကို ကိုယ်ထုတ်ချင်တဲ့အချိန် ထုတ်ယူလို့မရဘူး၊ သူများကို ရောင်းလို့လဲမရဘူး။ စတော့ရှယ်ယာကတော့ ပုံသေအတိုးမှန်မှန် မရဘူး။ ဈေးတက်ရင် အမြတ်များများရမယ်။ ဈေးကျနေရင် အမြတ်မရဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ရှယ်ယာအစုတွေ ဝယ်နိုင်တယ် (ငွေပေါနေရင်ပေါ့လေ)။ ကြိုက်တဲ့အချိန်မှာ ရောင်းနိုင်တယ်။ ဒါပေမဲ့ ကုမ္ပဏီတခုဟာ သူ့ဖါသာသူ စတော့ရှယ်ယာဖွင့်တယ်ဆိုပြီး ရောင်းလို့မရပါဘူး။ အစိုးရဆီမှာ လျှောက်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှ စတော့ရှယ်ယာရောင်းခွင့်ရပါတယ်။ အဲဒီကုမ္ပဏီတွေဟာ အစိုးရရဲ့စာရင်းစစ်တာလဲ ခံနိုင်ရမယ်။

အဲဒီတော့ သင့်လက်ထဲမှာ ငွေကလဲရှိနေပြီ။ စတော့ရှယ်ယာကို ဝယ်ရောင်းလုပ်ချင်တယ်။ စတော့ရှယ်ယာ ကစားတယ်လို့ခေါ်ပါတယ်။ ဒါပေမဲ့ စတော့ရှယ်ယာကို ဘယ်လိုဝယ်ရမယ်၊ ဘယ်လိုရောင်းရမယ်ဆိုတာ သာမန်လူတွေနားမလည်ကြပါဘူး။ ပြီးတော့ ဘယ်လိုရှယ်ယာမျိုးကို ဝယ်ရမယ်ဆိုတာကိုလဲ မသိနိုင်ကြဘူး။ မသိပဲနဲ့ ရမ်းဝယ်မိလို့ ဈေးကျတော့မဲ့ ရှယ်ယာတွေကို ဝယ်လိုက်မိရင် ရင်းထားတာလေးတွေ ရှုံးသွားလိမ့်မယ်။ အရင်းနှီးတွေ ကုန်သွားနိုင်တယ်လေ။ စတော့ရှယ်ယာဆိုတာကလဲ ကုမ္ပဏီတခုထဲရဲ့ အရှူံးအမြတ်ပေါ်မှာပဲ မှီတည်နေတာမဟုတ်ဘူး။ ကမ္ဘာမှာ ရေနံဈေးအတက်အကျရှိရင်၊ အစိုးရအပြောင်းအလဲဖြစ်ရင်၊ နိုင်ငံတခုမှာစစ်ဖြစ်ရင်၊ နိုင်ငံတခုက ငွေတန်ဖိုးအတက်အကျဖြစ်ရင် စတဲ့ အကြာင်းပေါင်းဆုံလာရင်လဲ စတော့ရှယ်ယာဈေးကို အတက်အကျဖြစ်စေပါတယ်။ ဒါကြောင့် အဲဒါတွေတတ်တဲ့ပညာရှင် Expert မဟုတ်တဲ့ လူတယောက်ဟာ မိမိဖာသာမိမိ စတော့ရှယ်ယာတွေကို ဝယ်ရောင်းဖို့ဆိုတာ အရမ်းကို အခက်အခဲရှိပါတယ်။

အဲဒီတော ရှယ်ယာနားလည်ပြီး ဘယ်ရှယ်ယာမျိုးဝယ်သင့်တယ်ဆိုတာ အကြံပေးနိုင်တဲ့ ပညာရှင်ကို ချဉ်းကပ်ရမယ်။ အဲဒီလူတွေကို Fund_Manager သို့မဟုတ် Investment_Manager လို့ခေါ်ပါတယ်။ အတိုကောက် ဖန်မန်နေဂျာလို့ ခေါ်ကြရအောင်။ အဲဒီ ဖန်မန်နေဂျာနေဂျာတွေဟာ စတော့ရှယ်ယာဝယ်ရောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်တယ်။ ဘယ်ရှယ်ယာအမျိုးအစားကတော့ ဈေးတက်နိုင်တယ်၊ ကျနိုင်တယ်ဆိုတာတွေကို အချက်အလက်နဲ့ ရှင်းပြတတ်ကြတယ်။ တချို့ဖန်မန်နေဂျာတွေဟာ MBA ရထားသူတွေလဲရှိတယ်။

ဖန်မန်နေဂျာတွေဟာ တဦးချင်းရှိသလို အဖွဲ့နဲ့လဲရှိကြတယ်။ သူတို့ဟာ လခစားတွေ မဟုတ်ကြပါဘူး။ လူတယောက်ကို ရှယ်ယာဝယ်ရောင်း လုပ်ပေးလိုက်ရင် အလွန်နည်းပါးတဲ့ ဝန်ဆောင်ခလေးပဲ ယူပါတယ်။ ဒါပေမဲ့ သူဝယ်ပေးလိုက်တဲ့ရှယ်ယာဟာ ဈေးတက်လာရင်ဖြစ်ဖြစ် ပြန်ရောင်းပေးလို့ အမြတ်ရရင်တော့ သတ်မှတ်တဲ့ ရာခိုင်နှုန်းလေး ပေးရပါတယ်။ ရာခိုင်နှုန်းက သိပ်မများတော့ မြတ်တဲ့လူကလဲ ပေးပျော်ပါတယ်။ ရှုံးသွားရင်လဲ စိတ်ဓါတ်မကျနဲ့။ နောက်ရှယ်ယာတခုမှာ ပြန်ဝယ်ပြီး ရင်းဖို့ အကြံပေးလိမ့်မယ်။ တချို့လဲ သူ့အကြံအတိုင်းလိုက်လုပ်ရင်း ချမ်းသာသွားတာရှိသလို တချို့တွေလဲ မွဲသွားကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဖန်မန်နေဂျာတွေဟာ သူတတ်တဲ့ပညာနဲ့ ရိုးရိုးသားသား အသက်မွေးကြသူတွေပါ။

တကယ်တော့ ဒီစာရေးရတာ နောက်ဖန်မန်နေဂျာတမျိုးအကြောင်း ပြောပြချင်လိုပါ။ ဒီမန်နေဂျာက လူအယောက်တစ်သောင်းဆီကို email အစောင်ပေါင်း တစ်သောင်းပို့လိုက်တယ်။ Email ကိုရတဲ့ လူတွေရဲ့ တဝက်လောက်ဖြစ်တဲ့ လူ ၅၀၀၀လောက်ကို အခုပြောတဲ့ ရှယ်ယာတခုဟာ မကြာခင် ဈေးတက်လိမ့်မယ်လို့ ရေးလိုက်ပါတယ်။ နောက်ကျန်တဲ့ လူ၅၀၀၀လောက်ကိုတော့ ဒီရှယ်ယာဟာ ဈေးကျပါလိမ့်မယ်။ မယုံရင် စောင့်ကြည့်ကြပါလို့ ရေးလိုက်တယ်။ သေချာတာတခုကတော့ ရှယ်ယာဈေးဆိုတာ အမြဲတမ်းတန့်နေတာမှ မဟုတ်တာ။ အတက်အကျ အမြဲရှိနေတယ်လေ။ တပတ်လောက်ကြာတော့ သူပြောတဲ့ရှယ်ယာဟာ ဈေးတက်လာတယ်။ ဈေးတက်မယ်လို့ စာရတဲ့သူတွေက ဒီဖန်မန်နေဂျာ တော်လှချည်လားဆိုပြီး သူ့ကိုချဉ်းကပ်ကြတယ်။ ဈေးကျမယ်လို့ အရေးခံရသူတွေကတော သူ့ကို စိတ်မဝင်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီဖန်မန်နေဂျာအတွက်ကတော့ ဖေါက်သည်အရေအတွက် ၅၀၀၀မဟုတ်တောင် အတော်များများရလိုက်ပါပြီ။ ဒီလူတွေရဲ့ ငွေနဲ့ရှယ်ယာ ကစားလို့ရပြီ။ မြတ်ရင် သူ့အတွက်လဲ ရာခိုင်နှုန်းနဲ့ စားရပြီ။ သူလိမ်တာ မဟုတ်ပါဘူး။ ဖေါက်သည်ရအောင် စည်းရုံးတာပါ။ Marketing လုပ်တာပါ။

ကျနော်တို့နိုင်ငံမှာလဲ ဒီလို ဦးနှောက်ဉာဏ်ပိုင်ရှင်တွေ ရှိပါတယ်။ လက္ခဏာဆရာတယောက်ဟာ သူ့ဆီ လက္ခဏာလာမေးသမျှ လူတိုင်းကို ထီပေါက်မယ်ချည်းပဲ ဟောလွှတ်တယ်။ သူပြောသလို ထီတကယ်ပေါက်ခဲ့ရင် သူ့ကိုငွေကြေးနဲ့ ကန်တော့စရာမလိုပါဘူးတဲ့။ သတင်းစာထဲမှာ သူဟောတာမှန်ကြောင်း ကြော်ငြာထည့်ပေးပါတဲ့။ သူ့ဆီမှာ လက္ခဏာလာမေးတဲ့ လူတသိန်းမှာ လူ၂၀လောက် ထီပေါက်တယ်။ အဲဒီပေါက်တဲ့လူ၂၀က ဒီလက္ခဏာဆရာဟောတာ သိပ်မှန်တယ်ဆိုပြီး ကြော်ငြာထည့်ပေးတယ်။ ကျန်လူပေါင်း ၉၉၉၈၀ ကတော့ လက္ခဏာဟောထားတာ မေ့သွားကြပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက္ခဏာဆရာ နာမည်ကြီးသွားပြီ။ သူ့ကို လက္ခဏာမေးချင်သူတွေ တန်းစီနေကြရပြီ။ ဈေးခေါ်နည်းတမျိုးပါ။ သူလိမ်ညာတာ မဟုတ်ပါ။

စိတ်ကူးပေါက်လို့ ရေးလိုက်တာပါ။ ဒါပေမဲ့ ဒီစာလေးဖတ်ပြီးရင် စတော့ရှယ်ယာကစားတယ်ဆိုတာ လောင်းကစားလုပ်တာ ထီထိုးတာ ကံစမ်းမဲနှိုက်တာမဟုတ်ဖူးဆိုတာတော့ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

မှတ်ချက်။
သင်ရှယ်ယာကစားချင်ရင် Fund_Manager တယောက်ကို ဆက်သွယ်လိုက်ပါ။ သင်ဘာမှလုပ်စရာ မလိုပါ။ အချိန်တန်ရင် မန်နေဂျာ အခု ဒီရှယ်ယာဈေးတက်လိမ့်မယ်။ ဝယ်မလားလို့ မေးလိမ့်မယ်။ သင်ဝယ်ချင်ရင် သင့်ပိုက်ဆံကို သူ့ဆီလွှဲပေးလိုက်ပါ။ မန်နေဂျာက ဝယ်တဲ့ကိစ္စကို အကုန်လုပ်သွားလိမ့်မယ်။

ဒီမှာ မေးစရာတခုရှိပါတယ်။ အဲဒီမန်နေဂျာက ပိုက်ဆံတွေလိမ်သွားရင်ကော။ ပိုက်ဆံတွေကို ရှုံးဆုံးအောင် ပေါက်တက်ကရတွေ လုပ်သွားရင်ကောလို့။ Fund_Manager တွေဟာ နာမည်တလုံးနဲ့နေကြသလို အများစုဟာ ရိုးရိုးသားသားရှယ်ယာပညာနဲ့ အသက်မွေးနေကြသူတွေပါ။ နောက်ပြီး သင့်ကို ဈေးတက်မဲ့ရှယ်ယာတွေ့အောင် သူ့ပညာအစွမ်းကုန်သုံးပါလိမ့်မယ်။ ရှယ်ယာမြတ်ရင် သူ့နာမည်ကျော်ကြားပြီး ဖေါက်သည် Client များများရနိုင်သလို သူ့အတွက်လဲ အမြတ်ရဲ့ ရာခိုင်နှုန်းခံစားခွင့်ရှိတာကိုး။ Win_Win_Situation ပေါ့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Warren Buffet ရဲ့ ကြီးပွားချမ်းသာစေကြောင်း

4:30 AM | ,


ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ သရဖူဆောင်းထားတဲ့ Warren Buffet ဟာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးစီးပွားအတွက် အကြံဥာဏ်ကောင်း များစွာရှိပါတယ်။ ဒီအကြံဥာဏ်တွေကို ချုပ်ပြောရရင် ဒီလိုပါ။

ငွေကြေးများစွာကို တစ်ခဏအတွင်း ရှာဖွေနိုင်မယ့် မှော်ဆန်တဲ့ ဖော်မြူလာလေးရှိတယ်။ ဒီဖော်မြူလာကို သင်ဟာတခြားလူတွေထက် ပိုပြီးခွင်ရှာတတ်လို့ တွေ့နိုင်လိမ့်မယ်လို့ ထင်နေတာတွေ ရပ်လိုက်ပါ။ လျှောက်မတွေးပါနဲ့ ဆိုတာပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ သူ့ရဲ့အကြံပြုချက်တွေကို ခြုံကြည့်ရရင် ချမ်းသာမှုဆိုတဲ့ပန်းတိုင်ကို ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ Slow and steady wins the race ကျင့်ထုံးဖြင့်သာရောက်ရှိနိုင်တယ်လို့ ဆိုလိုတာပါ။ တစ်ဆက်တည်းမှာပဲ ရင်းနှီးမြှုပ်နှံမှုဂုရုကြီးရဲ့ ငွေကြေးရင်းနှီးမှုဗျူဟာကို ခြုံငုံဖော်ပြထားတဲ့ အကြံပေးချက်သုံးခုကိုလည်း တင်ပြထားပါတယ်။

၁။ သင်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေကို S&P 500 နှင့် ဆက်စပ်တဲ့ Index fund တွင်ရင်းနှီးပါ။
Buffet ကသေတမ်းစာမှာ သူ့ဇနီးအတွက် ထားခဲ့မယ့် ငွေကြေးအပေါ် အခုလိုရင်းနှီးမြှုပ်နှံဖို့ ဇနီးသည်အား အကြံပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ Index Fund ဟာ ထွက်ပေါ်ခဲ့တာကြာပြီး လူသိများပြီး ဖြစ်သော်ငြားလည်း အကျိုးအမြတ် ဖြစ်ထွန်းဆဲပါ။ S&P 500 ဆိုတာ America ရဲ့ အဆင့်အတန်းမှီကုမ္ပဏီ ၅၀၀ခုရဲ့ စတော့ ဈေးနှုန်းတွေကို အချိုးကျ average လုပ်ထားတဲ့ Indexပါ။ ဒါကြောင့် S&P 500 ကိုဝယ်ရင် ကုမ္ပဏီ၅၀၀မှာ အချိုးကျ ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်သွားတာပါ။

Buffetရဲ့အစီအစဉ်ကတော့ ဒီလိုပါ။ ပိုင်ဆိုင်မှုငွေကြေးရဲ့၁၀ရာခိုင်နှုန်းကို အစိုးရရေတို ငွေတိုက်စာချုပ်မှာ ရင်းနှီးပါ။ ၉၀ရာခိုင်နှုန်းကိုတော့ S&P 500 နှင့်ဆက်စပ်တဲ့ Index Fund တွေထဲက စီမံမှုကုန်ကျ စရိတ်နည်းတဲ့ Fund ပေါ်မှာရင်းနှီးပါ။

Buffet က ဒီဗျူဟာအရ ရေရှည်တွင် ရရှိလာမည့် အကျိုးရလဒ်တွေဟာ အခကြေးငွေများတဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေ ခန့်ထားလေ့ရှိတဲ့ ပင်စင်ရန်ပုံငွေအဖွဲ့တွေ၊ စုပေါင်းရင်းနှီးမှုအဖွဲ့တွေ၊ Mutual Fund တွေရဲ့ ရင်းနှီးမြှုပ်နှံမှုရလဒ်တွေထက် အမြဲသာလွန်လိမ့်မည်ဟု ယုံကြည်ပါတယ်။

Buffet ရဲ့ ဒီမူဝါဒဟာ များသောအားဖြင့် မှန်လေ့ရှိပါတယ်။ သုတေသနတွေအရ ထုတ်ပြန်ချက်တွေကလည်း Buffet ရဲ့ Index Fund တွေက စီမံမှုကုန်ကျစရိတ်တွေများတဲ့ အခြားအဖွဲ့အစည်းတွေထက် အချိန်တိုင်းလိုလို ရလဒ်ပိုကောင်းသည်ဆိုတဲ့ အဆိုကိုလည်း ထောက်ခံထားပါတယ်။

ယုတ္တိကျကျစဉ်းစားရင် ရှင်းရှင်းလေးပါ။ Index Fundတွေဟာ ခုနကပြောခဲ့သလို ကုမ္ပဏီ ၅၀၀ခုရဲ့ စတော့တွေကို အချိုးကျဝယ်ယူထားခြင်းပါ။ ဒီ Index ကို ဝယ်ယူဖို့ အလွန်ကျွမ်းကျင်တဲ့ ငွေကြေးအကြံပေး တစ်ယောက်ရဲ့ ဝန်ဆောင်မှုကို မလိုတဲ့အတွက် ဝန်ဆောင်ခလည်း မပေးရပါဘူး။ စုပေါင်းရင်းနှီးမှုအဖွဲ့ Mutual Fund တွေမှာတော့ ဒီများပြားတဲ့ကုန်ကျစရိတ်တွေ ရှိပါတယ်။ ထို့ကြောင့် Index Fund တွေက အကျိုးအမြတ် ပိုရရှိခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ရေရှည်ဆိုတဲ့စကားလုံးကို ဒီမူဝါဒကို ကျင့်သုံးမယ်ဆိုရင် သတိမူသင့်ပါတယ်။ စတော့ဈေးကွက်တွေဟာ ရေတိုကာလတွေမှာ အတက်အကျများတတ်သလို ဈေးကွက်ပျက်သွားတာတွေလည်း ရှိတတ်ပါတယ်။ ဈေးကွက်ပျက်ခဲ့ရင် ရင်းနှီးမြှုပ်နှံမှုများရဲ့ ဆုံးရှုံးမှုတွေ ပြန်လည်ရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခုပေးပြီး စောင့်စည်းနိုင်ရပါမယ်။ မိမိရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျသွားတိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ထုတ်ရောင်းလို့မသင့်ပါ။ ရေရှည်အကျိုးကိုသာ မျှော်ကိုးသင့်ပြီး အတက်အကျသံသရာတွေကို သတ္တိရှိရှိ၊ စည်းကမ်းရှိရှိ ဖြတ်ကျော်ရင်းနှီးမြှုပ်နှံစွမ်း ရှိရပါမယ်။

၂။ စုဆောင်းတတ်ရန် အကျင့်ကောင်း ရအောင်သင်ယူပါ။
ရုပ်မြင်သံကြား အထူးအစီအစဉ်တစ်ခုမှာ Buffet က အခုလိုပြောကြားခဲ့ပါတယ်။ လူတိုင်းအတွက် အကြီးဆုံးအမှားကတော့ စောစီးစွာ တိတိကျကျ စုဆောင်းတတ်ဖို့ အကျင့်ကောင်းတွေကို မသင်ယူထားခြင်းပါလို့ ကျွန်တော်ထင်တယ်။ စုဆောင်းခြင်းက အကျင့်ဖြစ်နေရမယ်။ ပြီးတော့ တခြားအမှားကြီး နောက်တစ်ခုက မြန်မြန်ချမ်းသာဖို့ ကြိုးစားခြင်းပါ။ လူတန်းစေ့နေနိုင်အောင် ဖြည်းဖြည်းမှန်မှန်ရောက်ရှိဖို့ လွယ်ပေမယ့် တစ်ခဏအတွင်း သောက်သောက်လဲ ချမ်းသာဖို့ကတော့ အိမ်မက်မက်တာပါ။

၃။ စတော့ဈေးကွက်မှာ စတော့ဈေးတွေကျနေရင် ကိုယ့်ရှိတဲ့စတော့တွေကို မရောင်းပါနဲ့။ တခြားစတော့အသစ်တွေ ထပ်ဝယ်ပါ။ မနှစ်က ရလဒ်မကောင်းတဲ့ဝင်ငွေစာရင်း ထုတ်ပြန်ချက်တွေကြောင့် Buffet အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့ စတော့တစ်ချို့ရဲ့ ဈေးတွေကျဆင်းခဲ့ပါတယ်။ Buffet အနေနဲ့ ရက်အနည်းငယ်အတွင်းမှာ ကန်ဒေါ်လာ၂ဘီလီယံလောက် ဆုံးရှုံးခဲ့ပေမယ့် သူ့မူဝါဒအတိုင်း စတော့အသစ်များစွာ ထပ်မံဝယ်ယူခဲ့ပါတယ်။ သူကသတင်းဌာန CNBC ကိုပြောခဲ့သည်ကတော့ စတော့ဈေးနှုန်းများ ကျဆင်းတဲ့အချိန်မှာ ဆုံးရှုံးမှာကြောက်၍ ဈေးကျနေတဲ့ စတော့တွေကို ထုတ်ရောင်းပစ်တဲ့ ရင်းနှီးမြှုပ်နှံသူတိုင်း ဈေးပြန်လည်တက်လာရင် ထိုဆုံးရှုံးမှုတွေကို ပြန်လည်ရရှိဖို့ အခွင့်အရေးဆုံးရှုံးသွားပါပြီ။ ဤအတိုင်း ရေတိုရင်းနှီးမြှုပ်နှံသူတွေ အပေါ်မှတ်ချက်ပြုခဲ့ပါတယ်။

Buffet ဟာ နှေးကွေးတဲ့ အကျဘက်ရောက်နေတဲ့ စတော့ဈေးကွက် Bear Market တွေကို သဘောကျပါတယ်။ စတော့ဈေးနှုန်းတွေကျလေ ပိုမိုဝယ်ယူမှုပြုလေဖြစ်ပါတယ်။ ယျေဘူယျအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို နီးစပ်နားလည်သော စီးပွားရေးကဏ္ဍနှင့် စီးပွားရေးလည်ပတ်ပုံ Business Model တွေမှာ ရှိတဲ့ခိုင်မာတဲ့ စတော့တွေကို ရေရှည်မြှုပ်နှံသင့်ပါတယ်လို့ Buffet ကအကြံပြုခြင်း ဖြစ်ပါတယ်။

အကယ်လို့ ဈေးကွက်က နောက်အပတ်အတွင်းမှာ unit ၅၀၀ လောက် ကျခဲ့မယ်ဆိုတာ သိရင် အဲဒီဈေးကွက်ထဲမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ၄င်းတို့ရဲ့ စတော့တွေကို မနေ့ကတည်းက ဝယ်ထားပြီးပြီဖစ်ကြောင်း Buffet ကရှင်းပြပါတယ်။ ကျွန်တော့်အနေနဲ့ ဈေးကွက်က တက်မလားကျမလား၊ ဘာဖြစ်မလဲဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် စတော့ဈေးကွက်မှာရှိတဲ့ ခိုင်မာတဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ စတော့ကို ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော် ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိပါတယ်ဟု Buffet က ဆိုပါတယ်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

စာရင်းသေအပ်ငွေဆိုတာ ဘာလဲ

4:30 AM |


ငွေစုလိုသူတွေအတွက် စာရင်းသေအပ်ငွေခေါ် Fixed Deposit Account (FDA) အကြောင်းပြောပါရစေ။ ကာလရှည်ငွေပိုတွေကို ငွေစုချင်တယ်ဆိုရင် FDA က သာမန်စုငွေ Saving Account တွေထက် အကျိုးပိုရှိနိုင်ပါတယ်။

ပထမအကြောင်းကတော့ အတိုးနှုန်းဖြစ်ပြီး FDA ရဲ့ တစ်နှစ်အတိုးနှုန်းဖြစ်တဲ့ ၁၀ရာခိုင်နှုန်းက Saving Account ရဲ့ ၈ရာခိုင်နှုန်းထက် သာလွန်ပါတယ်။ ဒါဟာ သိန်းတစ်ရာစုရင် FDA အကောင့်ပိုင်သူက နှစ်သိန်းပိုရနေတဲ့ အနေအထားပါ။ Saving ရဲ့အတိုးနှုန်းကို ဘဏ်တွေက ၈ရာခိုင်နှုန်းကနေ အများဆုံး ၈ဒသမ၂၅အထိပဲ ပေးထားတာပါ။ FDA ကတော့ အပ်ငွေကာလတွေအလိုက် ၁လအတွက် ၉ကျပ်နှုန်း၊ ၃လအတွက် ၉ဒသမ၂၅ကျပ်နှုန်း၊ ၆လအတွက် ၉ဒသမ၅ကျပ်နှုန်း၊ ၉လအတွက် ၉ဒသမ၇၅နှုန်း နဲ့ ၁နှစ်အတွက် ၁၀ကျပ်နှုန်းဆိုပြီး အတိုးပေးထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ထည့်မယ့် အပ်ငွေနဲ့ အတိုးရမယ့် ပမာဏ သိချင်ရင် www.kbzbank.com က အတိုးတွက်ချက်တဲ့ Calculator မှာ တွက်ချက်နိုင်ပါတယ်။
ဒုတိယအကြောင်းက မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုကြောင့်ပါ။ မြန်မာ Inflation rate (ငွေကြေး ဖောင်းပွမှုနှုန်း) က တစ်နှစ်ကို ၄ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်းကြား ရှိပါတယ်။ အတိုးနှုန်း ပိုများတဲ့ FDA က စုဆောင်းသူအတွက် အမြတ်ရာခိုင်နှုန်း ပိုမိုရရှိစေနိုင်ပါတယ်။

FDA ကို KBZ Bank, CB Bank စတဲ့ ဘဏ်တွေ တော်တော်များများမှာ စာရင်းဖွင့်လှစ်နိုင်ပါတယ်။ စာရင်းသေအပ်ငွေထဲမှာ ငွေစုစာရင်းဖွင့်ပြီးရင် ဘဏ်တွေက Certificate of Deposit (CD) ဆိုတဲ့ အပ်ငွေစာချုပ်လေးပေးမှာ ဖြစ်ပါတယ်။ အဲဒီ CD မှာ အပ်နှံတဲ့ ငွေပမာဏကာလနဲ့ရရှိမည့် အတိုးနှုန်းတွေ ပါဝင်ပါတယ်။ CD ကို လုံခြုံစွာ သိမ်းဆည်းထားသင့်ပါတယ်။ ပျောက်သွားခဲ့ရင် ဘဏ်ကို ပြန်အကြောင်းကြားရမှာဖြစ်ပြီး ပြန်လျှောက်ရတာ အလုပ်ရှုပ်ပါတယ်။ CD ဟာ FDA အကောင့်ကနေ အပ်ငွေနှင့်အတိုး ပြန်ထုတ်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းပါ။ FDA အနေနဲ့ ငွေစုရင်ဆောင်ရန် ရှောင်ရန်လေးတွေကို တင်ပြပါရစေ။ FDA ထဲမှ အပ်ငွေကို များသောအားဖြင့် စုငွေကာလမပြည့်မှီ ငွေမထုတ်ယူသင့်ပါ။ အဲလိုထုတ်ယူမယ်ဆိုရင် တစ်ချို့ ဘဏ်တွေက CD ထဲမှာပါတဲ့ အတိုးနှုန်းမပေးပဲ Saving အတိုးနှုန်းကို သာပေးပါတယ်။ တစ်ချို့ဘဏ်တွေက ဒဏ်ကြေးပါတပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပ်နှံကာလမပြည့်မှီ အပ်ငွေကို လုံးဝပြန်လည် ထုတ်ယူလို့မရတဲ့ CD တွေ မရှိသေးပါဘူး။ နိုင်ငံတကာမှာ FDA အကောင့်တွေရဲ့ အတိုးနှုန်းဟာ အပ်နှံကာလမပြည့်မချင်း မပြောင်းနိုင်ပါဘူး။ ဥပမာအားဖြင့် FDA အကောင့်ထဲ ကို ၃နှစ်ကာလကြာ အပ်ငွေထည့်ပြီး အတိုးနှုန်း၈ကျပ် ရမည်ဆိုပါစို့။ အဲဒီ ၈ရာခိုင်နှုန်းက မည်သည့် ရိုက်ခတ်မှုတွေကြောင့်မှ ဗဟိုဘဏ်အတိုးနှုန်း တက်သည်၊ ကျသည်ဖြစ်စေ မပြောင်းပါ။ ထို့အပြင် အပ်ငွေပမာဏများလေ၊ အတိုးနှုန်းများများပေးလေ ဖြစ်ပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံမှ ဘဏ်တွေမှာ CD တွေအတွက် အတိုးနှုန်းကို ဘဏ်တွေက ပြောင်းလဲလို့ရပါတယ်။ CD ရဲ့အတိုးနှုန်း တက်သွားရင် ပြဿနာမရှိပေမဲ့ ကျသွားရင် ငွေစုသူသာ နစ်နာမှာပါ။ မြန်မာနိုင်ငံဗဟိုဘဏ်ကလည်း တစ်နှစ်တစ်ကြိမ်လောက် အတိုးနှုန်းပြောင်းနိုင်ချေ ရှိပါတယ်။ ဒါကြောင့်မို့ FDA အကောင့်ဖွင့်ရင် အများဆုံးကာလအနေနဲ့ တစ်နှစ်ထိသာ အပ်ငွေကို စုဆောင်းဖို့ ယခုအချိန်အခါအရ အကြံပြုပါရစေ။ တစ်နှစ်ပြီးမှ နောက်တစ်နှစ်အတွက် ထပ်မံစုဆောင်းရန် ငွေအပ်နှံသင့်ပါကြောင်း ပြောပြလိုပါတယ်။

ရင်းနှီးမြှုပ်နှံသူအပေါင်း ကြွယ်ဝချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

အမေရိကန်ကို စိမ်ခေါ်လိုက်တဲ့ တရုပ်တို့ရဲ့AIIB

4:30 PM |


ယနေ့ကမ္ဘာ့သတင်းတွေမှာ AIIB ဆိုတဲ့ စကားကို မကြာခဏ ကြားနေရမှာပါ။ AIIB ဆိုတာ Asian_Infrastructure_Investment_Bank ဖြစ်ပါတယ်။ မကြာခင်ကမှ တရုပ်အစိုးရက တည်ထောင်လိုက်တဲ့ ဘဏ်အဖွဲအစည်းတခုဖြစ်ပါတယ်။ AIIB ပေါ်ပေါက်လာပုံက စိတ်ဝင်စားစရာကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် (World_Bank) နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငွေကြေးအဖွဲ့တွေအကြောင်း ကြားဖူးကြမှာပါ။ ဒီအဖွဲ့အစည်းတွေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးစမှာ စစ်ဘေးဒဏ်ကြောင့် စီးပွားရေးပျက်နေတဲ့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ ပြင်သစ်စတဲ့ နိုင်ငံတွေကို ငွေကြေးချေးငှားထောက်ပံ့ပေးဖို့ ထူထောင်ခဲ့တာပါ။ နောက်ပိုင်းကျတော့ တကမ္ဘာလုံးမှာ စီးပွားရေးဆုတ်ယုတ်နေတဲ့နိုင်ငံတွေကို စီးပွားရေးအကူအညီအဖြစ် ငွေတွေကို ယနေ့ထိ ချေးပေးနေဆဲပါ။ ဒီအဖွဲ့တွေဟာ ပုဂ္ဂလိကဘဏ်တွေနဲ့ မတူပါဘူး။ အလွန့်ကို နည်းတဲ့အတိုးနဲ့ ငွေချေးပေးသလို စီးပွားရေးဆိုင်ရာနည်းပညာတွေ အကြံဉာဏ်တွေလဲပေးပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်ရှည်ချေးပေးပြီး IMF က နှစ်တိုတိုပဲ ချေးပေးပါတယ်။

သူတို့ရဲ့ရုံးချုပ်တွေဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာရှိကြပြီး အဖွဲ့တွေရဲ့ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှယ်ယာအများဆုံးဝင်ထားတဲ့ အမေရိကန်နိုင်ငံကပဲ အဓိကချမှတ်တယ်။ တခါတလေ အမေရိကန်က သူသဘောနဲ့သူ လုပ်ချင်ရာလုပ်ချင်ရာ လုပ်တတ်တယ်။ သူနဲ့ပနာသင့်တဲ့နိုင်ငံတွေကို ငွေများများ ချေးပေးတတ်တယ်။ ဒါကို တခြားရှယ်ယာဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ တရုပ်နဲ့ဂျပန်နိုင်ငံတွေက ဘဝင်မကျနေတာကြာပါပြီ။

လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်က အမေရိကန်သမတ အိုဘားမားရဲ့အစိုးရက စီးပွားရေးတဟုန်ထိုးတက်လာပြီး ချမ်းသာလာတဲ့ တရုပ်နိုင်ငံကို IMF အဖွဲ့ထဲမှာ ရှယ်ယာတွေကို တိုးမြှင့်ထည့်ဝင်ဖို့ ကမ်းလှမ်းပါတယ်။ ရှယ်ယာများလာရင် IMF ရဲ့ပေါ်လစီချမှတ်ရာမှာ ဆုံးဖြတ်ပိုင်ခွင့်တွေ ပိုမိုရလာမယ်လို့ စည်းရုံးပါတယ်။ တရုပ်အစိုးရကလဲ ရှယ်ယာပိုထည့်လိုက်ရင် IMF မှာ အရေးပါတဲ့ အဆုံးအဖြတ်တွေကို ချမှတ်လာနိင်မယ်။ ဒါဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများအပေါ်မှာ စီးပွားရေးသြဇာညောင်းလာမယ်။ ဒါတွေမျှော်တွေးပြီး ရှယ်ယာတွေ အများကြီးထည့်မယ်လို့ အမေရိကန်အစိုးရကို အကြောင်းပြန်လိုက်ပါတယ်။

အဲဒီမှာ ပြဿနာစတော့တာပါပဲ။ အမေရိကန်သမတက တရုပ်နိုင်ငံရဲ့ ငွေကြေးရှယ်ယာ တိုးမြှင့်ထည့်ဝင်မဲ့ကိစ္စကို အမေရိကန်လွှတ်တော်မှာ သဘောတူခွင့်ပြုပေးဖို့တင်ပြပါတယ်။ ဒါကို အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ပြိုင်ဖက်ဖြစ်တဲ့အတိုက်ခံ ရီပတ်ဘလီကန်ပါတီအမတ်တွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ တရုပ်ရဲ့ရှယ်ယာတွေ အများကြီးအဝင်ခံလိုက်ရင် ကမ္ဘာ့ဘဏ်နဲ့ IMF တွေမှာ အမေရိကန်ရဲ့ဆုံးဖြတ်ပိုင်ခွင့် နည်းလာမယ်။ တရုပ်ကလဲ အမေရိကန်သဘောမကျတာတွေ လုပ်လာနိုင်တယ် စသဖြင့်ပေါ့။ အဆုံးမှာ ရီပတ်ဘလီကန်အမတ်အများစုကြီးစိုးတဲ့ အမေရိကန်လွှတ်တော်က သဘောမတူဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အမေရိကန်က ရှယ်ယာပိုထည့်ဖို့ ကမ်းလှမ်းတယ်။ တရုပ်ကြီးက သဘောတူတယ်။ နောက်အမေရိကန်က အထည့်မခံတော့ပြန်ဘူးဆိုတော့ တရုပ်ကြီးလဲ အတော်ဒေါပွသွားတယ် ထင်ပါတယ်။ ဒါကြောင့် မနှစ်က၂၀၁၄ခုနှစ် အောက်တိုဘာလတမှာ တရုပ်နိုင်ငံ ဘီဂျင်းမြို့မှာ AIIB ကို ထူထောင်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ သတ်မှတ်ချက်နဲ့မညီလို့ ငွေချေးငှားမရတဲ့ နိုင်ငံတွေကို ငွေကြေးအကူအညီတွေ ပေးဖို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ တကယ်တော့ ကမ္ဘာ့ဘဏ်နဲ့ IMF တွေကို ပြိုင်ဖို့အတွက် တစင်ထောင်လိုက်တာပါ။ တရုပ်အစိုးရက အမေရိကန်ဒေါ်လာ၅၀ဘီလီယံနဲ့ AIIB ကို မတည်ထူထောင်လိုက်ပါတယ်။ ဒါတင်မက အမေရိကန်နိုင်ငံကိုလဲ AIIB ရဲ့ ကနဦးဘဏ်တည်ထောင်တဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ရှယ်ယာဝင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ပေါက်ဖေါ်ကြီးက အမေရိကန်ကို ကလိလိုက်တာပါ။

တရုပ်က AIIB မှာ မတည်တဲ့အဖွဲ့ဝင်ဖြစ်ရင် ငွေကြေးအကျိုးအမြတ်အများကြီးရမယ်လို့ အဆွယ်ကောင်းတာကြောင့် အိန္ဒိယနိုင်ငံက ပထမဆုံးအဖွဲ့ဝင်အဖြစ် ဝင်လိုက်တယ်။ နောက် တောင်ကိုးရီးယားနဲ့ ဂျပန်တို့လဲ ဝင်လိုက်ကြပြန်တယ်။ မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံက တောင်းပန်မေတ္တာရပ်ခံနေတဲ့ကြားက သူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေလဲ AIIB အဖွဲ့ဝင်လိုက်ကြပြန်ပြီ။

အခုတော့ အမေရိကန်အစိုးရဟာ အကြပ်ရိုက်နေပါပြီ။ ငွေကြေးအရမ်းအင်အားတောင့်တဲ့ တရုပ်ကြီးကို သူ့ရဲ့မဟာမိတ်နိုင်ငံတွေပါ ပေါင်းသွားကြပြီဆိုတော့ သူပါ AIIB ထဲကို ဝင်လိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေရပါပြီ။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေလဲ သူတို့ဆုံးဖြတ်ချက်အမှားကြောင့် ခုလိုဖြစ်ရတယ်ဆိုပြီး နောင်တရနေကြတယ်။ လောလောဆယ်တော့ အမေရိကန်က နိုင်ငံတကာကို ဝါဒဖြန့်နေပါတယ်။ AIIB အဖွဲ့ဟာ ကမ္ဘာ့ဘဏ်နဲ့ IMF တို့လို တင်းကျပ်တဲ့ ငွေကြေးစည်းကမ်းတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်လို့ ကြာကြာမခံပဲ ပြိုလဲသွားလိမ့်မယ်ပေါ့။

ဘာပဲဖြစ်ဖြစ် ကျုပ်တို့မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေအတွက်တော့ ဝမ်းသာစရာပေါ့။ အတိုးနဲနဲနဲ့ နှစ်ရှည်ချေးပေးမဲ့ နောက်ထပ်ကမ္ဘာ့ဘဏ်ကြီးတခု ထပ်ပေါ်လာလို့လေ။ မကြာခင် ကျနော်တို့ မြန်မာတွေ လူတယောက်ကို အကြွေး၅သိန်းထက် ပိုတင်အုံးတော့မှာပဲလေလို့ တွေးမိလိုက်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

ဘဏ်မှ ငွေချေးမယ်ဆိုရင်

4:30 AM | ,


မြေနှင့်အိမ်၊ တိုက်ကို အပေါင်ထားပြီးဘဏ်မှ ချေးငွေရယူလိုသူများအတွက် လိုအပ်သည့်စာရွက်စာတမ်းနှင့် ဆောင်ရွက်ချက်များ
စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ချဲ့ထွင်ရန်သော်လည်းကောင်း၊ ပိုမိုကျယ်ပြန့်စွာ ကုန်အရောင်းအဝယ် ပြုရန်သော်လည်းကောင်း၊ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်း ပိုမိုဝယ်ယူရန်သော်လည်းကောင်း၊ လှည့်လည်ငွေရင်း Working Capital လုံလောက်စွာရှိရန် လိုအပ်ပါသည်။ ထိုလှည့်လည်ငွေရင်းပမာဏတစ်ခု မိမိလုပ်ငန်းချဲ့ထွင်ရန် လုံလောက်မှုမရှိပါက ဈေးကွက်တွင် ပေါ်ပေါက်လာသည့် အခွင့်အရေးဈေးကွက်ဝေစုနှင့် ဖောက်သည်သစ်များအား လက်လွတ်မခံဘဲ ရရှိရန်အလို့ငှာ ဘဏ်အဖွဲ့အစည်းများထံမှ ချေးငွေရယူရမည် ဖြစ်ပါသည်။ ထိုကြောင့် ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဘဏ်မှ မြေနှင့်အိမ်ကို အပေါင်ထားပြီး ငွေချေးယူရန်လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် စာရွက်စာတမ်းများကို အကျဉ်းချုံ့ တင်ပြလိုက်ပါသည်။

ဘဏ်မှငွေမချေးမှီ အချက်နှစ်ချက် ပြည့်စုံရန် ဦးစွာလိုအပ်ပါသည်။ ပထမအချက်မှာ ငွေချေးယူလိုသူသည် လည်ပတ်နေသော လုပ်ကိုင်ခွင့်လိုင်စင်တစ်ခုခု ရရှိထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု၏ ပိုင်ရှင်ဖြစ်ရပါမည်။ ထိုလုပ်ငန်းသည် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီကို ကိုယ်စားပြုနိုင်သည့် ရာထူးရှိသည့် အမှုဆောင်တစ်ဦးဖြစ်ရမည်ဖြစ်ပြီး ငွေချေးယူရန် သဘောတူညီမှုရှိကြောင်း ဒါရိုက်တာအဖွဲ့မှ ထောက်ခံစာပါရှိရပါမည်။ ဒုတိယအချက်မှာ ထိုစီးပွားရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွင် ဘဏ်မှအပေါင်လက်ခံနိုင်မည့် အာမခံပ္စစည်းတစ်ခုခု ရှိရပါမည်။ ထိုအာမခံပ္စစည်း အမျိုးမျိုးထဲတွင် မြေနှင့် ထိုမြေပေါ်ရှိ အိမ်အဆောက်အအုံတို့သည် မရွှေ့ပြောင်းနိုင်သော အာမခံပ္စစည်းအဖြစ် အကျုံးဝင်ပါသည်။ ထိုနှစ်ချက်ပြည့်စုံပါက ငွေချေးယူမည့် ဘဏ်ရှိ ချေးငွေဌာနတွင် မြေနှင့် အိမ်အပေါင်ခံငွေချေးရန် ပုံစံတင်လျှောက်ထားခြင်း စတင်နိုင်ပြီဖြစ်သည်။ ချေးငွေလျှောက်ထားမှုကို ချေးငွေအရာရှိများနှင့်အတူ လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။

ထိုကဲ့လျှောက်ထားရာတွင် မိမိပိုင် (သို့မဟုတ်) မိမိလုပ်ငန်းပိုင်မြေနှင့် အိမ်တစ်ခုခုကို အပေါင်ထားရမည်ဖြစ်၍ တင်ပြရန် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မြေသည် လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
၂။ ဘိုးဘွားပိုင်မြေ (သို့) ဂရန်မြေဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးသက်တမ်း သုံးလေးနှစ် ကျန်ရှိရမည်။
၃။ ကျေးရွာမြို့နယ် မြေစာရင်းရုံးပုံစံ ၁၀၅၊ ၁၀၆နှင့် ၁က ရှိရမည်။
၎။ မြေနှင့်မြေပေါ် အဆောက်အအုံပိုင်ဆိုင်မှု၊ မှတ်ပုံတင်စာချုပ်၊ မြေပုံ၊ မြေရာဇဝင် ခြောက်လအတွင်း ဆက်စပ်စာချုပ်များရှိရမည်။
၅။ တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိလုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ရယူထားသော လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်း MOA နှင့် သင်းဖွဲ့စည်းမျဉ်း Articles of Association၊ ပုံစံ ၆၊ ၂၆၊ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက မိမိပိုင်အိမ်အတွက် လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်၊ ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ဝင်တို့၏ အစည်းအဝေးမှ ဆုံးဖြတ်ချက်တို့ ရှိရမည်။
၆။ လုပ်ငန်းနှင့် ပတ်သက်သည့် နိုင်ငံတော်သို့ တစ်နှစ်၊ နှစ်နှစ်အတွင်း ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်များဌာနမှ အခွန်ကြွေးမရှိကြောင်း ထောက်ခံစာတို့ရှိရမည်။
၇။ အာမခံအဆောက်အအုံ၊ မြေနှင့် လုပ်ငန်းအဆောက်အအုံတို့ကို မှတ်တမ်းတင်ထားသည့် ရှေ့၊ နောက် ဘေးဝဲယာအတွင်း ဓာတ်ပုံများပါရမည်။
၈။ လုပ်ငန်းနှင့်သက်ဆိုင်သော တစ်နှစ် (သို့) နှစ်နှစ် စာအရှုံးအမြတ်စာရင်း Income Statement ဝင်ငွေ ထွက်ငွေစာရင်း Cash Flow Statement နှင့် လက်ကျန်စာရင်း Balance Sheet များတင်ပြရမည်။
၉။ အာမခံပ္စစည်းနှင့် သက်ဆိုင်သော တခြားလိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံ မြေပုံ၊ မြေရာဇဝင် စသည်တို့ ပါရမည်။
၁၀။ ဘဏ်ထံ အပေါင်ထားမည့်မြေနှင့်အိမ်ကို မိမိအမှန် တကယ်ပိုင်ကြောင်း၊ လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချထားခြင်း မရှိကြောင်း ကျမ်းကျိန်လွှာပါရမည်။
၁၁။ စည်ပင်ခွန်၊ မြေခွန်၊ ပြေစာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက် စသည့် လိုအပ်သည့် စာရွက်စာတမ်းများပါရမည်။
၁၂။ အသစ်ဆောက်ပြီးစ အဆောက်အအုံများသည် ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် Building Completion Certificate ပါရှိရပါမည်။
ထိုလို အပ်ချက်များပြည့်စုံပါက ချေးငွေလျှောက်လွှာအမှုတွဲ ဖွင့်နိုင်ပြီဖြစ်သည်။ ဘဏ်မှ ချေးငွေအရာရှိများသည် အာမခံပ္စစည်းအား ကွင်းဆင်းလေ့လာသွားမည် ဖြစ်သည်။

ထိုသို့လေ့လာရာတွင် အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် ဘဏ်ခွဲဗဟိုရုံးများရှိသည့်မြို့များ၌ တည်ရှိသည်မဟုတ်ပါက ဘဏ်ရာဖြတ်နှင့် ဘဏ်ရှေ့နေတို့၏ အကြိုအပို့တာဝန်ကို ငွေချေးသူဘက်မှ တာဝန်ခံခေါ်ဆောင်ရပါမည်။ ထို့နောက် ဘဏ်ရာဖြတ်သည် အာမခံမည့် မြေနှင့်အိမ်တန်ဖိုးကို သတ်မှတ်၍ ဘဏ်ထံအစီအရင်ခံသွားပါမည်။ ဘဏ်ရှေ့နေမှလည်း သက်ဆိုင်ရာအာမခံပ္စစည်းနှင့် ဆက်စပ်သည့် စာချုပ်များကို မှတ်ပုံတင်ရုံး မြေစာရင်း ဦးစီးဌာနတို့တွင် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်သည်။ ငွေချေးယူသူဘက်မှ အာမခံပ္စစည်းကို မီးအာမခံထားရန်လည်း လိုအပ်ပါမည်။

ဘဏ်ရာဖြတ်၏ တန်ဖိုးသတ်မှတ်ချက် ဘဏ်ရှေ့နေ၏ ထောက်ခံစာ မီးအာမခံနှင့် အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံပါက ချေးငွေလျှောက်လွှာအမှုတွဲ ပြည့်စုံပြီဖြစ်၍ ဘဏ်ချေးငွေစိစစ်ရေးအဖွဲ့မှ ချေးငွေချပေးရန် သင့်မသင့် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ ချေးငွေချပေးရာတွင် အာမခံပ္စစည်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကိုသာ အများဆုံးထုတ်ချေးပါမည်။ ချေးငွေကျပါက ချေးငွေစာချုပ်ကို ငွေချေးယူသူနှင့် ဘဏ်အကြား ချုပ်ဆိုရပါမည်။ အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် သမ္မတမှပြန်တမ်းများ ကြော်ငြာသတ်မှတ်ထားသည့်မြို့များတွင်ရှိပါက ချေးငွေစာချုပ်ကို သက်ဆိုင်ရာဘဏ်တွင်သာ ချုပ်ဆိုနိုင်ပြီး ချေးငွေအတွက် တံဆိပ်ခေါင်းခွန်ပေး ဆောင်ရန်မလိုပါ။ ထိုမြို့များတွင် အာမခံပ္စစည်းမပါ ဝင်ပါက အာမခံပ္စစည်းရှိမြို့၏ မှတ်ပုံတင်ရုံးရှိ မှတ်ပုံတင်အရာရှိထံတွင် ချေးငွေစာချုပ် ပြုလုပ်ချုပ်ဆိုရပါမည်။ ထို့အပြင် ချေးငွေ ၁၀၀ကျပ်လျှင် ၂ကျပ်ခန့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရပါမည်။

ထိုသို့ အဆင့်ဆင့်ဆောင်ရွက်ပြီးစီးပါက ဘဏ်မှချေးငွေ ကို တစ်ပတ်အတွင်း ထုတ်ယူနိုင်တော့မည်ဖြစ်သည်။ ဘဏ်တို့သည် စာရင်းရှင်အပ်ငွေ Current Account ကို ငွေချေးယူသူအမည်သို့ ၄င်း၏ လုပ်ငန်းအမည်ဖြင့် ဖွင့်ပေးပြီး ချေးငွေကို ထည့်သွင်းပေးထားမည် ဖြစ်ပါသည်။ ထိုချေးငွေသည် ကာလတိုနှစ်ချင်းဆပ်ငွေဖြစ်၍ တစ်နှစ်အတွင်း အတိုးကောအရင်းပါ အကျေပြန်ဆပ်ရပါမည်။ တစ်ချို့ဘဏ်များသည် အတိုးကို သုံးလတစ်ကြိမ် ခွဲဝေပေးချေရန် လိုအပ်ပါသည်။ ငွေချေးယူသူများဘက်မှ သက်တမ်းမပြည့်မှီ ချေးငွေ အရင်းကို ပြန်ဆပ်ခဲ့သော်လည်း အတိုးကို တစ်လတိုး၍ တွက်ချက်ကောက်ခံသွားပါမည်။ ခြောက်လနှင့် ပြန်ဆပ်လျှင် ၇လစာနှုန်းဖြင့် တွက်ချက်သွားမည် ဖြစ်သည်။ အချို့ဘဏ်များသည် သုံးလတိုး၍ တွက်ချက်လေ့ရှိပါသည်။

ဘဏ်များထံမှ ငွေချေးယူသည့် လုပ်ငန်းဆောင်တာများအား ယေဘူယျအားဖြင့် ချုံငုံတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ဘဏ်တစ်ခုချင်း၏ မူဝါဒမတူညီမှုများကြောင့် အချိန်ကာလ အပြောင်းအလဲကြောင့် ကွဲပြားခြားနားမှုများ ရှိနိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။

Based on: ဘဏ်အကြောင်းငွေအကြောင်း နှင့် လူတိုင်းအတွက်အိမ်ခြံမြေလမ်းညွှန်
MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

အစုရှယ်ယာခွဲခြမ်းခြင်း Stock Split ဘာဆိုတာ

3:30 AM |


အစုရှယ်ယာခွဲခြမ်းခြင်းဆိုတာဘာလဲ
ဥပမာအလွယ်တစ်ခုဖြစ်စတင်ပါမည်။ ဦးအောင်ဆိုတဲ့သူမှာ ၂၀၁၄ခုနှစ်တွင် Apple ကုမ္ပဏီမှသူဝယ်ထားသော အစုရှယ်ယာ ၁၀ခုရှိသည်ဟုဆိုပါမည်။ ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်တွင် ထိုအစုရှယ်ယာတစ်ခု၏ ဈေးနှုန်းသည် ဒေါ်လာ ၁၀၀၀ ဖြစ်ပါသည်။ ထို့ကြောင့် ဦးအောင်သည် Apple ကုမ္ပဏီအပေါ်စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ကန်ဒေါ်လာ ၁၀၀၀၀ဖြစ်ပြီး အစုရှယ်ယာအရေအတွက်မှာ ၁၀ခုဖြစ်ပါသည်။ ထိုနေ့တွင် Apple သည် ၄င်း၏ ဈေးနှုန်းမြင့်မားနေသည့် အစုရှယ်ယာများကို အစုရှယ်ယာတစ်ခုတွင် ၁၀ခု အဖြစ်ခွဲထုတ်လိုက်ပါသည်။ အကျိုးဆက်အနေဖြင့် ဦးအောင်သည် အစုရှယ်ယာ ၁၀ခုပိုင်နေသည်မှ အခု၁၀၀ပိုင်သွားပြီဖြစ်သည်။ ကန်ဒေါ်လာ ၁၀၀၀ တန် အစုရှယ်ယာတစ်ခုကို ၁၀ခုခွဲပစ်လိုက်၍ ကန်ဒေါ်လာ ၁၀၀တန် အစုရှယ်ယာ၁၀ခု ရရှိမည် ဖြစ်သည်။ ထိုကြောင့် ကန်ဒေါ်လာ ၁၀၀ တန် အစုရှယ်ယာ အခု၁၀၀ပိုင်သည့် ဦးအောင်၏ Apple စတော့ရင်းနှီးမှုစုစုပေါင်းသည် ကန်ဒေါ်လာ ၁၀၀၀၀ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ စတော့ခွဲခြမ်းမှုကြောင့် အစုရှယ်ယာအရေအတွက် တိုးလာသော်လည်း အစုရှယ်ယာစုစုပေါင်း၏ တန်ဖိုးမပြောင်းလဲပေ။

အစုရှယ်ယာခွဲခြမ်းအပြီး အစုရှယ်ယာဈေးတက်သွားလျှင် အစုရှယ်ယာစုစုပေါင်းတန်ဖိုး မြင့်တက်သွားမလား။
ဒီလိုဆိုလျှင် အစုရှယ်ယာစုစုပေါင်း တန်ဖိုးမြင့်တက်သွားပါမည်။ သို့သော် ထိုသို့မြင့်တက်သွားခြင်းမှာ Stock Split ကြောင့်မဟုတ်ပါ။ ဥပမာအားဖြင့် Apple ကုမ္ပဏီ၏ အစုရှယ်ယာများသည် အစုရှယ်ယာ ခွဲခြမ်းမှုပြုအပြီး နောက်တစ်ရက် ၂၀၁၄ ဧပြီလ ၁၁ရက် တွင် ၃၀ရာခိုင်နှုန်းခန့် ဈေးတက်သွားသည်ဟု ဆိုပါမည်။ ထိုနေ့တွင် Apple သည် ကုန်ပ္စစည်းသစ်တစ်ခုကို မိတ်ဆက်ထုတ်ဖော်ခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်၏ Apple စတော့ရင်းနှီးမှုစုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၃၀၀၀ ရောက်ရှိသွားပြီး အစုရှယ်ယာတစ်စောင်လျှင် ဒေါ်လာ၁၃၀ဖြစ်နေပါသည်။ အစုရှယ်ယာခွဲခြမ်းမှုပြုပြီးနောက် ရှယ်ယာဈေးနှုန်းတက်သွား၍ စုစုပေါင်းရှယ်ယာတန်ဖိုး မြင့်တက်သွားသော်လည်း မြင့်တက်သွားသည့် အကြောင်းအရင်းမှာ အစုရှယ်ယာခွဲခြမ်းမှုကြောင့် မဟုတ်ပါ။ Apple ကုမ္ပဏီ၏ ထုတ်ကုန်သစ် မိတ်ဆက်မှုကြောင့် ရှယ်ယာဈေးများတက်သွားခြင်းဖြစ်သည်ကို သတိပြုရပါမည်။ ထိုနေ့တွင် ကုန်ပ္စစည်းသစ် မိတ်ဆက်ခြင်းမပြုခဲ့ပါက အစုရှယ်ယာခွဲပစ်ထားသော်လည်း ရှယ်ယာဈေးများ တက်မည်မဟုတ်ပေ။ ထို့ကြောင့် ရှယ်ယာဈေးအတက်အကျများသည် ဈေးကွက်အတွင်းရှိ သက်ရောက်မှုများကြောင့်သာ ဖြစ်ပြီး အစုရှယ်ယာခွဲခြမ်းမှုကြောင့် မည်သို့မှ မရိုက်ခတ်နိုင်ပါပေ။

ထိုဥပမာပေးရှင်းလင်းချက်သည်လွယ်ကူသည်ဟု ယုံကြည်ပါသည်။ MIW ၏ စတော့ဈေးကွက် မိတ်ဆက်အစီအစဉ်ကို ဖတ်ရှုအားပေးသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။ နောင်လာမည့် အစီအစဉ် များတွင် လည်းမရှင်းလင်းသည်များကိုပွင့်လင်းစွာ မေးမြန်းနိုင်ပါကြောင်းပြောကြားလိုက်ပါသည်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

အိမ်ခြံမြေပူဖောင်းပေါက်ခြင်းနဲ့ ဘဏ်များပြိုလဲခြင်း

5:30 PM | ,



ဒီမနက် အလုပ်သွားရင်း ဘတ်စ်ကားပေါ်မှာ အောက်မှာတွဲထားတဲ့ Myanmar_Journal ရဲ့သတင်းကို facebook ပေါ်မှာ friend တယောက်တင်ထားတာ ဖတ်မိတယ်။ အဲဒီသတင်းမှန်၊ မမှန်ဆိုတာကို မြန်မာနိုင်ငံထဲမှာ လက်ရှိနေထိုင်နေသူမဟုတ်တဲ့ ကျနော့်အဖို့ ဘာမှဝေဖန်ချက်မပေးလိုပါဘူး။

ဒါပေမဲ့ အဲဒီသတင်းမှာပါတဲ့ စာသားလေးတကြောင်းကို တွေ့လိုက်တော့ ကျနော် ဒီဆောင်းပါးလေးကို ရေးချင်စိတ်ပေါ်လာပါတယ်။ အဲဒီစာကြောင်းလေးက "အကယ်၍ အိမ်ခြံမြေပူပေါင်းပေါက်ရင် ဘဏ်တွေ bankrupt ဖြစ်လိမ့်မယ်ဆိုတာဘဲ" တဲ့။

အဲဒါသေချာပေါက်ဖြစ်လိမ့်မယ်လို့ မပြောနိုင်ပေမဲ့ အရင်ကဖြစ်ခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။ အဲဒီသာဓကလေးကတော့ ၁၉၉၇ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာဆီယံစီပွားပျက်ကပ်ဆိုက်မှုကြီး (Asean_Financial_Crisis) ပါပဲ။

ဒီကပ်ကြီး ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ လေ့လာလိုက်ရင် သိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီကပ်ကြီးဖြစ်လာပုံကို အကျဉ်းလေးရေးပြလိုက်ပါတယ်။

၁၉၉၀ ခုနှစ်အလွန် စောစောပိုင်းကာလလေးမှာ အာရှတိုက်က နိုင်ငံကိုးနိုင်ငံဖြစ်ကြတဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလိပိုင်နိုင်ငံတွေဟာ အာရှရဲ့ကျားကြီးကိုးကောင်လို့ ကမ္ဘာက တင်စားခေါ်ရလောက်အောင် စီးပွားရေးက အရမ်းကို တိုးတက်ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်လာရတဲ့အကြောင်းကတော့ သူတို့နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလာခြင်း၊ စက်မှုအတတ် ကွန်ပြူတာနည်းပညာတွေ တိုးတက်ထွန်းကားလာခြင်း၊ ပညာရေးအဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ အလုပ်သမားတွေ သူတို့နိုင်ငံထဲဝင်လာပြီး အလုပ်လာလုပ်ကြလို့ရယ်၊ ကျေးလက်တောရွာကနေ မြို့ပေါ်တက်ပြီး အလုပ်လာလုပ်ကြလို့ရယ်တွေကြောင့် လုပ်အားခတွေဈေးပေါပေါနဲ့ ရလာခြင်းတွေအပြင် အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေကလဲ ဈေးကွက်စီးပွားရေးစံနစ်ပီပြင်လာဖို့ စီးပွားရေးကန့်သတ်ချုပ်ခြယ်မှုတွေ လျှော့ပေးလိုက်တယ်ဆိုတာတွေကြောင့်ပါ။။

စီးပွားရေးတိုးတက်လာတော့ လူတွေရဲ့ဝယ်ယူသုံးစွဲမှုတွေ မြင့်တက်လာတယ်။ ဝယ်လိုအားများလာတော့ လုပ်ငန်းတွေ တိုးချဲ့လာကြတယ်။ Shopping_Center ကြီးတွေ အထပ်မြင့်ရုံးအဆောက်အဦတွေ၊ ဟိုတယ်ကြီတွေ၊ မိုးမျော်အထပ်မြင့်အိမ်ယာတွေ၊ ကွန်ဒိုတွေဆောက်လာကြတယ်။ စက်ရုံ၊ အလုပ်ရုံတွေတိုးချဲ့တယ်၊ စက်ရုံသစ်တွေ ဆောက်လုပ်ကြတယ်။

အဲဒါတွေအတွက် ငွေတွေအများကြီးလိုလာတယ်။ ငွေလိုတော့ ဘာလုပ်သလဲ။ ဘဏ်တွေဆီက ငွေချေးကြတာပေါ့။ စီးပွားရေးဟာ ဒီထက်မက အများကြီးတိုးတက်နိုင်မယ်ဆိုတာ သိနေတော့ အစိုးရကလဲ ဘဏ်တွေကို ငွေချေးရာမှာ စည်းကမ်းမတင်းကြပ်ပဲ မသိချင်ယောင်ဆောင်နေကြတယ်။ နိုင်ငံအတွက်လိုတဲ့ နိုင်ငံခြားငွေတွေအတွက် အစိုးရဗဟိုဘဏ်တွေက နိုင်ငံခြားဘဏ်တွေကနေ ချေးငှါးယူကြတယ်။ ပြည်တွင်းဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို ဘဏ်စည်းမျဉ်းးအရ ချေးငှါးသင့်တာထက် ပိုချေးပေးတယ်၊ အတိုးကောင်းကောင်းရမှာကို မျှော်ကိုးနေတာကိုး။ နိုင်ငံခြားကုမ္ပဏီအများအပြားလဲ ဒီလိုစီးပွားရေး အရမ်းတိုးတက်နေတဲ့နိုင်ငံတွေကို လိမ့်ဝင်လာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြတယ်။အိမ်၊ မြေတန်ဖိုးတွေ တက်လာတယ်။ အဲဒီလိုဈေးတွေ တက်လာခြင်းဟာ စီးပွားရေးကောင်းတဲ့ လက္ခဏာဖြစ်လို့ ရင်းနှီးမြုပ်နှံမှုတွေ တိုးလုပ်ကြတယ်။ နိုင်ငံတွေရဲ့ထုတ်ကုန် GDP တွေ တက်လာတယ်။ သူတို့ရဲ့ နိုင်ငံခြားငွေကြေးဖလှယ်နူန်းကလဲ တည်ငြိမ်တယ်။အဲဒီ ၁၉၉၀ခုနှစ်ကနေ ၁၉၉၇ခုနှစ်ဝက်အထိဟာ အာရှကျားကိုးကောင်ရဲ့ ရွှေမိုးငွေမိုးရွာတဲ့ကာလပေါ့။ စီးပွားရေး စကားနဲ့ပြောရရင် Boon_Year ပေါ့။

ဒီအာဆီယံစီးပွားပျက်ကပ်ဆိုက်မှုဟာ ထိုင်းနိုင်ငံကနေ ရုတ်တရက် စလိုက်တာပါ။ ၁၉၉၇ခုနှစ်နှစ်ဝက်လောက်မှာ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ မြောက်များစွာသောအိမ်၊ ခြံမြေ၊ အဆင့်မြင့်အိမ်ယာတွေ၊ ကွန်ဒိုတိုက်ခန်းတွေက ရောင်းမထွက်ကြတော့ဘူး။ ဝယ်သူတွေမရှိတော့ဘူး ဖြစ်သွားတယ်။ မိုးမျော်အထပ်မြင့်ရုံးခန်းတွေလဲ ဝယ်သူမရှိ ငှါးသူမရှိနဲ့ ရုံးခန်းလွတ်ပေါင်းသိန်းနဲ့ချီပြီး ရှိလာတယ်။

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ဆောက်လုပ်ပြီးစ အဆောက်အဦတွေ၊ အိမ်ယာတွေ ရောင်းမထွက်တော့ သူတို့ရင်းနှီးထားတဲ့ ငွေတွေပြန်မရကြတော့ဘူး။ ဒီတော့ သူတို့အတိုးနဲ့ ချေးထားတဲ့ငွေတွေကို ဘဏ်တွေကို ပြန်မဆပ်နိုင်တော့ဘူး။ ဘဏ်တွေမှာလဲ ချေးငွေတွေ ပြန်မရဘူးဆိုတော့ ဘဏ်တွေထဲမှာ ငွေလက်ကျန်နည်းလာပြီ။ တချို့ဘဏ်တွေက အကြွေးမဆပ်နိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ ဆောက်လုပ်ပြီးစ အိမ်ယာတွေ၊ အဆောက်အဦတွေကို သိမ်းယူကြတယ်။ သိမ်းပြီးလို့ အဲဒါတွေကို ပြန်ရောင်းပြန်တော့လဲ ဝယ်သူမရှိတော့ ဘဏ်ထဲကို ပိုက်ဆံပြန်ဝင်မလာဘူး။

အဲဒီလို ထိုင်းဘဏ်တွေမှာ ငွေမရှိကြတော့ဘူးဆိုတာ သိလာကြတဲ့ နိုင်ငံခြားငွေကြေး ဝယ်ရောင်းသမားအကြီးစားတွေဟာ သူတို့လက်ထဲမှာရှိကြတဲ့ ထိုင်းဘတ်ငွေတွေတန်ဖိုးကျမှာ စိုးရိမ်ပြီး အမြန်ဆုံး ထုတ်ရောင်းကြတယ်။ Supply_and_demand သဘောတရားအတိုင်းပဲ ထိုင်းဘတ်ငွေတန်ဖိုးကျမယ်လို့ သတင်းထွက်နေချိန်မှာ ဘယ်သူက ဘတ်ငွေကိုဝယ်ပါ့မလဲ။ ဒီတော့ ထိုင်းဘတ်တန်ဖိုးဟာ သူ့တန်ဖိုးရဲ့တဝက်ကျော် နေ့ချင်းညချင်းကျသွားတယ်။ နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ရုတ်တရက်ထိုးကျသွာပြီဆိုရင် အဲဒီနိုင်ငံမှာ စီးပွားရေးပြသနာတက်နေပြီဆိုတာ စီပွားရေးပညာရှင်တွေအတွက် အင်မတန်လွယ်ကူတဲ့ အဖြေတခုပါ။

အဲဒီတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးထားတဲ့ငွေတွေကို နေ့ချင်းညချင်း ထုတ်ယူကြပါတော့တယ်။ အဲဒီသတင်းဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအကြားမှာ ပြန့်နှံ့သွားတယ်။ ရင်းနှီးမြုပ်နှံသူတွေအတွက်ကတော့ ဒီငွေကြေးပြသနာဟာ ထိုင်းနိုင်ငံတခုထဲမှာဖြစ်နေတယ်ဆိုတာ မသိဘူး။ အာဆီယံနိုင်ငံတွေမှာ ငွေရေးကြေးရေးပြသနာတက်နေပြီလို့ ယူဆပြီး အာဆီယံဒေသတခုလုံးမှာ ရှိကြတဲ့ သူတို့ရင်းနှီးမြုပ်နံထားတဲ့ငွေတွေကို နေ့ချင်းညချင်း ထုတ်ယူကုန်ကြတယ်။ သူတို့ ငွေကြေးတွေထုတ်ယူတာ တကယ်တမ်းပြောရရင် မိနစ်ပိုင်းလောက်ပဲ ကြာပါလိမ့်မယ်။ ကွန်ပြူတာမှာ ခလုတ်လေး ၃-၄ချက်နှိပ်လိုက်တာနဲ့ သူတို့ပိုက်ဆံဟာ စက္ကန့်ပိုင်းအတွင်း သူတို့နိုင်ငံထဲကို ပြန်ရောက်သွားပြီ။ ဒီလို ငွေထုတ်နူန်းမြန်လွန်းလို့လဲ အာဆီယံနိုင်ငံတွေဟာ ပြင်ဆင်ချိန်မရပဲ ရုတ်တရက် အလဲထိုးခံလိုက်ရပါတယ်။

အဲဒီအကျိုးဆက်ကတော့ အာဆီယံနိုင်ငံတွေမှာ လည်ပတ်စရာငွေမရှိကြတော့ စီးပွားရေးတွေ ထိုးကျကုန်တယ်။ အထိအနာဆုံးနိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဖိလိပိုင်နိုင်ငံတွေပေါ့။ အဲဒီနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြိုပျက်ကုန်လို့ လူပေါင်းများစွာ အလုပ်ပြုတ်ကုန်ကြတယ်။ ဆန္ဒပြမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီအာဆီယံစီးပွားပျက်ကပ်ကြောင့် အင်ဒိုနီးရှားနိင်ငံမှာ သမတဆူဟာတိုတောင် ပြုတ်ကျသွားတယ်။ နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းမှာ ဝင်မဆန့်တဲ့ ကျနော်တို့မြန်မာနိုင်ငံမှာတောင်မှ အဲဒီစီးပွားရေးကပ်ရဲ့အကျိုးဆက်အဖြစ် ၁၉၉၈ခုနှစ်မှာ စီးပွာရေးတွေ ကျဆင်းခဲ့ပါသေးတယ်။

အာဆီယံကပ်ဆိုးကြီးကို ကမ္ဘာ့ငွေကြေးအဖွဲ့ကြီး IMF က အာဆီယံနိင်ငံတွေကို အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ချေးပေးပြီး ကယ်တင်ခဲ့တာပါ။ ဒီအကြောင်းတော့ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။

ဒီအထိဖတ်ပြီးပြီဆိုရင် ဒီဆောင်းပါးအစမှာ ရေးခဲ့တဲ့ အိမ်မြေပူပေါင်း (bubble)ပေါက်ခြင်းနဲ့ ဘဏ်ပြိုကွဲခြင်းဆက်စပ်နေတယ်ဆိုတာ လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ကျနော်တို့ အာဆီယံဒေသကြီးမှာ ဒီလို အင်မတန်ကြောက်စရာကောင်းတဲ့ စီးပွားပျက်ကပ်ကြီးမျိုးကို ထပ်မံမကြုံရအောင်လို့ ဆုတောင်းလိုက်ပါတယ်။

မှတ်ချက်။ Bubble ဆိုတာ စီးပွာရေးအသုံးအနှုန်း (term) တခုပါ။ ပူပေါင်းတခုကို လေထိုးလိုက်ရင် ပူပေါင်းဟာ လေတင်းလာပြီး ဖောင်းဖောင်းလာတယ်။ ဒါပေမဲ့ လေဆက်ထိုးနေရင် ပူပေါင်းဟာ လေ pressure ဒဏ်မခံနိုင်တော့ပဲ ပေါက်သွားတယ်။ ဒီသဘောလိုပဲ ဈေးကွက်တခု ဥပမာ အိမ်ခြံမြေ စတော့ရှယ်ယာတွေဟာ ဝယ်သူများလာတာနဲ့အမျှ ဈေးတွေတက်လာတယ်။ ဒါပေမဲ့ ဈေးနှုန်းတခုကို ရောက်သွားတဲ့အချိန်မှာ ဈေးကြီးလွန်းလို့ ဝယ်သူအရမ်းနဲသွားတယ်၊ ဝယ်သူမရှိဖြစ်သွားမယ်။ အဲဒီတော့ ဈေးတွေရုတ်တရက် ထိုးကျသွားတယ်။ အဲဒီဈေးကွက်ရဲ့အရောင်းအဝယ် လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားတယ်။ ဒါကို ပူပေါင်းပေါက်တယ်လို့ စီပွားရေးစကားနဲ့ ပြောကြပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

စတော့အိပ်ချိန်းမှာ ဘာတွေရောင်း

3:30 AM |


သက်သေခံလက်မှတ်များနှင့် စတော့ကြိုရောင်းကြိုဝယ်ဈေးကွက်
စတော့ဈေးကွက်စိတ်ဝင်စားသူများ ရင်းနှီးမြှုပ်နှံသူများ နှင့် မိဘပြည်သူများအားလုံးအတွက် ကျွန်တော်တို့ Myanmar Investment Watch ၏ စတော့ဈေးကွက် မိတ်ဆက်အစီအစဉ်မှ ထပ်မံတင်ဆက်လိုက်ပါသည်။ စတော့အိပ်ချိန်းတွင် ရောင်းဝယ်မည့် စတော့ရှယ်ယာ အမျိုးမျိုးအကြောင်းကို ယခင်အပတ်ကအစီအစဉ် ၂မှာ အကျယ်တဝင့်ရှင်းပြခဲ့ပါသည်။ ဤတတိယမြောက် အစီအစဉ်မှာ စတော့ရှယ်ယာအပြင် အိပ်ချိန်းမှာ အခြားရောင်းနိုင်မည့်ဝယ်နိုင်မည့် ငွေချေးသက်သေခံ လက်မှတ်အမျိုးမျိုးနှင့် စတော့ရှယ်ယာကြိုရောင်းကြို ဝယ်ဈေးကွက်တို့အကြောင်း အစဉ်အလာအတိုင်း လွယ်ကူရိုရှင်းစွာ မိတ်ဆက်တင်ပြထားပါသည်။ ဤအစီအစဉ်အပြီးတွင် စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာများ အတိအလင်းတိုးပွားလာမည်ဟု MIW မှ ပြောကြားလိုပါသည်။

စတော့အိပ်ချိန်းမှာကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတွေ အပြင်ဘာတွေရောင်းဝယ်လို့ရသလဲ။
အများပိုင်ကုမ္ပဏီများသည်လိုအပ်သည့်အရင်းအနှီးများ ရှာဖွေရာတွင် စတော့ရှယ်ယာတစ်ခုတည်းကိုပဲ အားကိုးမနေပါ။ အရင်းအနှီးဈေးကွက်ကြီး၏ ဈေးတစ်ခုဖြစ်သော စတော့အိပ်ချိန်းတွင် စတော့ရှယ်ယာမဟုတ်သည့် အခြားငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချခြင်းဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများကိုရယူကြပါသည်။ ၄င်းငွေချေးသက်သေခံလက်မှတ်များမှာ အများပိုင် ကုမ္ပဏီများမှထုတ်ဝေသည့် ငွေချေးစာချုပ်အမျိုးမျိုး Bonds စတော့ရှယ်ယာဝယ်ယူခွင့်၊ အခွင့် အရေးစာချုပ်များနှင့် ဝရန့်များ Warrants များ စသည်တို့ဖြစ်သည်။ ယင်းတို့အပြင် အများပိုင်ကုမ္ပဏီ တစ်ခု၏ စတော့ရှယ်ယာများအပေါ်အခြေခံထားသော စတော့ကြိုရောင်းကြိုဝယ်စာချုပ်များ Futures နှင့် စတော့ရွေးချယ်ခွင့်စာချုပ်များ Options လည်း ရင်းနှီးမြုပ်နှံသူအချင်းချင်း ထုတ်ဝေရောင်းဝယ်နိုင်သည်။ ဖွံ့ဖြိုးပြီး စတော့အိပ်ချိန်းတစ်ခုတွင် ဖော်ပြပါစာချုပ်များသာမက မျိုးစုံသော ငွေချေးသက်သေခံလက်မှတ်များ Securities ကို ရင်းနှီးမြှုပ်နှံမှု အခြေအနေမျိုးစုံအတွက် ရောင်းဝယ်ကြပါသည်။ ယခုစာတွင် ရန်ကုန်စတော့ အိပ်ချိန်းတွင် ပေါ်ပေါက်လာနိုင်မည့် ငွေချေးသက်သေခံ လက်မှတ်များသာမိတ်ဆက်တင်ပြသွားပါမည်။

ငွေချေးစာချုပ်ဆိုတာဘာလဲ။ ဘယ်လိုအကျိုးအမြတ် ရတာလဲ။ ဘာလို့ အများပိုင်ကုမ္ပဏီက ထုတ်ဝေတာလဲ။
ငွေချေးစာချုပ်ဆိုသည်မှာဝယ်ယူသူကိုနှစ်စဉ်အတိုးများနှင့် ကာလတစ်ခုကြာရင် သတ်မှတ်ထားတဲ့ငွေပမာဏ တစ်ခုပြန်ပေးမည့် ငွေချေးတဲ့စာချုပ်ဖြစ်သည်။ ငွေချေးစာချုပ် တွေကိုအများပိုင်ကုမ္ပဏီများ မှထုတ်ဝေသည်မှာ အစု ရှယ်ယာ ထပ်မံမထုတ်ဝေပဲ အတိုးပေးပြီးအရင်းအနှီး လိုချင်လို့ဖြစ်သည်။ ငွေချေးစာချုပ်များမှအတိုးကို ပုံသေနှုန်းဖြင့်နှစ်စဉ် နှစ်ကြိမ်ခွဲ၍လည်းကောင်း တစ်ကြိမ်ထဲဖြင့်လည်းကောင်း ပေးချေပေးပသည်။ ငွေချေး စာချုပ်တိုင်းမှာ မူရင်းတန်ဖိုးတစ်ခု Face Value ပါဝင် ပါသည်။ ဒီတန်ဖိုးပမာဏကို ငွေချေးစာချုပ်သက်တမ်း ကာလကုန်မှပြန်လည်ရရှိပါမည်။ ဥပမာ ကျပ်၁၀၀၀၀ မူရင်းတန်ဖိုးရှိပြီးအတိုး ၁၀ကျပ်တိုးပေးသည့် ၃နှစ် ကာလ ငွေချေးစာချုပ် Bond တစ်ခုသည်တစ်နှစ်လျှင် အတိုးနှုန်း ၁၀၀၀ကျပ်ရမည်ဖြစ်ပြီး သက်တမ်းကုန်ပါ က ကျပ်၁၀၀၀၀ရရှိပါမည်။ ငွေချေးစာချုပ်တွေကို လက်ဝယ်ကိုင်ထားသူတို့သည် စတော့ရှယ်ယာများ ကဲ့သို့ လွှဲပြောင်းရောင်းချနိုင်ပါသည်။

ကာလတို ကာလလတ်နှင့် ကာလရှည်ဟူ၍ ငွေချေး စာချုပ်အမျိုးမျိုး ရှိပါသည်။ ကုမ္ပဏီများမှ ထုတ်ဝေသော ကာလလတ်နှင့်ကာလရှည် ငွေချေးစာချုပ်များကို ဒီဘင်ချာများ Debenture ဟုလည်း ခေါ်ပါသည်။ သက်တမ်းကာလ ၃နှစ် ၅နှစ် နှင့် ၅နှစ်အထက် စသဖြင့်ရှိကြပြီး ရေရှည်ငွေချေးယူခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးသည့်အနေဖြင့် အတိုးနှုန်းကို ကာလတိုစာချုပ်များထက် မြင့်မြင့်မားမားပေးရပါသည်။ အများပိုင်ကုမ္ပဏီများမှ ထုတ်ဝေသော ငွေချေးစာချုပ်များ Corporate Bonds ကဲ့သို့ အစိုးရကလည်း ဗဟိုဘဏ်မှတစ်ဆင့် အစိုးရငွေချေးစာချုပ်များ Treasury Bonds ထုတ်ဝေပါသည်။ အစိုးရငွေချေးစာချုပ်များကို ဆုံးရှုံးနိုင်ချေလုံးဝမရှိဟု နိုင်ငံတကာတွင် သတ်မှတ်ကြပြီး ၄င်း၏အတိုးနှုန်းကို အခြားကုမ္ပဏီထုတ်ငွေချေး စာချုပ်များနှင့် နှိုင်းယှဉ်ရန်စံနှုန်းတစ်ခုအဖြစ်ထားရှိပါသည်။ ထို့ကြောင့် အများပိုင်ကုမ္ပဏီတို့၏ ငွေချေးစာချုပ်များသည် အစိုးရစာချုပ်များထက် ဆုံးရှုံးနိုင်ချေ ပိုများသည်ဟု ယူဆကြပြီး အစိုးရစာချုပ်များထက် အတိုးနှုန်းကို ပိုမိုတိုးမြင့်ပေးတတ်ကြပါသည်။ ငွေချေးစာချုပ်များ၏ အားသာချက်တစ်ခုမှာ ကုမ္ပဏီအဖွဲ့ အစည်းတစ်ခုဖျက်သိမ်းပါက သာမန်ရှယ်ယာများ ဦးစားပေးရှယ်ယာများထက်အရင် ရင်းနှီးမှုများကို ပြန်လည်ရရှိစေမည့်အခွင့်အရေးပင်ဖြစ်ပါသည်။

ငွေချေးစာချုပ်၏ဈေးနှုန်းကဘယ်လိုပြောင်းလဲသလဲ။
ငွေချေးစာချုပ်များ၏ဈေးနှုန်းသည် ဈေးကွက်အတွင်းရှိ ပေါက်ဈေးအတိုးနှုန်းနှင့် ထုတ်ဝေသည့် အဖွဲ့အစည်း ကို အများယုံကြည်လက်ခံနိုင်စွမ်းတို့ပေါ်တွင်မူတည် ပါသည်။ ကျပ်၁၀၀၀၀မူရင်းတန်ဖိုးရှိပြီး အတိုးနှုန်းပုံသေ ၁၀ရာခိုင်နှုန်းဖြင့် နှစ်စဉ် ၁၀၀၀ကျပ်ရမည့် စာချုပ်တစ်ခုသည် ပြင်ပတွင်အတိုးနှုန်းက တစ်နှစ် ၁၂ရာခိုင်နှုန်းဖြစ်နေလျှင် ၄င်းစာချုပ်၏ဈေးနှုန်းသည် ၉၅၂၀ကျပ်ဖြင့်သာရှိမည်ဖြစ်သည်။ အလားတူ ပြင်ပအတိုးနှုန်းပေါက်ဈေးသည် စာချုပ်ပါပုံသေအတိုးနှုန်း ထက်ကျဆင်းသွားပါက အဆိုပါ စာချုပ်၏ဈေးနှုန်းသည် ကျပ်၁၀၀၀၀ထက် မြင့်တက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ထုတ်ဝေသည့်အစိုးရနှင့် ကုမ္ပဏီတို့၏ အကြွေး ပြန်ဆပ်နိုင်မှုအခြေအနေအရ စာချုပ်ဈေးနှုန်းအပြောင်းအလဲများလည်း ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ဂရိအစိုးရငွေချေးစာချုပ်များသည် ၄င်းတို့၏ မူရင်းတန်ဖိုး ထက်များစွာလျော့ကျနေသည်မှာ ဂရိနိုင်ငံသည် ကြွေးမှီများလွန်းနေပြီး ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းတွင် ငွေပေးဆပ်ရန် ပျက်ကွက်ခဲ့၍ဖြစ်သည်။ ငွေချေးစာချုပ်များ၏ ဈေးနှုန်းသည် စတော့ရှယ်ယာများနည်းတူ ငွေကြေးဖောင်းပွမှုနှုန်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် အခြားစီးပွားရေးဆိုင်ရာ သက်ရောက်မှုများအရ အပြောင်းအလဲများရှိနေမည်ဖြစ်ပါသည်။

စတော့ရှယ်ယာကို ကြိုရောင်းကြိုဝယ်လို့ရသလား။ ကြိုရောင်းကြိုဝယ် စာချုပ်ဆိုတာကဘယ်လိုလဲ။
မေးခွန်းများမဖြေကြားမှီ ငွေချေးသက်သေခံလက်မှတ်ဆိုသည့် အလွန်ရှည်လျားသည့် အသုံးအနှုန်းကြီးကို Securities လို့သာ ပြောင်းလဲရေးသားလိုပါသည်။ နိုင်ငံတကာအရင်းအနှီးဈေးကွက်တိုင်းတွင် စတော့ ရှယ်ယာ ငွေချေးစာချုပ် မည်သည့် Securities ကိုမဆို ကြိုရောင်းကြိုဝယ်စာချုပ် Futures Contract တို့ဖြင့် အရောင်းအဝယ်လုပ်နေကြပါပြီ။ အချို့နိုင်ငံများတွင် ဤ Futures တွေကို ကြိုရောင်းကြိုဝယ်အိပ်ချိန်းများ Futures Exchange တွင်ပြုလုပ်ကြပြီး စတော့အိပ်ချိန်းတွင်လည်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Securities အရောင်းအဝယ် အကျိုးဆောင်ကုမ္ပဏီများထံတွင် ယခုအခါအင်တာနက်မှတစ်ဆင့် အလွယ်တကူ နိုင်ငံတိုင်းနီးပါးတွင် Futures များ အရောင်းအဝယ် လုပ်နိုင်နေပြီဖြစ်ပါသည်။

ကြိုရောင်းကြိုဝယ်စာချုပ်များ Futures ၏ သဘော တရားကိုဆက်လက်တင်ပြပါမည်။ တင်းကျပ်မှုရှိသော ကုန်စည်ဒိုင်တစ်ခုတွင် ပွဲရုံတစ်ခုနှင့်တစ်ခုသည် ပဲအိတ်တစ်ရာခန့်ကို နောက်ခြောက်လတွင် အရောင်း အဝယ်တစ်ခုပြုရန်ယနေ့ပေါက်ဈေး တစ်အိတ် ကျပ် ၂၀၀၀၀ဖြင့်သာကြိုရောင်းကြိုဝယ်စာချုပ်ချုပ်ဆိုခဲ့ ပါသည်။ ဝယ်သူသည်ကျပ်သိန်း၂၀အပြည့်ပေးချေ ရန်မလိုပဲကုန်စည်ဒိုင်တွင် ပဲကုန်စည်၏ ၁၀ရာခိုင်နှုန်း စပေါ်အာမခံနှုန်း Margin အနေဖြင့် ကျပ် ၂သိန်းသာ ပေးသွင်းထားနိုင်သည်။ ရောင်းသူသည်လဲ ပဲကုန်စည် များအပ်နှံထားရန်မလိုသေးပဲ စပေါ်အာမခံနှုန်း ကျပ် ၂သိန်းသာ ကုန်စည်ဒိုင်တွင် ပေးချေနိုင်သည်။ ခြောက်လအကြာတွင် ကျပ် ၂၁၀၀၀ခန့်ပဲ တစ်အိတ်ဈေးပေါက် နေလျှင်ပဲ ကုန်စည်များကို အလဲအလှယ်လုပ်မနေတော့ပဲ ကုန်စည်ဒိုင်မှ ဝယ်သူအားပေါက်ဈေးအရ ကျပ်၃သိန်း ပေးချေပြီး ရောင်းသူအား ကျပ်၁သိန်းသာ ပြန်အမ်းမည်ဖြစ်သည်။

အထက်ပါဥပမာတွင်ပါရှိသည့်အတိုင်း စတော့ရှယ်ယာ ငွေချေးစာချုပ်နှင့် Securities မျိုးစုံကို ကာလကုန် သည့်အခါ စာချုပ်များအလဲအလှယ်မလုပ်ပဲ ဈေး အတက်အကျတိုင်း စပေါ်အာမခံငွေမှ ပေးချေမှုသာ ပြုလုပ်သည့် ကြိုရောင်းကြိုဝယ်စာချုပ်တွေကို Futures ဟုခေါ်သည်။ Securities များအရေအတွက် အတိအကျ အတိုင်းလဲလှယ်ရမည့် ကြိုရောင်းကြိုဝယ် စာချုပ်များကို Forwards လို့ခေါ်သည်။ နိုင်ငံတကာ တွင် Futures ကသာ ပိုမိုအရောင်းအဝယ်များသည်။ စတော့ရှယ်ယာတစ်ခု၏ Futures ကိုရောင်းဝယ်ပါက အိပ်ချိန်းရှိ စာရင်းရှင်းအဖွဲ့အစည်း Clearing House တွင် အာမခံစပေါ်နှုန်း Margin ကို ယနေ့ပေါက်ဈေး ၏ ၁၀ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းစသဖြင့် စတော့ ရှယ်ယာ၏ ဈေးနှုန်းပြောင်းလဲနိုင်မှုပေါ်တွင်မူတည် ၍ ပေးသွင်းရပါမည်။ ဥပမာအားဖြင့် ဒေါ်လာ ၁၀၀၀ရှိ Apple ၏ စတော့ကို ကြိုဝယ်စာချုပ်ဖြင့်ဝယ်လို ပါက ဒေါ်လာ ၁၀၀စပေါ်ပေးရမည်ဖြစ်သည်။ ထို့အပြင် ၁၀ရာခိုင်နှုန်း Margin ပေးထားသော Futures ၏ စတော့ဈေးနှုန်းသည် ၅ရာခိုင်နှုန်းအောက် ကျဆင်းသွားပါက Clearing House သည် ထို Apple စတော့အပေါ်သတ်မှတ်ထားသည့် အနည်းဆုံး အာမခံစပေါ်နှုန်း Minimum Maintenance Margin ၅ရာခိုင်နှုန်းကို ကျော်လွန်လာ၍ ဝယ်သူထံမှ စပေါ်ငွေထပ်မံပေးသွင်းရန်တောင်း ဆိုမှု Margin Call ပြုလုပ်မည်ဖြစ်သည်။ ပေးသွင်းခြင်းမရှိပါက အဆိုပါ Futures များကို Clearing House က ဈေးကွက်တွင် ထုတ်ရောင်းမည်ဖြစ်သည်။ အကယ်၍ ကြိုဝယ်ထားသည့်စတော့ဈေးနှုန်းသည် အာမခံစပေါ်နှုန်းအောက် ကျဆင်းသွားပါကလည်း လိုအပ်သည့်ပမာဏကို Clearing House မှ Futures ပိုင်ဆိုင်သူများထံတောင်းခံသွားပါမည်။

ကြိုရောင်းကြိုဝယ် စာချုပ် Futures များကို ရောင်းဝယ်ရာတွင် Securities များကိုကြိုရောင်းခြင်း Short Position ပြုလုပ်နိုင်သလို ကြိုဝယ်ခြင်း Long Position လည်းပြုလုပ်နိုင် ပါသည်။ စတော့ရှယ်ယာ တစ်ခုကို ကြိုဝယ်ခြင်းပြုလုပ်ထားပါက ၎င်း၏ စတော့ဈေးနှုန်းတက်လျှင် အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းကျဆင်းသွားပါက အရှုံးပေါ်ပါမည်။ စတော့ရှယ်ယာတစ်ခုကို ကြိုရောင်းခြင်း ပြုလုပ်ထားပါက အဆိုပါ စတော့ ၏ ဈေးနှုန်းကျဆင်းမှသာ အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းအတက်ပြလျှင် ဆုံးရှုံးမည်ဖြစ်သည်။ ကြိုရောင်းကြိုဝယ်စာချုပ် Futures များသည် ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် Securities များ၏ ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်မှုကို လျော့ချရန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် စတော့ရှယ်ယာများနှင့် အခြား Securities များ၏လက်ရှိ ပေါက်ဈေးနှုန်းပေးရန်မလိုပဲ၎င်းဈေးနှုန်း၏အပုံတစ်ပုံကိုသာ အာမခံစပေါ်နှုန်းအားဖြင့် ပေးချေဝယ်ယူနိုင်သဖြင့် ကြိုရောင်းကြိုဝယ်စာချုပ် Futures များသည် စတော့ဈေးနှုန်း ခန့်မှန်းသူများ ဈေးကစား သူများနှင့် စတော့ဝယ်ရောင်းလုပ်သူများ အကြား တွင် အလွန်ရေပန်းစားပါသည်။ Futures များ သည် ငွေချေးစာချုပ်ကဲ့သို့ပင် သက်တမ်းကာလ မကုန်မှီလွှဲပြောင်း ရောင်းချနိုင်ပါသည်။ သို့သော် ကြိုရောင်းကြိုဝယ်ပြုထားသည့် စတော့ရှယ်ယာ များထံမှ အမြတ်ဝေစု Dividends ရရှိမည်မဟုတ်ပါ။ ကြိုရောင်းကြိုဝယ်စာချုပ်များကို ရင်းနှီးမြုပ်နှံသူ အချင်းချင်းချုပ်ဆိုနိုင်သလို အများပိုင်ကုမ္ပဏီများမှ စတင်ရောင်းဝယ် ချုပ်ဆိုသည်များလည်း ရှိပါသည်။

ယခုခေတ်တွင် ဈေးနှုန်းအတက်အကျ ရှိသည့် မည်သည့်ကုန်ပ္စစည်း သတ္တုတွင်းထွက်ကုန် ရွှေ နိုင်ငံခြားငွေနှင့် Securities ကိုမဆို Futures များ အဖြစ် အရောင်းအဝယ်ပြုနိုင်ပြီ ဖြစ်သည်။ သက်တမ်း ကုန်ဆုံးခြင်းမရှိသည့် ကြိုရောင်း ကြိုဝယ်စာချုပ် Contract for Difference သည် လည်း ရွှေဈေးကွက် နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်များတွင် အထူးခေတ်စားလာခဲ့ပါသည်။ Futures များသည် အမြတ်များ နိုင်သလို ဆုံးရှုံးနိုင်ချေလည်းများသဖြင့် ရင်းနှီးမြှပ်နှံသူများအနေဖြင့် သတိထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားလိုပါသည်။

ရွေးချယ်ခွင့်စာချုပ်ဆိုတာ ဘာလဲ။ စတော့ရှယ်ယာကို ရောင်းချဝယ်ယူဖို့ ဘယ်လို ရွေးချယ်ခွင့်ရှိတာလဲ။
စတော့ရှယ်ယာရွေးချယ်ခွင့်စာချုပ် Options ဆိုသည်မှာစာချုပ်ပိုင်ဆိုင်သူအားစတော့ရှယ်ယာ တစ်ခုကို ကြိုတင်သတ်မှတ်ထားသောဈေးနှုန်း Strike Price ဖြင့်သက်တမ်းကာလတစ်ခုအတွင်း ရောင်းချခွင့်ဝယ်ယူခွင့် ပေးအပ်ထားသောစာချုပ် တစ်မျိုးဖြစ်သည်။သက်တမ်းကာလတစ်ခုအတွင်း စတော့ရှယ်ယာများကို ရောင်းချပိုင်ခွင့်ကို Put Options ဟုခေါ်ပြီး ဝယ်ယူပိုင်ခွင့်ကို Call Options ဟုခေါ်သည်။ ထို Options များကိုဝယ် ယူပါက ပရီမီယံကြေးဟူသော ပြန်မအမ်းသည့် ငွေပမာဏတစ်ခုပေး၍ ဝယ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် Options ဝယ်ယူသူသည် ပရီမီယံကြေးကို အဆုံးခံပြီး ရောင်းချခွင့် (သို့) ဝယ်ယူခွင့်ကို အသုံးချခြင်း အသုံးမချခြင်းကိုရွေးချယ်နိုင်ပါ သည်။

ဥပမာဖြင့် စဉ်းစားလျှင် အလွန်လွယ်ပါသည်။ မောင်လှသည် FMI စတော့တစ်စောင်ကိုနောက် ခြောက်လ အတွင်း ကျပ် ၁၃၅၀၀ ဖြင့် ဝယ်ယူခွင့် Call Option ကို တစ်စောင် ပရီမီယံ ၅၀၀ ကျပ်ဖြင့် ၁၀ စောင်ဝယ်ယူထားပါသည်။ မောင်လှဝယ်ယူသည့် အချိန်တွင် FMI ရှယ်ယာ တစ်ခုပေါက်ဈေးမှာ ကျပ် ၁၃၀၀၀ ဖြစ်ပါသည်။ သုံးလကြာသည့်အခါ အဆိုပါ FMI ရှယ်ယာများ သည် ကျပ် ၁၅၀၀၀ ထိဈေးမြင့် တက်သွားပါသည်။ ထိုအချိန်တွင် မောင်လှသည် သူ၏ဝယ်ယူပိုင်ခွင့် Call Option ရှိကြိုတင်သတ်မှတ်ထားသည့် ဈေးနှုန်း Strike Price ကျပ် ၁၃၅၀၀ဖြင့် ဝယ်ယူပါကရှယ်ယာ တစ်စောင်လျှင် ၁၅၀၀ကျပ် မြတ်နေမည်ဖြစ်ပြီး ပရီမီယံကြေး နုတ်လိုက်ပါက အသားတင် တစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် စုစုပေါင်း ကျပ် ၁၀၀၀၀ မြတ်နေပါပြီ ။ မောင်လှသည် ဝယ်ယူခွင့် ကိုအသုံးချနိုင်သလို အသုံးမချနိုင်သေးပဲ လည်း ဆက်ထားနိုင်သည်။ အကယ်၍ လေးလကြာသောအခါ FMI ရှယ်ယာများသည် ကျပ်၁၂၀၀၀ သို့ကျဆင်းသွားပါလျှင်မောင်လှသည်မိမိ၏ ဝယ်ယူခွင့်ကို အသုံးချပါကတစ်စောင် ကျပ် ၁၅၀၀ ထပ်မံ ဆုံးရှုံးမည် ဖြစ်သည်။ ထို့ကြောင့် ဝယ်ယူခွင့်ကို အသုံးမချတော့ဘဲ ပရီမီယံကြေး ၁၀စောင်စာ ၅၀၀၀ကျပ် သာအဆုံးရှုံးခံဖို့ ရွေးချယ်နိုင်ပါသည်။ မောင်လှသည် FMI စတော့ကို ဝယ်ယူရာတွင် ဝယ်ယူပိုင်ခွင့် Call Option ဖြင့် မဝယ်ယူပဲ ကြိုဝယ်စာချုပ် Futures ဖြင့် ဝယ် ယူခဲ့ပါက အခုအချိန်တွင် ကျပ် ၁၅၀၀၀ခန့်အရှုံး ပြနေမည် ဖြစ်ပါသည်။

ဆုံးရှုံးနိုင်ချေပမာဏ အတိအကျတစ်ခုသာရှိပြီး အတိုင်းအဆမရှိမြတ်နိုင်သောအခွင့်အရေး ကြောင့် Options များသည် ရင်းနှီးမြှုပ်နှံ သူများ အကြားတွင် အသုံးဝင်သောစာချုပ်ဖြစ်ပါသည်။ Call Options များသည်ဝယ်ယူခွင့်များဖြစ်သဖြင့် ဝယ်ယူရန်သတ်မှတ်ထားသည့် ဈေးနှုန်း Strike Price ထက် ပိုမို ၍ စတော့ဈေးနှုန်းတက်သွားမှ အမြတ်ပေါ်ပါမည်။ Put Options များမှာ စတော့ ရှယ်ယာ တစ်ခုကိုသတ်မှတ်ထားသည့်ဈေးနှုန်း Strike Price ဖြင့်ရောင်းချခွင့်များ ဖြစ်သဖြင့် အဆိုပါရှယ်ယာဈေးနှုန်းသည် Strike Price အောက်ကျဆင်းသွားမှ အမြတ်ပေါ်မည်ဖြစ်ပါသည်။ ရွေးချယ်ခွင့်စာချုပ်များကို သက်တမ်း ကာလမကုန်မှီ တစ်ဦးမှတစ်ဦး သို့လွှဲပြောင်း ရောင်းချနိုင်ပါ သည်။ ရောင်းချခွင့်ဝယ်ယူခွင့်ကို သက်တမ်းမကုန်မှီစိတ်ကြိုက် အချိန်တွင်အသုံးချနိုင်သည့် ရွေးချယ်ခွင့်စာချုပ်ကို American Option ဟုခေါ်၍ သက်တမ်းကုန်မှ အသုံးချနိုင်သည့်စာချုပ် ကို European Option ဟုခေါ်ပါသည်။ American Option သည် European Option ထက် ပရီမီယံ ဈေးနှုန်းပိုများပါသည်။ ၎င်းတို့အပြင် အခြား ရွေးချယ်ရောင်းချခွင့် Options အမျိုးမျိုးကို နိုင်ငံတကာ အိပ်ချိန်းတိုင်းတွင် ရောင်းဝယ်နေကြ ပါသည်။

ရွေးချယ်ခွင့်စာချုပ်များသည် လည်းဈေးနှုန်းခန့်မှန်း ရောင်းဝယ်သည့် ကြိုရောင်းကြိုဝယ် စာချုပ်များကဲ့သို့ပင်ဖြစ်၍ ရင်းနှီး မြှုပ်နှံသူများသည်ဆုံးရှုံးမှု ကြီးကြီးမားမား မရှိစေရန် သတိထား ဆောင်ရွက်သင့်ပါသည်။

ဝရန့်ဆိုတာကကော ဘာလဲ။
ဝရန့် Warrant ဆိုသည်မှာ ကာလရှည် ရွေးချယ် ခွင့် စာချုပ်တစ်မျိုးပင်ဖြစ်ပြီးအများပိုင်ကုမ္ပဏီများ မှ ၎င်းတို့၏ အစုရှယ်ယာရှင်များအတွက်ထုတ်ဝေ ပေးပါသည်။ ဝရန့်တစ်ခုသည် အဆိုပါကုမ္ပဏီ ၏ အစုရှယ်ယာအရေအတွက် တစ်ခုကိုကြိုတင် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် သက်တမ်းကာလ ၁၀နှစ် ၁၅နှစ် စသည့် အချိန်အတွင်း ဝယ်ယူပိုင်ခွင့်ရှိပါသည်။ ကုမ္ပဏီများသည် ၎င်းတို့၏ ငွေချေးစာချုပ်များကို ဝယ်ယူသည့် အစုရှယ်ယာရှင် များကို အပိုဆုအနေဖြင့်ဝရန့်များထပ်ဆောင်းပေးအပ်လေ့ ရှိပါသည်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More