၁၉၇၀ခုနှစ်ဝန်းကျင်က တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးပါ။
ကျနော်တို့မြို့လေးမှာ ပွဲစားလုပ်နေတဲ့ မိန်းမတယောက်ရှိပါတယ်။ အသက်က ၃၀လောက်။ အပျိုကြီး။ ပညာအရည်အချင်းက ဆယ်တန်းမအောင်ပါဘူး။ သူ့နာမည်ကို "မတင်လှ" လို့ပဲ ခေါ်ကြရအောင်။ နာမည်ရင်းမဟုတ်ပါ။
တရက်မှာ မတင်လှက သူ့သူငယ်ချင်းမိန်းမတယောက်ကို ပြောတယ်။ သူမမှာ အမြတ်ကြီးကြီးရမဲ့ လုပ်ငန်းဂွင် ကောင်းကောင်းတခုတွေ့ထားလို့ ပိုက်ဆံချေးပေးမလား။ တလကို ပုံမှန် ငွေတရာကို တစ်ဆယ်တိုးပေးမယ်ပေါ့။ ပထမတော့ သူ့သူငယ်ချင်းက မချေးပေးချင်ပါဘူး။ ဒါပေမဲ့ မတင်လှနဲ့နဲ့ ရင်းနှီးနေတာကြာပြီဖြစ်လို့ရယ်၊ မတင်လှအပြောကောင်းတာရယ်၊ အတိုးကလဲ မက်လောက်စရာဖြစ်နေတာတွေကြောင့်၊ ငွေတစ်ထောင်ကို ထုတ်ချေးပေးလိုက်ပါတယ်။ အဲဒီခေတ်က ငွေတစ်ထောင်ဆိုတာ မြေတဧက ဝယ်လို့ရတဲ့ခေတ်လေ။ နောက်ပြီး ငွေတရာချေးပေးရင် ပစ္စည်းအပေါင်ပါရင် ငါးကျပ်နဲ့၊ အပေါင်မပါရင် နှစ်ကျပ်ပဲရတဲ့ခေတ်ပါ။
မတင်လှဟာ သူ့သူငယ်ချင်းကို အတိုးငွေတစ်ရာကို မှန်မှန်လေးပေးနေတယ်။ ၄လလောက်ကြာလာတော့ အတိုးမှန်မှန်လေးရနေတဲ့ မိန်းမစဉ်းစားလာတယ်။ အခု ငါငွေတထောင်ရင်းလိုက်တာ ၄လပဲရှိသေးတယ်။ ငွေလေးရာရနေပြီ။ နောက်ထပ်၆လဆိုရင် သူရင်းထားတဲ့ငွေတစ်ထောင်ကြေပြီပေါ့။ ဒါကြောင့် မတင်လှကို နောက်ထပ် ငွေတစ်ထောင်ထပ်ချေးပေးလိုက်ပြန်တယ်။
သိပ်မကြာခင်မှာပဲ အဲဒီပိုက်ဆံထုတ်ချေးပေးတဲ့မိန်းမက ပိုက်ဆံအတော်အတန်ရှိတဲ့ သူ့ယောင်းမကို ပြောပြတယ်။ သူ့လိုမျိုး တရာတစ်ဆယ်တိုးနဲ့ချေးမလား။ စိတ်ချရတယ်ပေါ့။ အဲဒီတော့ သူ့ယောက်မကလဲ စမ်းကြည့်တဲ့အနေနဲ့ မတင်လှကို ငွေငါးထောင်ချေးပေးလိုက်တယ်။ တလငွေငါးရာ မှန်မှန်လေး ဝင်နေတယ်။ ၃လလောက်ကြာတော့ တဆင့်စကားတဆင့်ကြားနဲ့ လူတွေ တော်တော်များများဟာ လူသိရှင်ကြားမဟုတ်ပဲ မတင်လှကို သူတို့ပိုက်ဆံတွေ ချေးပေးရင်း အတိုးကောင်းကောင်းနဲ့ ဟန်ကျနေကြပါတယ်။
နှစ်နှစ်လောက်ကြာတော့ မတင်လှလက်ထဲ ငွေသိန်းတရာလောက် ရောက်နေပြီ။ မတင်လှမြို့ပေါ်က ရုတ်တရက် ပျောက်သွားတယ်။ ငွေချေးထားသူတွေ အထိတ်ထိတ် အပြာပြာဖြစ်ကုန်ကြပြီ။ အလိမ်ခံလိုက်ရပြီဆိုတာ သိလိုက်ကြပြီ။ ဒါပေမဲ့ လူသိကလဲမခံရဲ၊ စာချုပ်စာတန်းလဲမရှိတော့ ရဲကိုလဲမတိုင်ရဲ တရားလဲမစွဲရဲကြဘူးပေါ့။ နီးစပ်ရာ အလိမ်ခံရသူတွေအချင်းချင်းအတွင်းကြိတ်ပြီး သူတို့ပိုက်ဆံတွေ ဘယ်လိုပြန်ရအောင်လုပ်ကြမလဲလို့ တိုင်ပင်ကြတယ်။
တလကြာတော့ မတင်လှ မြို့ကိုပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း ရဲစခန်းကိုသွားပြီး သူမငွေလိမ်ထားပါတယ်လို့ဝန်ခံပြီး အဖမ်းခံတယ်။ သူမကိုတရားစွဲဖို့ တရားရုံးကိုပို့လိုက်တဲ့အခါ အလိမ်ခံရတဲ့လူတွေ တရားရုံးအဝင်ဝမှာစောင့်ပြီး သူတို့ပိုက်ဆံတွေပြန်ပေးဖို့ အော်ဟစ်တောင်းကြတယ်။ လူ ၃၀၊ ၄၀လောက် ရှိကြလိမ့်မယ်။ ဒါတောင် ယောက်ျားမသိအောင်၊ မိန်းမမသိအောင် ကြိတ်ချေးလိုက်တဲ့ လူတွေ မပါသေးဖူး။ မတင်လှကတော့ အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။ သူ့လုပ်ငန်းရှုံးလို့ ချေးထားတဲ့ ငွေတွေ အားလုံးဆုံးသွားပြီ။ ပြန်မပေးနိုင်တော့လို့ အခုလိုတရားဥပဒေနဲ့ လာပြီးရင်ဆိုင်တာပေါ့တဲ့။
တိုတိုပြောရရင် တရားရုံးက မတင်လှကို ပိုက်ဆံတွေ ပြန်မဆပ်နိုင်လို့ ထောင်ဒဏ်တနှစ်ချလိုက်တယ်။ ထောင်ထဲမှာ ၈လလောက်နေရပြီး လွတ်သွားတယ်။ ထောင်ကထွက်တဲ့နေ့မှာပဲ ကျနော်တို့မြို့က ပြန်ပျောက်သွားတယ်။ ငွေသိန်းရာချီ (အခုခေတ်ငွေတန်ဖိုးနဲ့ဆိုရင် သိန်းပေါင်းသောင်းချီ) ပိုက်ပြီး တခြားမြို့မှာ တသက်လုံး အေးအေးဆေးဆေးထိုင်စားလို့ ရသွားပြီလေ။
ဒီဖြစ်ရပ်ကနေ ကျနော်တို့ဘာသင်္ခန်းစာ ရနိုင်ကြမလဲ။ ကျနော့်သုံးသပ်ချက်ကိုပြောရရင်
၁။ လူတိုင်း လောဘနဲ့ မကင်းကြဘူး။ လောဘကြီးတဲ့လူနဲ့ လောဘနည်းတဲ့ လူပဲကွာတယ်။ လောဘကြီးတဲ့လူကို ငွေထုပ်နဲ့ပြလိုက်ရင် အသာလေးလိုက်လာတတ်တယ်။ ငွေထုပ်ကိုမြင်တော့ စဉ်းစားဆင်ခြင်ဉာဏ် ပျောက်သွားတယ်လေ။ ငါးစာပဲမြင်ပြီး ငါးမျှားချိပ်ကို မမြင်သလိုပေါ့။ ဒါကြောင့်လဲ မတင်လှတယောက် ဘာလုပ်ငန်းလုပ်လို့ ဒီလောက်အတိုးကြီးကြီးပေးနိုင်တာလဲလို့ အလိမ်ခံသွားရသူတယောက်ကမှ မေးမြန်းစုံစမ်းခြင်း မလုပ်ကြဘူး။ အတိုးရတဲ့ ပိုက်ဆံတွေပဲ မျက်လုံးထဲမြင်နေကြတာကိုး။
၂။ မတင်လှဟာ ၁၀တန်းသာ မအောင်တယ်။ ဈေးခေါ်နည်း (marketing) အကြောင်း ကောင်းကောင်းသိတယ်။ သူသုံးသွားတာ word_of_mouth_marketing ဆိုတဲ့တဆင့်စကား တဆင့်ကြားနဲ့ ကြော်ငြာတဲ့နည်းပါ။ ဒီနည်းက လူများများမသိဘူး။ အစိုးရလဲမသိတော့ အခွန်ကောက်မှာလဲ စိုးရိမ်စရာမလိုဘူး ကြော်ငြာခလဲ အကုန်ခံစရာမလိုဘူး။ အဓိကက သူအတိုးပေးနေတယ်ဆိုတာ လူများများမသိစေချင်တာပဲ။
၃။ ဒီအချက်ကတော့ လိမ်လည်မှုရဲ့ အခရာသော့ချက်ပါပဲ။ မိတ်ဆွေ ဒီလောက်ထိဖတ်ပြီးချိန်မှာ ဒီမိန်းမ ဘာလုပ်ငန်းတွေလုပ်လို့ အတိုးမြင့်မြင့်တွေပေးနိုင်နေတာလဲဆိုတာ သိချင်စိတ်ပေါ်မလာဘူးလား။ ကျနော့်အဖြေကိုကြားရင် အံ့သြသွားပါလိမ့်မယ်။ မတင်လှ ဘာလုပ်ငန်းမှမလုပ်ဘူး။ ဟင် ဒါဆိုရင် အတိုး ၁၀ရာခိုင်နှုန်းကို ဘာကြောင့် လစဉ်မှန်မှန်ပေးနိုင်တာလဲလို့ မေးချင်ပါလိမ့်မယ်။ အဲဒီအတိုးတွေကို သူတို့ချေးပေးထားတဲ့ ပိုက်ဆံတွေထဲကနေ ပြန်ပေးနေတာပါ။ သူတို့ အပ်ထားတဲ့ ပိုက်ဆံက တလ အတိုး၁၀ရာခိုင်နှုန်းနဲ့ဆိုတော့ ၁၀လပြည့်မှကုန်သွားမှာပါ။ ၁၀လမပြည့်ခင် သူ့ထောင်ချောက်ထဲဝင်လာမဲ့ သားကောင်တွေပေါ်လာမယ်ဆိုတာ မတင်လှတယောက် ကောင်းကောင်းသိနေတယ်လေ။
၎။ ဒီမိန်းမရဲ့အရည်အချင်းက စိတ်ရှည်တယ်။ သားကောင်များများ ဂွင်ထဲဝင်လာအောင် စောင့်တယ်။ ပြီးတော့ ဘယ်အချိန်မှာဆုတ်ခွာရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ တချိန်ချိန်မှာ သူမရဲ့လိမ်လည်မှုဟာ ပေါ်လာတော့မယ်။ တသက်လုံး ဆက်လိမ်နေလို့မရဘူးဆိုတာ သူမသိတယ်။ ဒါကြောင့် သူမ မျှော်မှန်းထားတဲ့ငွေပမာဏရပြီဆိုတာနဲ့ ချက်ခြင်းရပ်လိုက်တယ်။ အဖမ်းခံလိုက်တယ်။ ထောင်ခနကျခံပြီး တသက်စာရသွားပြီ။
ဒီလိုပိပိရိရိလိမ်နည်းလေးဟာ လွန်ခဲ့တဲ့ ၄၅နှစ်လောက်က အဖြစ်အပျက်ပါကွာ။ ဒိတ်အောက်နေပါပြီ။ ဒီခေတ်ကြီးမှာ မရှိတော့ပါဘူးလို့ ထင်ရင်တော့ မိတ်ဆွေတို့ အများကြီးမှားသွားလိမ့်မယ်။ အခုခေတ်မှာလဲ ရုံးခန်းသားသားနားနားကြီးတွေဖွင့်၊ စာချုပ်နဲ့ အစုရှယ်ယာလက်ခံတယ်ဆိုပြီး လစဉ် အတိုးမှန်မှန်ပေးနေရာက ရုတ်တရက်နေ့ချင်း ညချင်းပျောက်သွားတဲ့ ပိတ်သွားတဲ့ကုမ္ပဏီတွေကြုံဖူး ကြားဖူးကြမှာပါ။ အဲဒီကုမ္ပဏီတွေဟာ မိတ်ဆွေတို့ရဲ့ပိုက်ဆံကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သွားတာပါ။
မှတ်ချက်။ အစုရှယ်ယာအဝင်ခံပြီး လစဉ်အတိုးမှန်မှန်ပေးနေတဲ့ တကယ်လုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်နေကြတဲ့ကုမ္ပဏီတွေလဲ အများကြီးရှိပါတယ်။
ရေးသားသူ သိန်းဖေ(ခေတ္တစင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment