စတော့ရှယ်ယာကို ဘယ်အချိန်ဝယ်လို့၊ ဘယ်အခါပြန်ရောင်းရပါ့

5:30 AM | ,


စတော့ရှယ်ယာ စိတ်ဝင်စားသူတိုင်း မေးနေကျမေးခွန်းတခုပါ။ အဲဒီမေးခွန်းရဲ့အဖြေနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ လူတွေလိုချင်သောတိကျတဲ့အဖြေမပေးနိုင်ကြပါဘူး။ အဲဒီမေးခွန်းကို အနီးစပ်ဆုံးပေးနိုင်တဲ့ အဖြေတခုကိုတော့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စိတ်ပညာကို လေ့လာထားတဲ့ စာတမ်းတခုမှာတွေ့ရပါတယ်။ အဲဒီစာတမ်းထဲမှာ Greed_Hope_Fear_Cycle ဆိုတဲ့ သီအိုရီ အယူအဆအကြောင်း ရှင်းလင်းရေးပြထားပါတယ်။

အဲဒီအယူအဆက လူတွေဟာ စတော့ရှယ်ယာဝယ်ခြင်းအပါအဝင် ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင် ဒီ Cycle (သံသရာ)နဲ့ ကြုံတွေ့ပါလိမ့်မယ်တဲ့။။ ကဲ အဲဒီ Cycle အကြောင်း ဥပမာလေးနဲ့ရှင်းပြပါ့မယ်။

GREED (လောဘစိတ်)
လူတယောက်ဟာ ရုံးမှာ သူ့အပေါင်းအသင်းတွေနဲ့ စကားပြောကြရင်း ကုမ္ပဏီတခုဟာ လူတွေသိတ်ကြိုက်မဲ့ပစ္စည်း (Product)တခုထုတ်လုပ်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတခု ကြားမိလိုက်တယ်။ စိတ်ဝင်စားတာနဲ့ အိမ်ပြန်ရောက်တော့ အင်တာနက်မှာ အဲဒီကုမ္ပဏီရဲ့စတော့ဈေးကို ရှာကြည့်လိုက်တယ်။ ရှယ်ယာဈေးဟာ ၂၀ (ရှယ်ယာတခုရဲ့တန်ဖိုးဟာ ဒေါ်လာ၂၀) ဖြစ်နေတာတွေ့ရတယ်။ ဒီလိုနဲ့ ရုံးက ပြန်လာတိုင်း အင်တာနက်ကနေ ရှယ်ယာဈေးကို စောင့်ကြည့်ဖြစ်တယ်။ တပတ်လောက်အကြာမှာ ရှယ်ယာတန်ဖိုးဟာ ၂၄.၅ ဖြစ်သွားတယ်။ အဲဒီတော့ သူစိတ်ထဲမှာ တွက်ကြည့်မိတယ်။ အရင် တပတ်က ရှယ်ယာ ၁၀၀ ကို ဒေါ်လာ၂၀ နဲ့ ဝယ်ခဲ့ရင် ဒေါ်လာ၂,၀၀၀ ပေးရမယ်။ အခုရှယ်တန်ဖိုးဟာ၂၄.၅ မို့ ဒေါ်လာ၂,၄၅ဝ ဖြစ်သွားလို့ ဒေါ်လာ၄၅၀ကို တပတ်အတွင်းမြတ်ပြီပေါ့။ ဒါဟာ လူတွေရဲ့လောဘအစပေါ့။

ဆက်စောင့်ကြည့်တယ်။ ရှယ်ယာဈေးဟာ အခု ၂၃ ကိုပြန်ကျသွားပြီ။ အခု ဝယ်သင့်ပြီလား။ ပြီးခဲ့တဲ့ အပတ်ဈေးက ၂၀ပဲ ရှိတာမို့ ထပ်စောင့် ကြည့်နေလိုက်တယ်။ နောက်တနေ့ ရုံးအပြန်မှာ အင်တာနက် ကြည့်လိုက်တယ်။ ရှယ်ယာဈေးဟာ၂၇ အထိ တက်သွားပြန်ပြီ။ "ဟာကွာ ငါသာ လွန်ခဲ့တဲ့၂ပတ်က ရှယ်ယာ၁၀၀ကို ဒေါ်လာ၂၀နဲ့ ဝယ်ခဲ့မိရင် အခုတန်ဖိုးက ဒေါ်လာ၂,၇၀ဝ ဖြစ်သွားလို့ ၂ပတ်အတွင်း ဒေါ်လာ၇၅ဝ မြတ်ပြီပေါ့လို့ တွေးရင်း နောင်တရလိုက်တယ်။ ဆက်စောင့်ကြည့်နေလိုက်တာ ရှယ်ယာဈေးဟာ၂၈ ကနေ ၂၉၊ အဲဒီကနေ ၃၀ ထိတက်သွားတယ်။ ဒီအထဲက ကုမ္ပဏီက သူတို့ ထုတ်မဲ့ပစ္စည်းကို သတင်းစာမှာ ကြော်ငြာလိုက်လို့ ရှယ်ယာဈေးဟာ ၃၅ ထိတက်သွားတယ်။ သူ ဆက်ပြီး မစောင့်နိုင်တော့ဘူး။ ကြာလေ ဈေးပိုတက်မှာမို့ သူ့ရှယ်ယာပွဲစားကို ရှယ်ယာဝယ်မယ်လို့ အကြောင်းကြားလိုက်တယ်။ ပွဲစားဆီက နာရီဝက်ကြာတော့ ဖုံးပြန်လာတယ်။ သူမှာတဲ့ရှယ်ယာကို ၃၈.၅နဲ့ ဝယ်လိုက်ပါပြီတဲ့။

‪HOPE(မျော်လင့်ချက်)
သူ ရှယ်ယာကို ၃၈.၅နဲ့ ဝယ်ပြီးတဲ့ နောက်နေ့မှာ ၃၇ ဖြစ်သွားတယ်။ နောက်တရက်မှာ ၃၅ အထိ ကျသွားပြန်ပြီ။ တပတ်အကြာမှာ ၃၃ အထိ ကျသွားပြန်တယ်။ သူဝယ်ထားတာက ၃၈.၅ ဖြစ်လို့ အခုပြန်ရောင်းရင် (၃,၈၅၀-၃,၃၀၀=၅၅၀ ရှုံးသွားတော့မယ်။ နောက်နေ့တွေမှာ ရှယ်ယာဈေး ပြန်တက်မလားဆိုတာ စောင့်စောင့်ကြည့်နေရတာ အမော။ ဒါက ဘာကိုပြသလဲဆိုတော့ သူ့ရဲ့လောစိတ်ဟာ အခုတော့ ရှယ်ယာပြန်တက်မယ်လို့ မျှော်လင့်စိတ်ကို ကူးပြောင်းသွာပြီ။

‪‎FEAR(ကြောက်စိတ်)
သူရင်းထားတဲ့ ၃၈.၅ ဈေးကိုပြန်ရောက်နိုး မျော်လင့်ချက်နဲ့ စောင့်စားရင်း လအတော်ကြာသွားတယ်။ ရှယ်ယာဈေးကလဲ နေ့စဉ် ၃၀နဲ့ ၃၇ ကြားပြောင်းနေပြီ။ သူဝယ်ခဲ့တဲ့ ၃၈.၅ ကိုပြန်မရောက်လာဘူး။ တနေ့မှာ သတင်းစာမှာ သူရှယ်ယာဝယ်တဲ့ကုမ္ပဏီရဲ့ပစ္စည်းဟာ လူတွေမျော်လင့်ထားသလို မကောင်းလို့ ပစ္စည်းတွေ သိပ်မရောင်းရဘူးလို့ ပါလာတယ်။ သူ ချက်ခြင်းအင်တာနက်မှာ ရှာကြည့်လိုက်တော့ ရှယ်ယာဈေးဟာ ၂၁.၅ ထိ ထိုးကျသွားတာ တွေ့လိုက်ရတယ်။ သူရင်းထားတဲ့ငွေ တဝက်နီးပါးရှုံးနေပြီ။ ဆက်ကျမှာ စိုးရိမ်နေရာက ချက်ခြင်းပဲ သူ့ပွဲစားဆီဖုံးဆက်ပြီး သူ့ရှယ်ယာတွေ အားလုံးရောင်းပစ်ခိုင်းလိုက်တယ်။ နာရီဝက်ကြာတော့ ပွဲစားက ဖုံးပြန်ဆက်တယ်။ သူ့ရဲ့ရှယ်ယာတွေကို၁၈.၅ဈေး နဲ့ ရောင်းလိုက်ပါပြီတဲ့။ ဈေးဆက်ကျနိုင်တယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် ရောင်းပစ်လိုက်တာပါ။

အခုရေးပြတဲ့ အကြောင်းအရာလေးဟာ စိတ်ဝင်စားအောင် နဲနဲချဲ့ကားရေးထားတာဖြစ်ပေမဲ့ Greed_Hope_Fear_Cycle ကို လူတွေကြုံတွေ့ကြရမယ်ဆိုတာ သိစေချင်လို့ပါ။ လူတွေဟာ အဲဒီလို Emotion (စိတ်ခံစားမှု) ဖြစ်နေရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ကြမှာမဟုတ်ပါဘူး။

စတော့ရှယ်ယာလောကရဲ့ Warren_Buffet အပါအဝင် ဂုရုဆရာကြီးတွေပေးတဲ့အကြံက အောက်က ရေးပြထားသလို ရိုးရိုးလေးပါ။

"စတော့ရှယ်ယာကို ဘယ်အချိန်ဝယ်ရမလဲ။ လူတိုင်း ထုတ်ရောင်းနေကြတဲ့အချိန်တဲ့။ ဝယ်ထားတဲ့ စတော့တွေကို ဘယ်အချိန်မှာ ပြန်ထုတ်ရောင်းရမလဲ။ လူတိုင်း လိုက်ဝယ်နေကြတဲ့အချိန်ပါ"တဲ့။ အဲဒီလို လုပ်နိုင်ဖို့က စောစောက ရေးပြခဲ့တဲ့ Greed_Hope_Fear_Cycle ဆိုတဲ့ စိတ်ခံစားချက် ကင်းကင်းဖြစ်နေဖို့ လိုပါလိမ့်မယ်။

‪မှတ်ချက်။ အခု တရုပ်ပြည်မှာ ရှယ်ယာဈေးတွေထိုးကျနေပြီး လူတိုင်းထုတ်ရောင်းနေကြလို့ အထက်က အကြံပေးချက်အရ တရုပ်တွေရဲ့ ရှယ်ယာတွေသွားဝယ်ဖို့ အကောင်းဆုံးအချိန်ပါပဲ၊ နောက်ပြောတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment