သင့်ကို လူတယောက်က အဲဒီမေးခွန်းကိုမေးခဲ့ရင် ဘယ်လိုဖြေမလဲ။
ဒီမေးခွန်းကိုမဖြေခင် ကမ္ဘာပေါ်မှာ ဈေးကွက်စီးပွားရေးစံနစ် (လူတိုင်းလွတ်လပ်စွာ ကုန်သွယ်စီးပွားလုပ်ခွင့်ရှိတဲ့စံနစ်) ကျင့်သုံးနေတဲ့နိုင်ငံတွေက ကုမ္ပဏီတွေအကြောင်းကို အရင်ဆုံးရှင်းပြမှ အဖြေဟာပြည့်စုံပါလိမ့်မယ်။
Sole_Proprietorship
စကားလုံးကြီးကျယ်လို့ လန့်မသွားပါနဲ့။ တနိုင်တပိုင်လုပ်တဲ့လုပ်ငန်း အသေးစားလေးတွေကို ပြောတာပါ။ ဥပမာ အိမ်ဆိုင်လေးတွေ၊ လမ်းဘေးကွမ်းယာဆိုင်လေးတွေ၊ စားသောက်ဆိုင်တွေ၊ ကားပြင်ဆိုင်၊ စာစီစာရိုက်ဆိုင် စတာတွေပေါ့။ တဦးတည်းပိုင် လုပ်ငန်းသေးလေးတွေပါ။
Partnership
စောစောက လုပ်ငန်းအသေးလေးဟာ အောင်မြင်တိုးတက်လာတယ်။ ဥပမာ သူ့စားသောက်ဆိုင်လေးမှာ ဝယ်ယူစားသောက်သူတွေ အရမ်းများလာတယ်။ သူ့ဆိုင်နေရာကိုတိုးချဲ့ပြီး စားပွဲ၊ ကုလားထိုင်အသစ်တွေ ဝယ်ရမယ်။ စားဖိုမှူးအသစ်၊ စားပွဲထိုးအသစ်တွေ ခန့်ရတော့မယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေလိုလာပြီ။ အသိတွေဆီက ငွေချေးမလား။ ပေးရတဲ့အတိုးက မနဲဘူး။ အတိုးသက်သာတဲ့ ဘဏ်ကလဲ ငွေချေးမပေးဘူး။ ဒါကြောင့် နီးစပ်တဲ့ အပေါင်းအသင်းထဲက စိတ်ဝင်စားတဲ့သူကို အစုစပ်ငွေထဲ့ခိုင်းပြီး ပါတနာ (Partner) စပ်တူလုပ်ငန်း ထူထောင်တယ်။ ရရှိတဲ့အမြတ်ငွေကိုတော့ ထည့်ဝင်ထားတဲ့ ငွေပေါ်မူတည်ပြီး အချိုးကျခွဲယူကြတယ်။
ပါတနာလုပ်ငန်းမှာ ဆိုးကျိုးတွေရှိပါတယ်။ ဘဏ်တွေက (အပေါင်မထားနိုင်ရင်) ငွေချေးလို့မရဘူး။ နောက်ပြီး ပါတနာလုပ်ငန်းဟာ အရှုံးတွေပြပြီး အကြွေးတွေတင်ပြီဆိုပါစို့။ အကြွေးရှင်တွေက သူတို့အကြွေးတွေကို ပြန်ရဖို့ တရားစွဲတောင်းပြီ။ အကြွေးဆပ်ဖို့ လုပ်ငန်းကို တခြားသူတယောက်ကို ရောင်းချလိုက်မယ်။ ရှိသမျ စားသောက်ဆိုင်ထဲက ပရိဘောဂ၊ အိုးခွက်တွေရောင်းပြီး အကြွေးဆပ်မယ်။ အကြွေးကျေဖို့ ပိုက်ဆံက လိုနေသေးတယ်။ ပါတနာဖြစ်သူတိုင်းဟာ မိမိတို့ပိုင်ဆိုင်တဲ့ အိမ်၊ ကားစတာတွေ ရောင်းပြီး ဆပ်ရမယ်။ အဲဒီလို ဆပ်တာတောင် အကြွေးမကျေသေးရင် ဒေဝါလီခံရမယ်။ ဒေဝါလီခံလိုက်ရင် အကြွေးမကျေမချင်း တသက်လုံး လုပ်ငန်းလုပ်ခွင့် မရှိတော့ဘူး။
Private_Company
ပါတနာလုပ်ငန်းလုပ်သူတွေဟာ စောစောက အကြွေးတင်ရင် ဒေဝါလီခံရနိုင်တဲ့ ဆိုးကျိုးကို ကြောက်လာတယ်။ ဒါကြောင့် အစိုးရဆီမှာ Private ကုမ္ပဏီအဖြစ် မှတ်ပုံတင်လိုက်တယ်။ စင်္ကာပူမှာ Pte_Ltd လို့ ကုမ္ပဏီနာမည်တပ်ထားရင် Private_Company အမျိုးအစားပါပဲ။ ဒီကုမ္ပဏီ အမျိုးအစားရဲ့ အားသာချက်တွေက ကုမ္ပဏီမှာ အကြွေးတင်လာရင် အစုရှယ်ယာဝင်ထားတဲ့ပိုက်ဆံပဲ ဆုံးရှုံးမယ်။ ထည့်ဝင်ထားတဲ့ ရှယ်ယာတန်ဖိုးထက်ပိုပြီး အကြွေးဆပ်စရာမလိုဘူး။ ပြီးတော့ ဘဏ်ကအပေါင်မလို အတိုးပေးပြီး ငွေချေးယူလို့ ရတယ်။ အစုရှယ်ယာဝင်တွေ ခေါ်ယူလို့ရတယ်။ ဒါပေမဲ့ လူထုကို ရှယ်ယာရောင်းခွင့်မရှိဘူး။ ကုမ္ပဏီအရှုံးအမြတ် ငွေစာရင်းကို ရှယ်ယာဝင်တွေကလွဲပြီး အပြင်ကိုအသိပေးကြေငြာဖို့မလိုဘူး။
Public_Listed_Company
စောစောက Private_Company ဟာ လုပ်ငန်းအရမ်းတိုးတက်လာပြီ။ လုပ်ငန်းကို အကြီးအကျယ် ထပ်ချဲ့ချင်လာတယ်။ အစုဝင်ထားတဲ့ ငွေတွေနဲ့ မလုံလောက်တော့ဘူး။ လုပ်ငန်းချဲ့ဖို့ ငွေတွေ အများကြီးလိုလာပြီ။ ဘဏ်ကနေလဲ အတိုးပေးပြီး ငွေမချေးချင်ဘူး။ အဲဒီတော့ အစိုးရဆီမှာ Public_Listed ကုမ္ပဏီအဖြစ် မှတ်ပုံတင်တယ်။ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်ခွင့်ရတာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ လုပ်ငန်းတွေဟာ ရေရှည်တိုးတက်ဖို့ရှိ၊ မရှိနဲ့ ငွေရေးကြေးရေး အခြေအနေတွေကို အစိုးရစာရင်းစစ်တွေက အသေအချာစစ်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှ မှတ်ပုံတင်ခွင့်ပြုတာပါ။
ကုမ္ပဏီနာမည်နောက်မှာ Pte မပါဘဲ Ltd စကားလုံးတလုံးထဲဆိုရင် Public_Listed ကုမ္ပဏီပါ။ ဒီကုမ္ပဏီတွေကို နိုင်ငံလိုက်ပြီး အခေါ်အဝေါ်ကွဲပြားကြတယ်။ စင်္ကာပူမှာ ကုမ္ပဏီနာမည်နောက်မှာ Corporation_Ltd သို့မဟုတ် Ltd လို့တပ်တယ်။ အင်္ဂလန်မှာ "Plc" တပ်တယ်။ အမေရိကန်မှာ "Inc" တပ်တယ်။ ဂျာမနီမှာ "AG" လို့ တပ်တယ်။ နာမည်ကွဲပြားပေမဲ့ Public_Listed ကုမ္ပဏီဖြစ်ရင် သူတို့ရဲ့ခံစားခွင့်တွေ တာဝန်တွေဟာ အတူတူနီးပါးပါပဲ။
Listed ကုမ္ပဏီ (Public_Listed ရဲ့အတိုကောက်)တခုခု ဖြစ်လာရင် တာဝန်ကြီးလှပါတယ်။ ကုမ္ပဏီရဲ့ ငွေရေးကြေးရေးကိစ္စတွေကို အစိုးရထံအချိန်မှန်မှန် အစီရင်ခံတင်ပြရသလို သတင်းစာတွေကနေလဲ အခါအားလျော်စွာ ထုတ်ပြန်ကြော်ငြာပေးရတယ်။ အစိုးရစာရင်းစစ်တွေရဲ့ ပုံမှန်တင်းကြပ်တဲ့ စစ်ဆေးခြင်းကိုလဲ ခံကြရတယ်။
ဒါဆို ဘာဖြစ်လို့ Listed ကုမ္ပဏီဖြစ်ချင်ရတာလဲ။ အဓိက မက်လုံးကတော့ လူထုကို စတော့ရှယ်ယာတွေ ရောင်းရလို့ပါ။ ကုမ္ပဏီမှာ လုပ်ငန်းချဲ့ဖို့ ဘဏ်ကအတိုးပေးပြီး ငွေချေးစရာမလိုပဲ စတော့ရှယ်ယာရောင်းပြီး ငွေရှာလို့ရလို့ပါ။ Listed ကုမ္ပဏီတွေဟာ လူထုကို ရှယ်ယာတွေ ကြိုက်သလောက်ရောင်းခွင့် မရှိပါဘူး။ အစိုးရ သတ်မှတ်တဲ့ရှယ်ယာတန်ဖိုးနဲ့ ရှယ်ယာအရေအတွက်ထက် ပိုရောင်းခွင့်မရှိပါဘူး။
အဲဒီတော့စတော့ရှယ်ယာဆိုတာဘာလဲ။
စတော့(ရှယ်ယာ)ဆိုတာ တကယ်တော့ စာရွက်လေးတခုပါ။ ကုမ္ပဏီရဲ့ ပိုင်ဆိုင်ခွင့် (Equity) တစိပ်တပိုင်းကို ပေးထားတယ်ဆိုတဲ့ စာချုပ်လေးပါ။ ကုမ္ပဏီမြတ်ရင် ထိုက်သင့်တဲ့ အကျိုးအမြတ်ခံစားခွင့်ရှိတယ်။ စတော့ကို တယောက်ကနေ နောက်တယောက်ကို လက်ပြောင်းလက်လွှဲလုပ်လို့ရတယ်။ အချင်းချင်း လက်သိပ်ထိုးလွှဲပြောင်းယူရင် တရားမဝင်ပါဘူး။ စတော့အိပ်ချိန်းဈေးကွက်မှာ စတော့ပွဲစားတွေကနေတဆင့် ဝယ်တယ်၊ ရောင်းတယ်လုပ်ရပါတယ်။ အဲဒါကို စတော့ရှယ်ယာ ကစားတယ်လို့ပြောကြပါတယ်။
ဒီလောက်ဆိုရင် စတော့တို့ ရှယ်ယာတို့ဆိုတဲ့စကားလုံးတွေမြင်ရင် မထိတ်လန့်လောက်တော့ဘူး ထင်ပါတယ်။ စတော့ရှယ်ယာလို့ပြောရင် ကုမ္ပဏီကို ဘယ်လောက်ဖိုး ပိုင်ဆိုင်တယ်ဆိုတာ ရေးထားတဲ့စာချုပ်လေးတခုလို့ မြင်လိုက်ပါ။
ထပ်ရေးရင် ရှုပ်သွားမှာစိုးလို့ ဒီလောက်နဲ့ ရပ်လိုက်ပါမယ်။ နောက်ဆက်ရေးပေးပါမယ်။
မှတ်ချက်။ လူတွေက စတော့ (သို့မဟုတ်) ရှယ်ယာ (သို့မဟုတ်) စတော့ရှယ်ယာဆိုပြီး အဆင်ပြေသလို ပြောတတ်ကြပါတယ်။ သဘောသဘာဝချင်း သိပ်မကွာလို့ ဘယ်ဟာသုံးသုံးမှန်ပါတယ်။ နောက်တမျိုး ရှိသေးတယ်။ Bond ဆိုတာပါ။ အဲဒါက ကုမ္ပဏီကို အချိန်ကာလတခုအတွင်း ပုံသေအတိုနှုန်းနဲ့ ငွေချေးပေးတဲ့စာချုပ်ပါ။
အောက်က ဓါတ်ပုံလေးတွေကို ချဲ့(zoom) လုပ်ကြည့်ရင် နမူနာ Stock နဲ့ Bond စာချုပ်လေးတွေနဲ့ အဓိပ္ပါယ်ရှင်းလင်းချက်တွေကို တွေ့နိုင်ပါတယ်။
အခု ကွန်ပြူတာခေတ်မှာ အဲဒီလိုစာချုပ်စာရွက် မသုံးတော့ပါဘူး။ အီလက်ထရောနစ်နည်းနဲ့ ရှယ်ယာတို့၊ Bond တို့ကိုကို မည်သူမည်ဝါပိုင်ဆိုင်ကြောင်း သက်သေခံကြပါတော့တယ်။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူ တင်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment