Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label Investment. Show all posts
Showing posts with label Investment. Show all posts

ငွေဖောင်းပွမှုရဲ့ ဇစ်မြစ်များ

3:51 PM | , ,


ငွေဖောင်းပွမှု အကြောင်းကို စိတ်ကူးဥပမာလေးနဲ့ ရှင်းပြရင် ပိုနားလည်လွယ်မယ် ထင်ပါတယ်။ ခင်ဗျားဟာ ကျွန်းနိုင်ငံလေးတခုမှာ နေထိုင်ပြီး ဒီနိုင်ငံလေးမှာ ရွှေဒင်္ဂါးအနေနဲ့ လှည့်ပတ်နေတဲ့ငွေကြေးဟာ ဒေါ်လာသန်း ၁၀၀ ဖိုးရှိတယ်ဆိုပါစို့ ။ တဒေါ်လာတန် ရွှေဒင်္ဂါးတပြားနဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရတယ်ဆိုပါဆို့။ အစိုးရက ရွှေဒင်္ဂါး ဒေါ်လာသန်း ၁၀၀ ကို ငွေစက္ကူ သန်း ၁၀၀ နဲ့ လဲလှယ် အစားထိုးလိုက်ရင် တဒေါ်လာတန် ငွေစက္ကူ နဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရနေဦးမှာပါ။ ဒီအထိ အားလုံးကောင်းပါသည်ပေါ့။

ဒါပေမယ့် အစိုးရအဖွဲ့ထဲက လူလိမ်လူကောက် တယောက်ဟာ ဒေါ်လာတွေထပ်ရိုက်ပြီး သုံးစွဲလို့ရတာပဲလို့ စိတ်ကူးရသွားတယ် ဆိုပါစို့။ အစိုးရဟာ ဒီအပိုရိုက်လိုက်တဲ့ ငွေစက္ကူတွေထဲက တဒေါ်လာနဲ့ ကြက်ဥသွားဝယ်ရင် ဆိုင်ရှင်က ဒီတဒေါ်လာဟာ မူလသန်းတရာထဲက တဒေါ်လာလို့ ယုံမှတ်မှာပါ။ အစိုးရကို ကြက်ဥတဒါဇင် ပေးလိုက်မှာပါ။ အစိုးရကဒီလို အကြိမ်ကြိမ်ဆက်လုပ်နေရင် တချိန်မှာ နိုင်ငံတွင်းလည်ပတ်ငွေဟာ ဒေါ်လာသန်း ၁၀၀ ကနေ သန်း ၂၀၀ ဖြစ်သွားမှာပါ။

အစိုးရက ငွေပိုသုံးရင် စီးပွားရေးလုပ်ငန်းတွေ အကျိုးရပါတယ်။ အစိုးရ ကန်ထရိုက်ကြီးတွေရတော့ လူတွေလည်း ဝင်ငွေပိုကောင်းကြပါတယ်။ ကြက်ဥ တဒါဇင်ကို တဒေါ်လာနဲ့ ရောင်းနေတဲ့ ဆိုင်ရှင်ဟာ လူတွေ ရုတ်တရက် ငွေပိုသုံးနိုင်လာကြပြီး သူ့ရဲ့ ကြက်ဥတွေကို ဈေးပိုပေးဖို့ ဝန်မလေးတာကို တချိန်မှာ သတိပြုမိသွားမှာပါ။ ကြည်ဥတဒါဇင်ကို နှစ်ဒေါ်လာနဲ့ရောင်းလည်း လူတွေရဲ့ ဝယ်ချင်စိတ်ကို မထိခိုက်တဲ့အတွက် တဒေါ်လာနဲ့ ရောင်းတုန်းကလောက် ရောင်းရတာကို တွေ့သွားမှာပါ။

ပစ္စည်းတခုကို ရောင်းချတဲ့ လေလံပွဲတခုမှာ လေလံဆွဲသူက ခင်ဗျားနဲ့ကျနော် နှစ်ယောက်တည်း ရှိပြီး တယောက်ကို ဒေါ်လာ ၅၀ စီပါလာတယ်လို့ တွေးကြည့်ပါ။ လေလံပစ္စည်းအတွက် အများဆုံးပေးမယ့် ဈေးက ဒေါ်လာ ၅၀ ထက်မပိုပါဘူး။ တကယ်လို့ ခင်ဗျားနဲ့ ကျနော်ဆီမှာ ဒေါ်လာ ၁၀၀ စီပါလာရင် လေလံပစ္စည်းအတွက် အများဆုံးပေးမယ့်ဈေးက ဒေါ်လာ ၁၀၀ ဖြစ်သွားပါမယ်။

ငွေပေါများလာတဲ့အခါ ဈေးနှုန်းတွေလည်း လိုက်တက်လေ့ရှိတာက ပြသနာပါ။ ဆိုင်ရှင်ဟာ ကြက်ဥတဒါဇင်ကို ၂ ဒေါ်လာနဲ့ ရောင်းလာပေမယ့် တဒေါ်လာနဲ့ ရောင်းတုန်းကထက် ပိုချမ်းသာလာတယ်လို့ မဆိုနိုင်ပါဘူး။ သူရဲ့ ဝယ်နိုင်စွမ်းအား (purchasing power) ဟာ တက်မလာလို့ပါ။ သူ ကြက်ခြံပိုင်ရှင်ဆီက ကြက်ဥသွားဝယ်တဲ့အခါ ငွေပိုပေးရမှာပါ။ ကြက်ခြံပိုင်ရှင်လည်း ပိုမချမ်းသာလာပါဘူး။ သူ ကြက်သားပေါက်ကလေးတွေနဲ့ ကြက်စာသွားဝယ်ရင် ငွေပိုပေးရမှာပါ။ အရင်က ဒေါ်လာ ၁၀၀ ရှိတဲ့သူဟာ အခု ဒေါ်လာ ၂၀၀ ရှိလာပေမယ့် ပိုမချမ်းသာလာပါဘူး။ အရင်က ဒေါ်လာ ၁၀၀ နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းကို အခု ဒေါ်လာ ၂၀၀ ပေးပြီး ဝယ်ရတော့မှာကြောင့်ပါ။

အစိုးရရဲ့ ကစားကွက်က ခင်ဗျားရဲ့ပစ္စည်းကို ဖောင်းပွလာတဲ့ဒေါ်လာနဲ့ မဖောင်းပွခင်က ဈေးနှုန်းပေးပြီး ဝယ်တာပါ။ အစိုးရတွေမှာ ခင်ဗျားငွေရဲ့ တန်ဖိုးအစစ်ကို လျှော့ချညာယူတဲ့ နည်းလမ်းကို ရထားတဲ့သဘောပါ။

ပထမကမ္ဘာစစ်က စပြီး ကမ္ဘာတလွှားက အစိုးရတွေဟာ ငွေဖောင်းပွအောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၀ ခုနှစ်မှာ ၅ ဆင့်ပေးရတဲ့ သကြားလုံး တလုံးကို အခု ၅၀ ဆင့်ပေးရတာပါ။ ဒီကာလအတွင်းမှာ မက်ဒေါ်နယ် ဟမ်ဘာဂါတလုံးဟာ ၁၅ ဆင့်ကနေ ၇၅ ဆင့်ဖြစ်သွားပါတယ်။ နှင်းလျောစီးဖို့ တောင်ထိပ်တက်ခဟာ ၅ ဒေါ်လာကနေ ၄၅ ဒေါ်လာဖြစ်သွားပါတယ်။ ဒါတွေဟာ ငွေစက္ကူတွေကို အဆက်မပြတ် ရိုက်ထုတ်မှုရဲ့ အကျိုးဆက်ပါ။

အမေရိကန်နိုင်ငံရဲ့ ငွေဖောင်းပွနှုန်းဟာ ၅% လောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမဏီနဲ့ စစ်အေးလွန် ရုရှားမှာ တနှစ်ငွေဖောင်းပွနှုန်းဟာ ၅၀% ကျော်ခဲ့ပါတယ်။

ဒေါ်လာငွေကို ကိုင်ထားရင် ဒေါ်လာငွေဖောင်းပွမှု နှုန်းအတိုင်း တန်ဖိုးကျဆင်းနေမှာ ဖြစ်ပါတယ်။ ငွေဖောင်းပွနှုန်း ၂၅% ရှိရင် ကိုယ့်ငွေရဲ ဝယ်ယူနိုင်အားဟာ ၂၅% ကျဆင်းနေမှာပါ။ ငွေကြေးဖောင်းပွမှုကို အမှီလိုက်ပြီး ကိုယ့်ဝယ်ယူနိုင်အားကို ထိမ်းထားဖို့ဆိုရင် အကျိုးအမြတ် အနည်းဆုံး ၂၅% ရတဲ့ ရင်းနီးမြုပ်မှုကို လုပ်ရမယ်လို့ ဝါရင်းဘတ်ဖက်က ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုဟာ အမြဲတမ်းရှိနေမယ်လို့ ဝါရင်းယုံကြည်ပါတယ်။ အကြောင်းကတော့ ငွေကြေးဖောင်းပွမှုမရှိရင် ငွေကြေးကျုံ့မှု (deflation) ဖြစ်လာမှာမို့ပါ။ ငွေကြေးကျုံ့ မှုကို ဘယ်အစိုးရမှ လက်မခံနိုင်ပါဘူး။ ငွေကြေးဖောင်းပွမှုဟာ လူတွေကို ပိုချမ်းသာသယောင် ခံစားရပါစေတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ဝယ်ထားတဲ့အိမ်ဟာ အခုဒေါ်လာ ၅၀၀,၀၀၀ ဈေးဖြစ်လာတော့ အိမ်ပိုင်ရှင်ဟာ ကျေနပ်ပါတယ်။ ပိုချမ်းသာလာတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ဒီအိမ်ကို ရောင်းပြီး အဆင့်တူအိမ်တလုံးကို ပြန်ဝယ်ရင် ဒေါ်လာ ၅၀၀,၀၀၀ ကုန်သွားမှာပါ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တနှစ်ဝင်ငွေ ဒေါ်လာ ၂၀,၀၀၀ ရှိသူဟာ အခုဒေါ်လာ ၁၀၀,၀၀၀ ရတယ်ထားပါ။ ဝင်ငွေပိုလာတယ် ထင်ရပေမယ့် အခု ဒေါ်လာ ၁၀၀,၀၀၀ ဟာ ဟိုတုန်းက ဒေါ်လာ ၂၀,၀၀၀ ထက် ဝယ်ယူနိုင်အား (purchasing power) ပိုမများပါ။ ပိုချမ်းသာလာတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဘာမှမထူးပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ဝင်ငွေဟာ ပုံသေဖြစ်နေမယ်၊ ဒါမှမဟုတ် ရေရှည်ငွေချေးစာချုပ်ကို ဝယ်ထားမယ်၊ ဒါမှ မဟုတ် ငွေကို ဒီအတိုင်းကိုင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ကြွယ်ဝမှုဟာ လျော့ကျသွားဖို့ သေချာသလောက် ရှိပါတယ်။

ငွေချေးယူလေ့ရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ကော်ပိုရေးရှင်းတွေဟာ ငွေဖောင်းပွမှုကို အသုံးချပြီး အမြတ်ထွက်အောင် လုပ်တတ်ပါတယ်။ အခုချေးယူထားတဲ့ ဒေါ်လာကို နောက်မှ ဖောင်းပွလာတဲ့ဒေါ်လာနဲ့ ပြန်ဆပ်ကြပါတယ်။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေ၊ အိမ်ယာတည်ဆောက်တဲ့ကုမ္ပဏီတွေ၊ စက်မှုလုပ်ငန်းကြီးတွေလည်း ဒီလိုပဲ လုပ်ကြပါတယ်။ ဝေါစထရိက တခါတရံ ထုတ်ရောင်းတဲ့ နှစ်တရာငွေချေးစာချုပ် အကြောင်း စဉ်းစားကြည့်ပါ။ အခုနေ ဒေါ်လာ ၁၀၀,၀၀၀ ချေးယူပြီး နောင်အနှစ် ၁၀၀ မှာ ပြန်ဆပ်တယ်ဆိုရင် ဝယ်ယူနိုင်အား ဘယ်တောင်ကွာဟသွားမလဲ။ ငွေဖောင်းပွမှုနှုန်း ၆% ရှိတယ်ဆိုရင်ပဲ နောင်အနှစ် ၁၀၀ မှာ ရှိမယ့် ဒေါ်လာ ၁၀၀,၀၀၀ ရဲ့ ဝယ်ယူနိုင်အားဟာ အခုဒေါ်လာ ၂၉၄ ရဲ့ ဝယ်ယူနိုင်အားနဲ့ အတူတူပဲဖြစ်ပါတယ်။

ငွေဖောင်းပွတာရဲ့ ဆန့်ကျင်ဖက်က ငွေကျုံ့တာ (deflation) ပါ။ ငွေကျုံ့ရင် ကုန်ဈေးနှုန်းတွေ ကျဆင်းပါမယ်။ အပေါ်ယံကြည့်ရင်တော့ ကောင်းတယ်လို့ ထင်ရပါတယ်။ အားလုံးဟာ ဈေးပေါသွားမှာကိုး။ ပြသနာက ခင်ဗျားရဲ့ လစာလည်း နည်းသွားမှာပါ။ ခင်ဗျားရဲ့ အိမ်တန်ဖိုးလည်း ကျသွားမှာပါ။ ဘဏ်ချေးငွေ ဒေါ်လာ ၅၀၀,၀၀၀ နဲ့ အိမ်ဝယ်ပြီးမှ ခင်ဗျားလစာနည်းသွားလို့ ဘဏ်ကို ပြန်မဆပ်နိုင်ရင် ခင်ဗျားဒုက္ခတွေ့ပြီ။ ဘဏ်က ခင်ဗျားအိမ်ကို သိမ်းပြီး လေလံတင်ရောင်းမှာပဲ။ ငွေကျုံ့မှုကြောင့် အိမ်ဈေးတွေကျနေတဲ့အတွက် ဘဏ်ကလည်း အရှုံးပေါ်မှာပဲ။ ဒါမျိုးတွေများလာရင် ဘဏ်တွေပြိုကွဲပြီး၊ ဘဏ်မှာ ရင်းနှီးမြုပ်နှံထားသူတွေ ငွေကြေးဆုံးရှုံးကုန်မှာပဲ။ ဒါမျိုးတွေများလာရင် စီးပွားပျက်ကပ် (depression) ဆိုက်မှာပဲ။ စီးပွားပျက်ကပ်ဆိုက်ရင် လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်မယ်။ ဒေါ်သထွက်နေတဲ့ လူထုကြီးပေါ်လာမယ်။ အစိုးရတွေ ပြုတ်ကျမယ်။ ဒါကြောင့် ငွေဖောင်းပွမှုနဲ့ ငွေကျုံ့နှစ်ခုမှာ တခုကို ရွေးဆိုရင် အစိုးရတွေဟာ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။

အစိုးရတွေဟာ ငွေဖောင်းပွအောင် တကယ်ပဲ လုပ်နိုင်သလားလို့ ခင်ဗျားတွေးမိကောင်း တွေးမိမယ်။ အထွေထွေ ငွေကြေးဖောင်းပွမှုဆိုတာ တိုင်းပြည်တခုအတွင်းမှာ လည်ပတ်နေတဲ့ ငွေပမာဏတိုးလာလို့ ဖြစ်တာပါ။ တိုင်းပြည်တွင်းလည်ပတ်နေတဲ့ ငွေပမာဏကို တိုင်းပြည်မှာရှိတဲ့ ရွှေပမာဏနဲ့ သတ်မှတ်တဲ့ခေတ်မှာ ငွေဖောင်းပွစေချင်ရင် ရွှေပမာဏကို တိုးမှပဲရပါမယ်။ ဒါပေမယ့် ရွှေပမာဏကို နေ့ချင်းညချင်းတိုးလို့မရပါဘူး။ ရွှေကို ပုံနှိပ်စက်နဲ့ ရိုက်ထုတ်လို့ မရပါဘူး။ ဒါပေမယ့် ငွေစက္ကူနဲ့ တိုင်းပြည်တွင်းလည်ပတ်တဲ့ငွေပဏာကို သတ်မှတ်တဲ့ခေတ်ကို ရောက်လာတော့ ငွေဖောင်းပွချင်ရင် ပုံနှိပ်စက်တွေကို မောင်းလိုက်ယုံပါပဲ။

ငွေကျုံ့တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပျက်စီးမှုကို ဦးတည်တဲ့အတွက် အစိုးရတွေဟာ ရွေးချယ်ခွင့်ရနေသမျှတော့ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။ ငွေကျုံ့ တာဟာ ငွေဖောင်းပွတာထက် ဆိုးပါတယ်။ (ငွေဖောင်းပွနှုန်းမြင့်လွန်းရင်တော့ မကောင်းပါ။)

ငွေဖောင်းပွမှုဟာ စီးပွားရေးနယ်ပယ်မှာ အမြဲတမ်းရှိနေမယ်လို့ သိထားတဲ့ ဝါရင်းဟာ ရင်းနှီးမြုပ်နှံမှု လုပ်တော့မယ်ဆိုတိုင်း ငွေဖောင်းပွမှုရဲ့ အနုတ်သဘော သက်ရောက်မှုကို ထည့်တွက်စမြဲပါ။

W&A Business and Finance Facebook စာမျက်နှာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

ရန်ကုန်စတော့အိတ်ချိန်း အလားအလာ

5:00 PM | ,


ဘဏ္ဍာရေးကျွမ်းကျင်သူ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း
(ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်)

လာမည့်လအနည်းငယ်အတွင်း မြန်မာပြည်၌ စတော့အိတ်ချိန်းကစတင် အသက်ဝင်တော့မည်ဖြစ်သည်။ ယင်းရန်ကုန်စတော့အိတ်ချိန်း (YSX)ကို အောင်မြင်နိုင်ခြေမရှိ၊ ဟန်ပြသက်သက်သာဖြစ်မည်ဟု ဝေဖန်နေသူများရှိသလို မြန်မာပြည်၏ စီးပွားရေးအလားအလာကောင်းကြောင့် အကောင်းမြင်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်စတော့အိတ်ချိန်းအလားအလာအချို့နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် ThuraSwiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မင်္ဂလာပါ ကိုအောင်သူရရေ။ မကြာသေးခင်ကဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စတော့အိတ်ချိန်းစဖို့အတွက်ပြင်ဆင်မှုက ရာခိုင်နှုန်း ၆၀-၇၀ လောက်ပြီးသွားပြီလို့ ပြောပါတယ်။ လာမယ့်အောက်တိုဘာမှာစမယ်၊ အချိန်ကသိပ်မလိုတော့ဘူးဆိုတော့ လက်ရှိပြင်ဆင်ပြီးသား အနေအထားကိုသုံးသပ်ကြည့်ရင် လာမယ့်အောက်တိုဘာမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ စနိုင်ပါ့မလား။

ဒါကတော့ သိပ်တော့မပြောတတ်ဘူး။ နှစ်ဖက်ရှိတာဆိုတော့ စတော့အိတ်ချိန်းအတွက်ဥပဒေ၊ နည်းဥပဒေက အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ စတော့အိတ်ချိန်းဘက်က ကျန်တယ်။ စတော့အိတ်ချိန်းဘက်က အဆောက်အအုံကိုတော့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ ပြီးမှ IT System တွေ ဘာတွေ အကုန်လုံး Install လုပ်ရမယ်။ Setup လုပ်ရမယ်။ အဲဒီအပိုင်းတော့ ဂျပန်တွေနဲ့ လုပ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် အစ်ကိုတို့လည်း သိပ်မသိလှဘူး။ ဟို တစ်လောက ICTအတွက် တင်ဒါခေါ်ထားတယ်။ အဲဒီဟာတွေက ဘယ်လောက်မြန်မလဲဆိုတော့ အစ်ကိုတို့လည်း မပြောတတ်ဘူး။ နောက်တစ်ပိုင်းကတော့ Securities ကုမ္ပဏီဘက်က ရှိမယ်။ လိုင်စင်တွေဘာတွေ ချပေးပြီးရင် လုပ်ရမယ့်ကိစ္စ နှစ်ခုရှိတယ်။ တစ်ခုက IT Infrastructure ကို ပြင်ဆင်ရမယ်။ စတော့အိတ်ချိန်းနဲ့ သူတို့ ချိတ်ရမယ်။ ဒုတိယအပိုင်းကတော့ ၀န်ထမ်းတွေခန့်ရမယ်။ Training ပေးရမယ်။ ဒါကအချိန်ကတော့ တော်တော်ကပ်နေပြီ။ ဖိဖိစီးစီး လိုင်စင်ချပြီးခါစ လုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့။ အစပိုင်းမှာ ဒီစတော့အိတ်ချိန်းက Business ကလည်း များဦးမှာမဟုတ်သေးဘူးလို့ ထင်ပါတယ်။ Listed ကုမ္ပဏီဆိုရင်လည်း များဦးမှာ မဟုတ်သေးဘူး။ လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ စလုပ်နိုင်ပြီးရင် Step by Step တွေ အကုန်လုံးကို ပိုပြီးကောင်းအောင် လုပ်သွားလို့ ရပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Listing လုပ်ဖို့ MAPCO နဲ့ AGD ကတော့ နာမည်ထွက်နေတယ်။ အစ်ကိုတို့ ကြားမိသလောက် ဘယ်ကုမ္ပဏီတွေ ဖြစ်နိုင်သေးလဲ။ စတဲ့အချိန်မှာ ဘယ်နှခုလောက် Operate လုပ်ဖြစ်မယ်ထင်လဲ။ Securities ကုမ္ပဏီအနေနဲ့ဆိုရင်ကော ဘယ်နှခုလောက်ရှိမှ စတော့မားကက်အတွက် Effective ဖြစ်နိုင်မလဲ။

ပြောဖို့ကတော့ ခက်ပါတယ်။ AGD တို့၊ MAPCO တို့ ဆိုတာကတော့ လူတွေ ပြောနေကြတာပေါ့။ ဒါပေမဲ့ ဘယ်ဟာမှတော့ Confirm မဖြစ်ထားပါဘူး။ သိသလောက်ကတော့ FMI လည်း ကြိုးစားနေတယ်။ ဒါလည်း ဘယ်လောက်အထိ ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ်လည်း Process ထဲမှ ပါထားတာ မဟုတ်ဘူးလေ။ အစပိုင်းမှာတော့ ကုမ္ပဏီတစ်ခုနဲ့ပဲစစ၊ ငါးခုနဲ့ပဲစစ စဖို့ အရေးကြီးတယ်။ ကုမ္ပဏီနည်းနည်းနဲ့ပဲ စလို့ မအောင်မြင်ဘူးလို့ ပြောလို့မရဘူး။ အစပိုင်းကတော့ အစမ်းသပ်ခံကာလလို့ ပြောလို့ရပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခု တိုးလာမှာပဲ။ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီဘယ်နှစ်ခုရှိရမယ်ဆိုတာ အရေးမကြီးဘူး။ Infrastructure အဆင်သင့်ဖြစ်ဖို့ အရေးကြီးတယ်။ ထားလိုက်ပါတော့ ကုမ္ပဏီတစ်ခုနဲ့ စပြီးတော့ နောက်နှစ်လနေပြီးတော့မှ ကုမ္ပဏီတစ်ခု တိုးလာတယ်။ နောက်သုံးလေးလနေမှ နှစ်ခု၊ သုံးခု တိုးလာတယ်ဆိုလည်း အဆင်ပြေတယ်။ ဗီယက်နမ်မှာဆိုရင် ၂၀၀၀-၂၀၀၆ ကာလတုန်းက OTC (Over The Counter Market) နဲ့ စခဲ့တာ။ စတော့အိတ်ချိန်းနဲ့ စခဲ့တာမဟုတ်ဘူး။ OTC ဈေးကွက်မှာလည်း သူတို့ သုညနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ရောက်တော့ သုံးရာကျော်သွားပြီ။ စတာတော့ သုည နဲ့ စမှာပဲ။ အဲဒီတော့ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီငါးခုရှိမှ အောင်မြင်တယ်၊ ဆယ်ခုရှိမှ အောင်မြင်တယ်လို့ ပြောလို့ မရဘူး။ အများကြီးနဲ့ စပြီးမှ နောက်ပိုင်း System မနိုင်လို့၊ ဒါမှမဟုတ် မကျွမ်းကျင်လို့ Crash ဖြစ်သွားတာနဲ့စာရင် နည်းနည်းလေးနဲ့ပဲ စပြီးတော့ နိုင်နိုင်နင်းနင်းတိုးသွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

Securities ကုမ္ပဏီကတော့ ဘယ်နှခုလောက်ဆိုရင် ဒီဈေးကွက် အတွက် Effective ဖြစ်မလဲ။

အစပိုင်းမှာ Listed ကုမ္ပဏီက မများဘူးဆိုတော့ Securities ကုမ္ပဏီကလည်း အများကြီးမလိုဘူး။ ပထမနှစ်နှစ်လောက်က ကုမ္ပဏီဘယ်နှခုချပေးမလဲ မသိဘူး။ များများချပေးရင်လည်း ပထမနှစ်နှစ်လောက်က မမြတ်နိုင်သေးဘူး။ ပထမနှစ်နှစ်၊ သုံးနှစ်လောက်က Investment Period လို့ပဲ ကြည့်ရမှာပဲ။ ၀င်ငွေမရသေးပေမဲ့ ၀န်ထမ်းလစာတွေပေးရမယ်၊ ကုန်ကျစရိတ်တွေရှိမယ်ဆိုတဲ့အတွက် အဲဒီအချိန်အတွင်းမှာရှုံးဖို့ များတယ်။ ပြီးတော့မှ Listed ကုမ္ပဏီတွေလည်း များလာပြီး Investorတွေ ပိုရှာတွေ့တယ်ဆိုမှ အမြတ်တွေဘာတွေ ဖြစ်ချင်ဖြစ်လာမယ်။ Securities ကုမ္ပဏီတွေက အစပိုင်းမှာ သူတို့အနေနဲ့ Investment Period လို့ ယူဆရမှာပါ။

ခုနကပြောသွားတဲ့အထဲမှာ ဗီယက်နမ်က ပထမငါးနှစ်လောက်မှာ OTC နဲ့ စခဲ့တယ်။ ကျွန်တော်တို့နဲ့ ဖွံ့ဖြိုးမှုချင်းနီးစပ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားမှာဆိုရင် ကုမ္ပဏီနှစ်ခုသုံးခုလောက်နဲ့ပဲ တော်တော်လေး ဈေးကွက်အေးနေတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ဆီမှာကော စစချင်းမှာ စတော့ဈေးကွက်ကငြိမ်နေပြီး OTC ကပဲ အားကောင်းတာမျိုး ဖြစ်လာနိုင်လား။

ဒါကလည်း အစိုးရရဲ့ Incentive (မက်လုံး) ပေါ် မူတည်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုက စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ယှဉ်လို့မရဘူး။ အဲဒီတော့ မြန်မာနိုင်ငံက ယှဉ်မယ်ဆိုရင် ဗီယက်နမ်နဲ့ပဲ ပိုယှဉ်လို့ ရမယ်ထင်တယ်။ အရေးကြီးတာက ဗီယက်နမ်မှာတော့ လက်ရှိ ငါးရာလောက်ရှိတယ် ထင်တယ်။ ဗီယက်နမ်ဘက်မှာ အစပိုင်းမှာ Listed ကုမ္ပဏီက ဘယ်ကလာလဲဆိုတော့ State Owned Enterprise တွေဆီက လာတယ်။ State Owned (အစိုးရပိုင်) ကုမ္ပဏီတွေကို Public ပြောင်းပြီးတော့ Listing လုပ်လိုက်တယ်။ မြန်မာပြည်မှာက State Owned တွေဆီကတော့ သိပ်လာမယ်မထင်ဘူး။ လက်ရှိ Public ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းကို တင်ဖို့ သိပ်အဆင်မပြေလှဘူး။ နှစ်ရာလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ Public ကုမ္ပဏီ တော်တော်များများက လုပ်ငန်း စလုပ်ခါစလေးတွေ၊ ဒါမှမဟုတ် သေးသေးလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာစခဲ့တဲ့ ကုမ္ပဏီတွေ များတယ်။ ကျွန်တော့်အမြင်မှာတော့ စတော့အိတ်ချိန်းမှာ Listing လုပ်တဲ့ ကုမ္ပဏီတွေက Private Sector က လာမယ်ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေက Public ကုမ္ပဏီတွေ အဖြစ်ပြောင်းပြီး Listing လုပ်တာ အားသာချက်တစ်ခုတွေ့တယ်ဆိုရင် သူတို့ လုပ်လိမ့်မယ်လို့ ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေဆိုတာ များသောအားဖြင့် သူဌေးတစ်ဦးတည်းပိုင်တဲ့၊ ဒါမှမဟုတ် အများအားဖြင့် သူဌေးတစ်ဦးစီ Control လုပ်နေတဲ့ ကုမ္ပဏီတွေပဲလေ။ သူတို့အနေနဲ့ ဘာကိုစဉ်းစားမလဲဆိုတော့ Listing လုပ်ရင် သူတို့အတွက် ဘာဖြစ်သွားမလဲ။ Cost တွေ ပိုများသွားမယ်၊ Transparency ပိုလုပ်ရမယ်၊ ပိုခက်မယ်၊ ခါတိုင်း သူတို့ တစ်ယောက်တည်း ဆုံးဖြတ်နေကျကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့ဘူး။

ဘာလို့လဲဆိုတော့ Shareholder တွေ ထပ်ဝင်လာရင် နဂိုပိုင်ရှင်က Majority ကိုင်ထားရင်တောင် ဒီအကြောင်းကြောင့် ဒီလိုမျိုး Decision လုပ်ခဲ့တယ်ဆိုတာကို တင်ပြရတော့မယ်။ သူတို့အတွက်က Mentality ပြောင်းဖို့ ပိုလိုလာမယ်။ Accounting တွေဘာတွေကအစ Transparency ရှိဖို့ ပိုလိုလာမယ်။ အားနည်းချက်က အဲဒါတွေရှိတယ်ဆိုတော့ သူတို့အတွက် အားသာချက်က ဘာတွေရှိမလဲစဉ်းစားမယ်။ ဒီအားသာချက်က ပိုများနေရင်သူတို့ Listing လုပ်ဖို့ စိတ်ဝင်စားမယ်။ အားသာချက်က ဘာဖြစ်နိုင်လဲဆိုတော့ အဓိကက သူတို့ လုပ်ငန်းတွေ တိုးချဲ့ချင်တယ်၊ နိုင်ငံခြား ကုမ္ပဏီဝင်လာပြီး အပြိုင်အဆိုင်များလာရင် သူတို့ရဲ့ Capital နဲ့ မလုံလောက်တော့ဘူး။ သူတို့အနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ ပိုက်ဆံရှာနေပြီဆိုရင် ဘဏ်တွေဆီက သွားချေးဖို့ အဆင်မပြေဘူးဆိုရင် Investor ထပ်ရှာနိုင်မှ သူတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့လို့ရမယ်။ သူတို့အနေနဲ့ အစက ၁၀၀ရာခိုင်နှုန်းပိုင်နေတဲ့ အနေအထားကနေ နောက်ပိုင်း ၅၁ရာခိုင်နှုန်းလောက်ပဲ ပိုင်ချင်ပိုင်တော့မယ်။ ဒါပေမဲ့ အဲဒီ ၅၁ ရာခိုင်နှုန်းပဲ ပိုင်တဲ့ကုမ္ပဏီက အရမ်းပိုအောင်မြင်တဲ့၊ ပိုပြီးကြီးတဲ့ ကုမ္ပဏီဖြစ်နိုင်တယ်။

ငွေကြေးပမာဏအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီကြီးရဲ့ ၅၁ ရာခိုင်နှုန်းက ကုမ္ပဏီအသေးရဲ့ ၁၀၀ ရာခိုင်နှုန်းထက် ပိုများနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့ သူတို့နဲ့ Partner လုပ်မယ်ဆိုရင်လည်း Position ပိုကောင်းတယ်။ Competition ဆိုရင်လည်း ကိုယ့်ကုမ္ပဏီက ပိုပြီးတော့ ယှဉ်နိုင်တယ်။ အခုလူတွေ တော်တော်များက ဘာတွေ့ကြလဲဆိုတော့ Mr. Serge Pun တို့ အုပ်စုဆိုရင် YOMA Strategic ရှိတယ်။ သူက မြန်မာပြည်မှာ Listing လုပ်ထားတာတော့မဟုတ်ပါဘူး။ စင်ကာပူမှာ Listing လုပ်ထားတာ။ ဒါပေမဲ့ အဲဒီလို Listing လုပ်ထားတဲ့အတွက် သူတို့ အုပ်စုက စိတ်ချရတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။ Image ပို ကောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Listing လုပ်ဖို့ဆိုတာက Criteria တွေကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်မှ Listing လုပ်ခွင့်ပေးတာကိုး။ ပြီးတော့ စတော့အိတ်ချိန်းကလည်း တောက်လျောက် စောင့်ကြည့်နေတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဥပမာ- KFC တို့၊ ဒါမှမဟုတ်လည်း ကုမ္ပဏီအကြီးကြီးတစ်ခုက မြန်မာပြည်ကိုဝင်လာရင် ဘယ်သူနဲ့ Partner လုပ်မလဲ သူတို့ စဉ်းစားတော့မယ်။ ဒီကုမ္ပဏီက Listed ကုမ္ပဏီတစ်ခုဖြစ်နေတယ်ဆိုရင် စတော့အိတ်ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် အဲဒီ Listed ကုမ္ပဏီတစ်ခုနဲ့ သူတို့တွဲလုပ်ဖို့ သူတို့ ပိုလွယ်တယ်။ Private ကုမ္ပဏီတစ်ခုကျတော့ သူတို့ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ သူတို့အကြောင်းကို ဘာမှမသိဘူး။ Transparent မဖြစ်ဘူးဆိုရင် အရွယ်အစားချင်း တူရင်တောင် Listed ကုမ္ပဏီနဲ့ပဲ တွဲလုပ်လိမ့်မယ်။ အဲဒီတော့ မြန်မာပြည်ကလည်း နောက်ငါးနှစ်၊ ဆယ်နှစ်မှာ လုပ်ငန်းတွေ ပိုတိုးချဲ့လာမယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လည်း တော်တော်လေးဆိုင်တယ်။ န်ုင်ငံခြားရင်းနှီးမြှုပ်နှံသူနဲ့ တွဲလုပ်နိုင်တဲ့ ကုမ္ပဏီကလည်း ပိုပြီးတော့ အောင်မြင်နိုင်မယ်။ အဲဒီတော့ တချို့ကုမ္ပဏီတွေက Listing လုပ်ထားတယ်ဆိုရင်၊ စတော့အိတ် ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် Listing လုပ်လိုက်တယ်ဆိုရင် အားသာချက်တစ်ခု ဖြစ်သွားတယ်။ Listing မလုပ်တဲ့ ကုမ္ပဏီတွေကတော့ ပြတ်ကျန်သွားမယ်။ အဲဒီမှာ Competition ပေါ်လာတယ်။ တချို့တွေ ပိုအောင်မြင်သွားတယ်။ တချို့တွေက သူတို့ မပြောင်းတဲ့အတွက် မအောင်မြင်ဘူးဆိုရင် အဲဒီဘက်မှာ Pressure ဖြစ်ပြီးတော့ Listing လုပ်ဖို့ တော်တော်များများ စိတ်ဝင်စားလာလိမ့်မယ်။

ကိုအောင်သူရတို့ Thura Swiss အနေနဲ့ OTC မားကက်ကို စိတ်ဝင်စားတယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ သိပါရစေ။

OTC မားကက်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ထားသလဲဆိုတော့ ဆော့ဖ်ဝဲကိုရေးထားတာ အိုင်တီပလက်ဖောင်းအနေနဲ့ ပြင်ဆင်ထားတာ။ နောက်ပိုင်း OTC မားကက်တွေ ဘာတွေလုပ်လို့ရမယ့် အချိန်ကျရင် အိုင်တီပလက်ဖောင်းရှိတယ်။ အရောင်းအ၀ယ်တွေလုပ်လို့ရအောင် ပလက်ဖောင်းတစ်ခု ပြင်ဆင်ထားတဲ့သဘောပါပဲ။ စိတ်ဝင်စားတာကတော့ Securities လုပ်ငန်းကို ဘယ်အပိုင်းမဆို စိတ်ဝင်စားပါတယ်။

ဒါတော့ ဘယ်အပိုင်းမှာလုပ်ခွင့်ရမယ်၊ မရဘူးဆိုတာကိုလည်း မသိသေးပါဘူး။ အစိုးရကလည်း လိုင်စင်တွေ ဘယ်လိုချပေးမယ်ဆိုတာကိုလည်း အတိအကျမသိသေးတဲ့အတွက် ဘယ်အပိုင်းမှာ ပါလို့ရတယ်၊ မရဘူးဆိုတာတော့ ကိုယ်လည်းပြောလို့ မရသေးဘူးပေါ့။ အစ်ကိုတို့အနေနဲ့ကတော့ Securities Market ကို တစ်နည်းမဟုတ်တစ်နည်းတော့ ပါချင်တယ်။ Contribute လုပ်ချင်တယ်။ ဘယ်လိုလုပ်လို့ရမလဲဆိုတာတော့ နောက်ပိုင်း ပိုပြီးရှင်းလာတဲ့အချိန်ကျမှ သတ်မှတ်လို့ရမှာပေါ့။

စတော့ဈေးကွက်မှာရှိတဲ့ စိန်ခေါ်မှု တော်တော်များများထဲက တစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူ မြန်မာပြည်မှာက စတော့မားကက်ဆိုတာက အခုမှ ပြန်လုပ်ကြတာ။ အဆက်ပြတ်နေတာကြာပြီဆိုတော့ လူ့စွမ်းအားအရင်းမြစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကိုပဲ အဓိကသုံးလာနိုင်လား၊ ဒါမှမဟုတ် ပြည်တွင်းကပဲ လုံလုံလောက်လောက်ရနိုင်မလား။

Securities ကုမ္ပဏီတစ်ခုအနေနဲ့က Division တွေ အမျိုးမျိုးရှိတယ်။ တစ်ခုက Investment Banking Division ရှိမယ်။ Investment Banking Division က ဘာလုပ်မလဲဆိုရင် ကုမ္ပဏီတစ်ခု ငွေရှာနေတယ်ဆိုရင် သူတို့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့၊ ဒါမှမဟုတ် Bond တွေကို ထုတ်ရောင်းဖို့ အကြံပေးတယ်။ အကြံပေးရုံတင် မဟုတ်ဘူး။ ရှယ်ယာတွေ၊ ဒါမှမဟုတ် Bond တွေထုတ်ရောင်းတဲ့ Process တစ်ခုလုံးကို ၀န်ဆောင်မှုပေးတယ်။ Valuation လုပ်ပေးတယ်။ ရှယ်ယာတွေ ထုတ်ရောင်းတဲ့အထိ အကုန်လုံး လုပ်သွားတယ်။ ပြီးရင် Underwriting ကအစ သူတို့ လုပ်နိုင်တယ်။ Underwriting ဆိုတာ အာမခံပြီးတော့ မရောင်းရတဲ့ရှယ်ယာတွေကို သူတို့ ကိုယ်တိုင်ဝယ်တယ်။ အဲဒီ Division ကတော့ ပညာတော်တော်လိုတယ်။ အဲဒါကို ဆုံးဖြတ်နိုင်ဖို့၊ ဝေဖန်နိုင်ဖို့ ကုမ္ပဏီတစ်ခုကို တန်ဖိုးဖြတ်နိုင်ဖို့ မြန်မာတော်တော်များများက သိပ်မရှိသေးဘူး။ အဲဒီနေရာမှာ ဦးဆောင်မယ့်သူတွေကတော့ အစပိုင်းမှာအတွေ့အကြုံရှိတဲ့ Investment၊ Banking မှာ လုပ်ဖူးတဲ့သူတွေ လိုတယ်။ ဒီ Capacity မြန်မာပြည်မှာ သိပ်မရှိသေးဘူး။ ဒါပေမဲ့ အဲဒီမှာဝင်လုပ်တဲ့ တခြားသူတွေကတော့၊ ဥပမာ Accounting ကို ကျွမ်းကျင်တဲ့ မြန်မာတွေ၊ အင်္ဂလိပ်လိုလည်း ကျွမ်းကျင်ရမယ်။ Business အမြော်အမြင်ရှိတဲ့သူမျိုး ဖြစ်နိုင်တယ်။ သူတို့က ဒီ Process တွေ နားလည်အောင် ငါးနှစ်၊ ဆယ်နှစ်လောက်တော့ သင်ရလိမ့်မယ်။ Investment Banking Division မှာ အစပိုင်းတော့ နိုင်ငံခြားအကူအညီ လိုလိမ့်မယ်။

နောက်တစ်ခုက Sales & Trading Division ရှိတယ်။ Brokerage တို့၊ အရောင်းအ၀ယ်လုပ်တာတို့၊ ရှိပြီးသား ရှယ်ယာတွေ အရောင်းအ၀ယ်လုပ်တဲ့ အပိုင်းတွေပေါ့။ အဲဒီ Division ကတော့ နိုင်ငံခြားသားတွေက အတိုင်းအတာတစ်ခုထိပဲ လိုအပ်တယ်။ Broker တွေဆိုတာ Client Relationship ကို တည်ဆောက်ရမှာ။ အဲဒါတွေကျတော့ မြန်မာတွေက လုပ်တတ်တယ်။ နိုင်ငံခြားသားဆိုရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။ Local ပညာတတ်တွေ လိုမယ်။ Customer တွေနဲ့ ဆွေးနွေးနိုင်ရမယ်။ Customer တွေကို ရှင်းပြနိုင်ရမယ်။ ဘယ်ရှယ်ယာတွေကို ဘာကြောင့် ၀ယ်သင့်တယ်။ ဘာကြောင့် ရောင်းသင့်တယ်။ သူတို့ကိုယ်တိုင် Knowledge က Research တွေ ဘာတွေ လုပ်တဲ့အဆင့်ထိ မဟုတ်ဘူး။ ရှိပြီးသား Research တွေကို ဖတ်ပြီးတော့ Client တွေကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ဆိုရင် ရတယ်။ ဒါက Local တွေနဲ့ ဆိုင်တယ်။

တတိယ Division က ဘာလဲဆိုတော့ Research Division ဆိုတာ ရှိတယ်။ Research Division က ဈေးကွက်ကြီး တစ်ခုလုံးရော ကုမ္ပဏီတစ်ခုရဲ့ အခြေအနေကိုပါ လေ့လာတယ်။ Report တွေဖတ်မယ်၊ သတင်းစာတွေ ဖတ်မယ်၊ Annual General Meeting တွေ သွားမယ်။ Management နဲ့ ဆွေးနွေးမယ်။ အဲဒါတွေကို အခြေခံပြီးတော့ Independent Report တွေ ရေးရမယ်။ Independent ဆိုတာ အဲဒီကုမ္ပဏီဘက်က အားနာပြီးတော့ လိုက်မရေးရဘူး။ သူတို့ အမြင်အရ ဒီကုမ္ပဏီဆီက ရှယ်ယာဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူးဆိုတာကို ရေးရတယ်။ သူတို့ကလည်း Independent ဆိုတာကလည်း Broker တွေဆီကနေ Independent ဖြစ်ရမယ်။ Broker တွေက ဒီကုမ္ပဏီတွေကို ၀ယ်စေချင်လို့ Report တွေကို ဒီလိုရေးပေးပါဆိုရင် ရေးပေးလို့ မရဘူး။ အဲဒီဝန်ထမ်းတွေက Broker တွေနဲ့ သတ်သတ်ခွဲထားရမယ်။ Research လုပ်မယ့်ဝန်ထမ်းတွေကျတော့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံဆိုတာက ကုမ္ပဏီကို တန်ဖိုးဖြတ်နိုင်ရမယ်။ Report တွေ ရေးတတ်ရမယ်။ အဲဒါတွေက Research အပိုင်းမှာ အတွေ့အကြုံလိုတယ်။ အဲဒါကျတော့ နိုင်ငံခြားသားအကူအညီ လိုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားအကူအညီနဲ့လည်း မပြီးနိုင်ဘူး။ Local လည်း လိုအပ်တယ်။ နိုင်ငံခြားသားက နည်းပညာတွေနဲ့ Valuation Method တွေသိမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ Mangement နဲ့ သွားတွေ့ဖို့၊ ဒါမှမဟုတ် Financial Statement တွေ ဖတ်ဖို့ တချို့က မြန်မာလို ရေးထားတယ်။ Financial Statement ကို မြန်မာပြည်မှာ ဘယ်လိုရေးတယ်ဆိုတာ နားလည်ဖို့ လိုလည်းလိုတယ်။ နိုင်ငံခြားသားကျတော့ သိချင်မှသိမယ်။ အဲဒီနေရာကျတော့ နိုင်ငံခြားသားနဲ့ တွဲလုပ်ဖို့ လိုတယ်။ ဒါကတော့ Knowledge ပိုလိုတယ်။ အဲဒီ Report ကို အခြေခံပြီးတော့မှ Broker က အဲဒါကိုဖတ်ပြီးတော့ ဘယ်ရှယ်ယာကို ၀ယ်သင့်တယ်၊ ဘယ်ရှယ်ယာကို ရောင်းသင့်တယ်ဆိုတာကို အကြံပေးတယ်။ အဲဒီတော့ Division တစ်ခုနဲ့ တစ်ခုမတူဘူး။ Investment Banking Division မှာ နိုင်ငံခြားသားအကူအညီ တော်တော်လေးလိုမယ်။ အဲဒါက Underwriting နဲ့ ဆိုင်တဲ့ Business ပေါ့။ Brokerage Business ကျတော့ တော်တော်လေး Local နဲ့ ဖြစ်နိုင်တဲ့မားကက်၊ Research မားကက်ကျတော့နိုင်ငံခြားသားရော၊ ပြည်တွင်းပါ လိုမယ်။

လက်ရှိ ကျွန်တော်တို့ လေ့လာမိသလောက်တော့ ပြည်တွင်းမှာ တခြား Sector တွေထက် Banking Sector က စတော့အိတ်ချိန်းမှာဝင်ပြီး Listing လုပ်ဖို့ ပိုပြီးများ စိတ်ဝင်စားနေသလားလို့။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း စပြီး Boom ဖြစ်လာတဲ့ Sector တွေလည်း အများကြီး ရှိပါတယ်။ ဥပမာ- IT Sector တွေလိုမျိုးပေါ့။ အဲဒီတော့ အစ်ကို့ရဲ့အမြင်အရနောက်ပိုင်းကျရင် စတော့ဈေးကွက်၊ OTC ဈေးကွက်တွေမှာ ဘယ် Sector တွေက ကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းမိလဲ။

ဘဏ်တွေက ဘာကြောင့်စိတ်ဝင်စားလဲဆိုရင် ဗဟိုဘဏ်က အမြဲစောင့်ကြည့်နေတော့ သူတို့ရဲ့ Accounting Standard က တခြား Sector တွေနဲ့ ယှဉ်ရင် ပိုပြီး Clean ဖြစ်နေပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ စတော့အိတ်ချိန်းကိုတင်မယ်ဆိုရင် မခက်တော့ဘူး။ အကုန်လုံးက ပြင်ဆင်ပြီးသားလို ဖြစ်နေတယ်။ ကျန်တဲ့ ကုမ္ပဏီကျတော့ တချို့က အရင်တုန်းက အခွန်မဆောင်တာတွေ၊ စာရင်းတွေ နှစ်မျိုးကိုင်တာတွေရှိတဲ့အတွက် စတော့အိတ်ချိန်းကို လက်ရှိ တင်ချင်တယ်ဆိုရင်တောင် မလွယ်ဘူး။ သူတိုရဲ့ Standard တွေကိုပြန်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲဒီကုမ္ပဏီတွေ တော်တော်များများက အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ဆီက သိပ်မကြားရဘူး။

နောက်ဆုံးမေးချင်တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရင်းနှီးမြှုပ်နှံမှုအား အရမ်းကောင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်က အခုလက်တလောတော့ အနည်းငယ် အေးနေတာ တွေ့ရပါတယ်။ ပြီးတော့ ကားဈေးကွက်တို့ ဘာတို့ဆိုရင်လည်း အခြေအနေ သိပ်မကောင်းလှဘူး။ အဲဒီတော့ စတော့ဈေးကွက် ပေါ်လာတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံမှုအရွေ့က ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ အိမ်ခြံမြေ၊ ကား၊ ဘဏ်၊ စတော့ရှယ်ယာစတာတွေထဲမှာ လူတွေပိုရင်းနှီးမြှုပ်နှံမယ့်ဈေးကွက်ပေါ့။

ဒါကတော့ စတော့ဈေးကွက်လည်း Investment တစ်မျိုး ဖြစ်သွားမှာပဲ။ အိမ်ခြံမြေဈေးကွက်က တစ်ခုရှိတယ်။ Foreign Exchange ရှိတယ်။ Commodity အရောင်းအ၀ယ်လုပ်တာလည်းရှိမယ်။ အဲဒီအတိုင်းပဲ စတော့အိတ်ချိန်းပေါ်လာမယ်ဆိုရင်လည်း ဒီရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံမှုတစ်မျိုး ဖြစ်လာမှာပဲ။ အိမ်ခြံမြေဈေးကွက်မှာဆိုရင် တချို့တွေက ပိုက်ဆံတွေ ပိုနေပြီးတော့၊ ဒါမှမဟုတ် ငွေမည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ အဲဒီမှာ သွားဝယ်ပြီး လုပ်ကြတာရှိတယ်။ အခုလောလောဆယ် ရှိနေတဲ့ပုံစံက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်မယ်ဆိုရင် ငွေဖြူဖြစ်သွားတယ်။ ခြံကို ပြန်ရောင်းလိုက်ရင်လည်း ငွေဖြူ ဖြစ်သွားတယ်။ စတော့အိတ်ချိန်းမှာလည်း အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်။ အန္တရာယ် ရှိတယ်။ စတော့အိတ်ချိန်းမှာလည်း ငွေမည်း ရှိတယ်။ ငွေမည်းကို ရှယ်ယာဝယ်လိုက်တယ်။ ပြန်ရောင်းလိုက်ရင် ထွက်လာတဲ့ပိုက်ဆံက ငွေဖြူဖြစ်ရင် လူတွေက စတော့အိတ်ချိန်းမှာ ရင်းနှီးတာက ငွေဖြူဖော်ဖို့ ဖြစ်သွားနိုင်တယ်။ ငွေဖြူဖော်ဖို့အတွက်ပဲ ရင်းနှီးတယ်ဆိုရင် ရေရှည်မှာ အလားအလာ မကောင်းနိုင်ဘူး။ ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်တွေက ကုမ္ပဏီတွေနဲ့ မဆိုင်တော့ဘူး။ ငွေဖြူဖော်ချင်ရင် ရှယ်ယာဝယ်လိုက်တဲ့ အချိန်မှာ စတော့ဈေးကွက်က အရမ်း ထိုးတက်သွားရော။ အထူးသဖြင့် ကုမ္ပဏီသိပ်မများတဲ့အချိန်မှာ ဖြစ်နိုင်တယ်။ ထိုးတက်တာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ ဘာမှမဆိုင်ဘဲ ထိုးတက်သွားတာ။ ပြီးမှ ငွေဖြူပေါ်ပြီဆိုပြီး ပြန်ရောင်းထုတ်တဲ့အချိန်မှာ ထိုးကျသွားရော။ တချို့ဟာတွေကျတော့ Seasonal (အချိန်ရာသီအလိုက်) ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် စတော့ဈေးကွက်ကြီး ထိုးတက်၊ ထိုးကျတာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ မဆိုင်ဘဲနဲ့ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် ရေရှည်မှာ မကောင်းဘူး။ အိမ်ခြံမြေဈေးကွက်လည်း အဲဒီအတိုင်းဖြစ်နေတာ။ တကယ်တော့ မကောင်းဘူး။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ ရေရှည်မှာ စီးပွားရေးတစ်ခုလုံးကို ထိခိုက်တယ်။ အစိုးရအနေနဲ့ ဘာကိုစဉ်းစားသင့်သလဲဆိုတော့ အစိုးရအနေနဲ့ ငွေဖြူဖော်ဖို့အတွက် Investment နည်းလမ်း မဟုတ်တာမျိုး တခြားနည်းလမ်း ရှာပေးသင့်တယ်။ အစိုးရဘက်က ဘယ်လိုမျိုး ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းဖို့လက်ခံပြီး ဘယ်လိုဟာမျိုးကိုတော့ လက်မခံဘူးဆိုတာပေါ့။ ဥပမာ မူးယစ်ဆေးဝါးကို လက်မခံဘူးဆိုရင် ခွင့်မပေးနဲ့။ တချို့ဟာကျတော့ အရင်တုန်းက အခွန်မဆောင်ထားတဲ့ ငွေမည်းတွေ ရှိမယ်။ အဲဒါမျိုးကျတော့ သူတို့အနေနဲ့ ငွေဖြူပြန်ဖြစ်ဖို့ အစိုးရကလက်ခံတယ်ဆိုရင် လမ်းဖွင့်ပေးဖို့ လိုမယ်။ တချို့ကျတော့လည်း မှောင်ခိုလုပ်ထားတာ၊ ကျောက်တွေဘာတွေ လုပ်ထားတာ အဲဒါကိုလည်း ငွေဖြူအဖြစ်ပြန် ဖော်ဖို့ အစိုးရအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်တို့၊ စတော့ဈေးကွက်တို့ကို အလွဲသုံးစားလုပ်မယ့်အစား သူတို့အနေနဲ့ တိုက်ရိုက် လမ်းဖွင့်ပေးလိုက်။ ကိုယ့်မှာ ငွေမည်းရှိတယ်ဆိုရင် ဘယ်ကလာတဲ့ ငွေမည်းလဲဆိုတာကို ကြေညာရမယ်။ ကြေညာပြီးရင် အဲဒါကို အခွန်ဘယ်လောက်ဆောင်လိုက်ဆိုရင် ငွေဖြူဖြစ်သွားမယ်။ အဲဒါမျိုးကိုလုပ်ဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပေါ့။ နှစ်နှစ်အတွင်းမှာ ငွေမည်းမှန်သမျကို ငွေဖြူအဖြစ် ပြောင်းရမယ်။ အခွန်ဘယ်လောက်ဆောင်ရမယ်။ ဒီနှစ်နှစ်အတွင်းမှာ အစိုးရက သတ်မှတ်ထားတဲ့ နည်းလမ်းကိုသုံးသွားမယ်ဆိုရင် အခွန်ဆောင်တာကလွဲလို့ တခြားဘာမှ အရေးမယူဘူးဆိုတာကို အစိုးရက အာမခံဖို့ လိုမယ်။ အဲဒီနှစ်နှစ်ကျော်သွားလို့ ငွေမည်းကို တွေ့တယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ထင်တယ်။ အဲဒါအတွက် ဘာလို့လဲဆိုရင် အစိုးရက လွှတ်တော်ကတစ်ဆင့် ဥပဒေတစ်ခု လိုမယ်။ ဥပဒေက လွှတ်တော်ဆီကတစ်ဆင့်ဆိုရင် ပြောင်းဖို့ မလွယ်ဘူး။ တကယ့် ဥပဒေနဲ့ သွားမယ်ဆိုရင် လူတွေက ပိုပြီးယုံကြည်မှု ရှိမယ်။ အဲဒါကို ငွေဖြူဖော်တယ်ဆိုရင် အဲဒီငွေဖြူကို နေရာတိုင်းမှာ သုံးလို့ ရတယ်။ မြေ၀ယ်မလား၊ စတော့အိတ်ချိန်းမှာ ရင်းနှီးမလား၊ တခြားဟာ ဘာလုပ်မလဲပေါ့။ အဲဒီလိုမျိုး လိုမယ်ထင်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

၂၀၁၅ ဇူလိုင်လထုတ် ‪B2BMagazine‬ ပါ ‪Interview‬ ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Read More

အရှုံးဆိုတာ မရှိ (၂)

2:00 AM | , ,


Stop-loss အကြောင်းပြောရင် Technical Analysis ကို ဘယ်လိုမှ ချန်ထားလို့ မရပါဘူး။ Long-term Fundamental based investor တွေတောင်မှ Technical Analysis ကို သုံးမယ်ဆိုရင် Stock တစ်ခုကို Invest လုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shorting လုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock (ဈေးတက်လျင် အမြတ်ရခြင်း) ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysis ရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistance လိုင်းတွေဟာ Stop-loss, Profit-taking point တွေ Define လုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော် အဲဒါတွေအကြောင်း အသေးစိတ် ရေးဖူးပါတယ်။ Trade တစ်ခုကို မစခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit. (ဘယ်ဈေးက ဝင်မလဲဆိုတာ အရမ်း အရေးကြီးပါတယ်)။
  • အနီးဆုံး Support နားကို ကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။
  • Support ကို ထိပြီဆိုရင် Close တွေဟာ Support အပေါ်မှာ ပိတ်သလား ကြည့်ရပါမယ်။ ဈေးတက်ပြီး ပိတ်သွားတဲ့နေ့မှာ Volume ကောင်းလားဆိုတာကိုလည်း ကြည့်ရပါမယ်။
  • Trade တစ်ခု Open မလုပ်ခင်မှာ Support အောက်နား မနီးမဝေးဟာ ကိုယ့်ရဲ့ Stop-loss လို့ သိထားရပါမယ်။ Trade တစ်ခုကို မဝင်ခင် ဒီဈေး အထိကျလာရင် Cut Loss လုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Trade တစ်ခုကို သေချာ Open လုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistance လိုင်းဟာ ကိုယ် Profit-taking လုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့ မရပါဘူး။ သတင်းဆိုးတစ်ခုခု ထွက်လာခဲ့ရင် အဲဒီ့ Resistance ကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ် Trade လုပ်မယ့် Interval ပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exit လုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrend ကို Clearly Broken ဖြစ်နေတဲ့ Sign ပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysis ဟာ ကိုယ့်ရဲ့ trading risk ကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့ Entry ဟာ Chart ပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာ Profitable Trade ဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysis တစ်မျိုးသင်ပေးမယ်ဆိုရင် too good to be true လို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်း ယဉ်တတ်တဲ့သူတွေဟာ Stock Trading ဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindset ဟာ Trader တစ်ယောက်ကို Realistic decision ချဖို့ ကောင်းကောင်းကြီးကို နှောက်ယှက်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလဲ။ သိသလားမသိဘူး။ တွေးကြည့်ပါဦး။

အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား။ ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့ Probability က 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့ Mindset ကို Trading ထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ ရတာကတော့ Stop-loss မရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်။ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလဲ။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး။ (Realized Loss) ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့ စောင့်တဲ့အလုပ်ဟာ Trading မှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feeling မခံစားရအောင်က ကိုယ့်ရဲ့ Perspective ကို ပြောင်းဖို့ လိုပါတယ်။

Think like a business man
အခုဒီစာဖတ်နေတဲ့သူဟာ Business တစ်ခုမှာ Employee အနေနဲ့ လုပ်နေဖို့က တော်တော်လေး Probability များမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခက အဲဒီ့ Business ရဲ့ Income ဘက်မှာရှိသလား၊ Expense ဘက်မှာရှိသလား။ ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expense ပေါ့။ ဒီတော့ ကိုယ့်ကို ခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကို လခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကို ခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာ Contribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employer ရဲ့ Business ဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလဲ။ The famous "L" word လေ။ Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Owner လိုသဘောထားပြီး Loss တွေဟာ ကိုယ့် Business ရဲ့ Expenses တွေပဲလို့ နားလည်ရပါမယ်။ Profit တွေကတော့ Revenue/Income ပေါ့။ ဒီတော့ Stop-loss မလုပ်ဘဲ Trader ဖြစ်ချင်တဲ့သူဟာ Expense မရှိတဲ့ Business ကို Run ချင်နေတဲ့သူနဲ့ အတူတူပဲလို့ နားလည်ရပါမယ်။ Trade တစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့ Trade ကို Sack လုပ်ပစ်ရပါမယ်။ Technical Analysis ကိုသုံးပြီး Analysis လုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resume ကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional trader ဖြစ်ဖို့ နီးစပ်လာပြီလို့ မှတ်ထားနိုင်ပါတယ်။

ရေးသားသူ - Ko Aung Myo Htet
www.aunginvestment.blogspot.com မှ ကူးယူဖော်ပြပါသည်။
Read More

အရှုံးဆိုတာ မရှိ (၁)

12:00 AM | , ,


အရှုံးဆိုတာ မရှိဆိုလို့ ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Trading လုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Management လုပ်ရမလဲ ဆိုတာကို စိတ်ဝင်စားအောင် Title ပေးထားတာပါ။ တချို့ Concept တွေဟာ Robert Kiyosaki နဲ့ Dr. Alexander Elder ရဲ့ Intellectual Property တွေဖြစ်ပါတယ်။

Trading vs. Investing
ပထမဆုံးပြောချင်တာကတော့ အများစုဟာ Trading နဲ့ Investing ကို ရောနေတာပါပဲ။ Trading ဟာ Short-term focused ဖြစ်ပြီး Investing ကတော့ Long-term အတွက်ပါ။ Investing ဟာ တကယ်တမ်းတော့ Day job လည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial Advisor, Broker အစရှိတဲ့သူတွေရဲ့ Tips တွေနဲ့ ဝယ်ပြီး ပစ်ထားတတ်တဲ့အရာလို့ Generally Definition ဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Market ထဲမှာ Directly (သို့) Indirectly Invest လုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့ Investing ဆိုတာ Direct Investing ကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့ Stock က solid bluechip stock ဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင် (အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။ ကြားထဲမှာရတဲ့ Dividends ကပဲ အမြတ်ပေါ့။ တချို့က ပြောကြတယ်။ Time in the Market is More Important than Timing in the Market ဆိုပြီးတော့ပါ။ အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ။ ဒီလိုနည်းနဲ့ Invest လုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ်။ You are going to need a lot of LUCK.

Trading is a totally different ball game
အများစု Trading ဝင်လုပ်ပြီး Market ထဲကနေ Washed Out ဖြစ်ဖြစ်သွားရတဲ့ အဓိကတရားခံကတော့ အဲဒီ့ Long-term investing mindset ကို Trading area ထဲကို ဆွဲခေါ်လာလို့ပါပဲ။ Trading လုပ်ဖို့ Totally different mindset လိုပါတယ်။ 3M (mindset, method, management) ဟာ အရမ်းကို အရေးကြီးပါတယ်။ Technical Analysis(TA) နဲ့ Fundamental Analysis(FA) ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့် TA နဲ့ FA သိတဲ့လူတိုင်း ဘာလို့ ပိုက်ဆံမရှာနိုင်ရသလဲ။ အဓိကကတော့ mindset နဲ့ management ပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။

Mythbusting
Trading နဲ့ပတ်သက်ပြီး Myth တွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊ ပိုက်ဆံအများကြီး အရင်းရှိရမယ်၊ ဈေးကြီးတဲ့ Market Analysis Report တွေ ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Myth တွေကြီးပါပဲ။ Trading လုပ်ရင် သေချာမှာတွေ ကျွန်တော်ပြောပြမယ်။
  • သေချာလေ့လာ Analysis လုပ်ပြီး Entry ကောင်းကောင်းလေးဝင်ထားဦး။ ရှုံးနိုင်သေးတယ်။
  • မသေမချာဘဲနဲ့ သူများပြောတိုင်းလိုက်ဝင်၊ ရှုံးဖို့ တော်တော်လေးသေချာတယ်။
  • လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝင် သေချာပေါက်ရှုံးမယ်။
ဒီအချက်သုံးချက်ကနေ ဘာကိုကောက်ချက်ချနိုင်သလဲဆိုတော့ Trading လုပ်ရင် ရှုံးဖို့ Chance က ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး တစ်နေ့တစ်နေ့ Market ထဲမှာ Trade နေကြတာ ဘယ်လိုများ ပိုက်ဆံရှာနေကြသလဲဆိုပြီး မေးနိုင်ပါတယ်။

အဖြေကတော့ Professionals တွေ၊ Institutions တွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့ အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့် ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net balance ဟာ Positive ပြနိုင်ပါတယ်။

Lose Less, Make More
အခုလောက်ဆိုရင် Trading ရဲ့ Core Principle ကို သိပြီထင်ပါတယ်။ အဓိကကတော့ Loss တွေကို သေချာ Manage လုပ်ဖို့ပါပဲ။ Loss ကိုနိုင်နင်းရင် Profit ပိုင်းက Automatic handle လုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-loss ဆိုပြီး ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading Book တွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက် အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့ Discipline ဟာ ထိပ်ဆုံးမှာပါပါတယ်။ အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလဲဆိုတော့ Weight ချတာနဲ့ အတူတူပဲ။ နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လို Weight ချရမလဲ သိတယ်မဟုတ်လား။ ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ။

ရေးသားသူ - Ko Aung Myo Htet
www.aunginvestment.blogspot.com မှ ကူးယူဖော်ပြပါသည်။
Read More

QE (Quantitative Easing) ဆိုတာ ဘာလဲ။

4:30 PM | , ,


QE ဆိုတာကို အလွယ်ဆုံးရှင်းပြရရင် အစိုးရဗဟိုဘဏ်ကနေ ငွေတွေ ရိုက်ထုတ်လိုက်တာကို ခေါ်ပါတယ်။ ဒါများ ဘာဆန်းသလဲလို့ မေးစရာရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာလေးတွေရှိလို့ ရေးပြလိုက်ပါတယ်။

နိင်ငံတနိုင်ငံမှာ နိုင်ငံခြားပို့ကုန်ကရတဲ့ငွေဟာ နိုင်ငံခြားကတင်သွင်းရတဲ့ ကုန်တွေဝယ်ယူရတဲ့ငွေထက် နဲလာပြီဆိုရင် နိုင်ငံရဲ့ဘတ်ဂျက်မှာလိုငွေပြလာပါပြီ။ သဘောကတော့ အစိုးရလက်ထဲမှာ ပိုက်ဆံနဲသွားပြီ။ ဘတ်ဂျက်လိုငွေကို နိုင်ငံတော်စုဆောင်းထားငွေ National_Reserves ထဲက ထုတ်သုံးရတော့မယ်။ ထုတ်သုံးတဲ့ငွေတွေနဲ့ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစတာတွေအတွက် ဘတ်ဂျက်ချပေးရမယ်။

ဒါပေမဲ့ နိုင်ငံတော်မှာ လိုငွေပြနေတိုင်း နိုင်ငံ့စုဆောင်းငွေထဲက အမြဲတမ်းထုတ်သုံးနေလို့ မရဘူးလေ။ စုဆောင်းငွေဆိုတာ နိုင်ငံခြားချေးငွေတွေ ပြန်ဆပ်ဖို့ရယ်၊ နိုင်ငံခြားကြွေးမြီတွေအတွက် အတိုးပေးဖို့ရယ်၊ အရေးပေါ်ကိစ္စတွေ ဥပမာအနေနဲ့ နိုင်ငံအချင်းချင်း စစ်ဖြစ်ရင်စတာတွေအတွက် အလုံအလောက် ချန်ထားရပါတယ်။

အဲဒီတော့ အစိုးရဟာ လိုငွေကိုဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေ ကြံဆရတော့မယ်။ လိုငွေဖြည့်ဖို့ တနည်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့

(၁) မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ချရမယ်။ ငွေကြေးတန်ဖိုးကျရင် ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ပို့နိုင်လို့ နိင်ငံခြားပို့ကုန်တွေကနေ ဝင်ငွေတွေရလာမယ်။

(၂) ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးတဲ့အတိုးကို လျှော့ချပေးရမယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီပွားရးသမားလုပ်ငန်းရှင်တွေကို အတိုးနဲနဲပဲယူပြီးချေးပေးမယ်။ လုပ်ငန်းရှင်တွေ ဘဏ်ကငွေများများချေးပြီး လုပ်ငန်းမှာရင်းနှီးမြုပ်နံကြလို့ နိုင်ငံ့စီးပွားရေးတက်လာလိမ့်မယ်။

(၃) စီးပွားရေးသမားတွေ လူထုတွေဆီက ကောက်ခံတဲ့အခွန်အခတွေလျှော့ချပေးရမယ်။

အထက်က ရေးပြခဲ့တာတွေလုပ်ဖို့ကလဲ အစိုးရဆီမှာ နိုင်ငံ့အရံငွေဖြစ်တဲ့ စုဆောင်းငွေ အလုံအလောက်ရှိရမယ်။ အလုံအလောက်မရှိဘူးဆိုရင်တော့ အစိုးရအနေနဲ့ လုပ်ဖို့ နည်းလမ်းနှစ်သွယ်ပဲ ကျန်ပါတော့တယ်။

ပထမနည်းက နိုင်ငံခြားကနေ အတိုးနဲ့ငွေထပ်ချေးပေါ့။ အချိန်မှီပြန်မဆပ်နိုင်တဲ့အခါ အတိုးတွေ တက်သထက်တက်လာလို့ အစိုးရတွေဟာ သိပ်မလုပ်ချင်ကြဘူး။ အစိုးရက မလိုအပ်ပဲ နိုင်ငံခြားကငွေချေးရင် အတိုက်အခံတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအစိုးရ ပြုတ်ကျသွားရင် နောက်တက်တဲ့အစိုးရက ပြန်ဆပ်ရလိမ့်မယ်။ နောက်တက်တဲ့အစိုးရကလဲ အရင်အစိုးရလက်ထက်က ချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ လူတွေဆီက အခွန်အခတွေ တိုးကောက်ရတော့မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေရှိလို့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့အစိုးရတွေဟာ နိုင်ငံခြားက ငွေချေးတဲ့အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြပါတယ်။

ဒါဆို ဒုတိယနည်းကတော့ QE (Quantitative_Easing) လို့ ခေါ်ပါတယ်။ နိုင်ငံတော်ရဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ အများကြီးထုတ်လိုက်တာပါ။ ဘယ်လောက်များများအထိ ထုတ်ဝေသလဲဆိုတာကတော့ ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေရဲ့ တွက်ချက်တတ်တဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်နေပါတယ်။ ပိုက်ဆံတွေ မတရားရိုက်ထုတ်လိုက်လို့ လူတွေလက်ထဲ ပိုက်ဆံအများကြီးရောက်သွားရင် ကုန်ပစ္စည်းတွေ ဈေးတက်လာမယ်။ ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်လာမယ်။

အဲဒီတော့ အစိုးရဟာ နိုင်ငံ့လိုငွေကို ဖြည့်ဆည်းပေးဖို့ ဒီနည်းလမ်းနှစ်ခုထဲက တခုခုတော့ရွေးရလိမ့်မယ်။ မရွေးလို့မရပါဘူး။ ဘတ်ဂျက်မရှိလို့ဆိုပြီး အစိုးရက ဘတ်ဂျက်မချပေးဘူးဆိုရင် အစိုးရရဲ့ ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားမယ်။ နိင်ငံ့တခုလုံးရဲ့ စီးပွားရေးကျဆင်းလာမယ်။ လူတွေရဲ့စီးပွားရေး ထိခိုက်လာမယ်။ လူတွေမကျေနပ်တော့ ဆန္ဒပြကြမယ်။ ဆူပူအုံကြွမှုတွေဖြစ်လာမယ်။ အစိုးရတောင် ပြုတ်ကျသွားနိုင်တယ်။

ဒီတော့ အစိုးရတွေဟာ ဒုတိယနည်းဖြစ်တဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေအများကြီး ထုတ်လိုက်ပါပြီတဲ့။ ထုတ်လိုက်တဲ့ပိုက်ဆံတွေကို ဗဟိုဘဏ်ထဲမှာပဲ အလှကြည့်သိမ်းထားလို့မရဘူးလေ။ တိုင်းပြည်ရဲ့ စီးပွားရေးအထောက်အကူပြုဖို့ လူတွေလက်ထဲကို အဲဒီပိုက်ဆံတွေရောက်အောင် ဖြန့်ရမယ်။ ဘယ်လိုဖြန့်ရမလဲ။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို အတိုးမယူပဲ ငွေချေးပေးမယ်။ Zero_Interest ပေါ့။ ပုဂ္ဂလိကဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို အတိုးနဲနဲလေးပဲယူပြီး ငွေချေးပေးကြမယ်။ မကြာခင်ကပဲ Denmark နိုင်ငံနဲ့ Switzerland နိုင်ငံတွေက အစိုးရတွေဆိုရင် Negative_Interst (0.6%)နဲ့ ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးခဲ့ပါတယ်။ သဘောကတော ပုဂ္ဂလိကဘဏ်တွေက ငွေချေးရင် ဗဟိုဘဏ်ကချေးငွေရဲ့ အတိုး ၀.၆ ရာခိုင်နှုန်း နှစ်စဉ်ပြန်ပေးတယ်။

ဒီ QE (Quantitative_Easing) ကို နိုင်ငံတိုင်းမသုံးရဲကြပါဘူး အစိုးရအနေနဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို အဖက်ဖက်က တွက်ချက်ပြီးမှ လုပ်ရတယ်။ တွက်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင့် နိုင်ငံ့စီးပွားရေးတခုလုံးက မောက်ကမဖြစ်လာနိုင်တာမို့ အင်မတန်ကြီးမားတဲ့ Risk ယူရပါတယ်။ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျပြီး အလုပ်လက်မဲ့တွေထူပြောလာလို့ ဒီ QE ကို ၂၀၀၉ ခုနှစ်ကစပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဒီ QE အတွက် အမေရိကန်ဒေါ်လာ ဘယ်လောက်များများ ထုတ်ဝေပေးလိုက်သလဲဆိုတာ မသိချင်ဘူးလား။ ၂၀၀၉ခုနှစ်ကစလို့ ၆နှစ်ကာလအတွင်း အမေရိကန်အစိုးရဟာ US $3 Trillions။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃ထောင်ပါ။ ထုတ်လိုက်တာတွေက ငွေစက္ကူချည်းပဲ မဟုတ်ပါဘူး။ Digital_Money လဲ ပါပါတယ်။ Digital_Money ကိုတော့ ကြုံမှရှင်းပြပါမယ်။

ယနေ့အချိန်မှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေဖြစ်ကြတဲ့ တရုပ်၊ ရုရှားနဲ့ Europe နိုင်ငံတွေမှာ စီးပွားရေး အတော်လေးကျဆင်းနေကြပါတယ်။ အမေရိကန်နိုင်ငံဟာ QE ကြောင့် အခုစီးပွားရေးအတော်လေး တိုးတက်လာပါတယ်။ အလုပ်လက်မဲ့ဦးရေလဲ သိသိသာသာ ကျဆင်းသွားပါပြီ။ မကြာခင်ကပဲ အမေရိကန်အစိုးရက သူတို့ထုတ်ထားတဲ့ အမေရိကန်ဒေါ်လာငွေတွေကို မနက်ဖြန်ကနေ ပြန်လည်စတင်ပြီး သိမ်းယူတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ တချိန်ထဲမှာပဲ Europe နိုင်ငံတွေကလဲ မနက်ဖြန်ကစပြီး လာမဲ့(၁၈)လအတွင်း ယူရိုငွေ Euro ငွေပေါင်း 1.1Trillion ထုတ်ဝေတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ သူတို့လဲ အမေရိကန်ရဲ့ QE အောင်မြင်မှုကို အားကျပြီး လိုက်လုပ်ကြတော့မယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မကြာခင် ဒီ QE စကားလုံးဟာ ကမ္ဘာတလွှားမှာ popular ဖြစ် ရေပန်းစားလာတော့မှာမို့ သိထားသင့်တယ်ထင်လို့ ရေးပြလိုက်ပါတယ်။
မှတ်ချက်။ အမေရိကန်ဟာ သူရဲ့ဒေါ်လာတွေကို ပြန်သိမ်းယူတော့မှာမို့ ဈေးကွက်မှာ ဒေါ်လာတွေ နည်းသွားလိမ့်မယ်။ အကျိုးဆက်ကတော့ မကြာခင် အမေရိကန်ဒေါ်လာဈေး တက်လာနိုင်တယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

ကြီးပွားအောင်မြင်မှုရဲ့အဓိကသော့ချက်

4:30 AM | ,


ကမ္ဘာ့ဘီလျံနာများဖြစ်ကြတဲ့ ဝါရင်ဘူဖတ်၊ စတိဗ်ဂျော့နှင့် ဘီလ်ဂိတ်တို့ အားလုံးဟာ သူတို့၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများအတွက် ပဓာနကျတဲ့ အရာတစ်ခုကိုသာ တူညီစွာ ရည်ညွှန်း ကြပါတယ်။ တကယ်တော့ သူတို့ ရည်ညွှန်းတဲ့အရာဟာ အလေ့အထတစ်ခုဖြစ်ပြီး သာမန်လူတွေထက် သောက်သောက်လဲ ပိုမိုအောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပါတယ်။ ထိုအလေ့အထဟာ ဘာလဲ၊ ထိုအလေ့အထကို မိမိဘဝမှာ တွေ့ကြုံလာမည့် စီးပွားရေးလုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်တွေမှာ ဘယ်လိုလက်တွေ့ အသုံးချသွားရမှာလဲဆိုတာတွေကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။

အောင်မြင်မှုအတွက် အဓိကအကျဆုံးသော့ချက်
၁၉၉၁ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့အဖေဟာ အခုအချိန်မှာ ပ နှင့် ဒု အချမ်းသာဆုံးသူဋ္ဌေးကြီးတွေဖြစ်လာမယ့် ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖတ်ကို သူတို့၏ အောင်မြင်မှုအတွက် အဓိကအကျဆုံးအရာဟာ ဘာလဲလို့ မေးမြန်းခဲ့ပါတယ်။ နှစ်ယောက်စလုံးက တစ်ညီထဲဖြေကြားခဲ့သည်ကတော့ အာရုံစူးစိုက်မှု Focus ပဲဖြစ်ပါတယ်။ ဘီလ်ဂိတ်ရဲ့ အာရုံစူးစိုက်မှုကို Walter Issac ရေးတဲ့ The Innovators စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။

မိုက်ကရိုဆော့ဖ်ကိုတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်နဲ့ ပေါ်လ်အဲလ်လန်တို့နှစ်ဦးကြားက ကွာခြားချက်ကို ပြရင်တော့ အာရုံစူးစိုက်မှုပဲဖြစ်တယ်။ အဲလ်လန်ရဲ့စိတ်ဟာ အိုင်ဒီယာပေါင်းများစွာ၊ စွဲလမ်းမှုပေါင်းများစွာထဲမှာ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဘီလ်ဂိတ်ကတော့ တစ်ခုထဲကိုပဲ တစ်စိုက်မတ်မတ် အစွဲအလမ်းတကြီး ပြုလုပ်သူဖြစ်တယ်။

ဘီလ်ဂိတ်ရဲ့ သူငယ်ချင်း စီးပွားဖက်ကြီး အဲလ်လန် ကလည်း ဒီလိုပြောပြခဲ့ပါတယ်။
ကျွန်တော်က မြင်မြင်သမျှကို သိချင်၊ စူးစမ်းချင်နေတဲ့အချိန်မှာ ဘီလ်ဂိတ်ကတော့ အလုပ်တစ်ခုကို တစ်ချိန်ချင်းစီ အေးဆေးတည်ငြိမ်စွာ စူးစိုက်လုပ်ဆောင်ပါတယ်။ သူ ပရိုဂရမ်ရေးရင်ပဲ ကြည့်လေ။ ဘီလ်ဂိတ်က မှင်တံ marker လေးကို ပါးစပ်မှာကိုက်၊ ခြေထောက်ကလေး လှုပ်ကာလှုပ်ကာနဲ့ တခြား ဘာအနှောင့်အယှက်ကိုမှ အာရုံမရပဲ မှင်သက်ပြီး ဈာန်ဝင်စားလုပ်ဆောင်ပါတယ်။

ပေါလ်အဲလန်က ထိုသို့ပြောဆိုပြီး ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်သွားတဲ့ သူငယ်ချင်း ဘီလ်ဂိတ်ရဲ့ အရည်အချင်းကို ရည်ညွှန်းပါတယ်။

ဘီလ်ဂိတ်ရဲ့စီးပွားပြိုင်ဘက်ကြီး စတိဗ်ဂျော့ကလည်း အလားတူ အရည်အချင်းရှိပါတယ်။ စတိဗ်ဂျော့ဟာ ပြဿနာတိုင်း၏ အကောင်းဆုံးအဖြေကိုရှာဖွေတိုင်း လက်ဖျားခါလောက်အောင် အာရုံစူးစိုက်လေ့ ရှိပါတယ်။ စတိဗ်ဂျော့တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီ၏ အဓိက Marketing ဒဿနသုံးခုထဲမှာ အာရုံစူးစိုက်မှု Focus ဟာ ဒုတိယအချက်အဖြစ် ဖော်ပြထားတဲ့ သဘောတရားဖြစ်ပြီး အောက်ပါ ဆောင်ပုဒ်ကိုကြည့်လျှင် ထင်ရှားစွာတွေ့မြင် နိုင်ပါမယ်။

ကျွန်တော်တို့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အရေးမကြီးတဲ့ အခွင့်အရေးတွေကို လစ်လျူရှုရပါမယ်။
In order to do a good job of those things we decide to do, we must eliminate all of unimportant opportunities.

အခွင့်အရေးဆိုတာ နှစ်ခါမရရိုးမှန်ပေမဲ့ အခွင့်အရေးတိုင်းကို လက်စုပ်လက်ကိုင်ရယူရန်မလိုပဲ အရေးမကြီးတဲ့ အခွင့်အရေးတွေကို ပစ်ပယ်ပြီး အဓိကကျတာတွေကိုသာ အာရုံစူးစိုက်လုပ်ဆောင် သင့်ကြောင်းပြောပြထားခြင်း ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု Focus ဟာ ဝါရင်ဘူဖတ်အတွက် လည်း အဓိကသော့ချက်ဖြစ်ပါတယ်။ ဘူဖတ်ဟာ စီးပွားရေးကိုသာ အာရုံစူးစိုက်လုပ်ဆောင်လို၍ အနုပညာ၊ စာပေ၊ သိပ္ပံပညာ၊ ခရီးသွားခြင်းနှင့် ဗိသုကာစတဲ့ နယ်ပယ်တွေမှာ အာရုံမများဖို့ စိတ်ပိုင်းဖြတ်ခဲ့ဖူးပါတယ်။

ဘာကြောင့် အာရုံစူးစိုက်မှုဟာ အရေးအရမ်းကြီး ပါသလဲ။
အကြောင်းမှာ စီးပွားရေးတွင်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရာတွင်သော်လည်းကောင်း ဘဝတွင် သော်လည်းကောင်း ကျွန်တော်တို့အားလုံးဟာ သာမန်ရလဒ်တွေထက် ပိုကောင်းတဲ့ အောင်မြင်မှု တွေရလိုလျှင် ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်တွေအပေါ် အတိုင်းထက်အလွန် အာရုံစူးစိုက်ရန် လိုအပ်လို့ပဲ ဖြစ်ပါတယ်။

သာမန်အညတရမှ ကွဲပြားထွက်ခြင်း
သာမန်၊ ပုံမှန် စတဲ့ နာမဝိသေသနတွေမှ ခွဲထွက်ပြီး အောင်မြင်မှုကိုရယူရန် ကျွန်တော်တို့ဟာ တစ်ခုခုမှာ အားလုံးထက် ပိုကောင်းအောင် ကြိုးစားဆောင်ရွက်ရပါမယ်။ ဘာကိုပိုကောင်းရမည်ကို အတိအကျ သတ်မှတ်ထားခြင်းတော့မရှိပါ။ McDonald's ဟာ ဈေးနှုန်းချိုသာခြင်းနှင့် အလွယ်တကူ ကားဖြင့် ဝင်ရောက်၍ ပါဆယ်ဆွဲသွားနိုင်ခြင်းတို့တွင် ပိုကောင်းအောင် အာရုံစူးစိုက်ပါတယ်။ ချပါတီထမင်းလိပ် Burrito ရောင်းသည့် ကုမ္ပဏီ Chipotle ကတော့ ထမင်းလိပ်များစွာကို မြန်ဆန်စွာ ရရှိစေရန် ဝန်ဆောင်မှုအပေါ်မှာ အာရုံစူးစိုက်ပါတယ်။ အားသာချက်ခြင်း မတူညီသော်လည်း ထိုကုမ္ပဏီ နှစ်ခုစလုံးဟာ တစ်ခုထဲတွင်သာ စူးစိုက်လုပ်ဆောင်၍ လျှမ်းလျှမ်းတောက် အောင်မြင်နေပါတယ်။

လက်တွေ့တွင်လည်း ကုမ္ပဏီများနှင့် လူအများကို ကျရှုံးခန်း၏ နိဒါန်းသို့ အရောက်ပို့ဆောင်ပေးသည့် အချိန်မှာတော့ တစ်ခုထဲကို စူးစိုက်မလုပ်ဆောင်ပဲ အခြားအရာများကိုပါ လုပ်ဆောင်ရန် ကြိုးပမ်းလိုက်သောအခါတွင်ပဲ ဖြစ်ပါတယ်။ ထိုအခါတွင် မိမိတို့၏ ပဓာနအကျဆုံးရည်မှန်းချက်များပါ စူးစိုက်မှု အားနည်းလာ၍ သာမန်အညတရအဆင့်သို့ လျောကျသွားနိုင်ပါတယ်။ ဒီအချိန်မှာ အောင်မြင်မှု အတော်အတန် ရရှိပြီးသူတွေက ပိုမို သတိထားပြီး ရည်မှန်းချက်အစစ်အမှန်ကိုသာ အာရုံစိုက်သင့် ပါတယ်။

McDonald ကိုပဲကြည့်ပါ။ Hamburger ကောင်းလို့ နာမည်ကျော်ခဲ့တဲ့ ကုမ္ပဏီဟာ အခြားဖောက်သည်များကိုပါ ဆွဲဆောင်ဖို့ ၄င်းဆိုင်တွေရဲ့ Menu မှာ ရရှိနိုင်တဲ့ အစားအသောက်များကို အမျိုးအစား တိုးမြှင့်ထည့်သွင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မှာစရာများလွန်းတဲ့ Menu ကိုကြည့်ပြီး Customer တွေက ဘာသုံးဆောင်ရမလဲ တွေဝေစဉ်းစားရတော့သလို အစားအစာအမျိုးအစားများလွန်း၍ ပြင်ဆင်ရန် အချိန်ကြာမြင့်လာပြီး စောင့်ဆိုင်းရချိန်တွေ များလာပါတယ်။ အရေးမပါသည့် အရာများတွင် ထွေပြားမိ၍ နဂိုအားသာချက်များကိုပါ မစူးစိုက်နိုင်တော့ပဲ ဝန်ဆောင်မှု ကျဆင်းလာတတ်ပါတယ်။

Apple ကုမ္ပဏီဆိုရင်လည်း စတိဗ်ဂျော့ ပြန်မလာခင်က ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅၀ ကျော်နဲ့ ပြာယာခပ်နေခဲ့ပါတယ်။ စတိဗ်ဂျော့က တစ်ဖန်ရောက်ရှိလာတဲ့နောက်ပိုင်းမှာ Customer တွေကို အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး အတွေ့အကြုံတွေပေးမည့် ရည်မှန်းချက်အပေါ်သာ ပြန်လည်စူးစိုက်ခဲ့ပြီး Apple ကုမ္ပဏီ၏ ကုန်ပစ္စည်း ၁၀မျိုးကိုသာ ဦးတည်ထုတ်လုပ်ရန် လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲခဲ့အပြီးမှာ Apple ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာခဲ့တာ လူတိုင်းသိပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုး
ဘဝအောင်မြင်မှုနှင့် စီးပွားရေးအောင်မြင်မှုမျိုး သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်း အောင်မြင်နိုင်ရန် သာမန်ရင်းနှီးမြှုပ်နှံသူများထက် ပို၍အမြတ်အစွန်းရရန် ကျွန်တော်တို့ဟာ အချိန်အခါသိမှုနှင့် အာရုံစူးစိုက်မှုတို့ကို အထူးလိုအပ်ပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုးဆိုတာ အချိန်အခါရယ်၊ စည်းကမ်းရယ်၊ စိတ်ရှည်ဖို့ရယ် လိုပါတယ်။ ဘယ်လောက်ပဲ ပါရမီပါသော် ကြိုးစားသော်လည်း အချို့အရာတွေဟာ အချိန်အခါရောက်မှ ဖြစ်ထွန်းလာတတ်ပါတယ်။ ဥပမာ အမျိုးသမီးကိုးဦးကို ကိုယ်ဝန်ဆောင်ခိုင်ပြီး တစ်လအတွင်း ကလေးတစ်ဦး မွေးဖွားအောင်လုပ်ဖို့ မဖြစ်နိုင်သလိုမျိုးပါပဲဟု ဟာသနှော၍ ဝါရင်ဘူဖတ်က ရှင်းပြခဲ့ဖူးပါတယ်။

လက်တွေ့မှာ သာမန်ပျှမ်းမျှအမြတ်အစွန်းကိုပဲ ပုံမှန်ရရှိဖို့ ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် အလွန်ခက်ခဲ ပါတယ်။ ဒါကြောင့် မိမိဟာ အတွေ့အကြုံများတဲ့ ဉာဏ်ကြီးရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက် မဟုတ်သေးလျှင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေမှာ ပျှမ်းမျှအမြတ်အစွန်းကိုပဲ ရဖို့ အားထုတ်ကြိုးစားရပါမယ်။ ရင်းနှီးမြှုပ်နှံမှုလောကဆိုသည်မှာ ဉာဏ်ကြီးရှင်တွေတောင်မှ ဗျာများရင် ပါသွားတတ်ပါတယ်။

အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်နိုင်ဖို့ ပထမ အချက်အနေနဲ့ မရှုံးအောင် ဂရုထားစူးစိုက်ရမှာ ဖြစ်ပြီး အခြားသူများအား ဆုံးရှုံးမှုတွေဖြစ်စေတဲ့ အမှားတွေကို နားလည်သိထားရမည်ဖြစ်ကာ ၄င်းအမှားတွေကို ရှောင်ရှားနိုင်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူများ သိသင့်တဲ့ အဆိုပါအမှားတွေဟာ အရောင်း အဝယ်ကို သွက်လက်လွန်စွာ ဆုံးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်ချက် မြင့်မားလွန်းနေခြင်း၊ အရှုံးကို မကြောက်ခြင်း၊ အလွန်အမင်း ချေးငှား၍ ရင်းနှီးမြှုပ်နှံခြင်းနှင့် နေ့စဉ်ဈေးအတက်အကျတွေကိုသာ ကြည့်၍ ဆုံးဖြတ်ချက်များ အလွယ်တကူ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒုတိယသိရမည့် အချက်မှာ မိမိ၏ ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိရှိရန်ဖြစ်ပြီး ထိုရည်ရွယ်ချက်ရရှိရန် အမြဲတစေ သင်ယူနေခြင်း၊ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခြင်းနှင့် မှားယွင်းသော ဆုံးဖြတ်ချက်များချမိချိန်တွင် လျင်မြန်စွာ သုံးသပ်ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခြင်းတို့ကို စူးစိုက်လုပ်ဆောင်နေရမည်ပဲ ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အခွင့်အလမ်းတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို နှံ့စပ်စွာ သိအောင် စူးစိုက်၍ကြိုးစားရပါမယ်။ မိမိ နှံ့စပ်ကျွမ်းကျင်တဲ့ ဒေသ၊ စက်မှုကဏ္ဍ နှင့် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုပါက ကျွန်တော်တို့ အားလုံး စိတ်ချယုံကြည်စွာ ရင်းနှီးသင့်၊ မသင့် ကို သိနိုင်ပါတယ်။ ထို့အတူ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ထိုအတိုင်း ကျွမ်းကျင်နှံ့စပ်စွာ သိရန်ဦးစွာ စူးစိုက်လုပ်ဆောင် ရပါမယ်။ ထိုသို့နှံ့စပ်ရန် စူးစိုက်နိုင်မှသာ ကျွန်တော်တို့ဟာ ဈေးကွက်အတွင်းမှာ အခြားသူတွေမမြင်တဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်ထူးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သာမန်ထက်ပိုတဲ့ အမြတ်အစွန်းတွေကို ရရှိပါမယ်။

နေ့တိုင်းနေ့တိုင်း စာမျက်နှာ ၅၀၀ကျော် လောက်ရှိတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ နှစ်စဉ် စာရင်းရှင်းတမ်းတွေ ကုန်သွယ်ရေးစာစောင်တွေ ဈေးကွက်သုတေသန သုံးသပ်ချက်တွေကို တစိုက်မတ်မတ်ဖတ်ရှုပါ။ ဒီလိုလုပ်မှ စီးပွားရေး အသိပညာတွေ အတွေ့အကြုံတွေ တိုးပွားလာမှာပါ။ အသိပညာဆိုတာ အတိုးနှုန်းတိုးသွားသလိုပဲ စူးစိုက်လေ့ကျင့်လေ၊ အဆများစွာပွားများလာလေပါ။ အခု ပြောတာတွေကို လူတိုင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လုပ်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်ဟူ၍လည်း ဘူဖတ်က အကြံပေးထားပါသည်။

ဘူဖတ်ပြောတာကို လူတိုင်းအလွယ်တကူ လုပ်နိုင်ပါတယ်။ ပြဿနာက အများစုက မလုပ်ကြတာပါ။ အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်း၏ အဓိက သော့ချက်ဟာ တကယ်တော့ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်တဲ့ မိမိ၏ အသိပညာ အတွေ့အကြုံတွေရဲ့ အတိုင်းအတာကို ရှင်းလင်းစွာ သိရှိဖို့ပါ။ ဒါမှ မသိသေး မရှင်းလင်းသေးတဲ့ အရာတွေကို စူးစိုက် လေ့လာနိုင်မှာပါ။ ဒါကြောင့် လေ့လာသုံးသပ်ဖို့ လုံလောက်တဲ့ အချိန်နဲ့ လိုအပ်တဲ့ အာရုံစူးစိုက်မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူများဟာ စတော့ဈေးကွက်ကပေးတဲ့ ပျှမ်းမျှအမြတ်အစွန်း ထက်ပိုရဖို့အတွက် အခြားကိုယ်မသိတဲ့ အစုရှယ်ယာတွေမှာ စူးစမ်းရင်းနှီးခြင်း မပြုသင့်ပါဘူး။

သို့သော်လည်း ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာကို တစူးတစိုက် ကြိုးစားလေ့လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ကို တန်ဖိုးဖြတ်နိုင်မဲ့ ပညာ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းကဏ္ဍကို နားလည်သဘောပေါက်နိုင်မဲ့ ပညာကို နေ့စဉ်တည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။ ဘူဖတ်အောက်မှာပြောထားသလိုပါပဲ။

ကျွန်တော်ဟာ ပိုတော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်တာဟာ ကျွန်တော်က စီးပွားရေးသမားတစ်ဦးဖြစ်လို့ ဖြစ်ပါတယ်၊ ပိုအောင်မြင်တဲ့ စီးပွားရေးသမားဖြစ်တာဟာတော့ ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်လို့ပါ။
I am a better investor because I am a businessman and I am a better businessman because I am an investor.

စီးပွားရေးမှာ နှံ့စပ်ကျွမ်းကျင်ပါမှ ပိုတော်ပိုမြတ်တဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်မှာပါ။ နှံ့စပ်ကျွမ်းကျင်အောင် မိမိဘက်မှ စူးစိုက်စွာ လေ့လာလိုက်စားနေရပါမယ်။

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ဘဝတစ်လျှောက်လုံး စူးစိုက်စွာ တစိုက်မတ်မတ် ပြုလုပ်သွားရမည့် အရာပါ။ တာတိုပြေးတာမျိုးမဟုတ်ပါ။ အကယ်၍ ကျွန်တော်တို့ဟာ အချိန်နှင့် အာရုံစူးစိုက်မှုကို မပျက်မကွက် ပေးစွမ်းနိုင်ပါက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို စွဲမြဲသင်ယူခြင်းဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးတွင် အမြတ်ဝေစုများကို ရရှိစေမှာပါ။

Motley Fools မှာ ဖော်ပြခဲ့တဲ့ Dan Dzombak ရေးသားတဲ့ အကြံပေးဆောင်းပါးကို ဘာသာပြန် တင်ဆက်ထားခြင်းဖြစ်သည်။ အတွေးအမြင်အစုံ အလင်ကို ရင်းနှီးမြှုပ်နှံသူအများ ဖတ်ရှုဆင်ခြင် နိုင်ရန်ရည်ရွယ်၍သာ တင်ဆက်လိုက်ပါသည်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

Warren Buffet ရဲ့ ကြီးပွားချမ်းသာစေကြောင်း

4:30 AM | ,


ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ သရဖူဆောင်းထားတဲ့ Warren Buffet ဟာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးစီးပွားအတွက် အကြံဥာဏ်ကောင်း များစွာရှိပါတယ်။ ဒီအကြံဥာဏ်တွေကို ချုပ်ပြောရရင် ဒီလိုပါ။

ငွေကြေးများစွာကို တစ်ခဏအတွင်း ရှာဖွေနိုင်မယ့် မှော်ဆန်တဲ့ ဖော်မြူလာလေးရှိတယ်။ ဒီဖော်မြူလာကို သင်ဟာတခြားလူတွေထက် ပိုပြီးခွင်ရှာတတ်လို့ တွေ့နိုင်လိမ့်မယ်လို့ ထင်နေတာတွေ ရပ်လိုက်ပါ။ လျှောက်မတွေးပါနဲ့ ဆိုတာပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ သူ့ရဲ့အကြံပြုချက်တွေကို ခြုံကြည့်ရရင် ချမ်းသာမှုဆိုတဲ့ပန်းတိုင်ကို ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ Slow and steady wins the race ကျင့်ထုံးဖြင့်သာရောက်ရှိနိုင်တယ်လို့ ဆိုလိုတာပါ။ တစ်ဆက်တည်းမှာပဲ ရင်းနှီးမြှုပ်နှံမှုဂုရုကြီးရဲ့ ငွေကြေးရင်းနှီးမှုဗျူဟာကို ခြုံငုံဖော်ပြထားတဲ့ အကြံပေးချက်သုံးခုကိုလည်း တင်ပြထားပါတယ်။

၁။ သင်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေကို S&P 500 နှင့် ဆက်စပ်တဲ့ Index fund တွင်ရင်းနှီးပါ။
Buffet ကသေတမ်းစာမှာ သူ့ဇနီးအတွက် ထားခဲ့မယ့် ငွေကြေးအပေါ် အခုလိုရင်းနှီးမြှုပ်နှံဖို့ ဇနီးသည်အား အကြံပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ Index Fund ဟာ ထွက်ပေါ်ခဲ့တာကြာပြီး လူသိများပြီး ဖြစ်သော်ငြားလည်း အကျိုးအမြတ် ဖြစ်ထွန်းဆဲပါ။ S&P 500 ဆိုတာ America ရဲ့ အဆင့်အတန်းမှီကုမ္ပဏီ ၅၀၀ခုရဲ့ စတော့ ဈေးနှုန်းတွေကို အချိုးကျ average လုပ်ထားတဲ့ Indexပါ။ ဒါကြောင့် S&P 500 ကိုဝယ်ရင် ကုမ္ပဏီ၅၀၀မှာ အချိုးကျ ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်သွားတာပါ။

Buffetရဲ့အစီအစဉ်ကတော့ ဒီလိုပါ။ ပိုင်ဆိုင်မှုငွေကြေးရဲ့၁၀ရာခိုင်နှုန်းကို အစိုးရရေတို ငွေတိုက်စာချုပ်မှာ ရင်းနှီးပါ။ ၉၀ရာခိုင်နှုန်းကိုတော့ S&P 500 နှင့်ဆက်စပ်တဲ့ Index Fund တွေထဲက စီမံမှုကုန်ကျ စရိတ်နည်းတဲ့ Fund ပေါ်မှာရင်းနှီးပါ။

Buffet က ဒီဗျူဟာအရ ရေရှည်တွင် ရရှိလာမည့် အကျိုးရလဒ်တွေဟာ အခကြေးငွေများတဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေ ခန့်ထားလေ့ရှိတဲ့ ပင်စင်ရန်ပုံငွေအဖွဲ့တွေ၊ စုပေါင်းရင်းနှီးမှုအဖွဲ့တွေ၊ Mutual Fund တွေရဲ့ ရင်းနှီးမြှုပ်နှံမှုရလဒ်တွေထက် အမြဲသာလွန်လိမ့်မည်ဟု ယုံကြည်ပါတယ်။

Buffet ရဲ့ ဒီမူဝါဒဟာ များသောအားဖြင့် မှန်လေ့ရှိပါတယ်။ သုတေသနတွေအရ ထုတ်ပြန်ချက်တွေကလည်း Buffet ရဲ့ Index Fund တွေက စီမံမှုကုန်ကျစရိတ်တွေများတဲ့ အခြားအဖွဲ့အစည်းတွေထက် အချိန်တိုင်းလိုလို ရလဒ်ပိုကောင်းသည်ဆိုတဲ့ အဆိုကိုလည်း ထောက်ခံထားပါတယ်။

ယုတ္တိကျကျစဉ်းစားရင် ရှင်းရှင်းလေးပါ။ Index Fundတွေဟာ ခုနကပြောခဲ့သလို ကုမ္ပဏီ ၅၀၀ခုရဲ့ စတော့တွေကို အချိုးကျဝယ်ယူထားခြင်းပါ။ ဒီ Index ကို ဝယ်ယူဖို့ အလွန်ကျွမ်းကျင်တဲ့ ငွေကြေးအကြံပေး တစ်ယောက်ရဲ့ ဝန်ဆောင်မှုကို မလိုတဲ့အတွက် ဝန်ဆောင်ခလည်း မပေးရပါဘူး။ စုပေါင်းရင်းနှီးမှုအဖွဲ့ Mutual Fund တွေမှာတော့ ဒီများပြားတဲ့ကုန်ကျစရိတ်တွေ ရှိပါတယ်။ ထို့ကြောင့် Index Fund တွေက အကျိုးအမြတ် ပိုရရှိခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ရေရှည်ဆိုတဲ့စကားလုံးကို ဒီမူဝါဒကို ကျင့်သုံးမယ်ဆိုရင် သတိမူသင့်ပါတယ်။ စတော့ဈေးကွက်တွေဟာ ရေတိုကာလတွေမှာ အတက်အကျများတတ်သလို ဈေးကွက်ပျက်သွားတာတွေလည်း ရှိတတ်ပါတယ်။ ဈေးကွက်ပျက်ခဲ့ရင် ရင်းနှီးမြှုပ်နှံမှုများရဲ့ ဆုံးရှုံးမှုတွေ ပြန်လည်ရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခုပေးပြီး စောင့်စည်းနိုင်ရပါမယ်။ မိမိရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျသွားတိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ထုတ်ရောင်းလို့မသင့်ပါ။ ရေရှည်အကျိုးကိုသာ မျှော်ကိုးသင့်ပြီး အတက်အကျသံသရာတွေကို သတ္တိရှိရှိ၊ စည်းကမ်းရှိရှိ ဖြတ်ကျော်ရင်းနှီးမြှုပ်နှံစွမ်း ရှိရပါမယ်။

၂။ စုဆောင်းတတ်ရန် အကျင့်ကောင်း ရအောင်သင်ယူပါ။
ရုပ်မြင်သံကြား အထူးအစီအစဉ်တစ်ခုမှာ Buffet က အခုလိုပြောကြားခဲ့ပါတယ်။ လူတိုင်းအတွက် အကြီးဆုံးအမှားကတော့ စောစီးစွာ တိတိကျကျ စုဆောင်းတတ်ဖို့ အကျင့်ကောင်းတွေကို မသင်ယူထားခြင်းပါလို့ ကျွန်တော်ထင်တယ်။ စုဆောင်းခြင်းက အကျင့်ဖြစ်နေရမယ်။ ပြီးတော့ တခြားအမှားကြီး နောက်တစ်ခုက မြန်မြန်ချမ်းသာဖို့ ကြိုးစားခြင်းပါ။ လူတန်းစေ့နေနိုင်အောင် ဖြည်းဖြည်းမှန်မှန်ရောက်ရှိဖို့ လွယ်ပေမယ့် တစ်ခဏအတွင်း သောက်သောက်လဲ ချမ်းသာဖို့ကတော့ အိမ်မက်မက်တာပါ။

၃။ စတော့ဈေးကွက်မှာ စတော့ဈေးတွေကျနေရင် ကိုယ့်ရှိတဲ့စတော့တွေကို မရောင်းပါနဲ့။ တခြားစတော့အသစ်တွေ ထပ်ဝယ်ပါ။ မနှစ်က ရလဒ်မကောင်းတဲ့ဝင်ငွေစာရင်း ထုတ်ပြန်ချက်တွေကြောင့် Buffet အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့ စတော့တစ်ချို့ရဲ့ ဈေးတွေကျဆင်းခဲ့ပါတယ်။ Buffet အနေနဲ့ ရက်အနည်းငယ်အတွင်းမှာ ကန်ဒေါ်လာ၂ဘီလီယံလောက် ဆုံးရှုံးခဲ့ပေမယ့် သူ့မူဝါဒအတိုင်း စတော့အသစ်များစွာ ထပ်မံဝယ်ယူခဲ့ပါတယ်။ သူကသတင်းဌာန CNBC ကိုပြောခဲ့သည်ကတော့ စတော့ဈေးနှုန်းများ ကျဆင်းတဲ့အချိန်မှာ ဆုံးရှုံးမှာကြောက်၍ ဈေးကျနေတဲ့ စတော့တွေကို ထုတ်ရောင်းပစ်တဲ့ ရင်းနှီးမြှုပ်နှံသူတိုင်း ဈေးပြန်လည်တက်လာရင် ထိုဆုံးရှုံးမှုတွေကို ပြန်လည်ရရှိဖို့ အခွင့်အရေးဆုံးရှုံးသွားပါပြီ။ ဤအတိုင်း ရေတိုရင်းနှီးမြှုပ်နှံသူတွေ အပေါ်မှတ်ချက်ပြုခဲ့ပါတယ်။

Buffet ဟာ နှေးကွေးတဲ့ အကျဘက်ရောက်နေတဲ့ စတော့ဈေးကွက် Bear Market တွေကို သဘောကျပါတယ်။ စတော့ဈေးနှုန်းတွေကျလေ ပိုမိုဝယ်ယူမှုပြုလေဖြစ်ပါတယ်။ ယျေဘူယျအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို နီးစပ်နားလည်သော စီးပွားရေးကဏ္ဍနှင့် စီးပွားရေးလည်ပတ်ပုံ Business Model တွေမှာ ရှိတဲ့ခိုင်မာတဲ့ စတော့တွေကို ရေရှည်မြှုပ်နှံသင့်ပါတယ်လို့ Buffet ကအကြံပြုခြင်း ဖြစ်ပါတယ်။

အကယ်လို့ ဈေးကွက်က နောက်အပတ်အတွင်းမှာ unit ၅၀၀ လောက် ကျခဲ့မယ်ဆိုတာ သိရင် အဲဒီဈေးကွက်ထဲမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ၄င်းတို့ရဲ့ စတော့တွေကို မနေ့ကတည်းက ဝယ်ထားပြီးပြီဖစ်ကြောင်း Buffet ကရှင်းပြပါတယ်။ ကျွန်တော့်အနေနဲ့ ဈေးကွက်က တက်မလားကျမလား၊ ဘာဖြစ်မလဲဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် စတော့ဈေးကွက်မှာရှိတဲ့ ခိုင်မာတဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ စတော့ကို ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော် ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိပါတယ်ဟု Buffet က ဆိုပါတယ်။

MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

ဘဏ်မှ ငွေချေးမယ်ဆိုရင်

4:30 AM | ,


မြေနှင့်အိမ်၊ တိုက်ကို အပေါင်ထားပြီးဘဏ်မှ ချေးငွေရယူလိုသူများအတွက် လိုအပ်သည့်စာရွက်စာတမ်းနှင့် ဆောင်ရွက်ချက်များ
စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ချဲ့ထွင်ရန်သော်လည်းကောင်း၊ ပိုမိုကျယ်ပြန့်စွာ ကုန်အရောင်းအဝယ် ပြုရန်သော်လည်းကောင်း၊ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်း ပိုမိုဝယ်ယူရန်သော်လည်းကောင်း၊ လှည့်လည်ငွေရင်း Working Capital လုံလောက်စွာရှိရန် လိုအပ်ပါသည်။ ထိုလှည့်လည်ငွေရင်းပမာဏတစ်ခု မိမိလုပ်ငန်းချဲ့ထွင်ရန် လုံလောက်မှုမရှိပါက ဈေးကွက်တွင် ပေါ်ပေါက်လာသည့် အခွင့်အရေးဈေးကွက်ဝေစုနှင့် ဖောက်သည်သစ်များအား လက်လွတ်မခံဘဲ ရရှိရန်အလို့ငှာ ဘဏ်အဖွဲ့အစည်းများထံမှ ချေးငွေရယူရမည် ဖြစ်ပါသည်။ ထိုကြောင့် ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဘဏ်မှ မြေနှင့်အိမ်ကို အပေါင်ထားပြီး ငွေချေးယူရန်လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် စာရွက်စာတမ်းများကို အကျဉ်းချုံ့ တင်ပြလိုက်ပါသည်။

ဘဏ်မှငွေမချေးမှီ အချက်နှစ်ချက် ပြည့်စုံရန် ဦးစွာလိုအပ်ပါသည်။ ပထမအချက်မှာ ငွေချေးယူလိုသူသည် လည်ပတ်နေသော လုပ်ကိုင်ခွင့်လိုင်စင်တစ်ခုခု ရရှိထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု၏ ပိုင်ရှင်ဖြစ်ရပါမည်။ ထိုလုပ်ငန်းသည် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီကို ကိုယ်စားပြုနိုင်သည့် ရာထူးရှိသည့် အမှုဆောင်တစ်ဦးဖြစ်ရမည်ဖြစ်ပြီး ငွေချေးယူရန် သဘောတူညီမှုရှိကြောင်း ဒါရိုက်တာအဖွဲ့မှ ထောက်ခံစာပါရှိရပါမည်။ ဒုတိယအချက်မှာ ထိုစီးပွားရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွင် ဘဏ်မှအပေါင်လက်ခံနိုင်မည့် အာမခံပ္စစည်းတစ်ခုခု ရှိရပါမည်။ ထိုအာမခံပ္စစည်း အမျိုးမျိုးထဲတွင် မြေနှင့် ထိုမြေပေါ်ရှိ အိမ်အဆောက်အအုံတို့သည် မရွှေ့ပြောင်းနိုင်သော အာမခံပ္စစည်းအဖြစ် အကျုံးဝင်ပါသည်။ ထိုနှစ်ချက်ပြည့်စုံပါက ငွေချေးယူမည့် ဘဏ်ရှိ ချေးငွေဌာနတွင် မြေနှင့် အိမ်အပေါင်ခံငွေချေးရန် ပုံစံတင်လျှောက်ထားခြင်း စတင်နိုင်ပြီဖြစ်သည်။ ချေးငွေလျှောက်ထားမှုကို ချေးငွေအရာရှိများနှင့်အတူ လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။

ထိုကဲ့လျှောက်ထားရာတွင် မိမိပိုင် (သို့မဟုတ်) မိမိလုပ်ငန်းပိုင်မြေနှင့် အိမ်တစ်ခုခုကို အပေါင်ထားရမည်ဖြစ်၍ တင်ပြရန် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မြေသည် လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
၂။ ဘိုးဘွားပိုင်မြေ (သို့) ဂရန်မြေဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးသက်တမ်း သုံးလေးနှစ် ကျန်ရှိရမည်။
၃။ ကျေးရွာမြို့နယ် မြေစာရင်းရုံးပုံစံ ၁၀၅၊ ၁၀၆နှင့် ၁က ရှိရမည်။
၎။ မြေနှင့်မြေပေါ် အဆောက်အအုံပိုင်ဆိုင်မှု၊ မှတ်ပုံတင်စာချုပ်၊ မြေပုံ၊ မြေရာဇဝင် ခြောက်လအတွင်း ဆက်စပ်စာချုပ်များရှိရမည်။
၅။ တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိလုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ရယူထားသော လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်း MOA နှင့် သင်းဖွဲ့စည်းမျဉ်း Articles of Association၊ ပုံစံ ၆၊ ၂၆၊ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက မိမိပိုင်အိမ်အတွက် လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်၊ ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ဝင်တို့၏ အစည်းအဝေးမှ ဆုံးဖြတ်ချက်တို့ ရှိရမည်။
၆။ လုပ်ငန်းနှင့် ပတ်သက်သည့် နိုင်ငံတော်သို့ တစ်နှစ်၊ နှစ်နှစ်အတွင်း ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်များဌာနမှ အခွန်ကြွေးမရှိကြောင်း ထောက်ခံစာတို့ရှိရမည်။
၇။ အာမခံအဆောက်အအုံ၊ မြေနှင့် လုပ်ငန်းအဆောက်အအုံတို့ကို မှတ်တမ်းတင်ထားသည့် ရှေ့၊ နောက် ဘေးဝဲယာအတွင်း ဓာတ်ပုံများပါရမည်။
၈။ လုပ်ငန်းနှင့်သက်ဆိုင်သော တစ်နှစ် (သို့) နှစ်နှစ် စာအရှုံးအမြတ်စာရင်း Income Statement ဝင်ငွေ ထွက်ငွေစာရင်း Cash Flow Statement နှင့် လက်ကျန်စာရင်း Balance Sheet များတင်ပြရမည်။
၉။ အာမခံပ္စစည်းနှင့် သက်ဆိုင်သော တခြားလိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံ မြေပုံ၊ မြေရာဇဝင် စသည်တို့ ပါရမည်။
၁၀။ ဘဏ်ထံ အပေါင်ထားမည့်မြေနှင့်အိမ်ကို မိမိအမှန် တကယ်ပိုင်ကြောင်း၊ လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချထားခြင်း မရှိကြောင်း ကျမ်းကျိန်လွှာပါရမည်။
၁၁။ စည်ပင်ခွန်၊ မြေခွန်၊ ပြေစာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက် စသည့် လိုအပ်သည့် စာရွက်စာတမ်းများပါရမည်။
၁၂။ အသစ်ဆောက်ပြီးစ အဆောက်အအုံများသည် ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် Building Completion Certificate ပါရှိရပါမည်။
ထိုလို အပ်ချက်များပြည့်စုံပါက ချေးငွေလျှောက်လွှာအမှုတွဲ ဖွင့်နိုင်ပြီဖြစ်သည်။ ဘဏ်မှ ချေးငွေအရာရှိများသည် အာမခံပ္စစည်းအား ကွင်းဆင်းလေ့လာသွားမည် ဖြစ်သည်။

ထိုသို့လေ့လာရာတွင် အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် ဘဏ်ခွဲဗဟိုရုံးများရှိသည့်မြို့များ၌ တည်ရှိသည်မဟုတ်ပါက ဘဏ်ရာဖြတ်နှင့် ဘဏ်ရှေ့နေတို့၏ အကြိုအပို့တာဝန်ကို ငွေချေးသူဘက်မှ တာဝန်ခံခေါ်ဆောင်ရပါမည်။ ထို့နောက် ဘဏ်ရာဖြတ်သည် အာမခံမည့် မြေနှင့်အိမ်တန်ဖိုးကို သတ်မှတ်၍ ဘဏ်ထံအစီအရင်ခံသွားပါမည်။ ဘဏ်ရှေ့နေမှလည်း သက်ဆိုင်ရာအာမခံပ္စစည်းနှင့် ဆက်စပ်သည့် စာချုပ်များကို မှတ်ပုံတင်ရုံး မြေစာရင်း ဦးစီးဌာနတို့တွင် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်သည်။ ငွေချေးယူသူဘက်မှ အာမခံပ္စစည်းကို မီးအာမခံထားရန်လည်း လိုအပ်ပါမည်။

ဘဏ်ရာဖြတ်၏ တန်ဖိုးသတ်မှတ်ချက် ဘဏ်ရှေ့နေ၏ ထောက်ခံစာ မီးအာမခံနှင့် အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံပါက ချေးငွေလျှောက်လွှာအမှုတွဲ ပြည့်စုံပြီဖြစ်၍ ဘဏ်ချေးငွေစိစစ်ရေးအဖွဲ့မှ ချေးငွေချပေးရန် သင့်မသင့် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ ချေးငွေချပေးရာတွင် အာမခံပ္စစည်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကိုသာ အများဆုံးထုတ်ချေးပါမည်။ ချေးငွေကျပါက ချေးငွေစာချုပ်ကို ငွေချေးယူသူနှင့် ဘဏ်အကြား ချုပ်ဆိုရပါမည်။ အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် သမ္မတမှပြန်တမ်းများ ကြော်ငြာသတ်မှတ်ထားသည့်မြို့များတွင်ရှိပါက ချေးငွေစာချုပ်ကို သက်ဆိုင်ရာဘဏ်တွင်သာ ချုပ်ဆိုနိုင်ပြီး ချေးငွေအတွက် တံဆိပ်ခေါင်းခွန်ပေး ဆောင်ရန်မလိုပါ။ ထိုမြို့များတွင် အာမခံပ္စစည်းမပါ ဝင်ပါက အာမခံပ္စစည်းရှိမြို့၏ မှတ်ပုံတင်ရုံးရှိ မှတ်ပုံတင်အရာရှိထံတွင် ချေးငွေစာချုပ် ပြုလုပ်ချုပ်ဆိုရပါမည်။ ထို့အပြင် ချေးငွေ ၁၀၀ကျပ်လျှင် ၂ကျပ်ခန့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရပါမည်။

ထိုသို့ အဆင့်ဆင့်ဆောင်ရွက်ပြီးစီးပါက ဘဏ်မှချေးငွေ ကို တစ်ပတ်အတွင်း ထုတ်ယူနိုင်တော့မည်ဖြစ်သည်။ ဘဏ်တို့သည် စာရင်းရှင်အပ်ငွေ Current Account ကို ငွေချေးယူသူအမည်သို့ ၄င်း၏ လုပ်ငန်းအမည်ဖြင့် ဖွင့်ပေးပြီး ချေးငွေကို ထည့်သွင်းပေးထားမည် ဖြစ်ပါသည်။ ထိုချေးငွေသည် ကာလတိုနှစ်ချင်းဆပ်ငွေဖြစ်၍ တစ်နှစ်အတွင်း အတိုးကောအရင်းပါ အကျေပြန်ဆပ်ရပါမည်။ တစ်ချို့ဘဏ်များသည် အတိုးကို သုံးလတစ်ကြိမ် ခွဲဝေပေးချေရန် လိုအပ်ပါသည်။ ငွေချေးယူသူများဘက်မှ သက်တမ်းမပြည့်မှီ ချေးငွေ အရင်းကို ပြန်ဆပ်ခဲ့သော်လည်း အတိုးကို တစ်လတိုး၍ တွက်ချက်ကောက်ခံသွားပါမည်။ ခြောက်လနှင့် ပြန်ဆပ်လျှင် ၇လစာနှုန်းဖြင့် တွက်ချက်သွားမည် ဖြစ်သည်။ အချို့ဘဏ်များသည် သုံးလတိုး၍ တွက်ချက်လေ့ရှိပါသည်။

ဘဏ်များထံမှ ငွေချေးယူသည့် လုပ်ငန်းဆောင်တာများအား ယေဘူယျအားဖြင့် ချုံငုံတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ဘဏ်တစ်ခုချင်း၏ မူဝါဒမတူညီမှုများကြောင့် အချိန်ကာလ အပြောင်းအလဲကြောင့် ကွဲပြားခြားနားမှုများ ရှိနိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။

Based on: ဘဏ်အကြောင်းငွေအကြောင်း နှင့် လူတိုင်းအတွက်အိမ်ခြံမြေလမ်းညွှန်
MIW Originals မှ ကူးယူတင်ပြပါသည်။
Read More

ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ (၂)

4:30 AM | ,


သူဋ္ဌေးကြီး Warren Buffett ပြောသည့် ကျွန်တော်အရမ်းနှစ်သက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး

၂။ ဈေးနှုန်းအတက်အကျသာရှိသည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ဒုတိယအမျိုးအစားရင်းနှီးမြှုပ်နှံမှု၏ လက္ခဏာများကို ဆက်လက်လေ့လာကြည့်ပါမည်။ ဤအတန်းအစား တွင်မူ ဈေးနှုန်းအတက်အကျသာရှိပြီးဘာတစ်ခုမှ ထုတ်လုပ်နိုင်စွမ်းမရှိသည့်ပိုင်ဆိုင်မှုများပါဝင်သည်။ ၄င်းတို့ကိုဝယ်ယူခြင်းဖြင့် ငွေချေးစာချုပ်များ ဘဏ် စုငွေများကဲ့သို့ နှစ်စဉ်အတိုး ရရှိမည်မဟုတ်ပေ။ ၄င်းတို့ကိုပိုင်ဆိုင်ရုံဖြင့်ဈေးကွက်တွင် တန်ဖိုးတစ်ခုခု ရှိသည့် ထုတ်လုပ်မှုများ ဝန်ဆောင်မှုများကိုလည်း ထုတ်လုပ်နိုင်မည်မဟုတ်၍ မည်သည့်ဝင်ငွေ အမြတ်ငွေမှမရရှိနိုင်ပါ။ သို့သော် ၄င်းရင်းနှီးမြှုပ်နှံမှု များ၏ ဈေးနှုန်းသည် ဈေးကွက်တွင် အတက်အကျ အပြောင်းအလဲများ အမြဲတစေဖြစ်နေတတ်ပါသည်။ ထိုပိုင်ဆိုင်မှုများမှ အတိုးလည်းမရဘာတစ်ခုမှလည်း မထွက်သည်ကိုသိသော်လည်း ၄င်းတို့ကို ဝယ်ယူ ရင်းနှီးသူများသည် နောင်တစ်ချိန်တွင်အခြားတစ်ဦး က ဈေးပိုပေး၍ ဝယ်မည်ကိုမျှော်မှန်းကာကြိုတင် ဝယ်ယူထားခြင်းဖြစ်သည်။ ၁၇ရာစုတွင် ခတ္တာပန်း များကိုပင် ဈေးအတက်အကျများစွာဖြင့် ဈေး ကစားဝယ်ယူ ရင်းနှီးမှုများဖြစ်ပေါ်ခဲ့ပါသည်။

ထို့ကြောင့် ၄င်းရင်းနှီးမြှုပ်နှံမှုမျိုးသည် ဝယ်ယူရင်းနှီး ထားသူများအတွက် အကျိုးအမြတ်ရရှိစေရန် ဈေးပို ပေး၍ ဝယ်ယူမည့်အခြားဝယ်ယူလိုသူများ ထပ်မံ လိုအပ်ပါမည်။ ထိုသို့ဈေးပိုပေး၍ဝယ်ယူသူများသည် လည်း နောင်တစ်ချိန်တွင် ထိုဈေးထက်ကိုပိုပေးပြီး ဝယ်ယူမည့် အခြားသူများရှိလာမည်ကို မျှော်မှန်း၍ ဝယ်ယူခြင်းဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်နိုင်စွမ်းမရှိပဲအသက်မဲ့နေသည်ကိုသိ သော်လည်းနောင်တွင်အခြားသူများကလိုလိုချင်ချင် ဖြင့် ဈေးပိုပေး ၍ဝယ်ယူလိမ့်မည်ဟူသော ယုံကြည်ချက်ကြောင့် ဝယ်ယူရင်းနှီးကြခြင်းဖြစ်သည်။ ထို့ကြောင့်ယင်းပိုင်ဆိုင်မှုများသည် ဈေးနှုန်းအမြဲ အတက်ပြနေပြီး အကျိုးအမြတ် ကျန်ရှိစေရန် ဈေးပိုပေးမည့်ဝယ်ယူသူများ အမြဲတမ်းလိုအပ် နေမည်ဖြစ်ပြီး ဝယ်ယူသူများရှားပါး သွားပါက ဈေးနှုန်းများသည် ချက်ချင်းပင် တစ်ဟုန် ထိုးကျဆင်း သွားတတ်ပါသည်။

ဤအတန်းအစားရှိအဓိကရင်းနှီးမြှုပ်နှံမှုတစ်မျိုးမှာရွှေ ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းများသော အခုလိုအချိန်တွင် ရွှေသည် ဘဏ်စုငွေနှင့် အတိုးအခြေခံ ရင်းနှီးမြှုပ်နှံမှုများကိုရှောင်ရှားလိုသော ရင်းနှီးမြှုပ်နှံသူများ၏စိတ်ကြိုက်ရွေးချယ်မှု ဖြစ်နေ ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းကိုစိုးရိမ်သည်မှာ မှန်ကန်သောအကြောက်တရားဖြစ်သည်။ သို့သော် ရွှေတွင်အဓိကအားနည်းချက်နှစ်ခုရှိသည် သတိပြု ရပါမည်။ ပထမအားနည်းချက်မှာ ရွှေ၏အသုံးဝင်မှု အလွန်နည်းခြင်းဖြစ်သည်။ ရွှေသည် စက်မှုဆိုင်ရာ အသုံးချမှုနှင့် လက်ဝတ်တန်ဆာဆင်ရန် အသုံးဝင် သော်လည်း ထိုလုပ်ငန်းနှစ်ခုမှနှစ်စဉ် ဝယ်လိုအား သည်နည်းပါးလွန်းပြီး အကန့်အသတ်တစ်ခုတွင်း သာရှိပါသည်။ ဒုတိယအာနည်းချက်မှာရွှေပိုင်ဆိုင် ခြင်းဖြင့်မည်သည့်အရာမျှထပ်မံထွက်ရှိလာမည် မဟုတ်ပါ။ ကျွန်တော်တို့တစ်ချိန်ကပိုင်ဆိုင်ခဲ့သော ရွှေတစ်တုံးသည်ယခုလည်းရွှေတစ်တုံးပဲဖြစ်နေမည်။ ထို့ကြောင့်ရွှေသည် ဈေးနှုန်အတက်အကျသာရှိ၍ ကျွန်တော်တို့၏ စစ်မှန်သောဝယ်ယူသုံးစွဲနိုင်စွမ်း တိုးတက်လာအောင် နှစ်စဉ်မစွမ်းဆောင်ပေးပါချေ။

ရွှေဝယ်ယူလိုသူအများစု၏ယုံကြည်ချက်မှာ ၄င်းတို့ ဝယ်ယူစဉ်ကဈေးနှုန်းထက်ပိုပေး၍ဝယ်ယူရင်းနှီးမည့် အခြားသူများရှိလာမည်ပင်ဖြစ်သည်။ ငွေကြေးဖောင်း ပွမှုနှုန်းကို ကြောက်၍ ရွှေဘက်လှည့်လာခဲ့သော ရင်းနှီးမြှုပ်နှံသူများသည် ၄င်းတို့လိုပဲငွေကြေးဖောင်း ပွမှုကြောင့် ရွှေဝယ်ယူလိုသူများတိုးပွားလာပြီး ဈေးနှုန်းအတက်ပြလာမည်ကို မျှော်မှန်းကြပါသည်။ လွန်ခဲ့သည် ၁၀နှစ်တာကာလတွင် ထိုမျှော်မှန်းချက် များသည် မှန်ကန်သရောင်ရှိခဲ့ပါသည်။ ရွှေဈေးနှုန်း သည် နှစ်တိုင်းလိုလို ငွေကြေးဖောင်းပွမှုထက် ကျော်လွန်၍ အတက်ပြခဲ့သည်။ အတက်ပြနေသည့် ဈေးနှုန်းကြောင့် ရင်းနှီးလိုသူပိုမိုများပြားလာသည်။ ရွှေဈေးအတက်ပြလာမှုသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ အကျိုးအမြတ်ကိုလက်တွေ့ ရရှိသည့် သက်သေပြယုဒ်လိုလိုဖြစ်လာသည်။ ရွှေဝယ်တိုင်းမြတ်သည်ဟူသော လုပ်ကြံဇာတ်ခင်း ယုံကြည်ချက်ကြီးအချိန်ကာလတစ်ခုအထိရှိလာခဲ့ ပါသည်။ ထိုဈေးနှုန်းအတက်ကြောင့်ဝင်ရောက် ရင်းနှီးသူတိုင်းသည် ၄င်းတို့လိုဝယ်ယူလိုသူများ မရှိတော့ပါက ရွှေဈေးနှုန်းပူဖေါင်းကြီးကွဲသွားနိုင်ပြီး အထက်ဈေးပေးခဲ့ရသဖြင့်ဈေးကျသွားပါကဆုံးရှုံးမှု များ ဖြစ်ပေါ်နိုင်သည်ကိုသတိမူသင့်ပါသည်။

လူတိုင်းသည် ဈေးနှုန်းအတက်ပြနေသည့် မည်သည့်အရာကိုမဆိုပကတိတန်ဖိုးမည်မျှပင် နည်းပါး သော်လည်းရင်းနှီးမြှုပ်နှံချင်ကြပါသည်။ ဈေးနှုန်းတက်နေသည်ကိုက ရလဒ်ကောင်းသော အကျိုးအမြတ်ကိုသက်သေပြနေသလိုဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ပကတိတန်ဖိုးကို ဂရုမစိုက်ပဲ ဈေးနှုန်းအတက်ပြသည့်နောက်လိုက်ရင်း ဈေးနှုန်း ပူဖောင်းကြီးဖြစ်ပေါ်လာပြီး ထပ်မံဝယ်ယူရင်းနှီးသူ များ ကြောင့် ထိုပူဖေါင်းကြီးကြီးထွားလာရပါသည်။ လွန်ခဲ့သည့် ၁၅နှစ်ကာလတွင် စစ်မှန်သော ထုတ်လုပ်စွမ်းအား နှင့်တန်ဖိုးမရှိပဲ ဈေးနှုန်းများ ဆက်တိုက်အတက်ပြခဲ့၍ အင်တာနက်ကုမ္ပဏီ တစ်ချို့၏စတော့များနှင့်အိမ်ခြံမြေဈေးကွက်အချို့တို့ရှိရင်းနှီးမြှုပ်နှံမှုတန်ဖိုးများဖောင်းပွခဲ့ခြင်းမှသင်ခန်းစာ ရယူနိုင်ပါသည်။ ဈေးနှုန်းပူဖောင်းတို့မည်သည် ဝယ်လိုအားမရှိတော့၍ အချိန်တန်သည့်အခါတွင် ပေါက်ကွဲကာဈေးနှုန်းများကျဆင်းတတ်ခြင်းရှိသည်ပဲ ဖြစ်ပါသည်။ ပညာရှိသူတို့အရင်ဆုံးလုပ်သည့် အရာကို လူညံ့တွေကနောက်ဆုံးမှလုပ်သည် ဟူသော ရှေးစကားပုံလေးအတိုင်း မည်မျှပင် ဈေးနှုန်းများအတက်ပြနေသည်ဖြစ်စေပကတိတန်ဖိုးထက်လွန်ကဲစွာဈေးနှုန်းမြင့်မားနေသည့် ပူဖောင်း ဈေးကွက်များတွင် ဝင်ရောက်ရင်းနှီးခြင်းမှ ရှောင်ရှားရန်သတိမူသင့်ပါသည်။

ရွှေနှင့်ရွှေကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများကို ဈေးကွက် ပူဖောင်းအန္တရာယ်ကြောင့်သာမကပဲ အခြားပိုအရေး ကြီးသည့် အကြောင်းရင်းတစ်ခုအရပို၍ပင်နှစ်သက် ခြင်းမရှိပါ။ ၄င်းတို့သည် တန်ဖိုးရှိသည့် မည်သည့် အရာကိုမှမထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ယခု ကမ္ဘာပေါ်တွင် ရွှေစုစုပေါင်းတန်ချိန် မက်ထရစ်တန် ၁၇၀၀၀၀ခန့် ရှိပါသည်။ ၆၈ပေခန့်ပတ်ပတ်လည်စီ ရှိမည့်ရွှေကုဗတုံးကြီးတစ်တုံးရပါမည်။ တစ်အောင်စ လျှင် ကန်ဒေါ်လာ၁၇၅၀ အခုချိန်ရွှေဈေးအရရှိပါက ထိုရွှေတုံးကြီးသည်ကန်ဒေါ်လာ ၉ဒသမ၆ထရီလျံခန့် ရှိပါမည်။ ထိုရွှေတုံးကိုဝယ်ယူယူရင်းနှီးမည့် ရင်းနှီးမြှုပ်နှံမှုကို အစု က ဟုသတ်မှတ်ထားပါမည်။

ထိုပမာဏအတိုင်း အစု ခ ရင်းနှီးမြှုပ်နှံမှုကို ဖန်တီး ကြည့်ပါမည်။ ဒေါ်လာ၉ဒသမ၆ထရီလျံရှိ၍ အမေရိကနိုင်ငံရှိ လယ်မြေ ဧကပေါင်း သန်း၄၀၀ ခန့်ဝယ်ယူနိုင်ပါမည်။ ထိုလယ်မြေများမှ ဂျုံပြောင်း သီးနှံအစရှိသည့်လယ်ယာထွက်ကုန်များနှစ်စဉ် ဒေါ်လာ၂၀၀ဘီယျံဖိုးခန့်ထုတ်လုပ်ပေးပါမည်။ ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ၄၀ဘီလျံ အမြတ် ရရှိသည့် Exon Mobil ရေနံနှင့်လောင်စာဆီ ကုမ္ပဏီလိုမျိုးကုမ္ပဏီပေါင်း ၁၆ခုခန့်ထပ်မံဝယ်ယူ နိုင်ပါသည်။ ၄င်းတို့နှစ်မျိုးစလုံးဝယ်ယူပြီးပါက ကျွန်တော်တို့တွင် ဒေါ်လာ ၁ထရီလျံခန့် ကျန်ဦး မည်ဖြစ်သည်။ ထိုငွေကိုဘာမျှမလုပ်ပဲသည်အတိုင်း ထားမည်။ ယင်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းကို အစု ခ ဟုထားမည်။ ကျွန်တော်တို့ဆိုလျှင် မည်သည့် အစုကိုရွေးမည်နည်း။ အစု ခ ရွေးမည်မှာရှင်းပါ သည်။ အစု က ကိုရွေးပြီးအစု ခ ကိုပယ်သည့် ရင်းနှီးမြှုပ်နှံသူကိုကျွန်တော်တို့နားလည်နိုင်မည် မဟုတ်ပါ။

ထို့အပြင်သိရမည်မှာ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁၆၀ ဘီလျံဖိုးခန့်ရွှေများထပ်မံထုတ်လုပ်နေခြင်းဖြစ်သည်။ ထိုထုတ်လုပ်မှုပမာဏသည် လက်ဝတ်တန်ဆာ ပြုလုပ်ရန် စက်မှုဆိုင်ရာထုတ်လုပ်မှုများအတွက် အသုံးချရန်သာမက ရွှေဈေးကစားသူသစ်များ ရွှေဝယ်ယူစုဆောင်းလိုသူသစ်များ အတွက် လုံလောက်သည်ထက်ပိုလျံနေပါသည်။ ထို့ကြောင့် အစု က ရှိဒေါ်လာ ၉ဒသမ၆ထရီလျံတန်ရွှေတုံးကြီး သည်ရေရှည်တွင်ဝယ်လိုအားသိသိသာသာတိုးတက် မလာနိုင်၍ မူရင်းဝယ်ဈေးအတိုင်းရှိနေပါမည်။

တစ်ဖက်ကိုကြည့်ပါက အစု ခ ရှိလယ်မြေဧကသန်း ၄၀၀ သည်ရာစုတစ်ခုအကြာတွင်မရေမတွက် နိုင်သော ဂျုံ ပြောင်း စပါး ကောက်ပဲသီးနှံများစွာ ထုတ်လုပ် ပေးသွားနိုင်မည်ဖြစ်ပြီး ထိုအတိုင်း ထပ်မံထုတ်လုပ်ပေးနေနိုင်ဦးမည်ဖြစ်သည်။ ငွေကြေးတန်ဖိုးကျသည်ဖြစ်စေတက်သည်ဖြစ်စေ ၄င်းထုတ်လုပ်မှုများမှနှစ်စဉ်ဝင်ငွေများစွာ ရရှိနေ မည်ဖြစ်သည်။ Exon Mobil လိုကုမ္ပဏီ၁၆ခုသည် လည်း အမြတ်ဝေစုပေါင်း ထရီလျံပေါင်းများစွာကို ကျွန်တော်တို့အားခွဲဝေပေးခဲ့နိုင်မည်ဖြစ်ပြီး ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများသည်လည်းမူရင်းတန်ဖိုး ဒေါ်လာ ၉ဒသမ၆ထရီလျံထက်အဆပေါင်းများစွာ တန်သောပိုင်ဆိုင်မှုများရှိနေမည်ဖြစ်ပါသည်။ အစု က ရှိ ၁၇၀၀၀၀တန်ချိန် ရွှေတုံးကြီးမှာမူ အရွယ်အစားလည်းကြီးမလာ ဘာမှလည်း ထုတ်လုပ်မပေးနိုင်ပဲရှိအည်။ ကျွန်တော်တို့က ထိုရွှေတုံးကြီးကို တယုတယပွတ်သပ်ပေးရင်လျှင် လည်း ပြန်လည်တုံ့ပြန်မည်မဟုတ်ပါ။

ရွှေသည် စီးပွားရေးမတည်ငြိမ်သောကာလများတွင် ဝယ်ယူကိုင်ဆောင်သူများရှိသဖြင့် ဈေးအတက်ပြနိုင် အကျိုးအမြတ်ရှိနိုင်သည်ကိုဝန်ခံပါသည်။ သို့သော် အစု ခ ရှိရင်းနှီးမြှုပ်နှံမှုများမှနှစ်စဉ်ထုတ်လုပ်မှုများ ရောင်းချ၍ရရှိလာသောဝင်ငွေသည် အစု က ရှိ ရွှေတုံးကြီး၏ဈေးအတက်ပြမှုအနည်းငယ်ထက် အဆပေါင်းများစွာ ဆပွားနှုန်းဖြင့်သာလွန်နေပါမည်။ ထိုကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုတန်ဖိုးကို ငွေကြေးဖောင်းပွမှုနှုန်းများသည့်အချိန်များတွင် အထောက်အလျောက်ထိန်းသိမ်းပေးနိုင်သော်လည်း ထုတ်လုပ်နိုင်စွမ်းမရှိသည့်အပြင် ဈေးနှုန်းပူဖောင်း များပါကြုံကြိုက်နိုင်သည့် ရွှေကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများကိုကျွန်တော်မနှစ်သက်ပါ။ ရေရှည် တွင်အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစွာမြှင့်တင်ပေးရန် မသေချာ၍သာဖြစ်ပါသည်။

၃။ကျွန်တော်ကြိုက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ဖော်ပြခဲ့သည့်ရင်းနှီးမြှုပ်နှံမှုအမျိုးအစားနှစ်မျိုးသည် စီးပွားရေးဈေးကွက်အတွင်းအဆိုးမြင်မှုနှင့်အကြောက် တရားများဖုံးလွှမ်းနေသည့်အချိန်များတွင် လူကြိုက်များကြပါသည်။ စီးပွားရေးပျက်ကပ်များတွင် လူအများစုသည် အခြားရင်းနှီးမြှုပ်နှံမှုများမလုပ်ပဲ အစိုးရငွေချေးစာချုပ်များဝယ်ယူခြင်း ဘဏ်စုငွေဖွင့် ခြင်း စသည့်ပိုက်ဆံအတိအကျပြန်ရမည့်အတိုး အခြေခံရင်းနှီးမြှုပ်နှံများတွင်သာထည့်ဝင်ကြသည်။ ငွေကြေးတစ်ရပ်မခိုင်မာတော့၍ ငွေဖောင်းပွမှု ကြီးမားလာသည့်အချိန်များတွင်လည်း ရွှေကဲ့သို့ သောရင်းနှီးမြှုပ်နှံမှုမျိုးတို့တွင်ပြောင်းရွှေ့ရင်းနှီး ကြသည်။ အမှန်တွင် ထိုအချိန်များသည် ထုတ်လုပ်မှုနှစ်စဉ်ပုံမှန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများတွင် နှုန်းထားသက်သာစွာဖြင့်ထည့်ဝင်ရင်းနှီးရန် အကောင်းဆုံးအချိန်များဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ်စီးပွားပျက်ကပ်တွင်မူ ပိုက်ဆံတန်ဖိုးမြင့်မားနေ ပြီးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုနှုန်းထား သက်သာစွာဖြင့် ဝယ်ယူနိုင်သော်လည်း ပိုက်ဆံရှိရင်ဘုရင်ပဲဟုဆိုကာ ပိုက်ဆံကိုအသုံးချ မြှုပ်နှံသင့်သော်လည်း ကိုင်ထားလိုကြသည်။ အလားတူ ၁၉၈၀လွန်နှစ်များတွင် အတိုးအခြေခံ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုများတွင် ထည့်ဝင်သင့်သည့်အချိန်တွင်လည်း ပိုက်ဆံသည် အမှိုက်ဟုဆိုကာ ၄င်းတို့တွင် ရင်းနှီးမမြှုပ်နှံပဲ ဈေးနှုန်းပူဖောင်းများဖြင့်ဈေးအတက်ပြနေသော ရင်းနှီးမြှုပ်နှံမှုများကိုဈေးကြီးပေးဝယ်ယူရင်းနှီးကြ သည်။ ထိုကာလများတွင် အများအတိုင်းလိုက်၍ ရင်းနှီးမြှုပ်နှံလိုသူများသည် အများထောက်ခံသည့် ရင်းနှီးမှုမျိုးပြုလုပ်ရင်း ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ ရပါသည်။

ထို့ကြောင့် ကျွန်တော်ကြိုက်နှစ်သက်သည့် ရင်းနှီး မြှုပ်နှံမှုအမျိုးအစားမှာ ထုတ်လုပ်ဖြစ်ထွန်းမှုများရှိ သည့် ပိုင်ဆိုင်မှုများဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း များ လယ်ယာမြေများ အလားအလာရှိသည့် အိမ်ခြံမြေများ နှင့်တန်ဖိုးရှိသည့်ထုတ်ကုန်များ ဝန်ဆောင်မှုများထုတ်လုပ်သည့် ကုမ္ပဏီများ စသည်တို့တွင်ထည့်ဝင်ရင်းနှီးခြင်းသာလျှင် ရေရှည် တွင်စစ်မှန်ပြီးမြင့်မားသည့်ဝယ်ယူသုံးစွဲနိုင်စွမ်း Purchasing Power ကိုဖန်တီးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများမှ ထုတ်လုပ်လိုက် သောထွက်ကုန်များသည် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်နေသည့်အချိန်များတွင်ပင် ငွေကြေးဖောင်းပွ မှု ကြောင့်၎င်းတို့၏တန်ဖိုးများကျဆင်းသွားမည် မဟုတ်ပဲ အလိုက်သင့်ဈေးနှုန်းများတက်ကာ ၄င်းတို့၏မူရင်းတန်ဖိုးကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုထွက်ကုန်များကို ရောင်းချ၍ရရှိသော အမြတ်များသည်လည်း ငွေကြေးဖောင်းပွမှုနှုန်း အတိုင်းလိုက်၍မြင့်မားလာမည်ဖြစ်၍ ထိုအကျိုး အမြတ်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစေပါသည်။ ဘဏ် စုငွေနှင့်အစိုးရငွေတိုက်စာချုပ်များမှရရှိမည့် အတိုးနှုန်းကဲ့သို့ငွေကြေးဖောင်းပွမှု၏ဝါးမျိုမှုကြောင့် ရရှိမည့်အကျိုးအမြတ်များနည်းပါးတော့မည် မဟုတ်ပါ။ ထို့ကြောင့် လယ်ယာမြေများ အိမ်ခြံမြေ ပိုင်ဆိုင်မှုများ နှင့် Coca Cola၊ IBM နှင့် See's Candy စသည့်ခိုင်မာသည့်လုပ်ငန်းများသည် ဈေးကွက်အတွင်းရှိငွေကြေးဖောင်းပွမှုအန္တရာယ်မှ အမြဲကျော်လွှားနိုင်မည်ဖြစ်သည်။ တစ်ချို့ကုမ္ပဏီ လုပ်ငန်းများသည်ငွေကြေးဖောင်းပွမှုကြောင့် ၄င်းတို့၏ စတော့ရှယ်ယာများသည် ဈေးကြီး နေတတ်ပါသည်။ ထိုကြောင့်ထည့်ဝင်ရင်းနှီး မှုပမာဏများပြီး အမြတ်ရရှိမှုနည်းနေတတ်ပါသည်။ ထိုသို့ဖြစ်နေလျှင်ပင် ၄င်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များနှင့် ရွှေကဲ့သို့ပ္စစည်းများထက် ရေရှည်တွင်ပိုမို သာလွန်နေပေမည်။

ငွေကြေးတစ်ရပ်ကိုရွှေအကြွေစေ့ ခရုခွန် သို့မဟုတ် ငွေစက္ကူ မည်သည့်အရာဖြင့် နောင်တစ်ချိန်တွင် စံနှုန်းထားသုံးစွဲနေသည်ဖြစ်စေ အများပြည်သူတို့ သည် ၄င်းတို့၏နေ့စဉ်လုပ်အားရလဒ်များထဲမှ အချို့ကို Cola တစ်ပုလင်းအတွက်သော်လည်း ကောင်း မြေပဲစားလှော်တစ်ထုပ်အတွက်သော်လည်း ကောင်း သုံးစွဲဝယ်ယူနေမည်ဖြစ်သည်။ အနာဂတ် တွင် လူသားများသည် ပိုမိုထုတ်လုပ်မှု ပိုမိုစားသုံးမှု နှင့် ပိုမိုကောင်းမွန်သည့်နေထိုင်မှုများ ကိုသာ ပြုလုပ်နေပါမည်။ ထို့ကြောင့်လူတိုင်းသည် မိမိ၏ ထုတ်လုပ်မှုများကို အခြားသူများ၏ထုတ်လုပ်မှုများ ဖြင့် အစဉ်အမြဲလဲလှယ်နေမည်ဖြစ်သည်။ သို့တည်း ကြောင့် ထုတ်လုပ်မှုရှိသောပိုင်ဆိုင်မှုများသည်သာ ပကတိတန်ဖိုးတစ်ခုခိုင်မာစွာရှိနေမည်ဖြစ်ပြီး ထိုကဲ့သို့ပိုင်ဆိုင်မှုများတွင်သာရင်းနှီးမြှုပ်နှံသင့် ပါသည်။

ကျွန်တော်တို့နိုင်ငံရှိစီးပွားရေးလုပ်ငန်းများစွာသည် နိုင်ငံသားများလိုလားတောင့်တသည့် ထုတ်ကုန်များ ဝန်ဆောင်မှုများကိုအမြဲတစေထုတ်လုပ်ရောင်းချ ပေးနေပါသည်။ ထိုစီးပွားရေးလုပ်ငန်းများသည် ဈေးကွက်၏လိုလားတောင့်တမှုများကိုဖြည့်စည်းရန် နှစ်ပေါင်းများစွာဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး ၄င်းတို့၏ရင်းနှီးမြှုပ်နှံရှင်များအား များစွာသော အကျိုးအမြတ်များကိုနှစ်စဉ်ပေးဝေနေလိမ့်မည်။ ထိုလုပ်ငန်းများ၏တန်ဖိုးကို တိုင်းတာရာတွင် ဈေးကွက်အတွင်းရှိငွေကြေးတန်ဖိုးတစ်ခုတည်း ဖြင့်တိုင်းတာ၍ မရနိုင်ပါ။ ၄င်းလုပ်ငန်းတို့၏ လူအများနှစ်သက်လက်ခံသော ကုန်ပ္စစည်းများ ဝန်ဆောင်မှုများ ထုတ်လုပ်ပေးစွမ်းနိုင်စွမ်းကို သာကြည့်၍ တိုင်းထွာအကဲဖြတ်ရပါမည်။ ထိုကဲ့သို့ ထုတ်ကုန်မျိုးကို အမြောက်အများထုတ်လုပ်နိုင်သည့် စီးပွားရေးလုပ်ငန်း လယ်ယာမြေ အိမ်ခြံမြေ တို့တွင် သာရင်းနှီးမြှုပ်နှံခြင်းသည်သာလျှင် ရင်းနှီးမြှုပ်နှံသူ တို့၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို ဆပွားမှုများစွာ ဖြင့်မြင့်မားစေပါမည်။ ကျွန်တော်တို့ ဘက်ရှိုင်းယားကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့ ထုတ်လုပ်မှုစွမ်းအားမြင့်မားသည့်လုပ်ငန်းများတွင် ပိုင်ဆိုင်မှုများတိုးမြှင့်ရန်ဖြစ်သည်။ ထိုစွမ်းအားမြင့်မား သည့်လုပ်ငန်းများကို ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းသာအလုံးစုံ ပိုင်ဆိုင်လိုသော်လည်း အခြေအနေအရဈေးကွက်အတွင်းရှိဝယ်ယူနိုင်သည့် စတော့ရှယ်ယာအရေအတွက်ကိုသာတိုးချဲ့ဝယ်ယူ သွားပါမည်။ အထက်ပါအတန်းအစားများ အနက် ဤရင်းနှီးမြှုပ်နှံမှုမျိုးသည်သာ ရေရှည်ကာလတစ်ခု အကြာတွင် ရင်းနှီးမြှုပ်နှံသူများ၏ဝယ်ယူသုံးစွဲနိုင်စွမ်း ကိုအမြင့်မားဆုံးဖြစ်စေနိုင်ပါသည်။ ထို့အပြင် လုံခြုံစိတ်ချရဆုံး အတန်းအစားလည်းဖြစ်ပေသည်။

Warren Buffett ၏ ၂၀၁၁ခုနှစ်တွင် ဘက်ရှိုင်းယား ကုမ္ပဏီအစုရှယ်ယာရှင်များထံထုတ်ပြန်ချက်တွင် ပါရှိသော ရင်းနှီးမြှုပ်နှံမှုအတွေးအမြင်ကို လက်ရှိ မြန်မာနိုင်ငံအခြေအနေများနှင့်နှိုင်းယှဉ်လေ့လာရန် သင့်တော်၍ ဆီလျော်စွာဘာသာပြန် တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ Buffett ၏ နှစ်စဉ်ထုတ်ပြန်ချက်ပါ ပေးစာများသည် ရင်းနှီးမြှုပ်နှံမှုလောကတွင် မှတ်သားလေ့လာစရာများ အဖြစ်ထင်ရှားသည်။

Buffett ၏ပေးစာမှလေ့လာမှတ်သားစရာများ
၁။ရွှေသည်ထုတ်လုပ်မှုတစ်စုံတစ်ရာပြုလုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုမျိုးမဟုတ်၍ ရင်းနှီးသူ၏ ဓနကို တိုးပွားအောင်မစွမ်းနိုင်ချေ။
၂။ရွှေသည်ဈေးနှုန်းအတက်အကျသာရှိသည့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သည်။
၃။ရွှေနှင့်၎င်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုများသည် ဈေးနှုန်းပူဖောင်းများကွဲသွားပါကဆုံးရှုံးမှုများရှိနိုင်၍ ဈေးနှုန်းများမြင့်မားနေပြီးအတက်ပြနေသည့်အချိန် တွင် ဝင်ရောက်မရင်းနှီးသင့်ပါ။
၎။ထုတ်လုပ်မှုများနှစ်စဉ်ထွက်နေသည့် စီးပွားရေးလုပ်ငန်း လယ်ယာမြေ အလားအလာရှိသည့် အိမ်ခြံမြေ တို့တွင်သာရင်းနှီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
၅။ထိုရင်းနှီးမြှုပ်နှံမှုများမှထွက်သည့်ထုတ်ကုန်များ၏ ဈေးနှုန်းသည် ငွေဖောင်းပွမှုနှုန်းအတိုင်း လိုက်လံမြင့်မားမည်ဖြစ်သည်။
၆။ထုတ်လုပ်မှုရှိသည့်ပိုင်ဆိုင်မှုများသည်သာ ရေရှည်တွင် ရင်းနှီးသူ၏ပကတိဓနကို တိုးပွားစေနိုင်ပါသည်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ (၁)

3:30 AM | ,


သူဋ္ဌေးကြီး Warren Buffett ပြောသည့် ကျွန်တော်အရမ်းနှစ်သက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ရင်းနှီးမြှုပ်နှံခြင်းကိုအနာဂတ်မှာ ပိုမိုများပြားသည့် ပိုက်ဆံများရရှိရန်ယခုအချိန်မှာရှိသည့်ပိုက်ဆံကို အသုံးချမြှုပ်နှံသည့်လုပ်ရပ်ဟုများသောအားဖြင့်ဖွင့်ဆို ကြသည်။ ကျွန်တော်တို့ကပိုမိုပြည့်စုံသည့်ရှုထောင့် ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။ ရင်းနှီးမြှုပ်နှံခြင်းသည် လက်ရှိအချိန်တွင်မိမိ၏ ဝယ်ယူသုံးစွဲနိုင်စွမ်း Purchasing Power ကို အခြားအခွင့်အလမ်းများထံ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခဲ့၍ နောင်အခါ မိမိထံတွင် ပိုမိုကြီးမား သည့်ဝယ်ယူသုံးစွဲနိုင်စွမ်းတွေကိုထိုအခွင့်အလမ်းများ မှ ပြန်လည်ရရှိရန်မျှော်မှန်းနိုင်ရပါမည်။ ထိုမှသာ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နောင်ကာလတွင်ပိုက်ဆံ များ ပိုမိုရရှိသော်လည်း မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းက တိုးတက်မလာသော် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု မဖြစ်နိုင်ပါချေ။ အတိုချုပ်ပြောပါက နောင်အနာဂတ်မှာ ပိုမိုသုံးစွဲမှု စားသုံမှုများပြုရန် အခုသုံးစွဲနိုင်သည် များကို လက်လွတ်ရင်းနှီးလိုက်ခြင်းသည်ရင်းနှီးမြှုပ်နှံခြင်း Investing ပင်ဖြစ်သည်။

ကျွန်တော်တို့၏ထိုအဓိပ္ပာယ်မှ အရေးကြီးသည့် ကောက်ချက်ထပ်မံချနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု တစ်ခု၏ ဆုံးရှုံးနိုင်ချေရှိမှု Riskiness ကို တိုင်းတာ ရာတွင် ၄င်းရင်းနှီးမြှုပ်နှံမှု၏ ဈေးနှုန်းတန်ဖိုးအတက် အကျအပြောင်းအလဲများကိုကြည့်၍မတိုင်းတာနိုင်ပါ။ ၄င်းရင်းနှီးမြှုပ်နှံမှုကြောင့်ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူ သုံးစွဲနိုင်စွမ်းသည် ကာလတစ်ခုအကြာတွင်လျော့ကျသွားနိုင်ခြင်းရှိမရှိကိုသာတိုင်းတာရပါမည်။ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်မှုများ သည် အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲ အတက်အကျဖြစ်နေပါမည်။ သို့သော်ဈေးနှုန်း အတက်အကျများဖြစ်နေရုံဖြင့် ၄င်းရင်းနှီးမြှုပ်နှံမှုများ အား ဆုံးရှုံးနိုင်ချေများသည်ဟူ၍ ကောက်ချမချနိုင်ပါ။ ဈေးနှုန်းများမည်မျှပင်ကျနေသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို ကာလ တစ်ခုအတွင်း မြင့်မားစေသောရင်းနှီးမြှုပ်နှံမှုကို အရှုံးများသည်ဟု မပြောနိုင်ပါချေ။ ထို့အပြင်ဈေးနှုန်း အပြောင်းအလဲမရှိတည်ငြိမ်နေသောရင်းနှီးမြှုပ်နှံမှုများ သည်လည်းဆုံးရှုံးနိုင်ချေများနှင့် ပြည့်နေတတ် ပါသည်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာသည် ကွဲပြား ခြားနားမှုမျိးစုံဖြင့်တည်ရှိနေတတ်ပါသည်။ ၄င်းတို့ကို အတန်းအစားသုံးမျိုးခွဲခြားနိုင်ပါသည်။ အတန်းအစား တစ်ခုချင်းစီ၏ လက္ခဏာများကိုနားလည်ရန် အရေး ကြီး၍ သုံးသပ်လေ့လာကြည့်သင့်ပါသည်။

၁။ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုမျိုး
အတိုးတစ်ခုပုံမှန်ပေးမည်ဖြစ်ပြီးကာလတစ်ခုအကြာ တွင် ငွေအရင်းတစ်ခုကိုအတိအကျမပျက်မကွက် ပြန်ရရှိမည့်ရင်းနှီးမြှုပ်နှံမှုအတန်းအစားဖြစ်သည်။ ဘဏ်စုငွေများ ဘဏ်စာရင်းသေအပ်ငွေများ အစိုးရ ငွေချေးစာချုပ်များငွေတိုက်စာချုပ်များအပေါင်စာချုပ် များ နှင့် ကုမ္ပဏီငွေချေးစာချုပ်များစသည့်အလားတူ အတိုးရနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ ၄င်း ရင်းနှီးမြှုပ်နှံမှုများသည် ဈေးနှုန်းအတက်အကျ အပြောင်းအလဲမရှိသော်လည်း အမှန်တကယ်တွင် ဆုံးရှုံးနိုင်ချေ Risk အလွန်ကြီးမားပါသည်။

ဤအတန်းအစားတွင် ရင်းနှီးမြှုပ်နှံသူများသည် အချိန်မှန်စွာ အတိုးနှင့်အရင်းကိုရရှိနေတတ်ပါသည်။ သို့သော်လည်း အတိတ်ကာလတစ်လျှောက်ကို ကြည့်ပါကဤအတန်းအစားရှိရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတိုင်းရှိ ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်ယူသုံးစွဲ နိုင်စွမ်းကို လျော့ကျနည်းပါစေခဲ့ပါသည်။ ဤ အကျည်းတန်သောဖြစ်ရပ်သည် ရင်းနှီးသူတိုင်း၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို နည်းပါးစေရန် ထပ်မံ ဖြစ်ပေါ်နေပါဦးမည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းရှိ အစိုးရများသည်သာ ငွေစက္ကူများထပ်မံ ရိုက်ထုတ်ခွင့်ကိုပိုင်ဆိုင်၍ ငွေကြေးတစ်ခုတန်ဖိုးကို ၄င်းတို့သာ သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့နောက်စီးပွားရေးစနစ်၏ အကြောင်းအမျိုးမျိုးသည် အစိုးရများအား ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် မူဝါဒများသာချမှတ်၍ဖြေရှင်းရန်အမြဲတစေသွယ်ဝိုက် တွန်းအားပေးနေမည်ဖြစ်သည်။ အချိန်တိုင်းတွင် ထိုမူဝါဒများကြောင့် ထိန်းချုပ်နိုင်သည်ထက်ပို၍ ငွေကြေးဖောင်းပွမှုများ Inflation ဖြစ်ပေါ်ခဲ့ပါသည်။

ခိုင်မာသောငွေကြေးတစ်ရပ်ကိုပြင်းထန်စွာ လိုလား သည့် အမေရိကလိုနိုင်ငံမျိုးတွင်ပင် ကျွန်တော်က ဘက်ရှိုင်းယား Berkshire ကုမ္ပဏီကို စတင် တာဝန်ယူသည့်ခုနှစ်၁၉၆၅ခုနှစ်မှစ၍ကန်ဒေါ်လာ၏ တန်ဖိုးသည် ယခုအခါ ၈၆ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ပါပြီ။ ထိုအချိန် ၁ ဒေါ်လာသာတန်သည့်အရာကို အခု ၇ ဒေါ်လာအထက်ပေးနေရပြီဖြစ်သည်။ ဤ ငွေကြေးဖောင်းပွမှု၏အကျိုးဆက်ကြောင့် အခွန်ငွေ မဆောင်ရသည့်ဘဏ်အပ်ငွေများ ငွေချေးစာချုပ်များ တွင် ထည့်ဝင်ရင်းနှီးထားသော ရင်းနှီးမြှုပ်နှံသူများ သည် တစ်နှစ်လျှင်အတိုးနှုန်း ၄ဒသမ၃ ရာခိုင်နှုန်း အနည်းဆုံးရရှိရန်လိုအပ်ပါမည်။ ထိုနှုန်းထားဖြင့် ရရှိမှသာရင်းနှီးမြှုပ်နှံသူများ၏၁၉၆၅ခုနှစ်တွင်ရှိသည့် ဝယ်ယူသုံးစွဲနိုင်စွမ်းကို ထိန်းသိမ်းနိုင်ရုံသာရှိ သေးမည်။ ၁၉၆၅ခုနှစ်တွင်ဝယ်ယူနိုင်မည့်အရာကို ယခုအချိန်တွင် ဝယ်ယူနိုင်ရုံသာပိုင်ဆိုင်မည်ကို ဆိုလိုပါသည်။ ထိုအတိုးနှုန်းထားမှ အမြတ်အနေဖြင့် တစ်ပြားမှရရှိမည်မဟုတ်။ ထိုနှစ်စဉ်အတိုးနှုန်း ၄ကျပ် ၃၀ပြားတွင် အမြတ်ဝင်ငွေပါသည်ဟု ယူဆပါက မိမိကိုယ်ကိုမိမိနောက်ပြောင်နေခြင်းသာ ဖြစ်ပါသည်။ ထိုအတိုးနှုန်းသည် ငွေကြေးဖောင်းပွမှု နှုန်းကို ကာမိရုံပင်ဖြစ်သည်။

အခွန်ပေးဆောင်ရမည့် ခင်ဗျားတို့ ကျွန်တော်တို့လို ရင်းနှီးမြှုပ်နှံသူများအတွက်မူပိုဆိုးပါသည်။ လွန်ခဲ့ သည့် ၄၇နှစ်ကာလအတွင်းအမေရိကန်အစိုးရသည် နှစ်စဉ်အတိုးနှုန်း ၅ဒသမ၇ ရာခိုင်နှုန်းရရှိမည့် ငွေတိုက်စာချုပ်များကိုထုတ်ဝေခဲ့ပါသည်။ လက်ခံ နိုင်လောက်သည့် အတိုးနှုန်းထားဟု ထင်မြင်စရာ ရှိပါသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ပေးရမည့်ဝင်ငွေခွန်သည် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ခန့် ဖြစ်ပါလျှင် ထိုငွေတိုက်စာချုပ်များ၏ အတိုးနှုန်း ၅ဒသမ၇ ရာခိုင်နှုန်းမှ အမြတ်ငွေတစ်ပြားမှမရရှိ နိုင်ပါ။ ဝင်ငွေခွန်၏ နှုန်းထားသည် ရရှိမည့်အတိုး၏ ၁ဒသမ၄ ရာခိုင်နှုန်းကိုဝါးမျိုသွားမည်ဖြစ်ပြီး မမြင်နိုင်သည့်ငွေကြေးဖောင်းပွမှုသည် အတိုးနှုန်း၏ ကျန်သည့် ၄ဒသမ၃ရာခိုင်နှုန်းကို သိမ်းယူသွားမည် ဖြစ်သည်။ မထင်ရှားမမြင်ရသောငွေကြေးဖောင်းပွမှု သည် သိသာသောအခွန်နှုန်းထက်သုံးဆကျော် ပိုများနေသည်ကိုတွေ့ရပါမည်။ ထို့ကြောင့်အခွန်နှုန်း တစ်ခုတည်းသာ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူတို့၏ ဝန်ထုတ်ဝန်ပိုးမဟုတ်သည်ကိုသိရန်လိုအပ်သည်။ အမေရိကန်ဒေါ်လာတွင် ဘုရားသခင်စီတို့ယုံကြည် ဟုပုံနိုပ်ထားသော်လည်း ငွေထုတ်စက်ကို မောင်းနှင်သောလက်ဖြစ်သည့်အစိုးရသည် အမှား မကင်းသည့်လူသားများဖြင့်ဖွဲ့စည်းထားသည်ကို သိရပါမည်။

သို့သော်မြင့်မားသောအတိုးနှုန်းများသည် အခုလို ပိုက်ဆံကိုအတိအကျပြန်ပေးမည့် ရင်းနှီးမြှုပ်နှံမှုများ အား ငွေကြေးဖောင်းပွမှုကြောင့်ဆုံးရှုံးရမည့် အန္တရာယ်မှကာကွယ်ပေးနိုင်ပါသည်။ ၁၉၈၀လွန်နှစ် များတွင် ရှိခဲ့သည့်အတိုးနှုန်းများသည်ရင်းနှီးမြှုပ်နှံသူ များ အတွက်အကျိုးရှိစေခဲ့ပါသည်။ မည်သို့ဖြစ်စေ ယခုကာလရှိအတိုးနှုန်းများသည် ရင်းနှီးသူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကိုပင် အနာဂတ်တွင် တည်မြဲ အောင် ထိန်းသိမ်းပေးနိုင်ခြင်းမရှိ၍ အထူးသတိပြု ရတော့မည်ဖြစ်သည်။ ငွေချေးစာချုပ်တိုင်းသည် အရှုံးပေါ်နိုင်သည်ဟု သတိပေးစာသားများ ရေးသားထား၍သာ ထုတ်ဝေသင့်ပါတော့သည်။

ထို့ကြောင့် ကျွန်တော်သည် အတိုးပေါ်အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို အခုလိုအချိန်အခါတွင် ကြိုက် နှစ်သက်ခြင်းမရှိပါ။ မကြိုက်သော်ညားလည်း ငွေဖြစ်လွယ်မှု Liquidity ကို ထိန်းသိမ်းရန် ကျွန်တော်တို့ဘက်ရှိုင်းယားကုမ္ပဏီသည် ကာလတို ငွေချေးစာချုပ်များကို ဝယ်ယူကိုင်ဆောင်ထားရ ပါသည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုတိုင်းအတွက် အရေးကြီးသည့် ရင်းနှီးမှုတစ်ချို့ကို လျင်မြန်စွာ ငွေကြေးအဖြစ် ပြောင်းလဲနိုင်စွမ်းသည် ကုမ္ပဏီတိုင်း အတွက် အခရာကျပါသည်။ ထို့ကြောင့် မည်သို့ပင် တွက်ချေမကိုက်သည့် အတိုးနှုန်းများဖြစ်နေ သော်လည်း စီးပွားရေးကမောက်ကမဖြစ်မည့် အချိန်များတွင်အကာအကွယ်ဖြစ်စေရန်ကျွန်တော်တို့ သည် အတိုင်းအတာတစ်ခုထိ အစိုးရငွေချေးစာချုပ် များကို အရန်ကိုင်ဆောင်ထားပါသည်။

ငွေဖြစ်လွယ်မှုနှင့် နည်းဥပဒေ၏လိုအပ်ချက်များအရ ငွေချေးစာချုပ်ကဲ့သို့ အတိုးအခြေခံရင်းနှီးမြှုပ်နှံမှုများ ကို အကန့်အသတ်အတွင်းသာရင်းနှီးမည်ဖြစ်သော် လည်း အကျိုးအမြတ်များပေါ်ထွန်းနိုင်မည့် အခွင့်အရေးများရှိလာလျှင်လည်း ၄င်းတို့ကို တိုး၍ ဝယ်ယူရင်းနှီးသွားပါမည်။ သို့သော်လည်း ငွေချေးစာချုပ်၏ ဈေးနှုန်း သည် အောက်ဈေးဖြင့် ဈေးကွက်တွင်ရရှိနေနိုင်မှု ၄င်းတို့၏ အတိုးနှုန်းများ အခြေအနေအရ မြင့်မား လွန်းနေမှုစသည့် အခွင့်အရေးများသည် အခုခေတ်တွင် ရင်းနှီးမြှုပ်နှံသူများ ထံသို့လုံးဝနီးပါး မရောက်ရှိ နိုင်တော့သည်ကိုသိရပါမည်။ ထိုကြောင့် နောင် တစ်ချိန်တွင် ပိုက်ဆံများစွာပုံမှန်ရရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မား အောင်မစွမ်းဆောင်ပေးသည့်အပြင် နိမ့်ပါးသွားစေ နိုင်သည့်အတိုးအခြေခံသည့် မည်သည့်ရင်းနှီးမြှုပ်နှံမှု မျိုးကိုမှ ကျွန်တော်မနှစ်သက်ပါ။ ရရှိလာမည့် အတိုးနှုန်းကို ဝင်ငွေခွန်နှင့် ပိုကြောက်စရာ ကောင်းသည့်ငွေကြေဖောင်းပွမှုက နှစ်စဉ်ဝါးမျိုနေ၍ ဖြစ်သည်။ ထို့ကြောင့် ဝေါလမ်းမကြီးမှ Shelby Davis ပြောသလို အမြတ်မရ အရှုံးကို အာမခံသည့် ငွေချေးစာချုပ်များနှင့် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များမှ ရှောင်ရှားခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

Warren Buffett ၏ ၂၀၁၁ခုနှစ်တွင် ဘက်ရှိုင်းယား အစုရှယ်ယာရှင်များထံပေးပို့သည့် ထုတ်ပြန်ချက်စာ တွင် ပါရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေးအမြင်ကို မြန်မာနိုင်ငံအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာ ရန်သင့်တော်၍ ဆီလျော်စွာ ဘာသာပြန် တင်ဆက်လိုက်ပါသည်။ Buffett ၏ နှစ်စဉ်ထုတ်ပြန်ချက်တွင် ပါရှိသည့် ပေးစာများသည် ရင်းနှီးမြှုပ်နှံမှုလောကတွင် ထင်ရှားသည်။

Buffett ပေးစာမှ လေ့လာမှတ်သားစရာများ
၁။ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏အကျိုးအမြတ်ကိုနောင်တွင် မည်မျှပိုက်ဆံရမည်နှင့်တိုင်းတာလို့မရ
၂။ ပိုက်ဆံများစွာပြန်ရတိုင်းလည်းရင်းနှီးမြှုပ်နှံမှု ကောင်းတစ်ခုမဟုတ်
၃။ မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းနောင်တွင် မြင့်မား လာမှသာ ရင်းနှီးမြှုပ်နှံမှုကောင်းဖြစ်
၎။ အတိုးအခြေခံရင်းနှီးမှုများပြုရာတွင် ဝင်ငွေခွန် နှင့် ငွေကြေးဖောင်းပွမှုများကို သတိထား
၅။ ဝင်ငွေခွန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းကိုပင် ကာမိရန်အတိုးလုံလောက်စွာမရသဖြင့် အတိုး အခြေခံရင်းနှီးမျြှုပ်နှံမှုများကို Buffett မနှစ်သက်

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း

2:30 AM | ,


(၁)
နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းနိမ့်ကျသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် မြင့်မားလေ့ရှိပြီး နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းမြင့်မားသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် နိမ့်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံသားတို့၏ ၀င်ငွေထဲမှ စားသုံးမှုကုန်ကျစရိတ်၊ အခွန်အခများ၊ အခြားသောစရိတ်စကများကို နုတ်၍ ကျန်ရှိသော လက်ကျန်ငွေပမာဏကို စုဆောင်းမှုဟု ခေါ်ဆိုနိုင်သဖြင့် ယင်းစုဆောင်းနိုင်မှုပမာဏ နိမ့်ကျသောနိုင်ငံများတွင် လိုအပ်သော အရင်းအနှီးပမာဏကို ရရှိစေရန် ရည်ရွယ်စေသော ဘဏ်တိုးနှုန်းကို မြှင့်ထားလေ့ရှိခြင်းဖြစ်ပြီး စုဆောင်းနိုင်မှု အင်အားကြီးမြင့်သော နိုင်ငံများတွင်မူ ပြည်တွင်းနှင့် ပြည်ပ(နိုင်ငံတကာ)အရင်းအနှီးဈေးကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် ဘဏ်တိုးနှုန်းများသည် နိမ့်လေ့ရှိသည်။

(၂)
သို့သော် ကမ္ဘာ့ငွေကြေးဈေးကွက်တွင်မူ စုဆောင်းမှုမြင့်မားသောနိုင်ငံများမှ အရင်းအနှီးများသည် စုဆောင်းမှုနိမ့်သောနိုင်ငံများ၏ ငွေကြေးဈေးကွက် (Money Market) ၊အရင်းအနှီးဈေးကွက် (Capital Market) အတွင်းသို့ စီးဝင်လာ(စီးဝင်လာ)လေ့ရှိသည်။ ယင်းစုဆောင်းမှုနိမ့်ကာ ဘဏ်တိုးနှုန်းမြင့်သောနိုင်ငံများအတွင်းသို့ စီးဝင်လာတတ်ပြီး ဘဏ်တိုးနှုန်းကွာဟမှုအပေါ်တွင် စိတ်ဝင်စားကြခြင်းပင် ဖြစ်သည်။

(၃)
ယနေ့ ကမ္ဘာကြီးတွင် အဓိကလည်ပတ် သုံးစွဲငွေကြေးများအနေဖြင့် အမေရိကန်ဒေါ်လာသည် အများဆုံးဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအနေအထားတွင်လည်း အရေးပါဆုံးသော ငွေကြေးတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ၏ ခေတ်ရှေ့ပြေးနည်းပညာများ (ဥပမာ Google၊ Smart Phone ၊ အာကာသနည်းပညာ၊ ဆေးဝါးဖော်စပ်မှုနည်းပညာ အစရှိသည်) နှင့် လွတ်လပ်သော ဈေးကွက်၊ ကမ္ဘာအနှံ့ဖြန့် ကြက်ချထားနိုင်သော စစ်အင်အား၊ ပေါများကြွယ်ဝသော သဘာဝသယံဇာတ (ဥပမာ - ရေနံ)နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်၊ ကမ္ဘာ့အများသုံး အင်္ဂလိပ်စကားပြောနိုင်ငံ၊ ဧရိယာကျယ်ဝန်းခြင်း အစရှိသောကမ္ဘာပေါ်တွင် ယင်းအချက်အလက်များ ပြည့်စုံသော နိုင်ငံ (တစ်နည်းအားဖြင့်ယှဉ်ပြိုင်နိုင်သော နိုင်ငံ) မရှိသေးခြင်းကြောင့်ပင် အမေရိကန်ဒေါ်လာသည် အမေရိကန်စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းသာမကဘဲ ကမ္ဘာ့စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပေသည်ဟု ယူဆသည်။

(၄)
အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ကျပ်ခန့်ဟူသော ငွေလဲနှုန်းစနစ်မှ ယနေ့ထိန်းကျောင်းနှုန်းရှင်စနစ် (Managed Floating System) သို့ ကူးပြောင်းကျင့် သုံးလာနေသော မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ “ပကတိငွေကြေး ကျပ်ငွေတန်ဖိုး (Red Kyat's Value)သည် မိမိနိုင်ငံ၏ စီးပွားရေးအင်အား (ထုတ်လုပ်နိုင်မှုအင်အား၊ စားသုံးနိုင်မှုအင်အား၊ စုဆောင်းနိုင်မှုအင်အား)တို့နှင့် တိုက်ရိုက်ဆက်စပ်လာနေသည်ဟု ယူဆသည်။

(၅)
အပိုဒ်(၁)တွင် ဆိုခဲ့သကဲ့သို့ စုဆောင်းနိုင်မှု ပမာဏနိမ့်သောနိုင်ငံသို့ စုဆောင်းနိုင်မှုမြင့်မားသော နိုင်ငံများ၏ ငွေကြေးအရင်းအမြစ်များ ပုံသဏ္ဌာန်မျိုးစုံဖြင့် စီးဝင်လာမည်ဖြစ်ရာ ယင်းစီးဆင်းမှုများ (စီးဝင်မှုများ၊ စီးထွက်မှုများ) မည်ရွေ့မည်မျှမြန်ဆန်နေသည် (ကာလတိုအတွင်းတွင်) ဆိုသည်ကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်နေပေလိမ့်မည်။

(၆)
မည်ကဲ့သို့သော ပုံစံများဖြင့် စီးဝင်မှုများ (Inflows) နှင့် မည်ကဲ့သို့သော ပုံစံများဖြင့် စီးထွက်မှုများ (OutFlows) ရှိနေသည်ဆိုသည်နှင့် ယင်း “စီးဝင်မှုများ” နှင့် “စီးထွက်မှုများ” ကိုပေါင်းစပ်ကာ “စီးဆင်းမှုများ (Flows) ” ကို ဖြစ်တည်စေနိုင်သနည်းဆိုသည်ကိုလည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်ပေလိမ့်မည်။

(၇)
ပုံမှန်မဟုတ်သော စီးဝင်မှုများ (Informal Inflows) ၊ပုံမှန်မဟုတ်သော စီးထွက်မှုများ (Informal Outflow) တို့တွင် အမြဲတစေဘေးထွက်ဆိုးကျိုးများကို ချန်ရစ်ထားလေ့ ရှိသောကြောင့်ပင် ဖြစ်သည်။

(၈)
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်မှု (Foreign Exchange Rate Stability) နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှု (Price Stability) တို့၏ အပြန်အလှန်ချိတ်ဆက်နေမှု သဘောတရားကို သိရှိထားပြီး ယင်းတည်ငြိမ်မှုနှစ်ရပ်သည် တစ်နည်းအားဖြင့် စီးပွားရေးတည်ငြိမ်မှု (Economic Stability) ၏ အခြေခံ ဖြစ်ပေမည်။

(၉)
တစ်နည်းအားဖြင့် ယင်းတည်ငြိမ်မှုနှစ်ခုကို တစ်ပြေးညီ ထိန်းနိုင်ရန်ဆိုသည်မှာ နက်နဲသကဲ့သို့ ယင်းတည်ငြိမ်မှုနှစ်ခုကို ထိန်းသိမ်းရင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု (Economic Growth) ကို မြှင့်တင်ရန်သည်လည်း အရေးကြီးပေသည်။ ဤတွင် မည်ကဲ့သို့ ထိန်းကျောင်းမည်နည်းဆိုသည့် မဟာဗျူဟာ (Strategies) ၊နည်းဗျူဟာများ (Tactics) အပေါ်တွင် မူတည်ပေလိမ့်မည်။

(၁၀)
ပြည်တွင်းစုဆောင်းမှုနှုန်းနိမ့်လျှင် ယင်းကို ဆွဲဆောင်ရန်အတွက် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများကို မြှင့်ထားလေ့ရှိသော်လည်း ယင်းသည် ပြည်တွင်းမှ ငွေကြေးအရင်းအနှီးများထက် ပြည်ပမှ (စုဆောင်းမှုနှုန်း မြင့်မားသည့် နိုင်ငံများမှ) ငွေကြေးအရင်းအနှီးများ စီးဝင်လာစေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံးတွင် ဘဏ်တိုးနှုန်းကိုလည်း မလျှော့ချနိုင်ခြင်းနှင့်အတူ ယင်းပြည်တွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် မြင့်မားသော ဘဏ်တိုးနှုန်းဖြင့် စီးပွားရေးလုပ်ကိုင်ရခြင်းအစရှိသော နောက်ဆက်တွဲများစွာကို ရင်ဆိုင်ရလေ့ရှိသည်။

Writer: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Read More

ရင်းနှီးမြှုပ်နှံမှုများနှင့် မက်လုံး

2:30 AM |


မကြာမီက ပြည်တွင်းရှိ စီးပွားရေးဈေး ကွက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်ပစတော့အိတ်ချိန်းရဲ့ တရားဝင် ကိုယ်စားလှယ်လို့ အမည်ခံကာ ငွေကြေးများ လိမ်လည်သွားတဲ့ ဖြစ်ရပ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ရပ်များကို သတိပြုမိကြဖို့ ညွှန်းဆိုနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စီးပွားရေး တံခါးဖွင့်ဖို့ ကြိုးစားလာတဲ့ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံသူများ မျက်စိကျလာရာ ရင်းနှီးမြှုပ်နှံမှုကို မှန်မှန်ကန်ကန် လုပ်ဆောင်လိုသူများရှိသလို မမှန်မကန် အမြတ်ထုတ်လိုသူများလည်း ရှိနေကြပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ပြည်ပစတော့အိတ်ချိန်း အမည်ခံကာ လိမ်လည်မှုမှာတော့ မြန်မာငွေကျပ် သန်းပေါင်း ၁၆၀၀ ခန့် (ဒေါ်လာ ၁ ဒသမ ၄၈ သန်း) ကို လိမ်လည်သွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အဲဒီလိမ်လည်ခဲ့သူများဟာ နိုင်ငံခြားသားများဖြစ်ပြီး ရန်ကုန်မြို့ ဆာကူရာတာဝါမှာ ရုံးခန်းဖွင့်လှစ်ထားခဲ့သူများ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီကုမ္ပဏီဟာ ၂၀၁၃ သြဂုတ်လ ကတည်းက မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် စတော့ရှယ်ရာ ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ရုံးခွဲလို့ ဖော်ပြထားပြီး အစုရှယ်ယာရှင်တွေကို ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာ ရွှေဈေးကွက်မှာ အကစားဝင်ပြပြီး မကြာမီကမှ အစုရှယ်ယာ ၀င်ထားသူတွေရဲ့ ငွေကြေးတွေကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မက်လုံး
အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာရှင်အဖြစ် ဆွဲဆောင်ခြင်းကို ခံခဲ့ရသူတစ်ဦးက ယင်းကြုံခဲ့ရပုံကို ယင်းကုမ္ပဏီရဲ့ အချက်အလက် အချို့နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေချက်များမှာ နည်းနှစ်နည်းနဲ့ ရွှေဈေးကွက်ကို ကစားနိုင် ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေကဆွဲဆောင် ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ပထမနည်းလမ်းက ကုမ္ပဏီကို အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ သွင်းထားပြီး ကိုယ်တိုင်ရွှေ အရောင်းအ၀ယ်ကို အွန်လိုင်းကတစ်ဆင့် လုပ်ရမှာဖြစ်တယ်။ ကုမ္ပဏီက ငွေကြေးအကြံပေးတစ်ယောက် ပေးထားပြီး မနက်တိုင်းလုပ်ပေးမယ့် ကမ္ဘာ့ဈေးကွက် အနေအထားသုံးသပ် ပွဲတက်ခွင့် ပေးမယ်ဆိုတဲ့ နည်းဖြစ်ပါတယ်။ ဒုတိယနည်းက ယင်းတို့က အရောင်းအ၀ယ် လုပ်ပေးပြီး အမြတ်ရဲ့ ရာခိုင်နှုန်း ၆၀ ကို အစုရှယ်ယာရှင်က ရရှိမှာဖြစ်ပြီး ရာခိုင်နှုန်း ၄၀ ကို ကုမ္ပဏီ အကြံပေးတွေကို ပေးရတဲ့နည်းဖြစ်ပြီး ငွေတော့ သုံးလတစ်ခါ ပြန်ထုတ်နိုင်တယ်လို့ ကိုယ်တိုင်ဆွဲဆောင် ခံရသူတစ်ဦးရဲ့ မျှဝေချက်တွေမှာ တွေ့ရပါတယ်။ သိရသလောက် အဲဒီကုမ္ပဏီဟာ သူတို့ထံက အစုရှယ်ယာ ၀ယ်ထားသူတွေကို ဖောက်သည်သစ်တွေကို မက်လုံးပေးပြီး ဆွဲဆောင်ခိုင်းခဲ့သလို သူတို့ထံမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငွေကြေးအကျိုး အမြတ်များစွာ ရနိုင်ကြောင်း ဆွဲဆောင်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖောက်သည်သစ်ကို မိတ်ဆက်ပေးသူအနေနဲ့ ပေးရမယ့် ရာခိုင်နှုန်း ၄၀ ထဲကနေ ၁၆ ရာခိုင်နှုန်းကို ထပ်ရမယ်လို့လည်း ဆွဲဆောင်ခဲ့တယ်လို့ အစုရှယ်ယာရှင်အဖြစ် ဆွဲဆောင်မှုကို ခံခဲ့ရသူတစ်ဦးက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

သတိပေးခဲ့
မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ထူထောင်နိုင်ဖို့ ဆောင်ရွက်မှုတွေ ရှိလာချိန်မှာ ပြည်ပက စတော့အိတ်ချိန်းတွေမှာ ရင်းနှီးမြှုပ်နှံဈေး ကစားရာမှာ ၀န်ဆောင်မှုပေးနိုင်တယ်ဆိုတဲ့ ပွဲစားကုမ္ပဏီများ၊ အမည်ခံ ကုမ္ပဏီခွဲများ မြန်မာ့ဈေးကွက်အတွင်းသို့ ၀င်ရောက်နေကြောင်းနဲ့ အဲဒီလိုကုမ္ပဏီများကို သတိထားသင့်ကြောင်း မီဒီယာအချို့က ထောက်ပြရေးသားခဲ့ပါတယ်။ ဒီလိုထောက်ပြ ရေးသားခဲ့ပေမယ့် အချို့ကရလာမယ့် အကျိုးအမြတ်ကို မက်မောအောင် ဆွဲဆောင်သိမ်းသွင်းပြီး အခုလို ငွေကြေးပမာဏ များစွာကို လိမ်လည်သွားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် စတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာတွေမှာ ကျွမ်းကျင်မှုမရှိတဲ့ သူများအပေါ် အကျိုးအမြတ်ကို ဗန်းပြပြီး လိမ်လည်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ပက အနုပညာရှင်တွေ ရန်ကုန်မှာ လာရောက် ဖျော်ဖြေတဲ့ ဖျော်ဖြေပွဲတစ်ပွဲနဲ့ ပတ်သက်ပြီး ပြည်ပဘက်ခြမ်းက ပွဲစီစဉ်ရာမှာ ပါဝင်သူ နိုင်ငံခြားသားတစ်ဦးက ငွေကြေးအချို့ ယူဆောင်သွားမှုကြောင့် ပွဲကျင်းပသူတွေ အခက်တွေ့ခဲ့ကြရကြောင်း သတင်းတွေမှာ ပါခဲ့ပါသေး တယ်။

အကြံအဖန်
တကယ်တော့ စီးပွားရေးတံခါးဖွင့်ဖို့ ကြိုးစားလာတဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဈေးကွက်သစ်အနေနဲ့ ပြည်ပရင်းနှီး မြှုပ်နှံသူတွေကို စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။ အဲဒီအထဲမှာ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံ လိုသူများရှိသလို အကြံအဖန်နဲ့ အမြတ်ထုတ်လိုသူများလည်း ရှိနေပါတယ်။ ယခုလိမ်လည်သွားတဲ့ စတော့အိတ်ချိန်း ရင်းနှီးမြှုပ်နှံမှုလိုမျိုး ပြည်တွင်းမှာ သိပ်မရင်းနှီးသေးတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပုံစံတွေကို တစ်ဖက်လှည့်နဲ့ လိမ်လည်အမြတ်ထုတ် လိုသူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာ စီးပွားရေး ကျင့်ဝတ်များကို လိုက်နာမှု မရှိဘဲ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားလုပ်လေ့ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများကို သတိထားဖို့ လိုပါတယ်။ ဥပမာအားဖြင့် လိုက်နာရမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို ဂရုမစိုက်ဘဲ သဘာဝအရင်းအမြစ် တွေကိုသာ ထုတ်ယူမယ့် ရင်းနှီးမြှုပ်နှံမယ့် လုပ်ရပ်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ လှည့်ပတ်လုပ်ကိုင်ကြတာတွေ၊ တစ်ဦးဦးကို အမည်ခံခိုင်းပြီး နောက်ကွယ်က ကြိုးကိုင်တဲ့လုပ်ရပ်တွေဟာ စီးပွားရေးထွန်းသစ်စ နိုင်ငံတွေမှာ သတိထားရမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံသားတစ်ဦးဦးကို အမည်ခံခိုင်းပြီး နောက်ကွယ်က ချုပ်ကိုင်လုပ်ကိုင်လေ့ရှိတဲ့ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ အများကြီးရှိနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာမှာ သတိထားဖို့လို အပ်ပါတယ်။ စီးပွားရေးဆိုင်ရာ ကုမ္ပဏီထူ ထောင်မှုလုပ်ငန်းတွေမှာ အမည်ခံလုပ်ကိုင် မှုတွေနဲ့ပတ်သက်ပြီး တရားဝင်ပြောင်းလဲ လုပ်ဆောင်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်မှုတွေ လည်းရှိခဲ့ပေမယ့်လည်း လက်ရှိမှာ အမည်ခံကုမ္ပဏီတွေ ဘယ်လောက် အတိုင်းအတာအထိ ရှိနေမယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်စုံတစ်ယောက်ကို အမည်ခံလုပ်ကိုင်စေပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မမှန်မကန် ရင်းနှီးမြှုပ်နှံသူတွေဟာ ခြေရာဖျောက်သွားလေ့ ရှိတာကြောင့် မသိနားမလည်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဆုံးရှုံးမှုတွေနဲ့ရင် ဆိုင်ကြရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ မညီညွတ်တဲ့ သိက္ခာရှိ စီးပွားရေးလုပ်ငန်း မဟုတ်တဲ့ ရင်းနှီး မြှုပ်နှံသူတွေဟာ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပြီး နိုင်ငံသားတွေကို နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်တာကြောင့် အထူးသတိပြုရမယ့် အရာတွေဖြစ်ပါတယ်။

ဒီလိုပြည်ပ ရင်းနှီးမြှုပ်နှံသလို အယောင်ပြပြီး မမှန်မကန်လုပ်ဆောင်မှုတွေကို ကာကွယ်တားဆီးကြဖို့ လိုပါတယ်။ ဒီအတွက် စီး ပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးနိုင်မယ့် စည်းမျဉ်းစည်းကမ်း ဥပဒေတွေ အားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင့် စီးပွားရေးဆိုင်ရာ အသိပညာပေးရေးဆိုင်ရာ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး အသိအမြင်တွေ အများပြည်သူတွေကို ဖြန့်ဝေပေးဖို့ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး နောင်ထပ်မဖြစ်အောင် ဘယ်လိုတံတိုင်းတွေ၊ အဆီးအတားတွေနဲ့ ကာကွယ်ထားမလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများ အနေနဲ့လည်း ဆွဲဆောင်လာတဲ့ အကျိုးအမြတ်ထက် လုပ်ငန်းလုပ်ဆောင်မှုတွေဟာ ယုတ္တိတန်မှုရှိ မရှိ ဆန်းစစ်သင့်ပါတယ်။ အမြတ်ထုတ်လိုသူများရဲ့ ဆွဲဆောင်မှုများကို မျက်စိမှိတ်မယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ အကြံအဖန် ရင်းနှီးမြှုပ်နှံသူများလက်က ရှောင်ရှားနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

Writer: သစ်ထွဋ်
Read More