Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label U Thein Phay. Show all posts
Showing posts with label U Thein Phay. Show all posts

QE (Quantitative Easing) ဆိုတာ ဘာလဲ။

4:30 PM | , ,


QE ဆိုတာကို အလွယ်ဆုံးရှင်းပြရရင် အစိုးရဗဟိုဘဏ်ကနေ ငွေတွေ ရိုက်ထုတ်လိုက်တာကို ခေါ်ပါတယ်။ ဒါများ ဘာဆန်းသလဲလို့ မေးစရာရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာလေးတွေရှိလို့ ရေးပြလိုက်ပါတယ်။

နိင်ငံတနိုင်ငံမှာ နိုင်ငံခြားပို့ကုန်ကရတဲ့ငွေဟာ နိုင်ငံခြားကတင်သွင်းရတဲ့ ကုန်တွေဝယ်ယူရတဲ့ငွေထက် နဲလာပြီဆိုရင် နိုင်ငံရဲ့ဘတ်ဂျက်မှာလိုငွေပြလာပါပြီ။ သဘောကတော့ အစိုးရလက်ထဲမှာ ပိုက်ဆံနဲသွားပြီ။ ဘတ်ဂျက်လိုငွေကို နိုင်ငံတော်စုဆောင်းထားငွေ National_Reserves ထဲက ထုတ်သုံးရတော့မယ်။ ထုတ်သုံးတဲ့ငွေတွေနဲ့ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစတာတွေအတွက် ဘတ်ဂျက်ချပေးရမယ်။

ဒါပေမဲ့ နိုင်ငံတော်မှာ လိုငွေပြနေတိုင်း နိုင်ငံ့စုဆောင်းငွေထဲက အမြဲတမ်းထုတ်သုံးနေလို့ မရဘူးလေ။ စုဆောင်းငွေဆိုတာ နိုင်ငံခြားချေးငွေတွေ ပြန်ဆပ်ဖို့ရယ်၊ နိုင်ငံခြားကြွေးမြီတွေအတွက် အတိုးပေးဖို့ရယ်၊ အရေးပေါ်ကိစ္စတွေ ဥပမာအနေနဲ့ နိုင်ငံအချင်းချင်း စစ်ဖြစ်ရင်စတာတွေအတွက် အလုံအလောက် ချန်ထားရပါတယ်။

အဲဒီတော့ အစိုးရဟာ လိုငွေကိုဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေ ကြံဆရတော့မယ်။ လိုငွေဖြည့်ဖို့ တနည်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့

(၁) မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ချရမယ်။ ငွေကြေးတန်ဖိုးကျရင် ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ပို့နိုင်လို့ နိင်ငံခြားပို့ကုန်တွေကနေ ဝင်ငွေတွေရလာမယ်။

(၂) ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးတဲ့အတိုးကို လျှော့ချပေးရမယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီပွားရးသမားလုပ်ငန်းရှင်တွေကို အတိုးနဲနဲပဲယူပြီးချေးပေးမယ်။ လုပ်ငန်းရှင်တွေ ဘဏ်ကငွေများများချေးပြီး လုပ်ငန်းမှာရင်းနှီးမြုပ်နံကြလို့ နိုင်ငံ့စီးပွားရေးတက်လာလိမ့်မယ်။

(၃) စီးပွားရေးသမားတွေ လူထုတွေဆီက ကောက်ခံတဲ့အခွန်အခတွေလျှော့ချပေးရမယ်။

အထက်က ရေးပြခဲ့တာတွေလုပ်ဖို့ကလဲ အစိုးရဆီမှာ နိုင်ငံ့အရံငွေဖြစ်တဲ့ စုဆောင်းငွေ အလုံအလောက်ရှိရမယ်။ အလုံအလောက်မရှိဘူးဆိုရင်တော့ အစိုးရအနေနဲ့ လုပ်ဖို့ နည်းလမ်းနှစ်သွယ်ပဲ ကျန်ပါတော့တယ်။

ပထမနည်းက နိုင်ငံခြားကနေ အတိုးနဲ့ငွေထပ်ချေးပေါ့။ အချိန်မှီပြန်မဆပ်နိုင်တဲ့အခါ အတိုးတွေ တက်သထက်တက်လာလို့ အစိုးရတွေဟာ သိပ်မလုပ်ချင်ကြဘူး။ အစိုးရက မလိုအပ်ပဲ နိုင်ငံခြားကငွေချေးရင် အတိုက်အခံတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအစိုးရ ပြုတ်ကျသွားရင် နောက်တက်တဲ့အစိုးရက ပြန်ဆပ်ရလိမ့်မယ်။ နောက်တက်တဲ့အစိုးရကလဲ အရင်အစိုးရလက်ထက်က ချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ လူတွေဆီက အခွန်အခတွေ တိုးကောက်ရတော့မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေရှိလို့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့အစိုးရတွေဟာ နိုင်ငံခြားက ငွေချေးတဲ့အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြပါတယ်။

ဒါဆို ဒုတိယနည်းကတော့ QE (Quantitative_Easing) လို့ ခေါ်ပါတယ်။ နိုင်ငံတော်ရဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ အများကြီးထုတ်လိုက်တာပါ။ ဘယ်လောက်များများအထိ ထုတ်ဝေသလဲဆိုတာကတော့ ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေရဲ့ တွက်ချက်တတ်တဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်နေပါတယ်။ ပိုက်ဆံတွေ မတရားရိုက်ထုတ်လိုက်လို့ လူတွေလက်ထဲ ပိုက်ဆံအများကြီးရောက်သွားရင် ကုန်ပစ္စည်းတွေ ဈေးတက်လာမယ်။ ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်လာမယ်။

အဲဒီတော့ အစိုးရဟာ နိုင်ငံ့လိုငွေကို ဖြည့်ဆည်းပေးဖို့ ဒီနည်းလမ်းနှစ်ခုထဲက တခုခုတော့ရွေးရလိမ့်မယ်။ မရွေးလို့မရပါဘူး။ ဘတ်ဂျက်မရှိလို့ဆိုပြီး အစိုးရက ဘတ်ဂျက်မချပေးဘူးဆိုရင် အစိုးရရဲ့ ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားမယ်။ နိင်ငံ့တခုလုံးရဲ့ စီးပွားရေးကျဆင်းလာမယ်။ လူတွေရဲ့စီးပွားရေး ထိခိုက်လာမယ်။ လူတွေမကျေနပ်တော့ ဆန္ဒပြကြမယ်။ ဆူပူအုံကြွမှုတွေဖြစ်လာမယ်။ အစိုးရတောင် ပြုတ်ကျသွားနိုင်တယ်။

ဒီတော့ အစိုးရတွေဟာ ဒုတိယနည်းဖြစ်တဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေအများကြီး ထုတ်လိုက်ပါပြီတဲ့။ ထုတ်လိုက်တဲ့ပိုက်ဆံတွေကို ဗဟိုဘဏ်ထဲမှာပဲ အလှကြည့်သိမ်းထားလို့မရဘူးလေ။ တိုင်းပြည်ရဲ့ စီးပွားရေးအထောက်အကူပြုဖို့ လူတွေလက်ထဲကို အဲဒီပိုက်ဆံတွေရောက်အောင် ဖြန့်ရမယ်။ ဘယ်လိုဖြန့်ရမလဲ။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို အတိုးမယူပဲ ငွေချေးပေးမယ်။ Zero_Interest ပေါ့။ ပုဂ္ဂလိကဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို အတိုးနဲနဲလေးပဲယူပြီး ငွေချေးပေးကြမယ်။ မကြာခင်ကပဲ Denmark နိုင်ငံနဲ့ Switzerland နိုင်ငံတွေက အစိုးရတွေဆိုရင် Negative_Interst (0.6%)နဲ့ ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးခဲ့ပါတယ်။ သဘောကတော ပုဂ္ဂလိကဘဏ်တွေက ငွေချေးရင် ဗဟိုဘဏ်ကချေးငွေရဲ့ အတိုး ၀.၆ ရာခိုင်နှုန်း နှစ်စဉ်ပြန်ပေးတယ်။

ဒီ QE (Quantitative_Easing) ကို နိုင်ငံတိုင်းမသုံးရဲကြပါဘူး အစိုးရအနေနဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို အဖက်ဖက်က တွက်ချက်ပြီးမှ လုပ်ရတယ်။ တွက်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင့် နိုင်ငံ့စီးပွားရေးတခုလုံးက မောက်ကမဖြစ်လာနိုင်တာမို့ အင်မတန်ကြီးမားတဲ့ Risk ယူရပါတယ်။ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျပြီး အလုပ်လက်မဲ့တွေထူပြောလာလို့ ဒီ QE ကို ၂၀၀၉ ခုနှစ်ကစပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဒီ QE အတွက် အမေရိကန်ဒေါ်လာ ဘယ်လောက်များများ ထုတ်ဝေပေးလိုက်သလဲဆိုတာ မသိချင်ဘူးလား။ ၂၀၀၉ခုနှစ်ကစလို့ ၆နှစ်ကာလအတွင်း အမေရိကန်အစိုးရဟာ US $3 Trillions။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃ထောင်ပါ။ ထုတ်လိုက်တာတွေက ငွေစက္ကူချည်းပဲ မဟုတ်ပါဘူး။ Digital_Money လဲ ပါပါတယ်။ Digital_Money ကိုတော့ ကြုံမှရှင်းပြပါမယ်။

ယနေ့အချိန်မှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေဖြစ်ကြတဲ့ တရုပ်၊ ရုရှားနဲ့ Europe နိုင်ငံတွေမှာ စီးပွားရေး အတော်လေးကျဆင်းနေကြပါတယ်။ အမေရိကန်နိုင်ငံဟာ QE ကြောင့် အခုစီးပွားရေးအတော်လေး တိုးတက်လာပါတယ်။ အလုပ်လက်မဲ့ဦးရေလဲ သိသိသာသာ ကျဆင်းသွားပါပြီ။ မကြာခင်ကပဲ အမေရိကန်အစိုးရက သူတို့ထုတ်ထားတဲ့ အမေရိကန်ဒေါ်လာငွေတွေကို မနက်ဖြန်ကနေ ပြန်လည်စတင်ပြီး သိမ်းယူတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ တချိန်ထဲမှာပဲ Europe နိုင်ငံတွေကလဲ မနက်ဖြန်ကစပြီး လာမဲ့(၁၈)လအတွင်း ယူရိုငွေ Euro ငွေပေါင်း 1.1Trillion ထုတ်ဝေတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ သူတို့လဲ အမေရိကန်ရဲ့ QE အောင်မြင်မှုကို အားကျပြီး လိုက်လုပ်ကြတော့မယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မကြာခင် ဒီ QE စကားလုံးဟာ ကမ္ဘာတလွှားမှာ popular ဖြစ် ရေပန်းစားလာတော့မှာမို့ သိထားသင့်တယ်ထင်လို့ ရေးပြလိုက်ပါတယ်။
မှတ်ချက်။ အမေရိကန်ဟာ သူရဲ့ဒေါ်လာတွေကို ပြန်သိမ်းယူတော့မှာမို့ ဈေးကွက်မှာ ဒေါ်လာတွေ နည်းသွားလိမ့်မယ်။ အကျိုးဆက်ကတော့ မကြာခင် အမေရိကန်ဒေါ်လာဈေး တက်လာနိုင်တယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

မြန်မာ့ငွေတန်ဖိုးကျရင် ပို့ကုန်တင်ပို့သူတွေ ဘာကြောင့်ပျော်ကြသလဲ

7:30 PM |


လူတယောက်ဟာ ပြည်တွင်းမှာ အင်္ကျီတွေချုပ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့နေတယ်ဆိုကြပါစို့။

သူ့ရဲအကျီတထည်ဖြစ်အောင် လုပ်ရတဲ့ကုန်ကျစရိတ် (အင်္ကျီစဖိုး၊ ချုပ်လုပ်ခ၊ ရေဖိုးမီးဖိုး၊ သယ်ပို့ခ)အားလုံးတွက်လိုက်ရင် အင်္ကျီတထည်ကို မြန်မာငွေ၆ထောင်ကျပ် ကုန်ကျပါတယ်။

နိုင်ငံခြားကုမ္ပဏီတခုက အင်္ကျီတထည်ကို ၁၀ဒေါ်လာပေးပြီး အထည်တစ်ရာ မှာယူလိုက်ပါတယ်။ ကျသင့်ငွေစုစုပေါင်း ဒေါ်လာ၁၀၀ ပေးချေပါတယ်။ အဲဒီအချိန်မှာ ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ကျပ်၁၀၀ဝ ဖြစ်လို့ အထည်တစ်ရာအတွေက် ရောင်းသူရလိုက်တဲ့ မြန်မာငွေဟာ ဒေါ်လာ၁၀၀၀xကျပ်၁၀၀၀=ကျပ်၁၀၀၀၀၀၀(၁၀သိန်း) ဖြစ်ပါတယ်။

သူရင်းထားတဲ့ အင်္ကျီအထည်တစ်ရာရဲ့ ကုန်ကျစရိတ်ဟာ အထည်၁၀၀xကျပ်၆,၀၀၀=ကျပ်၆၀၀,၀၀၀(၆သိန်း) ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကျပ်၁၀သိန်း-၆သိန်း=ကျပ်၎သိန်း မြတ်လိုက်ပါတယ်။

တလကြာတော့ စောစောက နိုင်ငံခြားကုမ္ပဏီကပဲ အင်္ကျီအထည်တစ်ရာထပ် မှာယူပြန်တယ်။ အရင်ဈေးနဲ့ ဒေါ်လာတစ်ထောင်ပဲ ပေးချေတယ်။ အဲဒီအချိန်မှာ မြန်မာငွေဈေးကျပြီး တစ်ဒေါ်လာကို ကျပ်၁၂၀၀ဈေး ပေါက်နေတယ်။ ရောင်းသူရလိုက်တဲ့ ကျပ်ငွေဟာ ဒေါ်လာ၁၀၀၀xကျပ်၁၂၀၀=ကျပ်၁၂၀၀,၀၀၀(၁၂သိန်း)ဖြစ်သွားတယ်။

အင်္ကျီထုတ်လုပ်ခဟာ အရင်ဈေးပဲဖြစ်လို့ အရင်းဟာ ကျပ်၆သိန်းပါပဲ။ ဒါကြောင့် အခုတခေါက် သူရလိုက်တဲ့အမြတ်ဟာ ကျပ်၁၂သိန်း-၆သိန်း=၆သိန်း ဖြစ်သွားပါတယ်။

အရင်လက အမြတ်ငွေ၎သိန်း မြတ်နေရာကနေ အခု မြန်မာငွေဈေးကျသွားလို့ အခုတခါ ငွေကျပ်၆သိန်း မြတ်သွားပါတယ်။ ကျပ်ငွေဈေးကျလေ သူပိုမြတ်လေပါပဲ။

ဒါကြောင့်မြန်မာငွေဈေးထိုးကျ (ဒေါ်လာဈေးထိုးတက်)ရင် ပို့ကုန်သမားတွေသိပ်ပျော်ကြတယ်။ ဒါပေမဲ့ သွင်းကုန်သမားတွေအတွက်ကတော့ ဒေါ်လာဈေးတက်ရင် အမြတ်နည်းသွားလို့ ဒါမှမဟုတ် အရှုံးပေါ်လို့ မပျော်နိုင်ရှာကြပါဘူး။

ဒီဥပမာလေးက ရိုးရှင်းပေမဲ့ လူတွေသိသင့်တဲ့ စီးပွားရေး အခြေခံသဘောတရားလေးမို့ ရေးပြပေးလိုက်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Margin Trading ဆိုတာ

6:30 PM | ,


စတော့ရှယ်ယာတခုကို ဝယ်ချင်ရင် ဝယ်နိုင်မဲ့ငွေအလုံအလောက် ရှိရပါမယ်။ ဥပမာ ငွေကျပ်(၁၀၀)စီတန်တဲ့ စတော့အခုတစ်ထောင်ကို ဝယ်ချင်ရင် လက်ထဲမှာ ငွေကျပ်တစ်သိန်းရှိဖို့လိုတာပေါ့။

တကယ်လို့ လက်ထဲမှာရှိတဲ့ငွေက ကျပ်တစ်သိန်းမပြည့်ဘူး။ "၅၀၀၀၀"ပဲ ရှိနေတယ်ဆိုပါစို့။ အဲဒီစတော့ကို ဝယ်လို့ မရတော့ဘူးလား။ ဝယ်နိုင်တဲ့နည်း ရှိပါတယ်။ အဲဒါကို Margin_Trading လို့ခေါ်ပါတယ်။ Trading_on_Margin လို့လဲခေါ်တယ်။ Buying_on_Margin လို့လဲခေါ်ကြတယ်။ ဘယ်လိုပဲခေါ်ခေါ် "Margin" စကားလုံးပါရင် အဓိပ္ပါယ်က အတူတူပါပဲ။

Maring_Trading ကို လွယ်အောင်ပြောရရင် ရှယ်ယာပွဲစားဆီက ငွေချေးပြီး ရှယ်ယာဝယ်ယူခြင်းပါ။ ရှယ်ယာတန်ဖိုးရဲ့ (၁၀၀%)လုံးကိုတော့ ချေးယူလို့မရပါဘူး။ ရှယ်ယာပွဲစားဆီက ဘယ်လောက်ပဲ ချေးယူနိုင်တယ်ဆိုတာကို အစိုးရက သတ်မှတ်ပေးထားပါတယ်။ ဥပမာ ဝယ်ချင်တဲ့ ရှယ်ယာတန်ဖိုးရဲ့ ၅၀% ထက် ပိုချေးလို့မရဘူးလို့ အစိုးရကသတ်မှတ်ထားရင် ၅၀%နဲ့ သူ့အောက်ပဲ ချေးယူခွင့်ရှိပါတယ်။ ကျန်တဲ့လိုငွေကိုတော့ ဝယ်သူက သူ့ပိုက်ဆံနဲ့ စိုက်ထုတ်ဝယ်ရပါမယ်။ အဲဒီစိုက်ထုတ်ဝယ်ရတဲ့ ပိုက်ဆံကို Margin လို့ခေါ်လို့ Margin_Trading နည်းလို့ပြောကြတာပါ။

"ဟာ ပွဲစားဆီက ငွေချေးပြီး ရှယ်ယာဝယ်လို့ရပြီ ဟန်ကျလိုက်တာကွာ"လို့ထင်စရာရှိပါတယ်။ "Margin_Trading" နည်းဟာ ကောင်းကွက်ရှိသလို မကောင်းတာလဲရှိပါတယ်။ ရှင်းပြပါမယ်။

‪ကောင်းတာက ရှယ်ယာဈေးတက်ရင် ရတဲ့အမြတ်အစွန်းများတယ်။ လက်ထဲရှိတဲ့ ပိုက်ဆံထက်တန်ဖိုးပိုများတဲ့ ရှယ်ယာတွေ အကြွေးနဲ့ဝယ်နိုင်တယ်။

ဥပမာပြောရရင် စောစောက ငွေကျပ်တစ်သိန်းတန်တဲ့ စတော့တစ်ထောင်ကို ဝယ်ချင်တယ်။ စတော့စုပေါင်းတန်ဖိုးတစ်သိန်းရဲ့ ၅၀%ဖြစ်တဲ့ ငွေ၅သောင်းကို ပွဲစားကိုပေးလိုက်ပြီး ကျန်တဲ့လိုငွေ၅သောင်းကို သူ့ဆီကစာချုပ်နဲ့ ချေးယူပြီး စတော့တွေဝယ်လိုက်တယ်။ စတော့ရှယ်ယာ ပိုင်ရှင်တယောက် ဖြစ်သွားပြီ။ မကြာခင်မှာပဲ ကိုယ်ဝယ်လိုက်တဲ့စတော့တွေရဲ့ဈေးဟာ ၂၅%တက်သွားလို့ ထုတ်ရောင်းလိုက်တယ်။ ငွေ"၁၂၅၀၀၀" ရလိုက်တယ်။ ပွဲစားဆီက ချေးထားတဲ့ငွေ "၅၀၀၀၀" ကို ပြန်ဆပ်လိုက်ရင် လက်ထဲမှာငွေ "၇၅၀၀၀" ကျန်ပါတယ်။ စောစောက ရင်းလိုက်ရတဲ့ငွေက ငွေ"၅၀၀၀၀" ပဲရှိတာမို့ အချိန်တိုတိုလေးအတွင်းမှာ အမြတ်"၂၅၀၀၀"ရလိုက်တယ်။ ဟန်ကျလိုက်တာကွာ။

‪‎မကောင်းတာက ရှယ်ယာဈေးကျရင် အရှူံးများတယ်။ ကြာကြာကိုင်ထားရင် ပေးရတဲ့အတိုးကြောင့် အရှူံးပေါ်လိမ့်မယ်။

စောစောကလူက ကံကောင်းပြီး ရှယ်ယာဈေးတက်တာနဲ့ကြုံလိုက်တာကိုး။ အခု ရှယ်ယာဈေး ကျသွားပြီဆိုပါတော့ ဘာဖြစ်မလဲ။ စောစောကဝယ်လိုက်တဲ့ ရှယ်ယာတစ်သိန်းရဲ့တန်ဖိုးဟာ ၂၅%ကျသွားပြီဆိုပါစို့။ အခု ငွေ "၇၅၀၀၀"ပဲ တန်တော့မယ်။ တကယ်လို့ ငွေလိုနေလို့ ပြန်ရောင်းလိုက်တယ်။ ငွေ "၇၅၀၀၀" ပဲ ပြန်ရမယ်။ ပွဲစားဆီက ချေးထားငွေ "၅၀၀၀၀" ကို ပြန်ဆပ်လိုက်ရင် လက်ထဲမှာငွေ "၂၅၀၀၀" ပဲ ကျန်တော့မယ်။ စောစောက ရင်းထားတဲ့ကိုယ့်ပိုက်ဆံက ငွေ"၅၀၀၀၀" မို့ အခုငွေ "၂၅၀၀၀" ရှူံးသွားပြီလေ။

မေးစရာရှိပါတယ်။ ရှယ်ယာဈေးကျနေလို့ ထုတ်မရောင်းဘူးကွာ။ ဆက်ကိုင်ထားလို့ မဖြစ်ဖူးလားလို့။ အဲဒီကျသွားတဲ့ ရှယ်ယာဈေး "၂၅၀၀၀" ကို ဝယ်သူက သူ့ငွေနဲ့ အမြန်ဆုံးပြန်ဖြည့်ပေးဖို့ ပွဲစားက အကြောင်းကြားပါလိမ့်မယ်။ အဲဒါကို "Margin_Call" လို့ခေါ်ပါတယ်။ ။ ကဲ မဖြည့်ဘူးဆိုရင်ကော ဘာလုပ်မလဲ။ စောစောကရှယ်ယာအားလုံးကို အစိုးရဥပဒေအရ ပွဲစားက ဝယ်သူကိုအသိပေးစရာမလိုပဲ ထုတ်ရောင်းနိုင်တယ်။ ပြန်ရောင်းလို့ရတဲ့ ငွေ"၇၅၀၀၀" ထဲက သူချေးပေးထားတဲ့ ငွေ"၅၀၀၀၀"ကို နူတ်ယူထားလိုက်ပြီး ကျန်ငွေ"၂၅၀၀၀"ကို ရှယ်ယာဝယ်သူထံပြန်ပေးလိမ့်မယ်။ ငွေ"၅၀၀၀၀" ရင်းထားတဲ့ဝယ်သူဟာ ငွေ"၂၅၀၀၀" ရှုံးသွားတာအတူတူပါပဲ။ (တကယ်တမ်းကျတော့ "၂၅၀၀၀"မက ရှူံးသွားတာပါ။ ဘာလို့လဲဆိုတော ချေးထားငွေအတွက် အတိုးပေးရသေးတယ်လေ)။

အကြမ်းဖျင်းပြောရရင် ရှယ်ယာဈေးတက်ရင် အမြတ်ကြီးကြီးရနိုင်သလို ရှယ်ယာဈေးကျရင်တော့ အရှူံးလဲကြီးလှပါတယ်။ ဒါကြောင့် ရှယ်ယာအကြောင်းနားလည်သူတွေက ရှယ်ယာဈေးတက်မယ်ထင်ရင် "Margin_Trading"နည်းနဲ့ ပွဲစားဆီက လိုငွေကိုချေးပြီး ဝယ်လိုက်တယ်။ ရှယ်ယာဈေးတက်တာနဲ့ မြန်မြန် ထုတ်ရောင်းပစ်လိုက်တယ်။ အမြတ်ကြီးကြီးကို မြန်မြန်ထက်ထက်ရအောင်ယူလိုက်တယ်။

ရှယ်ယာနားလည်သူတွေဟာ "Margin_Trading"နည်းနဲ့ ဝယ်ထားတဲ့ရှယ်ယာတွေကို လက်ထဲကြာကြာ ကိုင်မထားကြပါဘူး။ ရှယ်ယာဈေးကျရင် အရှူံးကြီးနိုင်တယ်။ ပွဲစားကိုလဲ သူချေးပေးထားတဲ့ငွေအတွက် လစဉ်အတိုးလဲပေးနေရသေးတယ်။ အတိုးကလဲ ရေရှည်မှာထိတာကိုး။

အခုတလော တရုပ်ပြည်မှာ ဖြစ်နေတဲ့ စတော့ရှယ်ယာဈေးကွက် ပြိုလဲကျဆင်းနေတဲ့ကိစ္စမှာ ရှယ်ယာဝယ်ထားသူ တရုပ်လူမျိုးအတော်များများဟာ "Margin_Trading"နည်းနဲ့ ဝယ်ထားကြတာမို့ ရှယ်ယာဈေးတွေလဲ ရုတ်တရက်ထိုးကျရော သူတို့တွေလဲ အရှုံးကြီးရှုံးကြတော့တာပါပဲ။ တချို့ဆို အိမ်ရောင်းပြီး ပွဲစားကိုငွေဖြည့်ပေးရတယ်။

မကြာခင် မြန်မာနိုင်ငံမှာစတော့အိပ်ချိန်းဈေးကွက်ကြီးပေါ်ပေါက်လာတော့မှာမို့ နားလည် ဆင်ခြင်နိုင်အောင် ရေးပေးလိုက်ပါတယ်။

‪မှတ်ချက်။ ဘယ်လိုစတော့ရှယ်ယာအမျိုးအစားကိုပဲ "Margin_Trading"နည်းနဲ့ ဝယ်လို့ရတယ်ဆိုတာကို အစိုးရကသတ်မှတ်ပေးထားပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

‪‎ကမ္ဘာ့ရွှေဈေး (၅)နှစ်အတွင်း အနိမ့်ဆုံးသို့ထိုးကျသွားခြင်း

10:30 PM |


ဒီနေ့ထုတ်သတင်းစာတွေမှာ အောက်ပါသတင်းတပုဒ်ပါလာပါတယ်။ သတင်းအကျဉ်းကတော့

"မနေ့ကပဲ ကမ္ဘာ့ရွှေဈေးနူန်းဟာ ၅နှစ်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပါတယ်။ တနေ့ကို ရွှေတန်ချိန်ပေါင်းမြောက်များစွာ အရောင်းအဝယ်လုပ်ကြတဲ့ တရုပ်ပြည်က Shanghai_Gold_Exchange နဲ့ အမေရိကန်က New_York's_Comex နေရာတွေမှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ(၁,၁၃၂)ကနေ ဒေါ်လာ(၁,၀၈၉)ကို မိနစ်ပိုင်းအတွင်း ထိုးကျသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက မကြာခင်ကပဲ အမေရိကန်အစိုးရက ဒီနှစ်ကုန်မှာ ဘဏ်အတိုးနူန်းတွေမြှင့်တင်မယ်လို့ ကြေငြာလိုက်လို့ပါတဲ့"။

ဒီတော့ ရွှေဈေးနဲ့ အမေရိကန်က ဘဏ်တိုးနူန်းမြှင့်လိုက်တာနဲ့ ဘာဆိုင်လို့လဲ။ ဘယ်လိုဆက်စပ်လို့လဲ။

အမေရိကန်ဗဟိုဘဏ်က ဘာလို့အတိုးနူန်းမြှင့်တင်ရတာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ အဓိကအကြောင်းက ငွေကြေးဖေါင်းပွမှုနူန်း ကြီးထွားလာမှာစိုးလို့ပါ။ ငွေကြေးဖေါင်းပွတယ်ဆိုတာ နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ငွေတွေ အရမ်းများလာရင်ဖြစ်တယ်။ လည်ပတ်နေတဲ့ငွေတွေကို ထိန်းချုပ်ချင်လို့ပါ။

အခုဗဟိုဘဏ်က အတိုးနူန်းမြှင့်တင်လိုက်ပြီ။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အတိုးနူန်းကြီးကြီးနဲ့ ပိုက်ဆံချေးပေးတော့မယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီးပွားရေးသမားတွေနဲ့ လူတွေကို အတိုးနှုန်းမြင့်မြင့်နဲ့ ပြန်ချေးပေးရတော့မယ်။ အတိုးနှုန်းကြီးလာလို့ ဘဏ်ကငွေချေးသူတွေ လျော့နဲလာမယ်။ ဒီတော့လူတွေလက်ထဲမှာ ငွေနဲလာလိမ့်မယ်။ အကျိုးဆက်က ငွေကြေးဖေါင်းပွမှုလျော့ကျသွားမယ်။

ဒါပေမဲ့ တခြားမကောင်းတဲ့ အကျိုးဆက်တွေလဲဖြစ်လာပါမယ်။ စီးပွားရေးသမားတွေလက်ထဲမှာ ငွေနဲလာလို့ လုပ်ငန်းတွေ မတိုးချဲ့နိုင်တော့တဲ့အတွက် ကုမ္ပဏီတွေရဲ့စီးပွားရေးကျလာမယ်။ အမေရိကန်ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတန်ဖိုးထိုးကျလာမယ်။ အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးကျရင် အမေရိကန်စတော့ဈေးကွက်နဲ့ ချိပ်ဆက်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက စတော့ရှယ်ယာဈေးတွေ ကျလာတော့မယ်။ ဒါက စတော့ရှယ်ယာဈေးတွေ အပေါ်အကျိုးသက်ရောက်မှုပါ။

လူတွေလက်ထဲမှာ ပိုက်ဆံနဲလာလို့ အရင်လိုပစ္စည်းတွေ မဝယ်နိုင်ကြတော့ဘူး။ ရွှေဈေးကျတယ်ဆိုတာ လူတွေရွှေကို အရင်မဝယ်နိုင်ကြတော့ဘူး။ နောက်ပြီး အမေရိကန်လူတွေလက်ထဲမှာ အမေရိကန်ဒေါ်လာငွေတွေ နည်းလာလိမ့်မယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ ရှားပါးလာမှုကြောင့် ဒေါ်လာဈေးတက်ပါလိမ့်မယ်။ ဒါက အမေရိကန်ဒေါ်လာဈေးအပေါ် အကျိုးသက်ရောက်မှုပါ။

နောက်အရေးကြီးတဲ့ အကျိုးဆက်တခုရှိသေးတယ်။ အမေရိကန်လူထုဟာ တကမ္ဘာလုံးက ထုတ်တဲ့လူသုံးကုန်တွေ အီလက်ထရောနစ်ပစ္စည်းတွေ အများဆုံးဝယ်ယူနေတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးဖြစ်ပါတယ်။ အမေရိကန်တွေမှာ ပိုက်ဆံနဲလာလို့ နိုင်ငံတကာက ပစ္စည်းတွေ မဝယ်ကြတော့ဘူး။ ဒီတော့ နိုင်ငံတကာရဲ့ စီးပွားရေးတွေလဲ ထိခိုက်လာပါလိမ့်မယ်။

ဒီတော့ စီးပွားရေးအကွက်မြင်သူတွေဟာ ဘာလုပ်ကြမလဲ။ Forex_Trading လုပ်တဲ့လူတွေဟာ ဈေးတက်လာတော့မဲ့ အမေရိကန်ဒေါ်လာတွေ အခုကတဲကဝယ်ထားကြတော့မယ်။ စတော့ရှယ်ယာသမားတွေက စတော့ရှယ်ယာတွေ ဈေးကျတော့မယ်ဆိုတာ ကြိုသိနေကြလို့ ဝယ်ထားတဲ့ ရှယ်ယာတွေအပြိုင်ထုတ်ရောင်းကြမယ်။ ရှယ်ယာဈေးတွေ ထပ်ကျလာမယ်။ စီးပွားရေးသမားတွေ ပို့ကုန်တင်ပို့သူတွေဟာ စီးပွားရေးအထိမနာအောင် ပြင်ဆင်ထားကြရတော့မယ်။

အဲဒီလို ဘဏ်အတိုးနူန်းမြင့်လာလိုက်တာလေး တခုကြောင့် စီးပွားရေးလောကမှာ ဘယ်လို ဂယက်ရိုက်ခတ်လာမယ်။ ဘာတွေဖြစ်လာမယ်ဆိုတာ သိနေသူတွေဟာ သူများတကာထက် စီးပွားရေးခြေတလှမ်း သာနေပါလိမ့်မယ်။

‪နောက်ဆက်တွဲမှတ်ချက်
စတော့ဈေးဆက်ကျနေရင် ရွှေ၊ အိမ်ခြံမြေဈေး ပြန်တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ။ လူတွေဟာ ဈေးကျလာတဲ့ စတော့တွေမဝယ်တော့ပဲ ရွှေ အိမ်မြေတွေဖက်လှည့်ပြီး ရင်းနှီးကြမှာလို့ ရွှေ အိမ်မြေဈေးတွေ ပြန်တက်လာနိုင်ပါတယ်။ ဒါကလဲ ဒေါ်လာဈေးကျမှ လူတွေဝယ်နိင်မှာပါ။

အားလုံးဟာ တခုနဲ့တခု ဆက်စပ်နေတယ်ဆိုတာ သိစေချင်လို့ရေးပြတာပါ။
အခုရေးတာ (အထူးသဖြင့် မြန်မာနိုင်ငံအတွက်) အားလုံးမှန်မယ်လို့ မယူဆစေချင်ပါ။ ဖြစ်နိုင်ခြေတွေကို သုံးသပ်ပြတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

နှစ်ထပ်တိုး (Compound Interest) ရဲ့စွမ်းအား

4:30 PM | ,


နှစ်ထပ်တိုးဆိုတာ ကျောင်းမှာသင်္ချာသင်တုံးက တွက်ခဲ့ဖူးကြမှာပါ။

ဒေါ်လာ(၁၀၀)ကို တနှစ်အတိုးနှုန်း(၁၀)ရာခိုင်နှုန်းနဲ့ အပ်ထားလိုက်ရင် တနှစ်ပြည့်တာနဲ့ ဒေါ်လာ(၁၁၀)ဖြစ်လာမယ်။

အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၁၀)ကို ဆက်စုထားရင် ဒုတိယနှစ်ကုန်တဲ့အခါ ငွေရင်း(၁၁၀)ပေါ်မှာ ရတဲ့အတိုးက (၁၁)ဒေါ်လာဖြစ်လို့ စုစုပေါင်းအပ်ငွေဟာ ဒေါ်လာ(၁၂၁)ဖြစ်သွားမယ်။ ဒါကို နှစ်ထပ်တိုးလို့ခေါ်တယ်ဆိုတာ အများသိကြပါတယ်။

ဒီတခါလဲ အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၂၁)ကို ဆက်စုထားရင် တတိယနှစ်ကုန်တဲ့အခါ ငွေရင်း(၁၂၁)ပေါ်မှာ ရတဲ့အတိုးက ၁၂.၁၀ဒေါ်လာဖြစ်လို့ စုစုပေါင်းအပ်ငွေဟာ ဒေါ်လာ(၁၃၃.၁၀)ဖြစ်သွားမယ်။

လူတိုင်းသိနေတဲ့ ဒီကလေးတွက်လေးများ ကြီးကြီးကျယ်ကျယ်လုပ်ပြီး ရှင်းပြနေရတယ်ဆိုပြီး ဆက်ဖတ်ဖို့စိတ်ရှည်ကြမှာမဟုတ်ဖူးဆိုတာ သိပါတယ်။

အံ့သြစရာကောင်းတာလေးတွေ့တော့မှာမို့ ဆက်ဖတ်ကြည့်လိုက်ပါ။

စောစောကပြောတဲ့ ဒေါ်လာ(၁၀၀)ကို အတိုးတပြားမှမထုတ်ပဲ ဘဏ်မှာထားလိုက်မယ်ဆိုရင်

၅နှစ်ကြာရင် ဒေါ်လာ(၁၆၁.၅၀)ဖြစ်လာမယ်။

၁၀နှစ်ကြာရင် ဒေါ်လာ(၂၅၉.၃၇)ဖြစ်လာမယ်။

၁၅နှစ်ကြာရင် ဒေါ်လာ(၄၁၇.၇၂)ဖြစ်လာမယ်။

အနှစ်(၂၀)ကြာရင် ဒေါ်လာ(၁၆၁၅.၀)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၃၀)ကြာရင် ဒေါ်လာ(၁,၇၄၄. ၉၄)ဖြစ်လာမယ်။

အနှစ်(၄၀)ကြာရင် ဒေါ်လာ(၄,၅၂၅.၉၂)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၅၀)ကြာရင် ဒေါ်လာ(၁၁,၇၃၉.၀၈)ဖြစ်လာမယ်။

အနှစ်(၇၀)ကြာရင် ဒေါ်လာ(၇၈,၉၇၄.၆၉)ဖြစ်လာမယ်။ ဟင် ဒါလေးပဲလား။

အနှစ်(၈၀)ကြာရင် ဒေါ်လာ(၂၀၄,၈၄၀.၀၂)ဖြစ်လာမယ်။

အနှစ်(၁၀၀)ကြာရင် ဒေါ်လာ(၁,၃၇၈,၀၆၁.၂၃)ဖြစ်လာမယ်။ ဒေါ်လာ(၁.၃)သန်းနော်။

တကယ်လို့ သင့်ကလေးမွေးစကတည်းက ဒေါ်လာ(၁၀၀)ကို ဘဏ်ထဲစုထားပြီး အတိုးမထုတ်ဖူးဆိုရင်ရယ်၊ သင့်ကလေးဟာ ကံကောင်းစွာနဲ့ အသက်(၁၀၀)အထိ နေခဲ့ရမယ်ဆိုရင် သင့်ကလေးဟာ အဖိုးကြီး အဖွားကြီးဖြစ်လာရင် သန်းကြွယ်မီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်သွားမှာပါ။ ဘယ်သူ့ကိုမှလဲ မှီခိုနေစရာမလိုတော့ပါဘူး။

လူတိုင်း အသက်(၁၀၀)အထိ မနေရပေမဲ့ အသက်(၆၀-၇၀)အထိနေကြရမှာမို့ သင့်ကလေးအတွက် နောင်ရေးအတွက် စဉ်းစားပေးဖို့ပါ။

ဒါက ဒေါ်လာ(၁၀၀)ပေါ် တွက်ထားတာနော်။ တကယ်လို့ ဒေါ်လာတစ်ထောင်စုခဲ့မယ်ဆိုရင် အနှစ်(၁၀၀)ကြာလို့ ရမဲ့စောစောက(၁.၃)သန်းရဲ့ ၁၀ဆဖြစ်တဲ့ ဒေါ်လာ(၁၃)သန်းရမှာနော်။

ဒီနှစ်ထပ်တိုးဟာ အဆပေါင်းများစွာဖြစ်စေလို့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက လက်ရှိကမ္ဘာ့အံ့ဖွယ်(၇)ပါးအပြင် နံပါတ်(၈)မြောက် ကမ္ဘာ့အံ့ဖွယ်တပါးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး သူက ထပ်ပြောသေးတယ်။ ဒီနှစ်ထပ်တိုးကို မသိသူတွေက ကျော်သွားပြီး သိသူတွေက ဖေါ်စားလို့ သူတို့သားသမီးတွေဟာ မီလျံနာသူဋ္ဌေးကြီးတွေဖြစ်သွားကြပါပြီတဲ့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူဖော်ပြပါသည်။
Read More

ယနေ့ ကမ္ဘာ့ရေနံဈေး ဘာကြောင့်ကျဆင်းရတာလဲ

6:30 PM | ,


ယခုတလော နေ့စဉ်ထုတ် ကမ္ဘာ့သတင်းစာကြီးများတွင် အဓိကထားပြီး ဖေါ်ပြနေကြသော သတင်းများမှာ ISIS အဖွဲ့ကြီးရဲ့ အကြမ်းဖက်သတင်း ISIS ကို USA နဲ့ မဟာမိတ်နိုင်ငံတွေက ဗုံးကြဲတိုက်ခိုက်တာတွေ၊ ပြင်သစ်နိုင်ငံပါရီမြို့တွင် Charlie_Hedbo မဂ္ဂဇင်းပုံနှိပ်တိုက်ကို မူဆလင်အကြမ်းဖက်သမားနှစ်ဦးက ဝင်စီးပြီး လူ၁၂ယောက်ကို ပစ်သတ်သွားခြင်း၊ အင်ဒိုနီးရှားမှာ ပျက်ကျသွားတဲ့ လေယဉ်တစီးကို ပင်လယ်ထဲက ဆယ်ယူဖို့ ကြိုးပမ်းမှုသတင်းတွေနဲ့အတူ ကမ္ဘာ့ရေနံဈေးကျဆင်းတဲ့ သတင်းတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့ရေနံဈေးဟာလဲ အံဩစရာကောင်းလောက်အောင် ရေနံတစည်ကို US$100 ကနေ ၆လအတွင်း US$50 အထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ရေနံဈေး ဘာကြောင့် ရုတ်တရက် ကျဆင်းသွားရသလဲဆိုတာကိုတော့ လူတော်တော်များများ မသိကြပါဘူး။

ရေနံဈေးကျဆင်းခြင်းဟာ အဓိကအကြောင်းကတော့ ရိုးရိုးလေးပါပဲ။ Supply-and-Demand မညီမျှမှုပါပဲ။ လိုအပ်တာထက် ပိုထုတ်လို့ပါ။ US Energy Information Administration ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီနေ့ ကမ္ဘာ့ရေနံသုံးစွဲမှုဟာ တနေ့ကို ရေနံစည်ပေါင်း ၉၂.၃သန်းသာရှိပေမဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်းဟာ တနေ့ကို ရေနံစည်ပေါင်း၉၂.၈သန်း ဖြစ်နေပါတယ်။ တရက်ကို ရေနံစည် ၅သိန်းနီးပါး အပိုထုတ်လုပ်နေကြပါတယ်။ တရက်အပိုထုတ်လုပ်မှုဟာ မသိသာလှပေမဲ့ လအတန်ကြာလာတော့ ရေနံတွေ အလျှံပယ်ပေါလာတော့ ရေနံဝယ်ချင်အောင် ရေနံထုတ်နိုင်ငံတွဟာ ရေနံဈေးတွေ လျှော့ရောင်းကြတော့တာပါပဲ။

အရင်က ဈေးမကျပဲ အခုမှ ဘာလို့ရေနံဈေးတွေ ရုတ်တရက် ကျဆင်းသွားရတာလဲ။ အများသိကြတဲ့အတိုင်း ကမ္ဘာမှာ ရေနံအများဆုံးထွက်တဲ့ အာရပ်၁၂နိုင်ငံပါဝင်တဲ့ OPEC ဆိုတဲ့ ကမ္ဘာ့ရေနံအဖွဲ့အစည်းကြီးက ရေနံဈေးကျဆင်းသွားရင် ပြန်တက်အောင်လို့ သူ့အဖွဲ့အစည်းတွေကို အချိုးကျ လျှော့ထုတ်ဖို့ တိုက်တွန်းပါတယ်။ ဥပမာ နိုင်ငံတိုင်းက သူတို့ရဲ့ ထုတ်လုပ်မှုကို ၁၀ရာခိုင်နှုန်း လျှော့ချဖို့တိုက်တွန်းရင် လိုက်နာကြရမှာပါ။ တကယ်တမ်းကျတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံကလွဲရင် ကျန်၁၁နိုင်ငံဟာ ဘယ်တော့မှ မလိုက်နာခဲ့ကြပါဘူး။ သူတို့ ထုတ်ချင်သလို ထုတ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ရေနံဈေးနှုန်းကို မထိခိုက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ OPEC အဖွဲ့ကြီးရဲ့ တိုက်တွန်းချက် ရာခိုင်နှုန်းအတိုင်း လျှော့ချလိုက်တဲ့ပမာဏဟာ အလွန်များပြားလွန်းလို့ပါပဲ။ သူ့ရဲ့များပြားတဲ့ လျှော့ချထုတ်လုပ်မှုဟာ စုစုပါင်းရေနံထုတ်လုပ်ပမာဏကို ထိန်းထားနိုင်ခဲ့လို ကမ္ဘာ့ရေနံဈေးကို မထိခိုက်စေခဲ့ပါဘူး။

အခုတော့ ဆော်ဒီနိုင်ငံဟာလဲ ကျန်အာရပ်၁၂နိုင်ငံလို OPEC ရဲ့ တိုက်တွန်းချက်ကို မလိုက်နာတော့ပါဘူး။ ဈေးကွက်မှာ demand ရှိတယ်ဆိုပြီး သူထုတ်ချင်သလောက် ရေနံတွေထုတ်လိုက်တဲ့အတွက် ကမ္ဘာ့ဈးကွက်မှာ ရေနံတွေ အလျှံပယ်ပေါလာပြီး အခုတော့ ရေနံဈေးနှုန်းတွေ ကျဆင်းလာရခြင်းပါပဲ။

ရေနံဈေး ခုလိုကျဆင်းလာလို့ ရေနံရောင်းချပြီး အဓိကဝင်ငွေရနေကြတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ Canada, Russia, Iran, Venezuela နဲ့ မလေးရှားနိုင်ငံတွေဟာ စီးပွားရေးထိခိုက်နေကြပါပြီ။

ရေနံဈေးကျဆင်းလို့ ရေနံထုတ်တဲ့နိုင်တွေပဲ ထိခိုက်ပြီး ကျန်နိုင်ငံတွေအတွက် ပိုကောင်းမှာလားလို့ ထင်ရပါတယ်။ ရုတ်တရက်အမြင်အရတော့ ဒီလိုပဲယူဆစရာပါပဲ။ ရေနံဈေးတွေကျလာရင် ကားဆီဈေးတွေ၊ စက်ရုံအတွက် သုံးရတဲ့ဆီဈေးတွေ၊ ရေနံအခြခံ products ထုတ်လုပ်စရိတ်တွေ၊ လျှပ်စစ်မီတာခနှုန်းတွေကျလာလို့ နိုင်ငံ့စီးပွားရေးတွေ တိုးတက်လာမယ် ထင်ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးပညာရှင်တွေကတော့ ဒီရေနံဈေးကြာရှည်ကျဆင်းမှုဟာ မကြာခင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်ပြီး စီးပွားကပ်ဆိုက်မှုကြီး (RECESSION) ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စီးပွားရေးနိယာမတခုဖြစ်တဲ့ Supply-and-Demand ဟာ မညီမျှမှု (unbalance) ဖြစ်ရင် စီးပွားရေးစံနစ်တခုလုံးကို ထိခိုက်ကမောက်ကမ ဖြစ်စေတတ်တဲ့သဘောပါပဲ။ စောင့်ကြည့်ကြတာပေါ့။

ဒီရေနံဈေးကျဆင်းမှုရဲ့ အကျိုးဆက်အနေနဲ့ RECESSION ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတဲ့ စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်ကိုတော့ ဒီဆောင်းပါးရှည်မှာစိုးလို့ နောင်အလျဉ်းသင့်မှ ရေးပြပေးပါမယ်။

ဝန်ခံချက်။ ဒီနေ စင်္ကာပူနိုင်ငံထုတ် The Sunday Times သတင်းစာမှာပါတဲ့ Dr Larry Haverkamp ရဲ့ Making Sense of Oil Money ဆောင်းပါးကို မှီးထားပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

မြန်မာ့ငွေကြေးတန်ဖိုး တက်တာကောင်းသလား

5:30 PM | ,


US ဒေါ်လာဆိုတာ ကမ္ဘာမှာ အခိုင်မာဆုံးငွေကြေးဆိုတာ လူတွေအားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် စီးပွာရေးကိစ္စတွေမှာ US ဒေါ်လာကို ကမ္ဘာ့စံနူန်းတရပ်အဖြစ် ရွှေကဲ့သို့ တန်ဖိုးထားကြပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ရေနံစိမ်းဈေး၊ US ဒေါ်လာဈေး အတက်အကျအပြောင်းအလဲတွေဟာ ကမ္ဘာ့စီးပွားရေးကို တနည်းတဖုံရိုက်ခတ် အကျိုးသက်ရောက်တတ်ပါတယ်။

ဒေါ်လာဈေးကျရင် မြန်မာ့ငွေကြေးဈေးတက်တတ်တာ ဓမ္မတာပါ။ မြန်မာ့ကျပ်ငွေတက်ရင် တနည်းအားဖြင့် ဒေါ်လာဈေးကျရင် လူတွေဟာ ငါတို့နိုင်ငံရဲ့ ပိုက်ဆံတန်ဖိုးပိုရှိလာတယ်ဆို ဝမ်းသာတတ်ကြတယ်။

တကယ်ရော ဝမ်းသာသင့်သလားဆိုတာဆန်းစစ်ကြည့်ကြရအောင်။

မြန်မာ့ငွေကြေးတက်လာရင် (သို့မဟုတ်) US ဒေါ်လာဈေးကျရင် ဘာတွေဖြစ်လာမလဲ။

နိုင်ငံခြားသွားမယ့်လူတွေ နိုင်ငံခြားကို ဒေါ်လာလွှဲချင်သူတွေအတွက်တော့ ကျပ်ငွေနဲ့လဲလိုက်ရင် အရင်နှုန်းနဲ့လဲတာထက် ဒေါ်လာပိုရလို့ ပျော်တာသဘာဝပါ။ အထူးသဖြင့်နိုင်ငံခြားကို ဟောလီးဒေး အပန်းဖြေခရီးထွက်ကြမဲ့ လူတွေအတွက်လဲ ပျော်စရာကြီးပါပဲ။

အဲဒီလူတွေကလွဲရင် ကျန်တဲ့လူတန်းစားတွေ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။

၁။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေ မိမိရဲ့မိသားစုထံကိုငွေလွှဲရင် အရင်ကျပ်ငွေလောက် မရတော့ဘူး။ သူ့မိသားစုဟာ ကျပ်ငွေကို အရင်ပမာဏလောက်မရကြတော့ အရင်ကျပ်ငွေပမာဏလောက်ရအောင် ဒေါ်လာကို ပိုလွှဲပေးကြရတယ်။

၂။ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းသူ importer တွေဟာ ယခင်သွင်းနေကြကုန်တွေကို ဈေးနှုန်းလျှော့၍ တင်သွင်းကြရမယ်။ ဥပမာ ယခင်က ဒေါ်လာ၁၀၀တန်ပစ္စည်းတခုကို ကျပ်ငွေ၁၀၀,၀၀၀ကျပ် ပေးနေရတယ်။ ယခုကျပ်ငွေဈေးတက်လို့ ၁ဒေါ်လာဟာ ၈၀၀ဖြစ်သွားရင် ဒေါ်လာ၁၀၀တန်ပစ္စည်းကို အခု၈၀၀၀၀ကျပ်ပဲ ပေးရတော့မယ်။ သွင်းကုန်တွေကို ဈေးလျှော့ဝယ်နိုင်လာမယ်။ စာသုံးသူတွေကို အရင်ဈေးထက် လျှော့ရောင်းနိုင်လို့ ကုန်ဈေးနူံးတွေ ကျလာလိမ့်မယ်။

၃။ ဒါဆိုရင် ပြည်ပကိုပို့ကုန်ပို့တဲ့သူ exporter တွေအတွက်ရော။ အရင်ဝယ်နေကျပစ္စည်းတွေ အခုတော့ ကျပ်ငွေတန်ဖိုးမြင့်တက်လာလို့ ပြည်တွင်းမှာ နိုင်ငံခြားပို့မဲ့ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ရတယ်။ အဲဒါကြောင့် နိုင်ငံခြားကိုပို့တဲ့အခါ အရင်ပို့နေကျဈေးထက် ပိုရောင်းရတော့မယ်။ ဈေးကြီးလာလို့ နိုင်ငံခြားက ပစ္စည်းအဝယ်နည်းလာမယ်။ ပို့ကုန်တင်ပို့မှု အရေအတွက်တွေ ကျလာမယ်။ ဒါကြောင့် ပို့ကုန်သမားတွေဟာ ကိုယ့်နိုင်ငံရဲ့ငွေကြေးတန်ဖိုးကျမှာ အကြောက်ဆုံးပါပဲ။

၎။ ဟိုတယ်တည်းခိုခ ခရီးသွားစရိတ်တွေတက်လာလို့ နိုင်ငံခြားသား tourists တွေ အဝင်နည်းလာကြလိမ့်မယ်။ ငွေကြေးတန်ဖိုး သိပ်မတက်တဲ့နိုင်ငံတွေကိုပဲ သွားကြလိမ့်မယ်။

ဒါကြောင့် မြန်မာကျပ်ငွေဈေးတက်လာလို့ တနည်းအားဖြင့် ဒေါ်လာဈေးကျလာပြီဆိုရင် မျိုးချစ်စိတ်နဲ့ အရမ်းဝမ်းမသာလိုက်ပါနဲ့။ နိုင်ငံခြားက သွင်းကုန်ဈေးနှုန်းတွေတက်လာပြီး ကုန်ဈေးနူံးတွေလဲ ထပ်ချပ်မကွာ မြင့်တက်လာတော့မယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။
ငွေကြေးဖလှယ်နှုန်းဆိုတာ တကယ်တော့ အခုရှင်းပြသလို ရိုးရိုးရှင်းရှင်းလေး မဟုတ်ပါဘူး။ ကမ္ဘာ့ရေနံဈေးနှုန်း၊ ရွှေဈေးနှုန်း၊ ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်စတာတွေနဲ့လဲ ချိတ်ဆက်သက်ဆိုင်နေကြပါတယ်။ အခြေခံသဘောလေးပဲ ရှင်းပြတာပါ။

အဲဒီအခြေခံသဘောလေးသိထားရင်ပဲ ဒေါ်လာဈေးအတက်အကျဖြစ်ရင် ကုန်ဈေးနှုန်း (အထူးသဖြင့် နိုင်ငံခြားသွင်းကုန်ဈေး) အအတက်အကျဖြစ်စေနိုင်ပြီး လူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေလာနိင်တယ်ဆိုတာ သိမြင်နိုင်ပါပြီ။ အကွက်မြင်တဲ့စီးပွားရေးသမားတွေဟာ ဒေါ်လာဈေးတက်ပြီကြားတာနဲ့ နိုင်ငံခြားကသွင်းရတဲ့ ပစ္စည်းတွေကို ကြိုဝယ်ပြီး လှောင်ထားတတ်ကြတယ်။ အဲဒီပစ္စည်းတွေ ဈေးတက်တော့မယ်ဆိုတာ ကြိုသိနေကြတယ်။ ဈေးတက်တာနဲ့ အမြတ်နဲ့ ထုတ်ရောင်းလေ့ရှိပါတယ်။ US ဒေါ်လာဈေးကျလိုဆိုပြီး ဒေါ်လာစက္ကူကို ဝယ်စုတဲ့သူအင်မတန်ရှားပါတယ်။ ဒေါ်လာဈေးပြန်တက်လို့ မြတ်တဲ့အမြတ်ဟာ ကုန်ပစ္စည်းဈေးကို တင်ရောင်းတာလောက်မရတဲ့အပြင် ဒေါ်လာငွေကိုင်ထားတာဟာလဲ ဥပဒေနဲ့မလွတ်ကင်းလို့ အန္ဒရာယ်များလို့ပါ။။

ဒါကြောင့် ကမ္ဘာ့နိင်ငံကြီးတွေဟာ သူတို့ရဲ့ ငွေတန်ဖိုးကျဖို့ အမြဲထိန်းသိမ်းဆောင်ရွက်ကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့တဲ့နိုင်ငံတွေပေါ့။ ဒါမှ သူတို့ကုန်ပစ္စည်းတွေကို တခြားနိုင်ငံတွေက များများဝယ်ကြမှာကိုး။

ငွေတန်ဖိုးကျအောင် အစိုးရက ဘဏ်တိုးနူန်းလျှော့ချပေးခြင်းစတာတွေ လုပ်တတ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းတခုကတော့ ငွေစက္ကူတွေ ပေါပေါလောလော ရိုက်ထုတ်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ အကျိုးဆက်က ဆိုးကျိုးတွေရှိလို့ အစိုးရတွေဟာ နောက်ဆုံးမတတ်တာမှသာ ဒီနည်းလမ်းကိုရွေးပါတယ်။

အခုတလော သတင်းစာတွေမှာ ဖတ်ရပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာ US ဒေါ်လာတွေ ဈေးကျနေတယ်၊ European နိုင်ငံတွေမှာ သူတို့ရဲ့Euro ငွေကြေးတွေကျနေတယ်၊ ဂျပန်နိုင်ငံမှာ ယန်းဈေးတွေ ကျနေတယ်။ သူတို့နိုင်ငံကလူတွေ သူတို့ငွေကြေးတွေတန်ဖိုးကျလို့ဆိုပြီး ဘာလို့ဆန္ဒမပြကြသလဲ။ ငွေဈေးကျခြင်းဟာ သူတို့နိုင်ငံက ထွက်ကုန်ဈေးတွေသက်သာလာလို့ တခြားနိုင်ငံတွေကို ပိုမိုပို့လာနိုင်တဲ့အတွက် တိုင်းပြည်ရဲ့ ဝင်ငွေတိုးလာတယ်။ ကုန်ဈေးနူန်းတွေကျလာလို့ သူတို့စားဝတ်နေရေး ပိုကောင်းလာစေလို့ပါပဲ။

မေးစရာ မေးခွန်းတခုတော့ ရှိပါလိမ့်မယ်။ မိမိတို့နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကျတာကောင်းတယ်ဆိုရင် အစိုးရတွေဟာ ဘာလို့ တန်ဖိုးအရမ်းကျအောင် မလုပ်ကြတာလဲဆိုတာပါ။ နိုင်ငံတနိုင်ငံရဲ့ငွေကြေးတန်ဖိုး ရုတ်တရက်ထိုးကျသွားခြင်းဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေးမကောင်းတာကို ဖေါ်ပြလိုက်တာပါပဲ။ အဲဒီလိုဖြစ်ရင် နိုင်ငံတကာက အဲဒီနိုင်ငံနဲ့စီးပွားရေးလုပ်ဖို့ ရှောင်ရှားကြပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ထွက်ခွာသွားကြလိမ့်မယ်။

ဒီစာလေးရေးပြတာက နောင်ဒေါ်လာဈေးအတက်အကျဖြစ်လာရင် အဲဒီအကျိုးဆက်တွေ သိထားတော့ ရှောင်သင့်၊ ဆောင်သင့်တာလေးတွေ ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ပါ။ သိလွန်း၊ တတ်လွန်းလို့တော့ မဟုတ်ရပါဘူး။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

စတော့ရှယ်ယာ ကစားချင်သူများအတွက်

4:30 PM | ,


တလောက ကျနော်တို့ မြန်မာနိုင်ငံ ရန်ကုန်မှာ စတော့ရှယ်ယာအရောင်းအဝယ် Exchange ကို ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းတပုဒ်ကို အင်တာနက်မှာ ဖတ်လိုက်ရတယ်။

စတော့ရှယ်ယာဆိုတာ နိုင်ငံခြားမှာတော့ အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားငွေ အတက်အကျကို ဈေးကျနေတုံးဝယ်မယ်၊ ဈေးပြန်တက်ရင် ရောင်းမယ်ဆိုတဲ့ FOREX ဆိုတာတို့၊ Government_Bond တို့ USA က Dow_Jones တို့၊ Nesdaq တို့စတာတွေ အများကြီးရှိကြပါတယ်။ နိုင်ငံပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ ကွဲပြားကြပါတယ်။ စာရှည်မှာစိုးလို့ အကျယ်မရှင်းပြတော့ပါ။

ဘယ်လို စတော့ရှယ်ယာမျိုးပဲဖြစ်ဖြစ် အခြေခံကတော့ အဲဒီစတော့ရှယ်ယာအစုတွေကို ဝယ်ထားမယ်။ မြတ်ရင် ထုတ်ရောင်းမယ်။ မရောင်းချင်သေးရင်လဲ ဆက်ထားထားလိုရတယ်။ ဈေးတက်ရင် အမြတ်အစွန်းကို ခံစားခွင့်ရတယ်။ ဈေးကျနေရင်တော့ အမြတ်မရဘူးပေါ့။

မြန်မာနိုင်ငံက လုပ်ငန်းတခုထဲမှာ အစုဝင်ထားတဲ့ပုံစံနဲ့ တူပါတယ်။ ဒါပေမဲ့ ကွဲပြားတာတွေက လုပ်ငန်းတခုမှာ အစုငွေဝင်ထားရင် ပုံသေအတိုးကို လစဉ်မှန်မှန်ရနေမယ် (အလိမ်မခံရဘူးဆိုရင်ပေါ့လေ)။ အဲဒီအစုငွေကို ကိုယ်ထုတ်ချင်တဲ့အချိန် ထုတ်ယူလို့မရဘူး၊ သူများကို ရောင်းလို့လဲမရဘူး။ စတော့ရှယ်ယာကတော့ ပုံသေအတိုးမှန်မှန် မရဘူး။ ဈေးတက်ရင် အမြတ်များများရမယ်။ ဈေးကျနေရင် အမြတ်မရဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ရှယ်ယာအစုတွေ ဝယ်နိုင်တယ် (ငွေပေါနေရင်ပေါ့လေ)။ ကြိုက်တဲ့အချိန်မှာ ရောင်းနိုင်တယ်။ ဒါပေမဲ့ ကုမ္ပဏီတခုဟာ သူ့ဖါသာသူ စတော့ရှယ်ယာဖွင့်တယ်ဆိုပြီး ရောင်းလို့မရပါဘူး။ အစိုးရဆီမှာ လျှောက်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှ စတော့ရှယ်ယာရောင်းခွင့်ရပါတယ်။ အဲဒီကုမ္ပဏီတွေဟာ အစိုးရရဲ့စာရင်းစစ်တာလဲ ခံနိုင်ရမယ်။

အဲဒီတော့ သင့်လက်ထဲမှာ ငွေကလဲရှိနေပြီ။ စတော့ရှယ်ယာကို ဝယ်ရောင်းလုပ်ချင်တယ်။ စတော့ရှယ်ယာ ကစားတယ်လို့ခေါ်ပါတယ်။ ဒါပေမဲ့ စတော့ရှယ်ယာကို ဘယ်လိုဝယ်ရမယ်၊ ဘယ်လိုရောင်းရမယ်ဆိုတာ သာမန်လူတွေနားမလည်ကြပါဘူး။ ပြီးတော့ ဘယ်လိုရှယ်ယာမျိုးကို ဝယ်ရမယ်ဆိုတာကိုလဲ မသိနိုင်ကြဘူး။ မသိပဲနဲ့ ရမ်းဝယ်မိလို့ ဈေးကျတော့မဲ့ ရှယ်ယာတွေကို ဝယ်လိုက်မိရင် ရင်းထားတာလေးတွေ ရှုံးသွားလိမ့်မယ်။ အရင်းနှီးတွေ ကုန်သွားနိုင်တယ်လေ။ စတော့ရှယ်ယာဆိုတာကလဲ ကုမ္ပဏီတခုထဲရဲ့ အရှူံးအမြတ်ပေါ်မှာပဲ မှီတည်နေတာမဟုတ်ဘူး။ ကမ္ဘာမှာ ရေနံဈေးအတက်အကျရှိရင်၊ အစိုးရအပြောင်းအလဲဖြစ်ရင်၊ နိုင်ငံတခုမှာစစ်ဖြစ်ရင်၊ နိုင်ငံတခုက ငွေတန်ဖိုးအတက်အကျဖြစ်ရင် စတဲ့ အကြာင်းပေါင်းဆုံလာရင်လဲ စတော့ရှယ်ယာဈေးကို အတက်အကျဖြစ်စေပါတယ်။ ဒါကြောင့် အဲဒါတွေတတ်တဲ့ပညာရှင် Expert မဟုတ်တဲ့ လူတယောက်ဟာ မိမိဖာသာမိမိ စတော့ရှယ်ယာတွေကို ဝယ်ရောင်းဖို့ဆိုတာ အရမ်းကို အခက်အခဲရှိပါတယ်။

အဲဒီတော ရှယ်ယာနားလည်ပြီး ဘယ်ရှယ်ယာမျိုးဝယ်သင့်တယ်ဆိုတာ အကြံပေးနိုင်တဲ့ ပညာရှင်ကို ချဉ်းကပ်ရမယ်။ အဲဒီလူတွေကို Fund_Manager သို့မဟုတ် Investment_Manager လို့ခေါ်ပါတယ်။ အတိုကောက် ဖန်မန်နေဂျာလို့ ခေါ်ကြရအောင်။ အဲဒီ ဖန်မန်နေဂျာနေဂျာတွေဟာ စတော့ရှယ်ယာဝယ်ရောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်တယ်။ ဘယ်ရှယ်ယာအမျိုးအစားကတော့ ဈေးတက်နိုင်တယ်၊ ကျနိုင်တယ်ဆိုတာတွေကို အချက်အလက်နဲ့ ရှင်းပြတတ်ကြတယ်။ တချို့ဖန်မန်နေဂျာတွေဟာ MBA ရထားသူတွေလဲရှိတယ်။

ဖန်မန်နေဂျာတွေဟာ တဦးချင်းရှိသလို အဖွဲ့နဲ့လဲရှိကြတယ်။ သူတို့ဟာ လခစားတွေ မဟုတ်ကြပါဘူး။ လူတယောက်ကို ရှယ်ယာဝယ်ရောင်း လုပ်ပေးလိုက်ရင် အလွန်နည်းပါးတဲ့ ဝန်ဆောင်ခလေးပဲ ယူပါတယ်။ ဒါပေမဲ့ သူဝယ်ပေးလိုက်တဲ့ရှယ်ယာဟာ ဈေးတက်လာရင်ဖြစ်ဖြစ် ပြန်ရောင်းပေးလို့ အမြတ်ရရင်တော့ သတ်မှတ်တဲ့ ရာခိုင်နှုန်းလေး ပေးရပါတယ်။ ရာခိုင်နှုန်းက သိပ်မများတော့ မြတ်တဲ့လူကလဲ ပေးပျော်ပါတယ်။ ရှုံးသွားရင်လဲ စိတ်ဓါတ်မကျနဲ့။ နောက်ရှယ်ယာတခုမှာ ပြန်ဝယ်ပြီး ရင်းဖို့ အကြံပေးလိမ့်မယ်။ တချို့လဲ သူ့အကြံအတိုင်းလိုက်လုပ်ရင်း ချမ်းသာသွားတာရှိသလို တချို့တွေလဲ မွဲသွားကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဖန်မန်နေဂျာတွေဟာ သူတတ်တဲ့ပညာနဲ့ ရိုးရိုးသားသား အသက်မွေးကြသူတွေပါ။

တကယ်တော့ ဒီစာရေးရတာ နောက်ဖန်မန်နေဂျာတမျိုးအကြောင်း ပြောပြချင်လိုပါ။ ဒီမန်နေဂျာက လူအယောက်တစ်သောင်းဆီကို email အစောင်ပေါင်း တစ်သောင်းပို့လိုက်တယ်။ Email ကိုရတဲ့ လူတွေရဲ့ တဝက်လောက်ဖြစ်တဲ့ လူ ၅၀၀၀လောက်ကို အခုပြောတဲ့ ရှယ်ယာတခုဟာ မကြာခင် ဈေးတက်လိမ့်မယ်လို့ ရေးလိုက်ပါတယ်။ နောက်ကျန်တဲ့ လူ၅၀၀၀လောက်ကိုတော့ ဒီရှယ်ယာဟာ ဈေးကျပါလိမ့်မယ်။ မယုံရင် စောင့်ကြည့်ကြပါလို့ ရေးလိုက်တယ်။ သေချာတာတခုကတော့ ရှယ်ယာဈေးဆိုတာ အမြဲတမ်းတန့်နေတာမှ မဟုတ်တာ။ အတက်အကျ အမြဲရှိနေတယ်လေ။ တပတ်လောက်ကြာတော့ သူပြောတဲ့ရှယ်ယာဟာ ဈေးတက်လာတယ်။ ဈေးတက်မယ်လို့ စာရတဲ့သူတွေက ဒီဖန်မန်နေဂျာ တော်လှချည်လားဆိုပြီး သူ့ကိုချဉ်းကပ်ကြတယ်။ ဈေးကျမယ်လို့ အရေးခံရသူတွေကတော သူ့ကို စိတ်မဝင်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီဖန်မန်နေဂျာအတွက်ကတော့ ဖေါက်သည်အရေအတွက် ၅၀၀၀မဟုတ်တောင် အတော်များများရလိုက်ပါပြီ။ ဒီလူတွေရဲ့ ငွေနဲ့ရှယ်ယာ ကစားလို့ရပြီ။ မြတ်ရင် သူ့အတွက်လဲ ရာခိုင်နှုန်းနဲ့ စားရပြီ။ သူလိမ်တာ မဟုတ်ပါဘူး။ ဖေါက်သည်ရအောင် စည်းရုံးတာပါ။ Marketing လုပ်တာပါ။

ကျနော်တို့နိုင်ငံမှာလဲ ဒီလို ဦးနှောက်ဉာဏ်ပိုင်ရှင်တွေ ရှိပါတယ်။ လက္ခဏာဆရာတယောက်ဟာ သူ့ဆီ လက္ခဏာလာမေးသမျှ လူတိုင်းကို ထီပေါက်မယ်ချည်းပဲ ဟောလွှတ်တယ်။ သူပြောသလို ထီတကယ်ပေါက်ခဲ့ရင် သူ့ကိုငွေကြေးနဲ့ ကန်တော့စရာမလိုပါဘူးတဲ့။ သတင်းစာထဲမှာ သူဟောတာမှန်ကြောင်း ကြော်ငြာထည့်ပေးပါတဲ့။ သူ့ဆီမှာ လက္ခဏာလာမေးတဲ့ လူတသိန်းမှာ လူ၂၀လောက် ထီပေါက်တယ်။ အဲဒီပေါက်တဲ့လူ၂၀က ဒီလက္ခဏာဆရာဟောတာ သိပ်မှန်တယ်ဆိုပြီး ကြော်ငြာထည့်ပေးတယ်။ ကျန်လူပေါင်း ၉၉၉၈၀ ကတော့ လက္ခဏာဟောထားတာ မေ့သွားကြပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက္ခဏာဆရာ နာမည်ကြီးသွားပြီ။ သူ့ကို လက္ခဏာမေးချင်သူတွေ တန်းစီနေကြရပြီ။ ဈေးခေါ်နည်းတမျိုးပါ။ သူလိမ်ညာတာ မဟုတ်ပါ။

စိတ်ကူးပေါက်လို့ ရေးလိုက်တာပါ။ ဒါပေမဲ့ ဒီစာလေးဖတ်ပြီးရင် စတော့ရှယ်ယာကစားတယ်ဆိုတာ လောင်းကစားလုပ်တာ ထီထိုးတာ ကံစမ်းမဲနှိုက်တာမဟုတ်ဖူးဆိုတာတော့ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

မှတ်ချက်။
သင်ရှယ်ယာကစားချင်ရင် Fund_Manager တယောက်ကို ဆက်သွယ်လိုက်ပါ။ သင်ဘာမှလုပ်စရာ မလိုပါ။ အချိန်တန်ရင် မန်နေဂျာ အခု ဒီရှယ်ယာဈေးတက်လိမ့်မယ်။ ဝယ်မလားလို့ မေးလိမ့်မယ်။ သင်ဝယ်ချင်ရင် သင့်ပိုက်ဆံကို သူ့ဆီလွှဲပေးလိုက်ပါ။ မန်နေဂျာက ဝယ်တဲ့ကိစ္စကို အကုန်လုပ်သွားလိမ့်မယ်။

ဒီမှာ မေးစရာတခုရှိပါတယ်။ အဲဒီမန်နေဂျာက ပိုက်ဆံတွေလိမ်သွားရင်ကော။ ပိုက်ဆံတွေကို ရှုံးဆုံးအောင် ပေါက်တက်ကရတွေ လုပ်သွားရင်ကောလို့။ Fund_Manager တွေဟာ နာမည်တလုံးနဲ့နေကြသလို အများစုဟာ ရိုးရိုးသားသားရှယ်ယာပညာနဲ့ အသက်မွေးနေကြသူတွေပါ။ နောက်ပြီး သင့်ကို ဈေးတက်မဲ့ရှယ်ယာတွေ့အောင် သူ့ပညာအစွမ်းကုန်သုံးပါလိမ့်မယ်။ ရှယ်ယာမြတ်ရင် သူ့နာမည်ကျော်ကြားပြီး ဖေါက်သည် Client များများရနိုင်သလို သူ့အတွက်လဲ အမြတ်ရဲ့ ရာခိုင်နှုန်းခံစားခွင့်ရှိတာကိုး။ Win_Win_Situation ပေါ့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

အမေရိကန်ကို စိမ်ခေါ်လိုက်တဲ့ တရုပ်တို့ရဲ့AIIB

4:30 PM |


ယနေ့ကမ္ဘာ့သတင်းတွေမှာ AIIB ဆိုတဲ့ စကားကို မကြာခဏ ကြားနေရမှာပါ။ AIIB ဆိုတာ Asian_Infrastructure_Investment_Bank ဖြစ်ပါတယ်။ မကြာခင်ကမှ တရုပ်အစိုးရက တည်ထောင်လိုက်တဲ့ ဘဏ်အဖွဲအစည်းတခုဖြစ်ပါတယ်။ AIIB ပေါ်ပေါက်လာပုံက စိတ်ဝင်စားစရာကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် (World_Bank) နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငွေကြေးအဖွဲ့တွေအကြောင်း ကြားဖူးကြမှာပါ။ ဒီအဖွဲ့အစည်းတွေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးစမှာ စစ်ဘေးဒဏ်ကြောင့် စီးပွားရေးပျက်နေတဲ့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ ပြင်သစ်စတဲ့ နိုင်ငံတွေကို ငွေကြေးချေးငှားထောက်ပံ့ပေးဖို့ ထူထောင်ခဲ့တာပါ။ နောက်ပိုင်းကျတော့ တကမ္ဘာလုံးမှာ စီးပွားရေးဆုတ်ယုတ်နေတဲ့နိုင်ငံတွေကို စီးပွားရေးအကူအညီအဖြစ် ငွေတွေကို ယနေ့ထိ ချေးပေးနေဆဲပါ။ ဒီအဖွဲ့တွေဟာ ပုဂ္ဂလိကဘဏ်တွေနဲ့ မတူပါဘူး။ အလွန့်ကို နည်းတဲ့အတိုးနဲ့ ငွေချေးပေးသလို စီးပွားရေးဆိုင်ရာနည်းပညာတွေ အကြံဉာဏ်တွေလဲပေးပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်ရှည်ချေးပေးပြီး IMF က နှစ်တိုတိုပဲ ချေးပေးပါတယ်။

သူတို့ရဲ့ရုံးချုပ်တွေဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာရှိကြပြီး အဖွဲ့တွေရဲ့ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှယ်ယာအများဆုံးဝင်ထားတဲ့ အမေရိကန်နိုင်ငံကပဲ အဓိကချမှတ်တယ်။ တခါတလေ အမေရိကန်က သူသဘောနဲ့သူ လုပ်ချင်ရာလုပ်ချင်ရာ လုပ်တတ်တယ်။ သူနဲ့ပနာသင့်တဲ့နိုင်ငံတွေကို ငွေများများ ချေးပေးတတ်တယ်။ ဒါကို တခြားရှယ်ယာဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ တရုပ်နဲ့ဂျပန်နိုင်ငံတွေက ဘဝင်မကျနေတာကြာပါပြီ။

လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်က အမေရိကန်သမတ အိုဘားမားရဲ့အစိုးရက စီးပွားရေးတဟုန်ထိုးတက်လာပြီး ချမ်းသာလာတဲ့ တရုပ်နိုင်ငံကို IMF အဖွဲ့ထဲမှာ ရှယ်ယာတွေကို တိုးမြှင့်ထည့်ဝင်ဖို့ ကမ်းလှမ်းပါတယ်။ ရှယ်ယာများလာရင် IMF ရဲ့ပေါ်လစီချမှတ်ရာမှာ ဆုံးဖြတ်ပိုင်ခွင့်တွေ ပိုမိုရလာမယ်လို့ စည်းရုံးပါတယ်။ တရုပ်အစိုးရကလဲ ရှယ်ယာပိုထည့်လိုက်ရင် IMF မှာ အရေးပါတဲ့ အဆုံးအဖြတ်တွေကို ချမှတ်လာနိင်မယ်။ ဒါဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများအပေါ်မှာ စီးပွားရေးသြဇာညောင်းလာမယ်။ ဒါတွေမျှော်တွေးပြီး ရှယ်ယာတွေ အများကြီးထည့်မယ်လို့ အမေရိကန်အစိုးရကို အကြောင်းပြန်လိုက်ပါတယ်။

အဲဒီမှာ ပြဿနာစတော့တာပါပဲ။ အမေရိကန်သမတက တရုပ်နိုင်ငံရဲ့ ငွေကြေးရှယ်ယာ တိုးမြှင့်ထည့်ဝင်မဲ့ကိစ္စကို အမေရိကန်လွှတ်တော်မှာ သဘောတူခွင့်ပြုပေးဖို့တင်ပြပါတယ်။ ဒါကို အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ပြိုင်ဖက်ဖြစ်တဲ့အတိုက်ခံ ရီပတ်ဘလီကန်ပါတီအမတ်တွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ တရုပ်ရဲ့ရှယ်ယာတွေ အများကြီးအဝင်ခံလိုက်ရင် ကမ္ဘာ့ဘဏ်နဲ့ IMF တွေမှာ အမေရိကန်ရဲ့ဆုံးဖြတ်ပိုင်ခွင့် နည်းလာမယ်။ တရုပ်ကလဲ အမေရိကန်သဘောမကျတာတွေ လုပ်လာနိုင်တယ် စသဖြင့်ပေါ့။ အဆုံးမှာ ရီပတ်ဘလီကန်အမတ်အများစုကြီးစိုးတဲ့ အမေရိကန်လွှတ်တော်က သဘောမတူဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အမေရိကန်က ရှယ်ယာပိုထည့်ဖို့ ကမ်းလှမ်းတယ်။ တရုပ်ကြီးက သဘောတူတယ်။ နောက်အမေရိကန်က အထည့်မခံတော့ပြန်ဘူးဆိုတော့ တရုပ်ကြီးလဲ အတော်ဒေါပွသွားတယ် ထင်ပါတယ်။ ဒါကြောင့် မနှစ်က၂၀၁၄ခုနှစ် အောက်တိုဘာလတမှာ တရုပ်နိုင်ငံ ဘီဂျင်းမြို့မှာ AIIB ကို ထူထောင်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ သတ်မှတ်ချက်နဲ့မညီလို့ ငွေချေးငှားမရတဲ့ နိုင်ငံတွေကို ငွေကြေးအကူအညီတွေ ပေးဖို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ တကယ်တော့ ကမ္ဘာ့ဘဏ်နဲ့ IMF တွေကို ပြိုင်ဖို့အတွက် တစင်ထောင်လိုက်တာပါ။ တရုပ်အစိုးရက အမေရိကန်ဒေါ်လာ၅၀ဘီလီယံနဲ့ AIIB ကို မတည်ထူထောင်လိုက်ပါတယ်။ ဒါတင်မက အမေရိကန်နိုင်ငံကိုလဲ AIIB ရဲ့ ကနဦးဘဏ်တည်ထောင်တဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ရှယ်ယာဝင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ပေါက်ဖေါ်ကြီးက အမေရိကန်ကို ကလိလိုက်တာပါ။

တရုပ်က AIIB မှာ မတည်တဲ့အဖွဲ့ဝင်ဖြစ်ရင် ငွေကြေးအကျိုးအမြတ်အများကြီးရမယ်လို့ အဆွယ်ကောင်းတာကြောင့် အိန္ဒိယနိုင်ငံက ပထမဆုံးအဖွဲ့ဝင်အဖြစ် ဝင်လိုက်တယ်။ နောက် တောင်ကိုးရီးယားနဲ့ ဂျပန်တို့လဲ ဝင်လိုက်ကြပြန်တယ်။ မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံက တောင်းပန်မေတ္တာရပ်ခံနေတဲ့ကြားက သူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေလဲ AIIB အဖွဲ့ဝင်လိုက်ကြပြန်ပြီ။

အခုတော့ အမေရိကန်အစိုးရဟာ အကြပ်ရိုက်နေပါပြီ။ ငွေကြေးအရမ်းအင်အားတောင့်တဲ့ တရုပ်ကြီးကို သူ့ရဲ့မဟာမိတ်နိုင်ငံတွေပါ ပေါင်းသွားကြပြီဆိုတော့ သူပါ AIIB ထဲကို ဝင်လိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေရပါပြီ။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေလဲ သူတို့ဆုံးဖြတ်ချက်အမှားကြောင့် ခုလိုဖြစ်ရတယ်ဆိုပြီး နောင်တရနေကြတယ်။ လောလောဆယ်တော့ အမေရိကန်က နိုင်ငံတကာကို ဝါဒဖြန့်နေပါတယ်။ AIIB အဖွဲ့ဟာ ကမ္ဘာ့ဘဏ်နဲ့ IMF တို့လို တင်းကျပ်တဲ့ ငွေကြေးစည်းကမ်းတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်လို့ ကြာကြာမခံပဲ ပြိုလဲသွားလိမ့်မယ်ပေါ့။

ဘာပဲဖြစ်ဖြစ် ကျုပ်တို့မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေအတွက်တော့ ဝမ်းသာစရာပေါ့။ အတိုးနဲနဲနဲ့ နှစ်ရှည်ချေးပေးမဲ့ နောက်ထပ်ကမ္ဘာ့ဘဏ်ကြီးတခု ထပ်ပေါ်လာလို့လေ။ မကြာခင် ကျနော်တို့ မြန်မာတွေ လူတယောက်ကို အကြွေး၅သိန်းထက် ပိုတင်အုံးတော့မှာပဲလေလို့ တွေးမိလိုက်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

အိမ်ခြံမြေပူဖောင်းပေါက်ခြင်းနဲ့ ဘဏ်များပြိုလဲခြင်း

5:30 PM | ,



ဒီမနက် အလုပ်သွားရင်း ဘတ်စ်ကားပေါ်မှာ အောက်မှာတွဲထားတဲ့ Myanmar_Journal ရဲ့သတင်းကို facebook ပေါ်မှာ friend တယောက်တင်ထားတာ ဖတ်မိတယ်။ အဲဒီသတင်းမှန်၊ မမှန်ဆိုတာကို မြန်မာနိုင်ငံထဲမှာ လက်ရှိနေထိုင်နေသူမဟုတ်တဲ့ ကျနော့်အဖို့ ဘာမှဝေဖန်ချက်မပေးလိုပါဘူး။

ဒါပေမဲ့ အဲဒီသတင်းမှာပါတဲ့ စာသားလေးတကြောင်းကို တွေ့လိုက်တော့ ကျနော် ဒီဆောင်းပါးလေးကို ရေးချင်စိတ်ပေါ်လာပါတယ်။ အဲဒီစာကြောင်းလေးက "အကယ်၍ အိမ်ခြံမြေပူပေါင်းပေါက်ရင် ဘဏ်တွေ bankrupt ဖြစ်လိမ့်မယ်ဆိုတာဘဲ" တဲ့။

အဲဒါသေချာပေါက်ဖြစ်လိမ့်မယ်လို့ မပြောနိုင်ပေမဲ့ အရင်ကဖြစ်ခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။ အဲဒီသာဓကလေးကတော့ ၁၉၉၇ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာဆီယံစီပွားပျက်ကပ်ဆိုက်မှုကြီး (Asean_Financial_Crisis) ပါပဲ။

ဒီကပ်ကြီး ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ လေ့လာလိုက်ရင် သိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီကပ်ကြီးဖြစ်လာပုံကို အကျဉ်းလေးရေးပြလိုက်ပါတယ်။

၁၉၉၀ ခုနှစ်အလွန် စောစောပိုင်းကာလလေးမှာ အာရှတိုက်က နိုင်ငံကိုးနိုင်ငံဖြစ်ကြတဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလိပိုင်နိုင်ငံတွေဟာ အာရှရဲ့ကျားကြီးကိုးကောင်လို့ ကမ္ဘာက တင်စားခေါ်ရလောက်အောင် စီးပွားရေးက အရမ်းကို တိုးတက်ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်လာရတဲ့အကြောင်းကတော့ သူတို့နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလာခြင်း၊ စက်မှုအတတ် ကွန်ပြူတာနည်းပညာတွေ တိုးတက်ထွန်းကားလာခြင်း၊ ပညာရေးအဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ အလုပ်သမားတွေ သူတို့နိုင်ငံထဲဝင်လာပြီး အလုပ်လာလုပ်ကြလို့ရယ်၊ ကျေးလက်တောရွာကနေ မြို့ပေါ်တက်ပြီး အလုပ်လာလုပ်ကြလို့ရယ်တွေကြောင့် လုပ်အားခတွေဈေးပေါပေါနဲ့ ရလာခြင်းတွေအပြင် အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေကလဲ ဈေးကွက်စီးပွားရေးစံနစ်ပီပြင်လာဖို့ စီးပွားရေးကန့်သတ်ချုပ်ခြယ်မှုတွေ လျှော့ပေးလိုက်တယ်ဆိုတာတွေကြောင့်ပါ။။

စီးပွားရေးတိုးတက်လာတော့ လူတွေရဲ့ဝယ်ယူသုံးစွဲမှုတွေ မြင့်တက်လာတယ်။ ဝယ်လိုအားများလာတော့ လုပ်ငန်းတွေ တိုးချဲ့လာကြတယ်။ Shopping_Center ကြီးတွေ အထပ်မြင့်ရုံးအဆောက်အဦတွေ၊ ဟိုတယ်ကြီတွေ၊ မိုးမျော်အထပ်မြင့်အိမ်ယာတွေ၊ ကွန်ဒိုတွေဆောက်လာကြတယ်။ စက်ရုံ၊ အလုပ်ရုံတွေတိုးချဲ့တယ်၊ စက်ရုံသစ်တွေ ဆောက်လုပ်ကြတယ်။

အဲဒါတွေအတွက် ငွေတွေအများကြီးလိုလာတယ်။ ငွေလိုတော့ ဘာလုပ်သလဲ။ ဘဏ်တွေဆီက ငွေချေးကြတာပေါ့။ စီးပွားရေးဟာ ဒီထက်မက အများကြီးတိုးတက်နိုင်မယ်ဆိုတာ သိနေတော့ အစိုးရကလဲ ဘဏ်တွေကို ငွေချေးရာမှာ စည်းကမ်းမတင်းကြပ်ပဲ မသိချင်ယောင်ဆောင်နေကြတယ်။ နိုင်ငံအတွက်လိုတဲ့ နိုင်ငံခြားငွေတွေအတွက် အစိုးရဗဟိုဘဏ်တွေက နိုင်ငံခြားဘဏ်တွေကနေ ချေးငှါးယူကြတယ်။ ပြည်တွင်းဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို ဘဏ်စည်းမျဉ်းးအရ ချေးငှါးသင့်တာထက် ပိုချေးပေးတယ်၊ အတိုးကောင်းကောင်းရမှာကို မျှော်ကိုးနေတာကိုး။ နိုင်ငံခြားကုမ္ပဏီအများအပြားလဲ ဒီလိုစီးပွားရေး အရမ်းတိုးတက်နေတဲ့နိုင်ငံတွေကို လိမ့်ဝင်လာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြတယ်။အိမ်၊ မြေတန်ဖိုးတွေ တက်လာတယ်။ အဲဒီလိုဈေးတွေ တက်လာခြင်းဟာ စီးပွားရေးကောင်းတဲ့ လက္ခဏာဖြစ်လို့ ရင်းနှီးမြုပ်နှံမှုတွေ တိုးလုပ်ကြတယ်။ နိုင်ငံတွေရဲ့ထုတ်ကုန် GDP တွေ တက်လာတယ်။ သူတို့ရဲ့ နိုင်ငံခြားငွေကြေးဖလှယ်နူန်းကလဲ တည်ငြိမ်တယ်။အဲဒီ ၁၉၉၀ခုနှစ်ကနေ ၁၉၉၇ခုနှစ်ဝက်အထိဟာ အာရှကျားကိုးကောင်ရဲ့ ရွှေမိုးငွေမိုးရွာတဲ့ကာလပေါ့။ စီးပွားရေး စကားနဲ့ပြောရရင် Boon_Year ပေါ့။

ဒီအာဆီယံစီးပွားပျက်ကပ်ဆိုက်မှုဟာ ထိုင်းနိုင်ငံကနေ ရုတ်တရက် စလိုက်တာပါ။ ၁၉၉၇ခုနှစ်နှစ်ဝက်လောက်မှာ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ မြောက်များစွာသောအိမ်၊ ခြံမြေ၊ အဆင့်မြင့်အိမ်ယာတွေ၊ ကွန်ဒိုတိုက်ခန်းတွေက ရောင်းမထွက်ကြတော့ဘူး။ ဝယ်သူတွေမရှိတော့ဘူး ဖြစ်သွားတယ်။ မိုးမျော်အထပ်မြင့်ရုံးခန်းတွေလဲ ဝယ်သူမရှိ ငှါးသူမရှိနဲ့ ရုံးခန်းလွတ်ပေါင်းသိန်းနဲ့ချီပြီး ရှိလာတယ်။

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ဆောက်လုပ်ပြီးစ အဆောက်အဦတွေ၊ အိမ်ယာတွေ ရောင်းမထွက်တော့ သူတို့ရင်းနှီးထားတဲ့ ငွေတွေပြန်မရကြတော့ဘူး။ ဒီတော့ သူတို့အတိုးနဲ့ ချေးထားတဲ့ငွေတွေကို ဘဏ်တွေကို ပြန်မဆပ်နိုင်တော့ဘူး။ ဘဏ်တွေမှာလဲ ချေးငွေတွေ ပြန်မရဘူးဆိုတော့ ဘဏ်တွေထဲမှာ ငွေလက်ကျန်နည်းလာပြီ။ တချို့ဘဏ်တွေက အကြွေးမဆပ်နိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ ဆောက်လုပ်ပြီးစ အိမ်ယာတွေ၊ အဆောက်အဦတွေကို သိမ်းယူကြတယ်။ သိမ်းပြီးလို့ အဲဒါတွေကို ပြန်ရောင်းပြန်တော့လဲ ဝယ်သူမရှိတော့ ဘဏ်ထဲကို ပိုက်ဆံပြန်ဝင်မလာဘူး။

အဲဒီလို ထိုင်းဘဏ်တွေမှာ ငွေမရှိကြတော့ဘူးဆိုတာ သိလာကြတဲ့ နိုင်ငံခြားငွေကြေး ဝယ်ရောင်းသမားအကြီးစားတွေဟာ သူတို့လက်ထဲမှာရှိကြတဲ့ ထိုင်းဘတ်ငွေတွေတန်ဖိုးကျမှာ စိုးရိမ်ပြီး အမြန်ဆုံး ထုတ်ရောင်းကြတယ်။ Supply_and_demand သဘောတရားအတိုင်းပဲ ထိုင်းဘတ်ငွေတန်ဖိုးကျမယ်လို့ သတင်းထွက်နေချိန်မှာ ဘယ်သူက ဘတ်ငွေကိုဝယ်ပါ့မလဲ။ ဒီတော့ ထိုင်းဘတ်တန်ဖိုးဟာ သူ့တန်ဖိုးရဲ့တဝက်ကျော် နေ့ချင်းညချင်းကျသွားတယ်။ နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ရုတ်တရက်ထိုးကျသွာပြီဆိုရင် အဲဒီနိုင်ငံမှာ စီးပွားရေးပြသနာတက်နေပြီဆိုတာ စီပွားရေးပညာရှင်တွေအတွက် အင်မတန်လွယ်ကူတဲ့ အဖြေတခုပါ။

အဲဒီတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးထားတဲ့ငွေတွေကို နေ့ချင်းညချင်း ထုတ်ယူကြပါတော့တယ်။ အဲဒီသတင်းဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအကြားမှာ ပြန့်နှံ့သွားတယ်။ ရင်းနှီးမြုပ်နှံသူတွေအတွက်ကတော့ ဒီငွေကြေးပြသနာဟာ ထိုင်းနိုင်ငံတခုထဲမှာဖြစ်နေတယ်ဆိုတာ မသိဘူး။ အာဆီယံနိုင်ငံတွေမှာ ငွေရေးကြေးရေးပြသနာတက်နေပြီလို့ ယူဆပြီး အာဆီယံဒေသတခုလုံးမှာ ရှိကြတဲ့ သူတို့ရင်းနှီးမြုပ်နံထားတဲ့ငွေတွေကို နေ့ချင်းညချင်း ထုတ်ယူကုန်ကြတယ်။ သူတို့ ငွေကြေးတွေထုတ်ယူတာ တကယ်တမ်းပြောရရင် မိနစ်ပိုင်းလောက်ပဲ ကြာပါလိမ့်မယ်။ ကွန်ပြူတာမှာ ခလုတ်လေး ၃-၄ချက်နှိပ်လိုက်တာနဲ့ သူတို့ပိုက်ဆံဟာ စက္ကန့်ပိုင်းအတွင်း သူတို့နိုင်ငံထဲကို ပြန်ရောက်သွားပြီ။ ဒီလို ငွေထုတ်နူန်းမြန်လွန်းလို့လဲ အာဆီယံနိုင်ငံတွေဟာ ပြင်ဆင်ချိန်မရပဲ ရုတ်တရက် အလဲထိုးခံလိုက်ရပါတယ်။

အဲဒီအကျိုးဆက်ကတော့ အာဆီယံနိုင်ငံတွေမှာ လည်ပတ်စရာငွေမရှိကြတော့ စီးပွားရေးတွေ ထိုးကျကုန်တယ်။ အထိအနာဆုံးနိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဖိလိပိုင်နိုင်ငံတွေပေါ့။ အဲဒီနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြိုပျက်ကုန်လို့ လူပေါင်းများစွာ အလုပ်ပြုတ်ကုန်ကြတယ်။ ဆန္ဒပြမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီအာဆီယံစီးပွားပျက်ကပ်ကြောင့် အင်ဒိုနီးရှားနိင်ငံမှာ သမတဆူဟာတိုတောင် ပြုတ်ကျသွားတယ်။ နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းမှာ ဝင်မဆန့်တဲ့ ကျနော်တို့မြန်မာနိုင်ငံမှာတောင်မှ အဲဒီစီးပွားရေးကပ်ရဲ့အကျိုးဆက်အဖြစ် ၁၉၉၈ခုနှစ်မှာ စီးပွာရေးတွေ ကျဆင်းခဲ့ပါသေးတယ်။

အာဆီယံကပ်ဆိုးကြီးကို ကမ္ဘာ့ငွေကြေးအဖွဲ့ကြီး IMF က အာဆီယံနိင်ငံတွေကို အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ချေးပေးပြီး ကယ်တင်ခဲ့တာပါ။ ဒီအကြောင်းတော့ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။

ဒီအထိဖတ်ပြီးပြီဆိုရင် ဒီဆောင်းပါးအစမှာ ရေးခဲ့တဲ့ အိမ်မြေပူပေါင်း (bubble)ပေါက်ခြင်းနဲ့ ဘဏ်ပြိုကွဲခြင်းဆက်စပ်နေတယ်ဆိုတာ လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ကျနော်တို့ အာဆီယံဒေသကြီးမှာ ဒီလို အင်မတန်ကြောက်စရာကောင်းတဲ့ စီးပွားပျက်ကပ်ကြီးမျိုးကို ထပ်မံမကြုံရအောင်လို့ ဆုတောင်းလိုက်ပါတယ်။

မှတ်ချက်။ Bubble ဆိုတာ စီးပွာရေးအသုံးအနှုန်း (term) တခုပါ။ ပူပေါင်းတခုကို လေထိုးလိုက်ရင် ပူပေါင်းဟာ လေတင်းလာပြီး ဖောင်းဖောင်းလာတယ်။ ဒါပေမဲ့ လေဆက်ထိုးနေရင် ပူပေါင်းဟာ လေ pressure ဒဏ်မခံနိုင်တော့ပဲ ပေါက်သွားတယ်။ ဒီသဘောလိုပဲ ဈေးကွက်တခု ဥပမာ အိမ်ခြံမြေ စတော့ရှယ်ယာတွေဟာ ဝယ်သူများလာတာနဲ့အမျှ ဈေးတွေတက်လာတယ်။ ဒါပေမဲ့ ဈေးနှုန်းတခုကို ရောက်သွားတဲ့အချိန်မှာ ဈေးကြီးလွန်းလို့ ဝယ်သူအရမ်းနဲသွားတယ်၊ ဝယ်သူမရှိဖြစ်သွားမယ်။ အဲဒီတော့ ဈေးတွေရုတ်တရက် ထိုးကျသွားတယ်။ အဲဒီဈေးကွက်ရဲ့အရောင်းအဝယ် လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားတယ်။ ဒါကို ပူပေါင်းပေါက်တယ်လို့ စီပွားရေးစကားနဲ့ ပြောကြပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

အလီဘာဘာနဲ့ ဂျက်မား

10:30 PM |


အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ စင်္ကာပူက လူငယ်တွေပြောနေကြတာ မကြာခဏ ကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲက နာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီး အလီဘာဘာဟာ တရုပ်ပြည်က ကုမ္ပဏီတခုမို့ ပိုလို့ စိတ်မဝင်စားသေးတယ်။

မနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုး အစုရှယ်ယာတွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့ စံချိန်တင်သွားတယ်ဆိုတဲ့ သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား (Jack_Ma) ရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့် တရုပ်ပြည်ရဲ့ အချမ်းသာဆုံးလူတယောက် ဖြစ်လာတယ် စတဲ့ သတင်းတွေကို အင်တာနက်နဲ့ သတင်းစာတွေမှာ တွေ့လာမိတော့ စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက်၊ မဂ္ဂဇင်းတွေ၊ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ တွေ့ရတယ်။ မြန်မာလူငယ်တွေ အားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

အလီဘာဘာကုမ္ပဏီဆိုတာ ရိုးရိုးလေးပြောရရင် အင်တာနက်က ပစ္စည်းကြော်ငြာပြီး ပစ္စည်းရောင်းတဲ့ ကုမ္ပဏီပါ။ အလီဘာဘာအကြောင်းပြောရင် ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ တက္ကသိုလ်ဆရာ ဂျက်မားအကြောင်း ပြောမှပြည့်စုံမှာပါ။

ဂျက်မားကို (၁၉၆၄)ခုနစ်မှာ တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သား လင်မယားနှစ်ယောက်က ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းနေတော့ လူကောင်သေးလေးမို့ အတန်းသားတွေရဲ့ စနောက်တာတွေ အမြဲခံရတယ်။ လူကောင်သာသေးပေမဲ့ ဂျက်မားဟာ ရန်ဖြစ်ရင် သူ့ထက်လူကောင်ကြီးတဲ့ လူငယ်တွေကို မကြောက်မရွှံ့ တုံ့ပြန်တိုက်ခိုက်ရဲတယ်။

ဂျက်မားဟာ အင်္ဂလိပ်စာ အရမ်းတတ်ချင်တယ်။ သူ့မြို့မှာ အင်္ဂလိပ်စာတတ်သူ တယောက်မှမရှိဘူး။ အင်္ဂလိပ်စာအုပ်တအုပ်တောင် မရှိဘူး။ ကျောင်းမှာလဲ အင်္ဂလိပ်စာမသင်ဘူး။ ဒီတော့ သူဘာလုပ်သလဲ။ မနက်အစောကြီး ထတယ်။ ကျောင်းမသွားခင်မှာ စက်ဘီးလေးစီးပြီး ဟန်ဇိုးမြို့လည်က နိုင်ငံခြားသားတိုးရစ်တွေ တည်းခိုနေတဲ့ ဟိုတယ်တခုကို နေ့တိုင်းသွားတယ်။ တိုးရစ်တွေကို မြို့အနှံ့ လိုက်ပြပေးတယ်။ ပိုက်ဆံမယူဘူး။ သူကို အင်္ဂလိပ်စကားပြောသင်ပေးဖို့ အပေးအယူလုပ်တယ်။ လူကောင်သေးသေးနဲ့ အရမ်းသွက်လက်တဲ့ ဂျက်မားကို တိုးရစ်တွေကလဲ အရမ်းခင်ကြတယ်။ မကြာခင်ဂျက်ဟာ ပိုက်ဆံစုပြီး ရေဒီယိုတလုံးဝယ်လိုက်တယ်။ ရေဒီယိုကလာတဲ့ အင်္ဂလိပ်စကားပြောတွေကို နေ့တိုင်းနားထောင်တယ်။ လိုက်ဆိုကျင့်တယ်။ တိုးရစ်တွေဆီက နေ့တိုင်း အင်္ဂလိပ်စာသင်ခဲ့တာ ကိုးနှစ်ကြာခဲ့တယ်။

အဲဒီအချိန်တုံးက တရုပ်ပြည်မှာ အင်္ဂလိပ်စာတတ်သူ၊ အင်္ဂလိပ်စကားပြောတတ်သူဆိုတာ အလွန်ကိုနည်းပါးတယ်။ ဂျက်မားတယောက် ဘာကြောင့်အင်္ဂလိပ်စာကို တတ်ချင်ရတာလဲ။ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားတဲ့တရုပ်ပြည်ဟာ တချိန်တံခါးဖွင့်လိုက်ရင် သူလေ့လာထားတဲ့ အင်္ဂလိပ်စာဟာ သူ့အတွက် အကျိုးပြုလိမ့်မယ်ဆိုတာ သူသိနေလို့ပါ။ ငွေကြေးမပြည့်စုံတဲ့ ဂျက်မားဟာ ပညာရေးကသာ သူ့ကိုဆင်းရဲတွင်းက လွတ်မြောက်နိုင်စေမယ်ဆိုတာ ယုံကြည်တယ်။

ဂျက်မားဟာ အင်္ဂလိပ်စာတော်ပေမဲ့ သင်္ချာဘာသာမှာ ညံ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့ သင်္ချာဘာသာမှာ ကျလို့ဝင်ခွင့်မရဘူး။ နောက်တကြိမ် ထပ်ဖြေတယ်။ သင်္ချာကြောင့် ထပ်ကျတယ်။ သင်္ချာဘာသာကို အပြင်းအထန်ကြိုးစားပြီး တတိယအကြိမ်ထပ်ဖြေမှ ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။ ဆရာဖြစ်သင်တက္ကသိုလ် တက်တယ်။ ၁၉၈၈ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ကုမ္ပဏီ(၃၀)မှာ အလုပ်လျှောက်တယ်။ ကုမ္ပဏီတခုမှ သူ့ကိုမရွေးဘူး။ ကြက်သားကျော် ကုမ္ပဏီ KFC ဆိုင်တွေကို တရုပ်ပြည်လာပြီး စဖွင့်တော့ အင်တာဗျူးဖြေသူ (၂၄)ယောက်မှာ (၂၃)ယောက်၊ သူကလွဲပြီး အရွေးခံရတယ်။ နောက်ဆုံးမှ တက္ကသိုလ်တခုမှာ တလကို(၁၂)ဒေါ်လာ(မြန်မာကျပ် တစ်သောင်းနှစ်ထောင်)နဲ့ အင်္ဂလိပ်စာသင်တဲ့ ဆရာအဖြစ် အလုပ်ရတယ်။ အင်္ဂလိပ်စာ အသင်အပြကောင်းတဲ့သူ့ကို ကျောင်းသားကျောင်းသူတွေက အရမ်းချစ်ကြတယ်။

ဂျက်မားရဲ့ ငယ်ဘဝကို ရေးပြရတာက သူဟာ မိဘချမ်းသာလို့ အမွေရပြီး ချမ်းသာလာတာမဟုတ်ဖူးဆိုတာ သိစေချင်လို့ပါ။ ဂျက်ဟာ လူကောင်လေးသေးပေမဲ့ ရည်မှန်းချက်က တောင်ကြီးတခုလို ကြီးတယ်။ ခါကျဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ ကြံနေတယ်။ အခွင့်သာမဲ့ အချိန်အခါကို စောင့်နေတယ်။

၁၉၉၀ခုနစ်နောက်ပိုင်းမှာ တရုပ်ပြည်ကြီးဟာ ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံတကာကို ထုတ်ကုန်တွေတင်ပို့ရင်း တရုပ်ပြည်ဟာ စီးပွားရေး တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ဂျက်မားဟာ ကျောင်းဆရာအလုပ်က ထွက်လိုက်ပြီး တရုပ်စာကို အင်္ဂလိပ်ဘာသာပြန်ပေးတဲ့ ကုမ္ပဏီတခုကို ထောင်လိုက်တယ်။

၁၉၉၅ခုနှစ်မှာ ဂျက်မားဟာ အဝေးပြေးလမ်းမတခု ဆောက်မဲ့စီမံကိန်းတခုအတွက် သူ့မြို့က အစိုးရကို ကူညီဘာသာပြန်ပေးဖို့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်သွားတယ်။ သူ့သူငယ်ချင်းက ကွန်ပြူတာကနေ အင်တာနက်ဖွင့်ပြပြီး လိုချင်တဲ့ပစ္စည်းကို အင်တာနက်က ဝယ်လို့ရတယ်လို့ ပြောတယ်။ ဂျက်က Beer ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ နိုင်ငံတကာက ဘီယာမျိုးစုံပေါ်လာတယ်။ ဒါပေမဲ့ China_Beer ရှာမတွေ့ပါဘူး။ နောက်ပြီး သူအံ့သြသွားတာက China ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ ဘာမှပေါ်မလာဘူး။ China နဲ့ ပတ်သက်တာ အင်တာနက်မှာလုံးဝမရှိဘူး။

အမေရိကားက ပြန်လာတယ်။ သူ့အိမ်ကို ပြန်ရောက်တော့ တရုပ်ပြည်ရဲ့ တခုတည်းသော အင်တာနက်က ပစ္စည်းရောင်းတဲ့ China_Pages ဆိုတဲ့ website ကို ဝင်ကြည့်တယ်။ တင်ထားတဲ့ပစ္စည်းတွေက မစုံသလို အားလုံးက တရုပ်စာနဲ့ ရေးထားတယ်။ တရုပ်စာနဲ့ ရေးထားတဲ့ပစ္စည်းကို တရုပ်စာမဖတ်တတ်တဲ့ နိုင်ငံတွေက ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့ အတွေးတခု သူ့ခေါင်းထဲပေါ်လာတယ်။

အဲဒီမှာ ဂျက်မားတယောက် အခွင့်အလမ်းတခုကို စပြီး စဉ်းစားလိုက်မိပြီ။ အခွင့်အလမ်း(opportunity)ဆိုတာ အရံသင့် ရွှေလင်ပန်းနဲ့ ပေးလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ နှစ်ပေါင်းများစွာ စောင့်နေခဲ့တဲ့ ဂျက်အဖို့ကတော့ ဒါဟာကြီးပွားမဲ့လမ်းစတခုဆိုတာ သိနေတော့ ရတဲ့အခွင့်အလမ်းကို အမိအရ ဖမ်းဆုတ်ဖို့ ပြင်ဆင်တော့တယ်။

နောက်လေးနှစ်အကြာ(၁၉၉၉)ခုနှစ် အောက်တိုဘာလမှာ ဂျက်မားဟာ သူ့သူငယ်ချင်း၁၇ယောက်ကို သူ့အိမ်ကိုခေါ် ထမင်းစားဖိတ်ကျွေးပြီး သူတည်ထောင်မဲ့ အင်တာနက်ကုမ္ပဏီမှာ အစုငွေထည့်ဝင်ကြဖို့ ပြောတယ်။ ပထမတော့ အားလုံးဟာ အင်တာနက်အကြောင်းကို နည်းနည်းလေးပဲသိတဲ့ ဂျက်ရဲ့လုပ်ငန်းကို မယုံကြဘူး။ ဒါပေမဲ့ စိတ်အားထက်သန်ပြီး ရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ ဆွဲဆောင်မှုကြောင့် နောက်ဆုံး အစုငွေတွေ ထည့်ကြတယ်။ ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ၆သောင်း ရလိုက်တယ်။ Website တခု ထောင်လိုက်တယ်။ ဂျက်မားဟာ ကွန်ပြူတာပရိုဂရမ်အကြောင်း ဘာမှမသိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့အားသာချက်က တရုပ်စာကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ဘာသာပြန်တတ်တယ်။ သူလိုချင်တဲ့ website ပုံစံရအောင် သူ့သူငယ်ချင်း ကွန်ပြူတာကျွမ်းကျင်သူတွေကို လုပ်ခိုင်းတတ်တယ်။ အလီဘာဘာနာမည်နဲ့ ကုမ္ပဏီထောင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတချို့က သူတို့လိုချင်တဲ့ ပစ္စည်းတွေ လှမ်းမှာတယ်။ ဂျက်မားတို့က ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို အကြောင်းကြားပြီး မှာတဲ့နိုင်ငံကို ပို့ခိုင်းတယ်။ အလုပ်ဖြစ်ရင် ဝန်ဆောင်ခ Commission ယူတယ်။

လအတန်ကြာမှာ အမေရိကန်က ရင်းနီးမြုပ်နံမှုဘဏ်ကြီး Goldman_Sachs က ဒေါ်လာ(၅)သန်းနဲ့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး SoftBank ကဒေါ်လာသန်း(၂၀)ကို အလီဘာဘာမှာ ထည့်ဝင်ကြတယ်။ ၂၀၀၅ခုနှစ်မှာ Yahoo က ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြုပ်နှံလာပြန်လို့ အလီဘာဘာရဲ့ ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိ ရှိလာခဲ့တယ်။

အလီဘာဘာဟာ ပစ္စည်းဝယ်စုထားပြီး အင်တာနက်ကအမြတ်နဲ့ ပြန်ရောင်းနေတဲ့ Amazon တို့ eBay တို့နဲ့ မတူပါဘူး။ ပစ္စည်းဝယ်ချင်သူနဲ့ ပစ္စည်းရောင်းသူချင်း ဆက်သွယ်ပေးလိုက်ပြီး အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ ပွဲစားကုမ္ပဏီမျိုးပါ။ ပွဲစားကုမ္ပဏီက ဘာလို့များ အခုလို ကမ္ဘာသိအောင်မြင်ခဲ့တာလဲ။ တရုပ်ပြည်က ဈေးသက်သာတဲ့ ပစ္စည်းဝယ်ချင်တဲ့ အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။ သဘောက ဘီလီယံချီတဲ့ ဈေးကွက်ကြီးရှိနေတယ်။ ထိုနည်းတူ စီးပွားရေးကောင်းလာလို့ ချမ်းသာတဲ့ တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ အနောက်နိုင်ငံထုတ် Branded ပစ္စည်းအကောင်းစားတွေ ဝယ်ချင်တယ်။ စကားပြောမတူကြတဲ့ လူနှစ်မျိုးကို ကြားခံဆက်သွယ်ပေးနိုင်ပြီး ရောင်းသူရော၊ ဝယ်သူပါ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့လို့ပါ။ ဂျက်မားရဲ့ Business ကျွမ်းကျင်မှုနဲ့ Risk ယူရဲတတ်တာတွေကလဲ ကုမ္ပဏီရဲ့ အောင်မြင်မှုမှာ အဓိကကျခဲ့ပါတယ်။ ယနေ့ အလီဘာဘာကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ(၁၆၀)ဘီလီယံ ဖြစ်နေပါပြီ။

နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက် မှတ်သားစရာလေးတခု ပြောပြချင်ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတခုမှာ တက္ကသိုလ်တက်တုန်းက ဂျက်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့ သူ့မိန်းမချောချောလေး Zhang_Ying က အခုလိုပြောပြခဲ့ပါတယ်။ "မားဟာ ရုပ်မချောပါဘူး။ ဒါပေမဲ့ သူ့မှာ ရုပ်ချောသူတွေ မလုပ်နိုင်တာတွေကို လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ အဲဒီအရည်အချင်းကို သဘောကျလို့ သူ့ကိုကျမလက်ထပ်ခဲ့တာပါ"တဲ့။ ကြားကြရဲ့လား။ သူမလက်ထပ်တုံးက ဂျက်ဟာ တနေ့ ဒီလောက် ချမ်းသာလာမယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျက်ရဲ့ အရည်အချင်းကြောင့် အများကြီးတက်လမ်းရှိတယ်ဆိုတာ သူမ ကောင်းကောင်းသိနေခဲ့တယ်။

အလီဘာဘာနဲ့ ဂျက်မားတို့ရဲ့ စိတ်ဝင်စားဖွယ်အခြားအချက်များ
  1. ဂျက်မားရဲ့ အရပ်ဟာ ငါးပေပဲရှိတယ်။ လူရွှင်တော် ဗေလုဝနဲ့ ရုပ်တူသလို ဗေလုဝလိုပဲ လူကောင်သေးသေးလေးပါ။
  2. အလီဘာဘာဆိုတာ Alibaba_Group ကိုပြောတာဖြစ်ပြီး အဲဒီ Group အောက်မှာ Taobao ရယ်၊ Tmail ရယ်၊ Alibaba ဆိုပြီး ကုမ္ပဏီသုံးခုနဲ့ ဖွဲ့စည်းထားတာပါ။
  3. အလီဘာဘာဆိုတဲ့ နာမည်ကို ဂျက်မားက "အလီဘာဘာနဲ့ ခိုးသားလေးဆယ်" ကမ္ဘာကျော်အာရပ်ပုံပြင်ထဲက ယူလိုက်တာပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ ကမ္ဘာသိပုံပြင်ထဲက နာမည်ကို ယူသုံးလိုက်တာပါ။
  4. အလီဘာဘာရဲ့ကုမ္ပဏီ website တွေကို ဝင်ကြည့်သူတွေဟာ တနေ့ကို လူပေါင်းသန်း(၁၀၀) လောက် ရှိပါတယ်။
  5. ဂျက်မားဟာ ကမ္ဘာကျော် အမေရိကန်ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရဖို့ လျှောက်တာ (၁၀)ကြိမ် ရှိခဲ့ပြီး အကြိမ်တိုင်း အပယ်ခံခဲ့ရပါတယ်။ မကြာခင်ကပဲ ဟားဗတ်တက္ကသိုလ်က သူ့ကို လက်မခံလိုက်တာ မှားသွားတယ်လို့ ဝန်ခံခဲ့ပါတယ်။
  6. ဂျက်မားရဲ့ နာမည်ရင်းက Ma_Yun (မားယွန်း)ပါ။ ဂျက်ဆိုတဲ့ အင်္ဂလိပ်နာမည်ကို သူငယ်ငယ်က ဟန်ဇိုးမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ တိုးရစ်အမျိုးသမီးတယောက်က ပေးခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ ယောက်ျားနဲ့ အဖေနာမည်တွေမှာ Jack ပါနေတယ်။
  7. ဂျက်ဟာ တရုပ်တိုင်ချီသိုင်းကစားတာကို အလွန်ဝါသနာပါလို့ နေ့တိုင်းလေ့ကျင့်ပါတယ်။
  8. ဝန်ထမ်း(၁၅)ယောက်နဲ့ စခဲ့တဲ့ အလီဘာဘာဟာ အခုဝန်ထမ်းပေါင်းသုံးသောင်းကျော် ရှိနေပါပြီ။
  9. အလီဘာဘာဟာ ပစ္စည်းမှာတဲ့ဖေါက်သည်တွေရဲ့ ယြုံကည်မှုရစေဖို့ ပစ္စည်းအတုလုပ်တဲ့၊ လိမ်ညာတတ်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ပါဘူး။
  10. ဂျက်မားရဲ့ အင်္ဂလိပ်စကားပြော ဘယ်လောက်ကောင်းသလဲဆိုတာ သိချင်ရင် Jack_Ma_Davos_Interview ဆိုတဲ့ စကားလုံးကို Youtube မှာ ရိုက်ထည့်ပြီး ဖွင့်ကြည့်လိုက်ပါ။ အံသြသွားလိမ့်မယ်။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Butterfly Effect (လိပ်ပြာတောင်ပံ ရိုက်ခတ်ခြင်းဂယက်)

10:30 PM |


Butterfly_Effect ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်က တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံရဲ့ အာမေဇုံတောအုပ်ကြီးတခုထဲက လိပ်ပြာလေးတကောင်ရဲ့ တောင်ပံခတ်လိုက်ခြင်းဟာ မိုင်ပေါင်းထောင်ချီ ကွာဝေးတဲ့ တရုပ်ပြည်မှာ ဟာရီကိန်းမုန်တိုင်းကြီးတခုကို ဖြစ်ပေါ်စေတယ်တဲ့။

ကျနော်ဟာ ဒါမဖြစ်နိင်ဘူးဆိုပြီး အဲဒီအယူအဆကို စိတ်လဲမဝင်စားခဲ့ပါဘူး။ ဒီအယူအဆရဲ့ အဓိပ္ပါယ်ကို ရှာဖွေဖို့လဲ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီButterfly_Effect စာလုံးလေးကို အင်တာနက်နဲ့ စာအုပ်တွေမှာ မကြာမကြာ တွေ့လာမိတော့ စိတ်ဝင်စားလာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလဲ ဟောလီးဝုဒ်က Buterfly_Effect ရုပ်ရှင်ကားတကား ထွက်ပေါ်ခဲ့တယ်။

ဒါကြောင့် သိချင်စိတ်ပြင်းပြလာပြီး Butterfly_Effect ရဲ့အဓိပ္ပါယ်ကို အင်တာနက်မှာ ရှာကြည့်မိတယ်။

ဒီအယူအဆကို တီထွင်ခဲ့သူက အမေရိကန်နိုင်ငံသား Edward_Lorenz ပါ။ သူ့ရဲ့ ဒီအယူအဆ မှန်ကန်ကြောင်းကို ၁၉၆၃ခုနှစ်မှာ မိုးလေဝသပြောင်းလဲတာကို သင်္ချာနည်းနဲ့ တွက်ချက်တင်ပြခဲ့တဲ့အတွက် သူဟာ နိုင်ငံတကာမိုးလေဝသအဖွဲ့အစည်းတွေက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရှိခဲ့ပါတယ်။
နောက်ထပ် ရှာဖွေရင်းနဲ့ ဘာထပ်တွေ့မိသလဲဆိုတော့ Butterfly_Effect အယူအဆဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးမှာလဲ မှန်ကန်နေတာတွေ့ရတယ်။

စီးပွားရေးနဲ့ ပတ်သက်လို့ ၁၉၉၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အာဆီယံစီးပွားပျက်ကပ်ဆိုးဟာ ယိုးဒယားနိုင်ငံမှာ ထိုင်းဘတ်ငွေကို အစိုးရက မထိန်းထားနိုင်ခဲ့လို့ ထိုင်းနိုင်ငံသာမက ဖိလိပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေပါ စီးပွားပျက်ကပ်တွေ ကြုံခဲ့ရတယ်။ ဘဏ်တွေ၊ ကုမ္ပဏီတွေ ပိတ်လိုက်ရလို့ လူတွေအတော်များများဟာ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ အင်ဒိုနီးရှားသမ္မတ ဆူဟာတိုလဲ ဒီဂယက်ကြောင့် ရာထူးက ပြုတ်ကျသွားခဲ့တယ်။ အဲဒါ Butterfly Effect ပါ။

တခါ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့တာဘယ်သူက စခဲ့တာလဲ။ ဂျာမနီနိုင်ငံက ဟစ်တလာကြောင့်ဆိုတာ လူတိုင်းသိကြပါတယ်။ စစ်အာဏာရှင်တယောက်ကြောင့် တကမ္ဘာလုံး စစ်မီးတွေ တဟုန်းဟုန်းတောက်လောင်ခဲ့ရတာ Butterfly_Effect ပါ။

Butterfly_Effect ဟာ ကမ္ဘာလောကကြီး ပျက်စီးတဲ့နေရာမှာပဲ အကျိုးသက်ရောက်တာချည်းပဲ မဟုတ်ပါဘူး။ ကမ္ဘာကြီးကောင်းလာအောင်နဲ့ လူသားပေါင်းမြောက်များစွာကို ကာလရှည်ကြာစွာ အကျိုးခံစားစေခဲ့တဲ့ ကိစ္စတွေလဲရှိပါတယ်။
သောမတ်စ်အယ်ဒီဆင်ဟာ လျှပ်စစ်မီးသီးလေး တီထွင်ခဲ့လို့ ယနေ့ကမ္ဘာကြီးဟာ လျှပ်စစ်ကြောင့် အလင်းရောင်တွေ ထိန်ထိန်လင်းရုံသာမက ခေတ်မှီစက်မှုလုပ်ငန်းတွေ တိုးတက်လာကြတာဟာလဲ Butterfly_Effect ပါ။
Mark_Zuckerberg ဆိုတဲ့ အသက်၂၀အရွယ် အမေရိကန် လူငယ်လေးတယောက်ဟာ facebook ကို စတီထွင်တုန်းကတော့ သူတက်နေတဲ့ Havard_University ကျောင်းသားတွေကို နောက်ပြောင်ဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ အခုကြည့်စမ်းပါ။ သူတီထွင်လိုက်တဲ့ facebook ကြောင့် ဒီနေ့ကမ္ဘာကြီးမှာ လူတွေဟာ တယောက်နဲ့တယောက် နိုင်ငံအကန့်အသတ်မရှိ၊ စက္ကန့်ပိုင်းအတွင်း ပြောချင်တာ၊ စိတ်ကူးရှိတာ၊ ဓါတ်ပုံတွေ ဖလှယ်နိုင်ကြပြီ။

အချုပ်ပြောရရင် လူတယောက်ရဲ့ ပြုမူဆောင်ရွက်မှုတိုင်းဟာ နောင်တချိန်မှာ မိမိကိုယ်တိုင်ကိုသာမက မိမိပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ကြီးမားတဲ့အဟုန်နဲ့ ပြောင်းလဲစေလိမ့်မယ်။ အကောင်းဖက်ကို ပြောင်းတာလား။ အဆိုးဖက်ကို ပြောင်းတာလားဆိုတာကတော့ မိမိပြုလုပ်တဲ့တဲ့အပြုအမူပေါ်မှာ မူတည်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးဆက်တွေ ဖြစ်မယ်။ အဆိုးလုပ်ရင် ဆိုးတဲ့အကျိုးဆက်တွေ ဖြစ်လာမှာပါ။

ကျနော်တို့ရဲ့ ပြုမူဆောင်ရွက်မှုတိုင်းဟာ ဘယ်လောက်ပဲသေးငယ်ပါစေ၊ ကျနော်တို့ရဲ့မိသားစု၊ ကျနော်တို့ပတ်ဝင်းကျင်၊ နောက်ကိုယ်မြို့၊ နောက်ကိုယ့်နိုင်ငံကို အကျိုးသက်ရောက်စေမှာပါ။ ဒီကနေ့ ကမ္ဘာကြီးကို ချက်ခြင်းမဟုတ်ပေမဲ့ တချိန်ချိန်မှာ ပြောင်းလဲသွားမယ်ဆိုတဲ့ အသိလေးနဲ့ ကျနော်တို့ရဲ့ အပြုအမူအပြောအဆိုတွေကို ယနေ့မှစလို့ ဆင်ခြင်ကြပြီး လူ့လောကကြီးကို ကောင်းအောင် လုပ်ဆောင်ကြပါစို့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

KAIZEN ဆိုတာ

10:30 PM | ,


"KAIZEN" ဆိုတာ စစ်ပြာပုံအောက်က ဂျပန်ကို ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရောက်စေခဲ့တဲ့စံနစ်။

လွန်ခဲ့တဲ့ အနှစ်၂၀လောက်က KAIZEN ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ခဲ့ဖူးတယ်။ ခိုင်ဇန်လို့ အသံထွက်မှာပါ။ စာအုပ်ထဲမှာ KAIZEN ဆိုတာ ဘာလဲ၊ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ဘယ်လို အသုံးချသလဲဆိုတာ ရေးပြထားတာလေးတွေ စိတ်ဝင်စားစရာကောင်းလို့ မျှဝေပေးလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုန်းက အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံကို အနုမြုဗုံးကြဲချခဲ့တာကို အားလုံးသိကြမှာပါ၊ ၁၉၄၅ခုနှစ် ဩဂုတ်လ ၆ရက်နေ့မှာ ဟီရိုရှီးမားမြို့ကို ပထမဆုံးအနုမြူဗုံးချခဲ့ပြီး နောက်၃ရက်အကြာမှာ နာဂါဆာကီမြို့ကို ဒုတိယ အနုမြူဗုံးထပ်ချလို့ လူတွေသိန်းချီပြီး အသက်သေဆုံးခဲ့ကြရတယ်။ အဲဒါကြောင့် ဂျပန်အစိုးရဟာ ၁၉၄၅ခုနှစ် စက်တင်ဘာ၂ရက်နေ့မှာ အမေရိကန်နဲ့ မဟာမိတ်တပ်တွေထံမှာ လက်နက်ချအညံ့ခံလိုက်ကြပါတယ်။ မရှေးမနှောင်းမှာပဲ ၆နှစ်ကြာခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးဟာ ပြီးဆုံးသွားတယ်။

စစ်ရှုံးသွားတဲ့ဂျပန်ဟာ အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ရပါတယ်။ စာချုပ်မှာပါတဲ့ အဓိကအချက်တွေက ဂျပန်နိုင်ငံဟာ စစ်အင်အားကြီးနိုင်ငံအဖြစ် ထူထောင်ခွင့်မရှိဘူး၊ အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံမှာစခန်းချပြီး ဂျပန်နိုင်ငံရဲ့လုံခြုံရေးကို တာဝန်ယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဂျပန်အစိုးရဟာ မတတ်သာလို့ ဒီအချက်တွေကိုသဘောတူလိုက်ရပေမဲ့ ဒီစာချုပ်ကို အခွင့်အလမ်းတရပ်အဖြစ် အသုံးချလိုက်ပါတယ်။ သူတို့ဟာ သဘောတူစာချုပ်အရ ဂျပန်စစ်တပ်ကြီးလဲ မထူထောင်ရဘူး၊ နိုင်ငံ့လုံခြုံရေးကိုလဲ တာဝန်မယူရတော့ဘူး။ ဒါကြောင့် စစ်စရိတ် သုံးစရာမလိုတော့တဲ့အတွက် စီးပွားရေးကိုပဲ အာရုံစိုက်လုပ်လာကြတယ်။

မကြာခင်မှာပဲ ဂျပန်တွေဟာ KAIZEN လို့ခေါ်တဲ့ အတွေးအခေါ်တရပ်ကို တီထွင်လိုက်ကြတယ်။ "KAI" က "CHANGE" လို့အဓိပ္ပါယ်ရပြီး၊ "ZEN" ဆိုတာက "GOOD" လို့ အဓိပ္ပါယ်ရပါတယ်။ အပြည့်အစုံအနေနဲ့ Change_for_the_better (ပိုကောင်းအောင် လုပ်ခြင်း)။ ဒါကို စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ခြင်း (Continuous_Improvement) လို့ သုံးလိုက်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို တနေ့ထက်တနေ့ နည်းနည်းချင်း ပိုတိုးတက်အောင်လုပ်ရင် အချိန်ကြာလာတဲ့အမျှ ကိုယ့်အလုပ်မှာ ကြီးမားသော တိုးတက်ပြောင်းလဲမှုကြီး ဖြစ်လာမယ်ဆိုတဲ့အယူအဆပါ။

အစိုးရက ဒီအယူအဆလေးကို လူတွေသိလာအောင် သတင်းစာ၊ ရေဒီယို၊ တီဗွီတွေကနေ နေ့စဉ်ကြေငြာပေးတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာလဲ မန်နေဂျာကစပြီး အောက်ဆုံးအဆင့် သန့်ရှင်းရေးသမားအထိ သူတို့ရဲ့ရင်ထဲမှာ အဲဒီအယူအဆကို စွဲမြဲသွားအောင်လုပ်ဆောင်ခဲ့ကြတယ်။ ဂျပန်လူမျိုးဆိုတာကလဲ အထက်လူကြီးစကားကို တသွေမသိမ်း လိုက်နာတတ်ကြတဲ့လူမျိုးလေ။

အစိုးရက အဲဒါနဲ့တင် မရပ်သေးဘူး။ ကျောင်းတွေမှာလဲ မူလတန်း ကျောင်းသားလေးတွေကို KAIZEN အယူအဆကို လေ့ကျင့်ပေးတယ်။ ဆရာ၊ ဆရာမတွေက နေ့တိုင်းကလေးတွေကို မေးပါတယ်။ ဒီနေ့မှာ မနေ့ကထက်သာတဲ့ဟာ ဘာတွေလုပ်ခဲ့သလဲလို့။ တဖြေးဖြေးနဲ့ ဒီကလေးတွေဟာ မန့ကထက် ဒီနေ့သာအောင် လုပ်ရမယ်။ မန့ကထက် ဒီနေ့သာအောင်လုပ်ရမယ်။ ဒီနေ့ လေးပုဒ်ပြီးရမယ်။ မနက်ဖြန်ကျရင် ငါးပုဒ်ပြီးရမယ်စသဖြင့်၊ နေ့စဉ် ဘာတိုးတက်အောင်လုပ်ရမလဲဆိုတာ စဉ်းစားတဲ့ အကျင့်ဖြစ်လာကြတယ်။ နောက်ဆုံးတော့ တခုခုကို တိုးတက်အောင် မလုပ်မိတဲ့နေ့ဆိုရင် သူတို့ ညအိပ်မပျော်တော့ဘူး။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ အချိန်တရက်ကို အလာဟသဖြုန်းမိသလို ခံစားမိလာကြတယ်။

ဟော အဲဒီကလေးတွေကျောင်းပြီးလို့ လုပ်ငန်းခွင်လဲဝင်ရော KAIZEN အကျင့်ကစွဲနေပြီ။ လုပ်ငန်းခွင်ထဲမှာလဲ နေ့စဉ်ဘာတိုးတက်အောင် ဆောင်ရွက်ရမလဲဆိုတာ အမြဲရှာဖွေတတ်လာတယ်။ ရှာတွေ့ရင်လဲ တနေ့နည်းနည်းချင်းစီ ပိုပြီး တိုးတက်အောင်လုပ်ကြတယ်။ တဖြည်းဖြည်းနဲ့ ဂျပန်တနိုင်ငံလုံးက လူတွေဟာ KAIZEN အတွေးအခေါ်ကို အားလုံးကျင့်သုံးနေကြပြီ။ သူတို့ ဦးနှောက်တွေထဲကို ထည့်ပေးလိုက်တဲ့ ဒီအယူအဆလေးဟာ သူတို့နှလုံးသားထဲအထိ စွဲဝင်သွားပြီ။

ဒုတိယကမ္ဘာစစ်ကြီးပြီးစက ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ ဈေးပေါတယ်။ ဒါပေမဲ့ အရည်အသွေး Quality ညံ့ဖျင်းတယ်။ ကြာကြာအသုံးမခံဘူးလို့ ကမ္ဘာမှာကျော်ကြားတယ်။ KAIZEN ကြောင့် ဂျပန်ထုတ်ပစ္စည်းတွေဟာ တဖြည်းဖြည်း အရည်အသွေးမြင့်တက်လာခဲ့တယ်။ အမေရိကန်၊ အင်္ဂလန်က ထုတ်တဲ့ပစ္စည်းတွေနဲ့ တန်းတူလိုက်လာနိုင်ခဲ့တယ်။ ဈေးကျတော့လဲ အနောက်နိုင်ငံထုတ်ပစ္စည်းတွေထက် သက်သာလို့ တကမ္ဘာလုံးက ဂျပန်ပစ္စည်းတွေပဲ ဝယ်သုံးလာကြတယ်။ နောက်ဆုံးမှာ အမေရိကန်ဥရောပနိုင်ငံတွေက လူတွေကပါ သူတို့နိုင်ငံက ထုတ်တဲ့ပစ္စည်းတွေ မော်တော်ကားတွေကိုမဝယ်တော့ပဲ ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ဂျပန်ပစ္စည်းတွေ ဂျပန်ကားတွေကို သုံးလာကြတယ်။ နောက်ပိုင်းမှာ ဂျပန်ပစ္စည်းဆိုရင် ကမ္ဘာမှာ Top_Qualty ပဲလို့ တကမ္ဘာလုံးကလက်ခံလာကြတယ်။

ဂျပန်နိင်ငံဟာ စစ်ရှုံးပြီးနောက်ပြာပုံကြားက ကမ္ဘာက အံ့သြရလောက်အောင် ခေါင်းပြန်ထောင်နိုင်လာခဲ့တယ်။ အဲဒီ KAIZEN စာအုပ်ထဲမှာရေးထားတာတွေက အများကြီးပါ။ KAIZEN ကိုဘယ်လိုအသုံးချရမယ်၊ လုပ်ငန်းခွင်မှာ ဘယ်လိုစံနစ်တကျသုံးရမယ်ဆိုတာ အများကြီးပါ။ ဒါပေမဲ့ ဂျပန်အစိုးရဟာ KAIZEN စိတ်ဓာတ်ကို ကလေးတွေရဲ့ နှလုံးသားထဲကို ဘယ်လို သွင်းပေးလိုက်တယ်ဆိုတာလေးကိုတော့ သဘောကျဆုံးပါပဲ။

အစိုးရကောင်းဆိုတာ နိုင်ငံတကာရဲ့အကူအညီကို ထိုင်မျှော်နေတတ်ကြသူတွေမဟုတ်ပါဘူး။ Investment ဘယ်တော့လာမလဲဆိုပြီး ထိုင်စောင့်နေကြသူတွေလဲ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးရင်း နိုင်ငံကိုတိုးတက်အောင်လုပ်နိုင်မှ အစိုးရကောင်းဖြစ်မှာပါ။

မှတ်ချက်။ ကိုယ့်ကလေးတွေကို KAIZEN အကျင့်လေးကို လေ့ကျင့်ပေးကြရင် မကောင်းဘူးလား။

ရေးသားသူ သိန်းဖေ(ခေတ္တစင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးရဲ့လျို့ဝှက်ချက်လေးတခု

9:30 PM |


တလောက သူငယ်ချင်းတယောက်နဲ့ လဖက်ရည်ဆိုင်မှာဆုံပြီး လက်ဖက်ရည်သောက်ကြပါတယ်။ ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောကြရင်း သူက ရုတ်တရက် စကားတခွန်းစပြောပါတယ်။

သူအခု စင်္ကာပူမှာအိမ်ဌားနေရတာ စိတ်ပျက်လာလို့ သူအိမ်ခန်းတခန်းဝယ်ဖို့ စဉ်းစားနေတယ်တဲ့။ သူ့လက်ထဲစုထားငွေနဲ့ အစိုးရဆီအပ်ထားတဲ့ CPF နဲ့ပေါင်းလိုက်ရင် အိပ်ခန်းသုံးခန်းပါတဲ့ အိမ်ခန်းတခုလောက် ဝယ်နိုင်ပြီတဲ့။ ဒါပေမဲ့ အခုစင်္ကာပူမှာ အိမ်ဈေးတွေကျနေတယ် နောက်ထပ် ကျအုံးမလားလို့ ထပ်စောင့်ရင်ကောင်းမလားတဲ့။

တကယ်တော့ ကျနော့်ကို စီးပွားရေးပညာရှင်တယောက်လို ယူဆပြီး အကြံတောင်းတာမဟုတ်ပါ။ သူ့ရင်ထဲမှာ မွန်းကြပ်နေတဲ့ကိစ္စတခုကို ရင်ဖွင့်လိုက်တာပါ။

ကျနော်ဟာ စီးပွားရေးပညာရှင်လဲမဟုတ်သလို ကိုယ်ပိုင်စီးပွားရေးလဲ မလုပ်ခဲ့ဖူးပါဘူး။ ဘွဲ့ရပြီးကတည်းက လခစားပဲလုပ်လာတာ အခုထိပါဘဲ။ ဒါပေမဲ့ စပ်စပ်စုစုနဲ့ စိတ်ဝင်စားတာမှန်သမျှ စာဖတ်ပြီး လေ့လာတတ်ပါတယ်။ တခါတလေ လူငယ်တွေကို စီးပွားရေး၊ နိင်ငံရေးတွေအကြောင်းကို ဆရာကြီးပုံစံနဲ့ အာလူးပေးတတ်ပါတယ်။ လဖက်ရည်တော့ အလကားသောက်ရတာပေါ့၊ အဆုံးကျတော့ ဘယ်သူမှလဲ ကျနော်စကားကို အတည်မယူကြပါဘူး။

ထားပါတော့။ သူကစကားစလာတော့လဲ စကားဆက်မပြတ်အောင် ပြန်ပြောရတော့တာပေါ့။

ကျနော်က မေးပါတယ်။ Warren_Buffett ဆိုတဲ့ လူနာမည် ကြားဖူးသလားလို့။ ဝါရင်ဘူဖေးလို့ အသံထွက်ပါတယ်။ သူကမကြားဖူးဘူးလို့ ရိုးသားစွာဝန်ခံပါတယ်။

ကျနော်က ဆက်ပြောပါတယ်။ ဝါရင်ဘူဖေးဆိုတာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ Microsoft သူဋ္ဌေးကြီး ဘီလ်ဂိတ်ပြီးရင် ဒုတိယလိုက်တဲ့ အမေရိကန်သူဋ္ဌေးကြီးပါလို့။

ဒီမှာတင် ကျနော့်သူငယ်ချင်းက စိတ်မရှည်တော့ပဲ ကျနော့်ကို ဘုတောပါလေတော့တယ်။ ကျုပ်အိမ်ဝယ်ဖို့ကိစ္စဟာ အဲဒီဘူဖေးဆိုတဲ့ဘဲကြီးနဲ့ ဘာဆိုင်လို့လဲဗျတဲ့။

ကျနော်က သူ့ကိုချော့ရပါတယ်။ သူငယ်ချင်းရာ ငါအခုပြောမဲ့ကိစ္စက မင်းအိမ်ဝယ်မဲ့ကိစ္စနဲ့ အများကြီးဆိုင်ပါတယ်။ ငါပြောတာဆုံးအောင် နားထောင်ပြီးလို့မှ မင်းကိစ္စနဲ့မဆိုင်ဖူးဆိုရင် ညနေကျရင် ငါဘီယာဝယ်တိုက်ပါမယ်ကွာလို့။

ဒီတော့မှ သူငယ်ချင်းလဲ စိတ်ပြေသွားပြီး၊ "အေး၊ ကောင်းပြီလေ။ ဆက်ပြော"တဲ့။

ကျနော်ဆက်ပြောပါတယ်။ "ဝါရင်ဘူဖေးဟာ စတော့ရှယ်ယာတွေဝယ်ရောင်းလုပ်ရင်း ချမ်းသာလာတာပါ။ စတော့ရှယ်ယာ ဝယ်ရောင်းလုပ်တယ်ဆိုတာလဲ ကားဝယ်ရောင်းလုပ်တာနဲ့ အတူတူပါပဲ။ ဝယ်ရောင်းသမားဆိုတာ ပွဲစားနဲ့မတူပါဘူး။ ပွဲစား ရောင်းသူနဲ့ဝယ်သူ တေ့ဆိုင်ပေးပြီး အရောင်းအဝယ်ဖြစ်သွားရင် ပွဲခရတဲ့သူပါ။ ဝယ်ရောင်းသမားကျတော့ အရင်းစိုက်ပြီး ပစ္စည်းဈေးကျရင်ဝယ်ထား၊ ဈေးတက်တော့ပြန်ရောင်းတဲ့သူပါ။"

"ဆက်ပြောရရင်ကွာ ဝါရင်ဘူဖေးဟာ စတော့ရှယ်ယာတွေဝယ်ရောင်းရင်း ချမ်းသာလာလိုက်တာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်းချီရုံမကပဲ ဒေါ်လာဘီလီယံပေါင်း ၆၀လောက်ဖြစ်လာတယ်။"

"တနေ့မှာ သတင်းစာသမားတယောက်က ဝါရင်ဘူဖေးကို အင်တာဗျူးလုပ်တယ်။ အင်တာဗျူးမှာ သတင်းစာသမားက မေးခွန်းတခုမေးပါတယ်။ သူဋ္ဌေးကြီးခင်ဗျာ အခုလိုချမ်းသာလာရတဲ့ လျို့ဝှက်ချက်လေးကို ပြောပေးနိုင်ရင် ပြောပြပေးပါလားလို့။ အဲဒီတော့ သူဋ္ဌေးကြီးဝါရင်က ဘာပြောသလဲဆိုတော့ 'ငါ့ရဲ့ ချမ်းသာနည်းလျို့ဝှက်ချက်က လူတွေလုပ်တာနဲ့ ငါအမြဲပြောင်းပြန်လုပ်တာပဲ" တဲ့။

"သတင်းစာသမားက ဘာဆိုလိုတာလဲဆိုတာ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးပါလို့ ပြောတယ်။ သူဋ္ဌေးကြီးကလဲ ရှင်းပြပါတယ်။"

"ပစ္စည်းတခုဈေးတက်ပြီကြားတာနဲ့ အဲဒီပစ္စည်းကို လူတွေအလုအယက် လိုက်ဝယ်ကြတယ်၊ နောက်ထပ် ဈေးထပ်တက်မှာ စိုးရိမ်ပြီး ဝယ်ကြတာပေါ့။ အဲဒီမှာ ပစ္စည်းကအဝယ်လိုက်တော့ ဈေးထပ်တက်တာ သဘာဝပဲလေ။ Supply နဲ့ demand သဘောတရားပေါ့။"

"အဲဒီလိုပဲ ပစ္စည်းတခုဈေးကျပြီဆိုရင် လူတွေမဝယ်ကြသေးဘူး၊ နောက်ထပ် ဈေးများထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်နေကြတယ်။ အဲဒီပစ္စည်းဟာ အဝယ်မရှိတော့ ဈေးထပ်ကျတာပေါ့။ လူတွေက ဈေးထပ်ကျအုံးမလားစောင့်ပြီ မဝယ်ကြဘူးလေ။ အဝယ်မရှိလေ ဈေးကထပ်ကျလေပေါ့။"

"လူတွေရဲ့ စိတ်သဘာဝကိုက သူများလုပ်ရင် လိုက်လုပ်ချင်တယ်။ ဒီပစ္စည်းဈေးတက်နေပြီ၊ လူတွေလိုက်ဝယ်နေကြပြီကြားရင် ကိုယ်လဲလိုက်ဝယ်လိုက်ရမှ နေသာထိုင်သာရှိသွားတတ်ကြတယ်။ အများမိုးခါးရေသောက်ရင် ကိုယ်လဲလိုက်သောက်ကြသလိုပေါ့။"

"သူဋ္ဌေးကြီးက ဆက်ပြောတယ်၊ သူကတော့ သူများလုပ်သလို လိုက်မလုပ်ဖူးတဲ့။ စတော့ရှယ်ယာ ဈေးတက်လို့ လူတွေအတင်းလိုက်ဝယ်ကြပြီဆိုရင် သူလိုက်မဝယ်ဖူး။ ဘာလို့လဲဆိုတော့ လူတွေအဝယ်များပြီဆိုရင် အဲဒီပစ္စည်းဈေးထပ်တက်တော့မယ်ဆိုတာ သိနေလို့ပဲတဲ့။ အဲဒီလို ဈေးတွေအရမ်းတက်လာပြီဆိုရင် သူ့မှာအရင်ဈေးနည်းနည်းနဲ့ ဝယ်ထားတဲ့ စတော့ရှယ်ယာတွေကို အမြတ်ကောင်းကောင်းနဲ့ ရောင်းထုတ်လိုက်တယ်။"

"ထိုနည်းတူပဲ ရှယ်ယာဈေးကျပြီကြားရင် လူတွေမဝယ်ကြတော့ဘူး။ နောက်ထပ်များကျအုံးမလားလို့ စောင့်ကြည့်နေကြတယ်။ ဝယ်သူမရှိတော့ အဲဒီရှယ်ယာဈေးဟာ ကျပြီးရင်း ထပ်ကျတာပေါ့။ သူ့အနေနဲ့ ဒီရှယ်ယာဟာ ဒီထက်ထပ်မကျနိင်တော့ဘူးလို့ ယူဆတဲ့အချိန်မှာ၊ ဈေးအနိမ့်ဆုံးနဲ့ ဝယ်ထားလိုက်တယ်လေ။ နောက်ဈေးတက်တော့ အမြတ်ကြီးကြီးနဲ့ ထုတ်ရောင်းပြန်တာပေါ့"

အဲဒီစကားလဲဆုံးရော ကျနော့်သူငယ်ချင်းဟာ ချက်ခြင်းမတ်တပ်ရပ်ထလိုက်ပြီး ကျနော့်ကို အခုလိုပြောလိုက်ပါတယ်။ "သူငယ်ချင်း အိမ်ဝယ်ဖို့ကိစ္စမှာ ငါဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်သွားပြီကွာ။ သူငယ်ချင်းကို ကျေးဇူးတင်လို့ ညနေကျရင်ဘီယာဖိုး ငါပဲဒကာခံမယ်ကွာ"လို့ပြောပြီး လဖက်ရည်ဆိုင်ထဲက ထွက်သွားပါတော့တယ်။

ကျနော်လဲ လဖက်ရည်ဆိုင်ထဲမှာ ဆက်ထိုင်နေရင်း အတွေးတခုပေါ်လာတယ်။

မြန်မာပြည်မှာလဲ အခုအိမ်ခြံမြေဈေးတွေ ကျနေတယ်။ ကားဈေးတွေ ကျနေတယ်။ ဒါပေမဲ့ အဲဒီလိုဈေးကျတယ်ဆိုတာ အမြဲတမ်းကျနေတတ်တာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ ပြန်တက်တတ်တာ စီးပွားရေးသဘောလေးတခုပါ။

အဲဒီတချိန်ချိန်ဆိုတဲ့ အခွင့်အလမ်းကို အမိအရဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒီလူ ချမ်းသာဖို့ ပြေးမလွှတ်တော့ဘူးလို့ ထင်ပါတယ်။

မှတ်ချက်။ ဝါရင်ဘူဖေးအကြောင်းရေးထားတဲ့ ဆောင်းပါးတပုဒ်ထဲက အချက်လေးတခုကို မှီးထားတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Ponzi Scheme (ပွန်ဇီလိမ်နည်း)

8:30 PM | ,


"ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ပြီး လိမ်တဲ့နည်းလေးတခု" ဆိုတဲ့ ပို့စ်လေးကို တင်ထားခဲ့ပါတယ်။ မဖတ်ရသေးရင် အဲဒါလေးအရင်ဖတ်ပြီးမှ အောက်ကစာကိုဖတ်ရင် ပိုပြည့်စုံပါလိမ့်မယ်။

ငါးကြင်းဆီနဲ့ ငါးကြင်းကျော်လိမ်နည်းဆိုတာ လူတွေအပ်ထားတဲ့ ပိုက်ဆံတွေထဲကနေ အတိုးကြီးကြီးကို လစဉ်ပုံမှန်ပေးနေရင်းက အပ်ငွေအများကြီးရတဲ့တချိန်မှာ အပ်ငွေလက်ခံသူ ရုတ်တရက်ပျောက်သွားတဲ့ မရိုးနိုင်တဲ့လိမ်နည်းပါ။

ဒီလိုလိမ်နည်းမျိုးဟာ ငွေးကြေးဗဟုသုတနည်းပါးပြီး ငွေကြေးဆိုင်ရာ တရားဥပဒေစိုးမိုးမှုနည်းပါးတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာပဲ ရှိနေတာလို့ထင်ခဲ့တယ်။

ဒီနေ့ စင်္ကာပူနိုင်ငံထုတ် The_Straits_Times သတင်းစာကြီးမှာ အောက်က သတင်းလေးတပုဒ် ပါလာပါတယ်။

အသက်၅၀ကျော်အရွယ် စင်္ကာပူလူမျိုးအမျိုးသမီး Ms_Leong_Lai_Yee (Yeeလို့ပဲ အတိုခေါ်ကြရအောင်)ဟာ စင်္ကာပူရဲ့မြို့လည်ခေါင်က ဈေးအင်မတန်ကြီးတဲ့ နေရာတွေဖြစ်ကြတဲ့ Orchard, Newton, Tanglin စတဲ့နေရာတွေမှာ အဆောက်အဦးအဟောင်းတွေကို စင်္ကာပူဘဏ်တခုကဝယ်ပြီး မိုးမျှော်လူနေအိမ်၊ ကွန်ဒိုတိုက်ခန်းတွေ ဆောက်ဖို့လုပ်နေတယ်။ ပြီးရင် ဈေးကောင်းကောင်းနဲ့ တရုပ်ပြည်မကြီးက ချမ်းသာတဲ့ လူတွေကို ပြန်ရောင်းမယ်။ သေချာပေါက် အရမ်းမြတ်မဲ့လုပ်ငန်းမို့ သူမကိုယ်တိုင် စင်္ကာပူဒေါ်လာတစ်သန်း ရင်းနှီးမြုပ်နှံထားတယ်လို့ သူငယ်ချင်းတွေကို ပြောပြတယ်။ သူမရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ တရားဝင်စာချုပ်စာတမ်းတွေလဲ ပြတယ်။

သူ့လို ရင်းနှီးမြုပ်နှံမယ်ဆိုရင် ရင်းနှီးမြုပ်နှံငွေထည့်ထားမဲ့ အချိန်ကာလပေါ်မူတည်ပြီး အမြတ်ငွေ(၃၀)ကနေ(၄၈)ရာခိုင်နှုန်း ရမယ်။ ဒါပေမဲ့ ရင်းနီးမြုပ်နှံမဲ့ငွေရဲ့ ၄၀ရာခိုင်နှုန်းကို ချက်ချင်းပေးသွင်းရမယ်။ ကျန်တဲ့ ပိုက်ဆံကို ဆက်မသွင်းနိုင်ရင် သွင်းထားငွေအားလုံးဆုံးသွားမယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် တနှစ်လုံးထားတဲ့ စုငွေ(Deposit)ပေါ်မှာ အတိုး ၁.၅ရာခိုင်နှုန်းအောက်ပဲပေးတဲ့ စင်္ကာပူဘဏ်တိုးထက် အဆပေါင်းများစွာ ပိုရမှာမို့ စိတ်ဝင်စားစရာပါပဲ။

Yee က အတိုးများများရမဲ့ မက်လုံးအပြင် ရင်းနီးမြုပ်နှံမဲ့လူရှာပေးနိုင်ရင် ရှာပေးတဲ့လူရဲ့ ရင်းနှီးမြုပ်နှံငွေရဲ့ တစ်ရာခိုင်နူန်း (သို့မဟုတ်) လူသစ်ရဲ့ရင်းနှီးမြုပ်နှံငွေရဲ့ တဝက်ကို လျှော့ပေးမယ်လို့လဲ ပြောတယ်။ ကောင်းလိုက်တဲ့ မက်လုံးတွေပါ။ တချို့ရင်းနှီးငွေထည့်ချင်ပေမဲ့ လက်ထဲပိုက်ဆံမရှိကြတဲ့ ပင်စင်စားအဖိုးကြီး၊ အဖွားကြီးတွေကို အသက်ကြီးလာရင် ထုတ်လို့ရတဲ့ အစိုးရထံအလုပ်လုပ်စဉ်က အပ်ထားငွေ CPF ငွေတွေထုတ်ပြီး ထည့်လို့ရတယ်။ အိမ်ရှင်မတွေကိုတော့ အိမ်ရောင်းလိုက်၊ ပြီးရင် အိမ်ငှားနေပြီး အရင်းအနှီးထည့်ပါလားလို့ Yee က အကြံပေးတယ်။ ရင်းနှီးထည့်သူတွေဟာ ဒေါ်လာ၂သောင်းကနေ ဒေါ်လာ၂သန်းထိ အသီးသီး ထည့်ဝင်ခဲ့ကြတယ်။

လွန်ခဲ့တဲ့ ရက်အတန်ကြာက ရင်းနှီးမြုပ်နှံထားသူ လူအယောက်၆၀လောက်က သူတို့ရဲ့ပိုက်ဆံတွေကို Yee လိမ်သွားပြီလို့ The_Straits_Times သတင်းစာကို ပြောပြကြတယ်။ အလိမ်ခံလိုက်ရတဲ့ငွေဟာ အတိုးပေးရမှာ မပါသေးပဲ စင်္ကာပူဒေါ်လာ သန်း၆၀ကျော်လိမ့်မယ်လို့ သတင်းစာကရေးပါတယ်။ ဒါကသတင်းစာကို ပြောပြတဲ့လူတွေရဲ့စာရင်းအရပဲ ရှိပါသေးတယ်။ ထုတ်မပြောသူတွေ အများကြီး ရှိနိုင်ပါသေးတယ်။

အလိမ်ခံရသူတွေက ပြောပြတယ်။ Yee ရဲ့ရင်းနှီးမြုပ်နှံတဲ့ အစီအစဉ်ဟာ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက စခဲ့တာပါ။ အဲဒီနှစ်တွေအတွင်းမှာ Yee နဲ့ စာချုပ်သဘောတူညီချက်အတိုင်း ရသင့်တဲ့အမြတ်ငွေကို ထည့်ဝင်ထားသူတွေ ပုံမှန်ရနေခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကမှ ပြဿနာစတာပါတဲ့။ စက်တင်ဘာလမှာ Yee က ရင်းနှီးထဲ့ထားသူတွေကို တယ်လီဖုံးနဲ့ မက်စေ့ခ်ျပို့ပြီး လောလောဆယ်ငွေမလွယ်သေးလို့ ဒီဇင်ဘာလကျရင် ပေးရမဲ့ အတိုးငွေတွေကို ပေးပါမယ်လို့ အကြောင်းကြားပါတယ်။

တပတ်ကြာတော့ Yee ဆီက မက်စေ့ခ်ျ့ထပ်လာပြန်တယ်။ ဒီနှစ် မတ်လ ၉ရက်နေ့မှာ ကွန်ဒိုတိုက်ခန်းအသစ်တွေကို သန်း(၇၀)နဲ့ဈေးဆိုင်ထားတာ အရောင်းအဝယ်ဖြစ်ပြီမို့ မတ်လ ၉ရက်နေ့မှာ ပေးစရာ အတိုးငွေတွေအားလုံး ပြန်ပေးမယ်တဲ့။ မတ်လ ၉ရက်နေ့ရောက်တော့ မေလ ၁၈ရက်ထိ စောင့်ပါအုံးတဲ့။ မေလ ၁၈ရက်ပြည့်ဖို့ ၄ရက်အလိုမှာ Yee ဆီက မက်စေ့ခ်ျ လာပြန်တယ်။ သူမဆီကို လက်ရှိ နေရပ်လိပ်စာတွေ ပို့ပေးပါ။ သူမ ပေးရမဲ့အတိုးတွေအတွက် ချက်လက်မှတ်ပို့ပေးမလို့ပါတဲ့။ သိတ်မကြာခင် လိပ်စာပို့လိုက်တဲ့ လူတွေရဲ့အိမ်တွေကို စာတစောင်စီ ရောက်လာတယ်။ စာထဲမှာ ချက်လက်မှတ် ပါမလာပါဘူး။ Yee ရဲ့ စာတစောင်ပဲ ပါလာတယ်။

စာထဲမှာ Yee က သူမလုပ်ငန်းတွေရှုံးသွားလို့ ပိုက်ဆံတွေ ပြန်မပေးနိုင်တော့အတွက် သူမကိုယ်သူမ သတ်သေတော့မယ်တဲ့။ အဲဒီစာရပြီးကတည်းက ရင်းနှီးထည့်ထားသူတွေဟာ Yee နဲ့ သူမယောက်ျားကို ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ပါဘူး။ အရင်းနှီးထည့်ဝင်ထားသူ (၁၀)ယောက်ကတော့ ရှေ့နေတဦးငှားပြီး သူမကို တရားစွဲဖို့လုပ်နေပါတယ်။ ကျနော့်အထင်တော့ သူတို့ပိုက်ဆံပြန်ရဖို့ အခွင့်အလမ်း အရမ်းနည်းပါတယ်။ ဒီမိန်းမ ထောင်အကျခံသွားမှာပါ။

ကျနော်အရင်က ရေးပြခဲ့တဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်လိမ်နည်းနဲ့ အတူတူပါပဲ။ ဒီလိမ်နည်းကို Ponzi_Scheme (ပွန်ဇီစကင်း) လို့ခေါ်တယ်။ စင်္ကာပူကတော့ Ponzi_Scam လို့ခေါ်တယ်။ ကျနော်ကတော့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်လိမ်နည်းလို့ ခေါ်တယ်။ ဘယ်လိုပဲခေါ်ခေါ် လိမ်နည်းက အတူတူပါပဲ။ အရင်းအနှီးထည့်ဝင်ထားတဲ့ လူဟောင်းတွေရဲ့အတိုးကို ရင်းနှီးမြုပ်နှံမှု အသစ်ထဲကငွေနဲ့ ပေးနေရင်းကနေ မှန်းထားတဲ့ငွေ အလုံးအရင်းရတာနဲ့ လိမ်သူ ရုတ်တရက် ပျောက်သွားတာပါ။

Ponzi လို့ ခေါ်ရခြင်းက ၁၉၂၀ခုနှစ်က အမေရိကန်နိုင်ငံက ဒီနည်းနဲ့ လိမ်သွားတဲ့ Charles_Ponzi ဆိုသူရဲ့နာမည်ကို ယူထားတာပါ။ လိမ်သူတဦးတယောက်ကနေ အလိမ်ခံရသူတွေ တဆင့်စကားတဆင့်ကြားနဲ့ များများလာပြီး ပိရမစ်ပုံစံဖြစ်လာလို့ PonzI_Pyramid လို့လဲခေါ်ကြတယ်။ ပုံကိုကြည့်ပါ။

ဒီလိမ်နည်းဟာ နိုင်ငံအတော်များများမှာ ရှိနေခဲ့ ရှိဆဲနေပါပဲ။ ငွေရေးကြေးရေး အသိဥဏ်ရှိကြတဲ့ အမေရိကန်နိုင်ငံတို့ အင်္ဂလန်နိုင်ငံတွေမှာလဲရှိခဲ့ပါတယ်။ လောဘနဲ့ မကင်းကြတဲ့လူသားတွေရှိနေသမျှ ဒီလိမ်နည်းဟာ ဆက်လက်ရပ်တည်နေအုံးမှာပဲ။

သင့်ကို သင့်မိတ်ဆွေတယောက်က "ဘဏ်တိုးထက် အဆများစွာပိုတဲ့အတိုးရမယ်၊ ဘာအလုပ်လဲဆိုတာတော့ မမေးပါနဲ့၊ အတိုးကောင်းကောင်းကို ပုံမှန်စားနေရရင် ပြီးရောမဟုတ်လား"လို့ ပြောလာရင် သတိသာထားပေတော့။

သင့်သူငယ်ချင်းဟာ လူလိမ်တယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ သူအလိမ်ခံရမှာကိုမသိပဲ အတိုးကောင်းကောင်းရနေတော့ သင့်ကိုလဲ သူ့လိုအတိုးကောင်းကောင်းရစေချင်တဲ့ စေတနာနဲ့ အကြံပေးတာပါ။ ဒီပွန်ဇီလိမ်နည်းကြောင့် မိမိရဲ့ဦးနှောက်နဲ့၊ ချွေးနဲ့ နှစ်ပေါင်းများစွာ စုဆောင်းရှာဖွေထားတဲ့ငွေတွေ ဆုံးသွားလို့ စိတ်ဆင်းရဲရမှာဖြစ်သလို၊ ကိုယ်အကြံပေးမိလိုက်တဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သင်ဆုံးရှုံးသွားလိမ့်မယ်ဆိုတာ သတိရှိကြပါလို့။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ပြီး လိမ်တဲ့နည်းလေး

9:30 PM |


၁၉၇၀ခုနှစ်ဝန်းကျင်က တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးပါ။

ကျနော်တို့မြို့လေးမှာ ပွဲစားလုပ်နေတဲ့ မိန်းမတယောက်ရှိပါတယ်။ အသက်က ၃၀လောက်။ အပျိုကြီး။ ပညာအရည်အချင်းက ဆယ်တန်းမအောင်ပါဘူး။ သူ့နာမည်ကို "မတင်လှ" လို့ပဲ ခေါ်ကြရအောင်။ နာမည်ရင်းမဟုတ်ပါ။

တရက်မှာ မတင်လှက သူ့သူငယ်ချင်းမိန်းမတယောက်ကို ပြောတယ်။ သူမမှာ အမြတ်ကြီးကြီးရမဲ့ လုပ်ငန်းဂွင် ကောင်းကောင်းတခုတွေ့ထားလို့ ပိုက်ဆံချေးပေးမလား။ တလကို ပုံမှန် ငွေတရာကို တစ်ဆယ်တိုးပေးမယ်ပေါ့။ ပထမတော့ သူ့သူငယ်ချင်းက မချေးပေးချင်ပါဘူး။ ဒါပေမဲ့ မတင်လှနဲ့နဲ့ ရင်းနှီးနေတာကြာပြီဖြစ်လို့ရယ်၊ မတင်လှအပြောကောင်းတာရယ်၊ အတိုးကလဲ မက်လောက်စရာဖြစ်နေတာတွေကြောင့်၊ ငွေတစ်ထောင်ကို ထုတ်ချေးပေးလိုက်ပါတယ်။ အဲဒီခေတ်က ငွေတစ်ထောင်ဆိုတာ မြေတဧက ဝယ်လို့ရတဲ့ခေတ်လေ။ နောက်ပြီး ငွေတရာချေးပေးရင် ပစ္စည်းအပေါင်ပါရင် ငါးကျပ်နဲ့၊ အပေါင်မပါရင် နှစ်ကျပ်ပဲရတဲ့ခေတ်ပါ။

မတင်လှဟာ သူ့သူငယ်ချင်းကို အတိုးငွေတစ်ရာကို မှန်မှန်လေးပေးနေတယ်။ ၄လလောက်ကြာလာတော့ အတိုးမှန်မှန်လေးရနေတဲ့ မိန်းမစဉ်းစားလာတယ်။ အခု ငါငွေတထောင်ရင်းလိုက်တာ ၄လပဲရှိသေးတယ်။ ငွေလေးရာရနေပြီ။ နောက်ထပ်၆လဆိုရင် သူရင်းထားတဲ့ငွေတစ်ထောင်ကြေပြီပေါ့။ ဒါကြောင့် မတင်လှကို နောက်ထပ် ငွေတစ်ထောင်ထပ်ချေးပေးလိုက်ပြန်တယ်။

သိပ်မကြာခင်မှာပဲ အဲဒီပိုက်ဆံထုတ်ချေးပေးတဲ့မိန်းမက ပိုက်ဆံအတော်အတန်ရှိတဲ့ သူ့ယောင်းမကို ပြောပြတယ်။ သူ့လိုမျိုး တရာတစ်ဆယ်တိုးနဲ့ချေးမလား။ စိတ်ချရတယ်ပေါ့။ အဲဒီတော့ သူ့ယောက်မကလဲ စမ်းကြည့်တဲ့အနေနဲ့ မတင်လှကို ငွေငါးထောင်ချေးပေးလိုက်တယ်။ တလငွေငါးရာ မှန်မှန်လေး ဝင်နေတယ်။ ၃လလောက်ကြာတော့ တဆင့်စကားတဆင့်ကြားနဲ့ လူတွေ တော်တော်များများဟာ လူသိရှင်ကြားမဟုတ်ပဲ မတင်လှကို သူတို့ပိုက်ဆံတွေ ချေးပေးရင်း အတိုးကောင်းကောင်းနဲ့ ဟန်ကျနေကြပါတယ်။

နှစ်နှစ်လောက်ကြာတော့ မတင်လှလက်ထဲ ငွေသိန်းတရာလောက် ရောက်နေပြီ။ မတင်လှမြို့ပေါ်က ရုတ်တရက် ပျောက်သွားတယ်။ ငွေချေးထားသူတွေ အထိတ်ထိတ် အပြာပြာဖြစ်ကုန်ကြပြီ။ အလိမ်ခံလိုက်ရပြီဆိုတာ သိလိုက်ကြပြီ။ ဒါပေမဲ့ လူသိကလဲမခံရဲ၊ စာချုပ်စာတန်းလဲမရှိတော့ ရဲကိုလဲမတိုင်ရဲ တရားလဲမစွဲရဲကြဘူးပေါ့။ နီးစပ်ရာ အလိမ်ခံရသူတွေအချင်းချင်းအတွင်းကြိတ်ပြီး သူတို့ပိုက်ဆံတွေ ဘယ်လိုပြန်ရအောင်လုပ်ကြမလဲလို့ တိုင်ပင်ကြတယ်။

တလကြာတော့ မတင်လှ မြို့ကိုပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း ရဲစခန်းကိုသွားပြီး သူမငွေလိမ်ထားပါတယ်လို့ဝန်ခံပြီး အဖမ်းခံတယ်။ သူမကိုတရားစွဲဖို့ တရားရုံးကိုပို့လိုက်တဲ့အခါ အလိမ်ခံရတဲ့လူတွေ တရားရုံးအဝင်ဝမှာစောင့်ပြီး သူတို့ပိုက်ဆံတွေပြန်ပေးဖို့ အော်ဟစ်တောင်းကြတယ်။ လူ ၃၀၊ ၄၀လောက် ရှိကြလိမ့်မယ်။ ဒါတောင် ယောက်ျားမသိအောင်၊ မိန်းမမသိအောင် ကြိတ်ချေးလိုက်တဲ့ လူတွေ မပါသေးဖူး။ မတင်လှကတော့ အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။ သူ့လုပ်ငန်းရှုံးလို့ ချေးထားတဲ့ ငွေတွေ အားလုံးဆုံးသွားပြီ။ ပြန်မပေးနိုင်တော့လို့ အခုလိုတရားဥပဒေနဲ့ လာပြီးရင်ဆိုင်တာပေါ့တဲ့။

တိုတိုပြောရရင် တရားရုံးက မတင်လှကို ပိုက်ဆံတွေ ပြန်မဆပ်နိုင်လို့ ထောင်ဒဏ်တနှစ်ချလိုက်တယ်။ ထောင်ထဲမှာ ၈လလောက်နေရပြီး လွတ်သွားတယ်။ ထောင်ကထွက်တဲ့နေ့မှာပဲ ကျနော်တို့မြို့က ပြန်ပျောက်သွားတယ်။ ငွေသိန်းရာချီ (အခုခေတ်ငွေတန်ဖိုးနဲ့ဆိုရင် သိန်းပေါင်းသောင်းချီ) ပိုက်ပြီး တခြားမြို့မှာ တသက်လုံး အေးအေးဆေးဆေးထိုင်စားလို့ ရသွားပြီလေ။

ဒီဖြစ်ရပ်ကနေ ကျနော်တို့ဘာသင်္ခန်းစာ ရနိုင်ကြမလဲ။ ကျနော့်သုံးသပ်ချက်ကိုပြောရရင်

၁။ လူတိုင်း လောဘနဲ့ မကင်းကြဘူး။ လောဘကြီးတဲ့လူနဲ့ လောဘနည်းတဲ့ လူပဲကွာတယ်။ လောဘကြီးတဲ့လူကို ငွေထုပ်နဲ့ပြလိုက်ရင် အသာလေးလိုက်လာတတ်တယ်။ ငွေထုပ်ကိုမြင်တော့ စဉ်းစားဆင်ခြင်ဉာဏ် ပျောက်သွားတယ်လေ။ ငါးစာပဲမြင်ပြီး ငါးမျှားချိပ်ကို မမြင်သလိုပေါ့။ ဒါကြောင့်လဲ မတင်လှတယောက် ဘာလုပ်ငန်းလုပ်လို့ ဒီလောက်အတိုးကြီးကြီးပေးနိုင်တာလဲလို့ အလိမ်ခံသွားရသူတယောက်ကမှ မေးမြန်းစုံစမ်းခြင်း မလုပ်ကြဘူး။ အတိုးရတဲ့ ပိုက်ဆံတွေပဲ မျက်လုံးထဲမြင်နေကြတာကိုး။

၂။ မတင်လှဟာ ၁၀တန်းသာ မအောင်တယ်။ ဈေးခေါ်နည်း (marketing) အကြောင်း ကောင်းကောင်းသိတယ်။ သူသုံးသွားတာ word_of_mouth_marketing ဆိုတဲ့တဆင့်စကား တဆင့်ကြားနဲ့ ကြော်ငြာတဲ့နည်းပါ။ ဒီနည်းက လူများများမသိဘူး။ အစိုးရလဲမသိတော့ အခွန်ကောက်မှာလဲ စိုးရိမ်စရာမလိုဘူး ကြော်ငြာခလဲ အကုန်ခံစရာမလိုဘူး။ အဓိကက သူအတိုးပေးနေတယ်ဆိုတာ လူများများမသိစေချင်တာပဲ။

၃။ ဒီအချက်ကတော့ လိမ်လည်မှုရဲ့ အခရာသော့ချက်ပါပဲ။ မိတ်ဆွေ ဒီလောက်ထိဖတ်ပြီးချိန်မှာ ဒီမိန်းမ ဘာလုပ်ငန်းတွေလုပ်လို့ အတိုးမြင့်မြင့်တွေပေးနိုင်နေတာလဲဆိုတာ သိချင်စိတ်ပေါ်မလာဘူးလား။ ကျနော့်အဖြေကိုကြားရင် အံ့သြသွားပါလိမ့်မယ်။ မတင်လှ ဘာလုပ်ငန်းမှမလုပ်ဘူး။ ဟင် ဒါဆိုရင် အတိုး ၁၀ရာခိုင်နှုန်းကို ဘာကြောင့် လစဉ်မှန်မှန်ပေးနိုင်တာလဲလို့ မေးချင်ပါလိမ့်မယ်။ အဲဒီအတိုးတွေကို သူတို့ချေးပေးထားတဲ့ ပိုက်ဆံတွေထဲကနေ ပြန်ပေးနေတာပါ။ သူတို့ အပ်ထားတဲ့ ပိုက်ဆံက တလ အတိုး၁၀ရာခိုင်နှုန်းနဲ့ဆိုတော့ ၁၀လပြည့်မှကုန်သွားမှာပါ။ ၁၀လမပြည့်ခင် သူ့ထောင်ချောက်ထဲဝင်လာမဲ့ သားကောင်တွေပေါ်လာမယ်ဆိုတာ မတင်လှတယောက် ကောင်းကောင်းသိနေတယ်လေ။

၎။ ဒီမိန်းမရဲ့အရည်အချင်းက စိတ်ရှည်တယ်။ သားကောင်များများ ဂွင်ထဲဝင်လာအောင် စောင့်တယ်။ ပြီးတော့ ဘယ်အချိန်မှာဆုတ်ခွာရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ တချိန်ချိန်မှာ သူမရဲ့လိမ်လည်မှုဟာ ပေါ်လာတော့မယ်။ တသက်လုံး ဆက်လိမ်နေလို့မရဘူးဆိုတာ သူမသိတယ်။ ဒါကြောင့် သူမ မျှော်မှန်းထားတဲ့ငွေပမာဏရပြီဆိုတာနဲ့ ချက်ခြင်းရပ်လိုက်တယ်။ အဖမ်းခံလိုက်တယ်။ ထောင်ခနကျခံပြီး တသက်စာရသွားပြီ။

ဒီလိုပိပိရိရိလိမ်နည်းလေးဟာ လွန်ခဲ့တဲ့ ၄၅နှစ်လောက်က အဖြစ်အပျက်ပါကွာ။ ဒိတ်အောက်နေပါပြီ။ ဒီခေတ်ကြီးမှာ မရှိတော့ပါဘူးလို့ ထင်ရင်တော့ မိတ်ဆွေတို့ အများကြီးမှားသွားလိမ့်မယ်။ အခုခေတ်မှာလဲ ရုံးခန်းသားသားနားနားကြီးတွေဖွင့်၊ စာချုပ်နဲ့ အစုရှယ်ယာလက်ခံတယ်ဆိုပြီး လစဉ် အတိုးမှန်မှန်ပေးနေရာက ရုတ်တရက်နေ့ချင်း ညချင်းပျောက်သွားတဲ့ ပိတ်သွားတဲ့ကုမ္ပဏီတွေကြုံဖူး ကြားဖူးကြမှာပါ။ အဲဒီကုမ္ပဏီတွေဟာ မိတ်ဆွေတို့ရဲ့ပိုက်ဆံကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သွားတာပါ။

မှတ်ချက်။ အစုရှယ်ယာအဝင်ခံပြီး လစဉ်အတိုးမှန်မှန်ပေးနေတဲ့ တကယ်လုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်နေကြတဲ့ကုမ္ပဏီတွေလဲ အများကြီးရှိပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တစင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။


Read More

ကိုယ်ပိုင်လုပ်ငန်းထောင်ရင် Cash_Flow ဆိုတာကို သတိထားစေချင်

7:30 PM | ,


ကျနော်လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက စင်္ကာပူကနေအလုပ်ထွက်ပြီး ရန်ကုန်မှာ လုပ်ငန်းတခုလုပ်ဖို့ စီစဉ်ဖူးတယ်။

ဘာလုပ်ငန်းလုပ်မယ်။ လုပ်ငန်းအတွက် ဖေါက်သယ်ဈေးကွက်ရှိ၊ မရှိ လေ့လာပြီးပြီ။ ဈေးကွက်နဲ့ နီးတဲ့နေရာမှာ လုပ်ငန်းရုံးခန်းဖွင့်မယ်။ ရောင်းချမဲ့ ကုန်ပစ္စည်းဝယ်ရမှာတွေ ရုံးခန်း၊ မော်တော်ကား၊ ငှားခတွေ ဝန်ထမ်းတွေပေးရမဲ့ လခ၊ ရေဖိုး၊ မီးဖိုးကအစ အကုန်တွက်ချက်တယ်။

အဲဒီကုန်ကျစရိတ်တွေကို အသေးစိပ် တွက်ချက်ကြည့်ပြီးတော့ လက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင် လုံလောက်တယ်။ လုပ်ငန်းစဖို့ ဆုံးဖြတ်ရတော့မယ်။ ဆုံးဖြတ်ချက်ချဖို့ အချက်တခုဟာ စိတ်ထဲမှာလာခုနေတယ်။

အဲဒါက စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးခဲ့တဲ့ အချက်လေးတခုပါ။ စာအုပ်ထဲမှာ ဘာရေးထားသလဲဆိုတော့ "သင်လုပ်ငန်းတခု ထူထောင်မယ်ဆိုရင် လုပ်ငန်းအတွက် ရင်းနှီးရမဲ့ကုန်ကျစရိတ်တွေကို အသေးစိပ်တွက်ကြည့်ပါ။ အဲဒီကုန်ကျစရိတ်တွေရဲ့ အနည်းဆုံးငွေနှစ်ဆ သင့်လက်ထဲမှာမရှိရင် လုပ်ငန်းမထူထောင်ပါနဲ့"တဲ့။

ဒါပေမဲ့ အဲဒီစာအုပ်ထဲမှာ ဘာကြောင့် ရင်းနှီးမြုပ်နှံမဲ့ငွေနှစ်ဆရှိဖို့ လိုလဲဆိုတာကို ရှင်းပြမထားပါဘူး။ ကျနော် လုပ်ငန်းမလုပ်ဖြစ်ပါဘူး။ အရင်လုပ်ပြီး ထွက်ခဲ့တဲ့ကုမ္ပဏီက ပြန်ခေါ်လို့ စင်္ကာပူမှာ ပြန်လာလုပ်ဖြစ်ပါတယ်။

ဒါပေမဲ့ စောစောကပြောတဲ့ လုပ်ငန်းတခုထောင်ရင် ရင်းနှီးကုန်ကျငွေရဲ့ နှစ်ဆလက်ထဲရှိထားရမယ်ဆိုတဲ့ ကိစ္စဟာ နှစ်အတော်ကြာခေါင်းထဲက ဖျောက်လို့မရဘူး။

နောက်ဆုံးတော့ ကုမ္ပဏီကဌာနကြီးတခုရဲ့ ငွေရေးကြေးရေးတွေကို ကိုယ်တိုင်ကိုင်တွယ် စီမံရတော့မှပဲ အဲဒါရဲ့ အဖြေကို သွားတွေ့မိတော့တယ်။

အဖြေက Cash_Flow ပါ။ မြန်မာလိုပြောရင်တော့ ငွေအဝင်အထွက် လည်ပတ်မှုလို့ ပြောရမယ်ထင်ပါတယ်။ အဓိပ္ပါယ်ကတော့ လစဉ်ကုန်ကျတဲ့ငွေတွေထက် ပြန်ဝင်လာတဲ့ငွေဟာ ပိုရင်ပို၊ မပိုရင် အနည်းဆုံး ညီနေဖို့ လိုလိမ့်မယ်။ ရေတိုင်ကီထဲမှာ အချိန်ပြည့်ရေရှိနေဖို့ သုံးလိုက်တဲ့ ရေတွေအတွက် အမြဲရေဖြည့်ပေးနေရသလိုပေါ့။ လုပ်ငန်းတခုဟာ ငွေပြတ်သွားလို့ မရပါဘူး။ ငွေပြတ်သွားရင် ဝန်ထမ်းလစာတွေ မပေးနိုင်တော့ဘူး။ ရေဖိုး၊ မီးဖိုးစတဲ့ စရိတ်တွေ မပေးနိုင်တော့ဘူး။ ပစ္စည်းထပ်ဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူး။ ငွေအပြတ်မခံနိုင်တော့ ဘဏ်တို့ တခြားသူတွေဆီက အတိုးကြီးကြီးနဲ့ ငွေချေးရတော့မယ်။

ဒါက လုပ်ငန်းစတင်ထူထောင်သူတိုင်း ကြုံရတတ်တယ်။ လုပ်ငန်းနည်းနည်းကြာသွားရင် ထွက်ငွေနဲ့ဝင်ငွေ ဟန်ချက်ညီသွားမှာပါ။ Cash_Flow မှန်သွားပြီလို့ ဆိုရမှာပါ။

ဘာကြောင့် လုပ်ငန်းစတင်ထူထောင်ချိန်မှာ ဒီ Cash_Flow ပြဿနာရှိရတာလဲ။ လုပ်ငန်းစထူထောင်စဉ်မှာ မိမိပစ္စည်းကို ဘယ်လောက်နဲ့ဝယ်ပြီး ဘယ်လောက်နဲ့ ရောင်းလိုက်မယ်ဆိုရင် အမြတ်ဘယ်လောက်ကျန်မယ်လို့ တွက်ကြတယ်။ အစပိုင်းမှာ မှန်ပါလိမ့်မယ်။ ပစ္စည်းကို လက်ငင်းငွေချေစံနစ်နဲ့ ရောင်းပေးတာကိုး။ နဲနဲကြာလာတာနဲ့ ဝယ်နေကြဖေါက်သယ်တွေကို အကြွေးပေးရတော့မယ်။ ဝယ်သူဖက်ကလဲ ပစ္စည်းတဆင့်ပြန်ရောင်းပြီးမှ ငွေပေါ်မှာမို့ ပစ္စည်းများများဝယ်ရင် အကြွေးက ပေးကိုပေးရမယ်။ အကြွေးနဲ့ မရောင်းပေးဘူးဆိုရင် ဖေါက်သယ်ဟာ တခြားအကြွေးနဲ့ ရောင်းပေးမဲ့ဆိုင်တွေဆီက သွားဝယ်ကြမှာပါ။

အကြွေးဆိုတာကလဲ ရင်းနီးတဲ့ဖေါက်သယ်ရယ်၊ ပစ္စည်းအများကြီးဝယ်တဲ့အပေါ် မူတည်ပြီး အနည်းဆုံး တလကနေ သုံးလထိပေးကြရတော့ အဲဒီကာလအတွင်းမှာ လုပ်ငန်းထဲကို ငွေမဝင်လာနိုင်လို့ အဲဒီကာလကို တောင့်ခံနိုင်ဖို့ ငွေပိုငွေလျှံရှိထားဖို့လိုမယ်။ လိုအပ်ရင် ချေးဖို့ဘဏ်တွေ ငွေချေးပေးမဲ့သူတွေ ရှာထားရမယ်။

တကယ်တော့ Cash_Flow ဆိုတာ လုပ်ငန်စတင်ထူထောင်တဲ့ အချိန်မှာပဲ လိုအပ်တာမဟုတ်ပါဘူး။ လုပ်ငန်းလည်ပတ်နေတုန်းကာလမှာလဲ ကုမ္ပဏီမှာ ငွေကြေးပြတ်မသွားအောင် ကြွေးရှင်တွေကို ဆပ်ရမဲ့ကာလရောက်တာနဲ့ အကြွေးပြန်ဆပ်ဖို့ ဖုံးနဲ့တမျိုး၊ emailနဲ့၊ စာနဲ့တမျိုး တချို့မပေးချင်ဘူးဆိုတဲ့ လူတွေကိုတော့ ရှေ့နေဆင့်ခေါ်စာတွေပို့ပြီး အကြွေးတောင်းရတယ်။

လုပ်ငန်းအတွက်အတွက် အမြတ်ရအောင် ကြိုးစားနေရတာထက် အဲဒီအကြွေးတောင်းရတဲ့ ဒုက္ခကလဲ ခေါင်းစားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ Cash_Flow အပြတ်မခံနိုင်လို့ပါပဲ။

အင်မတန်ရောင်းကောင်းနေတဲ့ ဈေးဆိုင်ကြီးတခုဟာ စဖွင့်ပြီးလအနည်းငယ်အကြာမှာ ပိတ်သွားတာ တွေ့ဖူးပါလိမ့်မယ်။ ဘာကြောင့်လဲ။ Cash_Flow ပြဿနာပါ။ လည်ပတ်စရာငွေမရှိတော့လို့ လုပ်ငန်းကို ပိတ်လိုက်ရတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

တရုတ်နိင်ငံရဲ့ Stock Market ပြိုလဲကျနေခြင်း

6:30 PM | ,


‪စီးပွားရေးနဲ့ပတ်သက်ရင် ယနေ့သတင်းစာ၊ ရုပ်မြင်သံကြား အင်တာနက်တွေမှာ စိုးမိုးနေတဲ့ အဓိကသတင်းနှစ်ပုဒ်ကတော့ ဂရိနိုင်ငံရဲ့ကြွေးမြီပြဿနာနဲ့ တရုပ်နိုင်ငံရဲ့ စတော့ဈေးကွက်ပြိုလဲနေတဲ့ သတင်းတွေဖြစ်ကြပါတယ်။ ဂရိနိုင်ငံရဲ့ကြွေးမြီပြဿနာ အကြောင်းကိုတော့ ပြီးခဲ့တဲ့ပို့စ်မှာ ရေးသားခဲ့ပြီးပါပြီ။ အခု စိတ်ဝင်စားစရာကောင်းတဲ့ တရုပ်နိုင်ငံရဲ့စတော့ဈေးကွက်ပြိုကွဲခြင်းအကြောင်း ရေးပြပေးလိုက်ပါတယ်။

တရုပ်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေခဲ့ရာက မနှစ်က(၂၀၁၄ခုနှစ်မှာ) ဖွံ့ဖြိုးတိုးတက်မှု (၇)ရာခိုင်နူန်းနဲ့ အနိမ့်ဆုံးရောက်သွားခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အိမ်မြေရောင်းဝယ်ရေးဈေးကွက်တွေ မကောင်းတော့တာကြောင့် ပိုက်ဆံအပိုရှိနေကြသူတွေဟာ စတော့ရှယ်ယာဈေးကွက်ဖက်ကို စိတ်ဝင်စားလာကြတယ်။ တခြားရင်းနှီးမြုပ်နှံစရာလုပ်ငန်းလဲ မရှိဘူးလေ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာလကစပြီး တရုပ်အစိုးရက သူ့နိုင်ငံသားတွေကို စတော့ရှယ်ယာဈေးကွက်တွေမှာ ရင်းနှီးမြုပ်နံမှုလုပ်ဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်။ ဘဏ်တွေရဲ့ ငွေချေးအတိုးနူန်းတွေ လျှော့ချပေးလိုက်တယ်။ နောက်ပြီး စတော့ပွဲစားတွေဆီက Margin_Trading လို့ခေါ်တဲ့နည်းနဲ့ ချေးယူနိုင်တဲ့ငွေကြေးပမာဏကို တိုးမြှင့်ပေးတဲ့ဥပဒေတွေ ထုတ်ပြန်ပေးလိုက်တယ်။ စတော့ရှယ်ယာ ဝယ်ချင်သူများလာအောင် မက်လုံးပေးဆွဲဆောင်လိုက်တာပါ။

အကျိုးဆက်ကတော့ ပိုက်ဆံရှိတဲ့လူတွေကလဲ တခြားရင်းနှီးတာလဲမရှိ အမြတ်လဲကောင်းတဲ့ စတော့ရှယ်ယာတွေ လိုက်ဝယ်ကြတော့တယ်။ ပိုက်ဆံမရှိသူတွေကလဲ ဘဏ်တွေကနေ ပိုက်ဆံချေးပြီး စတော့တွေဝယ်တယ်။ ပိုက်ဆံမရှိသူ လူအများစုကတော့ Margin_Tradingနည်းနဲ့ စတော့ပွဲစားတွေဆီက အာမခံပိုက်ဆံအနဲငယ်သွင်းပြီး စတော့ရှယ်ယာတွေ လိုက်ဝယ်ကြတယ်။ ၆လလောက်အတွင်း စတော့ရှယ်ယာဝယ်သူပေါင်း သန်း(၉၀)လောက်ရှိလာခဲ့တယ်။ ကုမ္ပဏီတွေအတော်များများဟာလဲ ကုမ္ပဏီပိုင်ငွေတွေနဲ့ စတော့တွေဝယ်ကြပြန်တယ်။ ၆လအတွင်း အရောင်းအဝယ်ဖြစ်တဲ့ စတော့ရှယ်ယာတန်ဖိုးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာဘီလီယံ(၇၀၀)ကနေ ဘီလီယံ(၉၄ဝ)ကြားဖြစ်လာခဲ့တယ်။

စတော့ရှယ်ယာရဲ့သဘောတရားအတိုင်း ဝယ်သူအရမ်းများလာလို့ စတော့ရှယ်ယာဈေးနူန်းတွေ မတန်တဆတက်လာခဲ့တယ်။ ၆လအတွင်း ဈေးနူန်းတွေဟာ(၁၅၀)ရာခိုင်နူန်းအထိ တက်လာခဲ့တယ်။ စတော့ရှယ်ယာတွေ ဝယ်ထားသူတွေကတော့ ပျော်လွန်းလို့ပေါ့။ တကယ်တော့ တရုပ်နိုင်ငံရဲ့ စီးပွားရေးဟာ သိတ်မတိုးတက်ပဲနဲ့ စတော့ရှယ်ယာဈေးနူန်းတွေ အရမ်းမြင့်တက်နေတာ သဘာဝမကျပါဘူး။ ဒါကို ရိပ်စားမိတဲ့ တရုပ်အစိုးရဟာ စတော့ရှယ်ယာဈေးနူန်းကို ပြန်ထိန်းချုပ်ဖို့လုပ်ပါတော့တယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဇွန်လ(၁၂)ရက်နေ့မှာ တရုပ်အစိုးရက ဘဏ်ချေးငွေအတိုးနူန်းတွေကို ရုတ်တရက် တိုးမြှင့်လိုက်တယ်။ ငွေချေးမယ့်သူနဲပါးသွားအောင် လုပ်လိုက်တာပါ။ ဒါတင် မကသေးဘူး။ စတော့ပွဲစားတွေရဲ့ Margin_Tradingနည်းနဲ့ ချေးပေးနိုင်တဲ့ ငွေပမာဏရာခိုင်နူန်းကို တိုးမြှင့်ကန့်သတ်လိုက်ပါတယ်။ အချုပ်ကတော့ လူတွေလက်ထဲပိုက်ဆံနဲသွားပြီး စတော့ရှယ်ယာတွေ မဝယ်နိုင်အောင်လို့ပါ။

နောက်တနေ့မှာပဲ စတော့ဈေးကွက် အခြေအနေမကောင်းတော့ဘူးဆိုတာ ရိပ်မိတဲ့လူတွေဟာ သူတို့ဝယ်ထားတဲ့ စတော့ရှယ်ယာတွေထုတ်ရောင်းကြပြီး ငွေတွေပြန်ထုတ်ယူကြတယ်။ ဝယ်သူထက် ရောင်းသူပိုများလို့ စတော့ဈေးနူန်းတွေ ချက်ခြင်းထိုးကျသွားတယ်။ သုံးပါတ်အတွင်းမှာ စတော့ရှယ်ယာ စုစုပေါင်းတန်ဖိုးဟာ ၃၀ရာခိုင်နူန်း(ဒေါ်လာဘီလီယံ၃ထောင်လောက်) လျော့ကျသွားတော့တယ်။ သဘောကတော့ လူတွေဝယ်ထားတဲ့ စတော့တန်ဖိုးဟာ သုံးပတ်အတွင်း (၃၀)ရာခိုင်နူန်းရှူံးသွားပြီလေ။

ဒါကြောင့် လူအတော်တော်များများဟာ ပိုက်ဆံတွေအများကြီးဆုံးရှုံးကုန်ကြတယ်။ အကြွေးတွေလဲ ပြန်မဆပ်နိုင်ကြတော့ဘူး။ တနေ့ကပဲ စတော့ရှယ်ယာဝယ်ထားလို့ ပိုက်ဆံတွေရှုံးသွားတဲ့ တရုပ်လူမျိုးတယောက် သူ့ကိုယ်သူသတ်သေသွားတယ်လို့ သတင်းစာမှာဖတ်လိုက်ရတယ်။ စတော့တွေဝယ်ထားတဲ့ ကုမ္ပဏီအတော်များများလဲ ပိုက်ဆံမရှိတော့လို့ ပိတ်ပစ်လိုက်ကြရတယ်။ လူတွေအများ မကျေမနပ်ဖြစ်လာပြီး အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်တဲ့ တရုပ်အစိုးရဟာ ဒီဇူလိုင်လဆန်းမှာ စတော့ရှယ်ယာဈေးပြန်တက်နိုင်ဖို့ အရေးပေါ်အစီအစဉ်တွေ လုပ်ပြန်ပါတယ်။

တရုပ်အစိုးရပိုင် People's_Bank_of_China ကနေ စတော့ပွဲစားတွေကို ဒေါ်လာဘီလီယံ(၅၀)ဖိုး ငွေတွေ ချေးပေးလိုက်တယ်။ စတော့ပွဲစားတွေက စတော့ဝယ်ချင်သူတွေကို Trading_on_Marginနည်းနဲ့ စတော့ရှယ်ယာတွေ ရောင်းပေးနိုင်အောင်ပါ။ တရုပ်အစိုးရဗဟိုဘဏ်ကလဲ အစိုးရကိုယ်တိုင် စတော့တွေပြန်ဝယ်ဖို့အတွက် ငွေစက္ကူတွေ လိမ့်ရိုက်ထုတ်ပါတော့တယ်။ ဒါပေမဲ့ နောက်ဆုံးသတင်းတွေအရကတော့ စတော့ဈေးတွေဟာ ဆက်လက်ကျဆင်းမြဲ ကျလျက်ပါပဲ။ တရုပ်အစိုးရလဲ အခုလောလောဆယ် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။

စတော့ရှယ်ယာ ကျွမ်းကျင်သူတွေပြောကြတာက ပြီးခဲ့တဲ့ဇွန်လ(၁၂)ရက်နောက်ပိုင်းမှာ တရုပ်ရဲ့စတော့ရှယ်ယာဈေးတွေ ရုတ်တရက်ကျသွားတဲ့အကြောင်းရင်းကို ဘယ်သူမှ အဖြေမရှာနိုင်ကြပါဘူးတဲ့။ ဒါ့ပြင် အခုတရုပ်စတော့ဈေးကွက်ဖြစ်ပျက်နေတာ ၁၉၂၉ခုနှစ်က အမေရိကန်စတော့ဈေးကွက်ပျက်ပြီး နောက်ဆယ်နှစ်ကြာအောင် အမေရိကန်နိုင်ငံမှာ စီးပွားပျက်ကပ်ကြီးကြုံခဲ့တာနဲ့ တပုံစံထဲပဲတဲ့။ ကြုံရင် အဲဒီအကြောင်းရေးပြပေးပါမယ်။

တရုပ်နိုင်ငံရဲ့စတော့ဈေးကွက်ဟာ ကမ္ဘာ့စတော့အိပ်ချိန်း(Stock_Exchange)တွေနဲ့ ချိတ်ဆက်ထားတာ မဟုတ်လို့ လောလောဆယ် ကမ္ဘာ့စတော့ဈေးကွက်ကိုတော့ မထိခိုက်သေးပါဘူး။ တရုပ်ရဲ့စတော့ဈေးကွက်နဲ့ ချိတ်ဆက်ထားတဲ့ ဟောင်ကောင်မှာတော့ မနေ့ကစပြီး စတော့ဈေးနူန်းတွေ ထိုးကျသွားပါပြီ။ လောလောဆယ် တရုပ်ရဲ့စတော့ဈေးကွက်ဟာ ကမ္ဘာကို ဂယက်မရိုက်ခတ်သေးပေမဲ့ ကမ္ဘာမှာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယအကြီးဆုံး စီးပွားရေးပိုင်ဆိုင်ထားတဲ့ တရုပ်နိုင်ငံရဲ့ ဒီစတော့ဈေးကွက်ပြဿနာကို တရုပ်ခေါင်းဆောင်တွေ အကိုင်အတွယ်မတတ်ရင်တော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။

‪‎မှတ်ချက်။ စတော့(Stock)နဲ့ ရှယ်ယာ(Share)တို့ ဘာကွာခြားသလဲလို့မေးချင်ကြပါလိမ့်မယ်။ စတော့ဆိုတာက ကုမ္ပဏီတခု သို့မဟုတ် ကုမ္ပဏီအများ(ကုမ္ပဏီနာမည်ပြောစရာမလို)ရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်ပြီး ရှယ်ယာဆိုတာက နာမည်အတိအကျ တပ်ထားတဲ့ကုမ္ပဏီတခုရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်ပါတယ်။ သဘောချင်းသိပ်မကွာလို့ လူတွေဟာ စတော့နဲ့ရှယ်ယာကို ရောနှောပြောတတ် ရေးတတ်ကြပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

ဂရိနိုင်ငံရဲ့ မပြီးဆုံးသေးသော အကြွေးပြဿနာကြီး

6:30 PM | ,


ဒီပို့စ်ကို အရင်တင်ထားတဲ့ "တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြရတဲ့ ဂရိနိုင်ငံရဲ့ ရွေးကောက်ပွဲ" ဆိုတဲ့ ပို့စ်နဲ့ယှဉ်တွဲဖတ်ကြည့်ရင်တော့ ပြည့်ပြည့်စုံစုံသိနိုင်ပါလိမ့်မယ်။

အရင်ပို့စ်မှာရေးထားသလို ဂရိနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၀၈ခုနှစ် နိုင်ငံတကာ ငွေကြေးပြဿနာကြီး ပေါ်လာပြီးကတည်းက ကျဆင်းလာခဲ့တယ်။ ဒီတော့ ဂရိအစိုးရဟာ Troika လို့ခေါ်တဲ့ ယူရိုငွေကြေးအဖွဲ့ကြီးမှာ ပါဝင်ကြတဲ့ ကမ္ဘာ့ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)ရယ်၊ European_Commission(EC)နဲ့ European_Central_Bank(ECB)တို့ ဆီကနေ ၂၀၁၀ခုနှစ်မှာ အကူအညီချေးငွေတွေ ယူရတယ်။ နောက်တခါ ၂၀၁၂ခုနှစ်မှာ ချေးငွေတွေထပ်ယူရလို့ ဂရိနိုင်ငံတင်တဲ့ အကြွေးစုစုပေါင်းဟာ ယူရို၂၄၀ဘီလီယံ ဖြစ်လာခဲ့တယ်။

ယူရိုငွေကြေးအဖွဲ့ကြီးတွေက အကြွေးတွေကို လွယ်လွယ်ကူကူချေးပေးလိုက်တာ မဟုတ်ပါဘူး။ ဂရိအစိုးရက Austerity_Plan ဆိုတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်ပါမယ်လို့ အာမခံချက်ပေးမှ ငွေချေးပေးလိုက်တာပါ။ ယူရိုငွေကြေးအဖွဲ့ကြီး တောင်းဆိုတာတွေက နိုင်ငံရဲ့ အသုံးစရိတ်ဘတ်ဂျက်တွေ လျှော့ပစ်ရမယ်။ လုပ်ငန်းတွေ လူတွေဆီကနေ အခွန်တွေ တိုးကောက်ရမယ်။ အလုပ်သမားလစာတွေ ပင်စင်ခံစားခွင့်ငွေတွေ လျှော့ပစ်ရမယ်။ လူမှုရေးအသုံးစရိတ်တွေ လျှော့ပစ်ရမယ်စတဲ့ ဆိုးဆိုးဝါးဝါးအစီအစဉ်တွေ လုပ်ခိုင်းပါတယ်။ ဂရိအစိုးရကလဲ ချေးငွေရဖို့ တခြားနည်းလမ်းတွေမရှိတော့ တောင်းဆိုတာတွေ လိုက်လုပ်ပေးရတယ်။

၅နှစ်သာကြာလာတယ်။ ဂရိနိုင်ငံရဲ့စီးပွားရေးမတိုးတက်လာတဲ့အပြင် ပိုပိုဆိုးဝါးလာတယ်။ ဘယ်လို စီးပွားရေးတိုးတက်ပါ့မလဲ။ နောက်ချေးရတဲ့ငွေတွေကို အရင်ယူထားတဲ့အကြွေးတချို့ရယ် အတိုးတွေဆပ်နေရတာနဲ့ နိုင်ငံရဲ့စီးပွားရေးထဲ မထည့်ဝင်နိုင် မရင်းနှီးနိုင်လို့လေ။ နိုင်ငံရဲ့စီးပွားရေးဟာ ၅နှစ်အတွင်း ၂၅ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ပြည်သူတဝက်နီးပါးဟာ အလုပ်အကိုင်မရှိကြတော့ဘူး။ လူတွေလက်ထဲမှာ ပစ္စည်းဝယ်စရာပိုက်ဆံ မရှိကြတော့ဘူး။

လူတွေဟာ လက်ရှိအစိုးရကို မကျေနပ်တော့ဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ဇန္နဝါရီလ(၂၅)ရက်နေ့မှာ အတိုက်အခံပါတီတခုဖြစ်တဲ့ လက်ဝဲစွန်းပါတီ SYRIZAဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖြစ်လာပါတယ်။ ဒီပါတီအနိုင်ရခြင်းရဲ့အဓိက အကြောင်းကတော့ အသက်၄၀အရွယ် ပါတီခေါင်းဆောင်ဖြစ်တဲ့ Alexis_Tsiprasက ဂရိတင်နေတဲ့အကြွေးတွေကို ကြွေးရှင်နိုင်ငံတွေလျှော်ပစ်ဖို့ တောင်းဆိုမယ်။ အကြွေးတွေ မလျှော်ဖူးဆိုရင် အကြွေးတွေကိုမဆပ်တော့ပဲ အီးယူအဖွဲ့ကြီးက ထွက်ပစ်လိုက်မယ်လို့ လူပိန်းကြိုက်နည်းတွေပြောပြီး စည်းရုံးလို့ပါ။ လူထုကလဲ သူ့အပြောကို သဘောကျပြီး သူ့ပါတီကို တခဲနက်မဲပေးခဲ့ကြတယ်။

အစိုးရသစ်ရဲ့ဝန်ကြီးချုပ်ဖြစ်လာတဲ့ Tsipras က လူပြိန်းတွက်တွက်ပါတယ်။ ယူရိုငွေကြေးအဖွဲ့ကြီးဟာ သူတောင်းဆိုတာကို လိုက်လျောပေးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယူရိုငွေကြေးအဖွဲ့ကြီးဟာ ဂရိနိုင်ငံကို အီးယူအဖွဲ့ထဲက နူတ်ထွက်မခံရဲဘူး။ အထွက်ခံလိုက်ရင် ယူရိုငွေကြေးအဖွဲ့ကြီး ပြိုကွဲသွားနိုင်တယ်။ ဂရိတင်နေတဲ့ အကြွေးတွေကိုလဲ ပြန်ရတော့မှာမဟုတ်ဖူး။ ဂရိနိုင်ငံလို သူတို့ဆီက အကြွေးတွေ အများကြီးတင်နေကြတဲ့ အီတလီ၊ စပိန်၊ ပေါ်တူဂီနဲ့ အိုင်ယာလန်နိုင်ငံတွေလဲ နှုတ်ထွက်သွားနိုင်တယ်။ ယူရိုငွေကြေးပြိုကွဲသွားရင် တကမ္ဘာလုံးရဲ့စီပွားရေးတွေ ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ဂျာမနီနိုင်ငံခေါင်းဆောင်တဲ့ ယူရိုငွေကြေးအဖွဲ့ကြီးဟာ ဝန်ကြီးချုပ် Tsipras ကို ချော့မော့ပြီး အလိုလိုက်ပေးလိမ့်မယ်ပေါ့။

ဝန်ကြီးချုပ်Tsiprasနဲ့ ဘဏ္ဏာရေးဝန်ကြီးသစ် Yanus_Varofakis တို့နှစ်ဦးဟာ ယူရိုငွေကြေး အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ဂျာမနီ အင်္ဂလန် ပြင်သစ်နိုင်ငံတွေကို အကြိမ်ကြိမ်သွားပြီး ဆွေးနွေးကြတယ်။ ဒါပေမဲ့ ယူရိုအဖွဲ့ကြီးကလဲ Tsipras ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာကိုမခံဘဲ ဂရိနိုင်ငံကို ယူရိုအဖွဲ့ကြီးကနေ အချိန်မရွေးထွက်လို့ရတယ်လို့ ပြောလိုက်တော့ Tsiprasက ပြန်လျှော့ရတယ်။ Tsipras တွက်ထားသလို ဖြစ်မလာဘူး။ သူတို့ဂရိနိုင်ငံကို ယူရိုအဖွဲ့ထဲက မထွက်ပါဘူး။ ဒါပေမဲ့ ငွေထပ်ချေးပေးပါ။ ဆပ်ရမဲ့အတိုးတွေကို ဆိုင်းငံ့ပေးပါ။ နောက်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ပြင်းထန်လွန်းလို့ လျှော့ပေါ့ပေးပါတဲ့။

Tsipras ရဲ့ အခြေအနေမကောင်းတော့တာသိနေတဲ့ ယူရိုငွေကြေးအဖွဲ့ကြီးကလဲ သူတို့တောင်းဆိုတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမလုပ်ရင် ငွေထပ်မချေးဘူးလို့ ခပ်တင်းတင်းပြောလိုက်တယ်။ အခြေအနေမကောင်းတဲ့ Tsipras ဟာ ယူရိုငွေကြေးအဖွဲ့ကြီးတောင်းဆိုတဲ့ စီးပွားရေးအစီအစဉ်ကို လူထုဆန္ဒခံယူပွဲလုပ်ဖို့ ပြီးခဲ့တဲ့ဇွန်လကုန်မှာ ဂရိလွှတ်တော်ကိုတင်ပြတယ်။ လွှတ်တော်က သဘောတူလို့ ပြီးခဲ့တဲ့ ဇူလိုင်လ(၅)ရက်နေ့က လူထုဆန္ဒခံယူပွဲလုပ်တယ်။ မဲပေးနိုင်သူတွေရဲ့ ၆၁.၃ရာခိုင်နှုန်းက ယူရိုငွေကြေးအဖွဲ့ကြီးရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်ကိုလက်မခံဘူး သဘောမတူဘူး "NO"လို့ မဲပေးကြတယ်။

လူထုဆန္ဒခံယူပွဲပြီး နောက်တရက်မှာပဲ ဆွေးနွေးပွဲမှာ သဘောထားတင်းမာတဲ့ ဘဏ္ဏာရေးဝန်ကြီး Yanus_Varofakis နှုတ်ထွက်လိုက်ပါတယ်။ Tsipras က ယူရိုငွေကြေးအဖွဲ့ကြီး မကြိုက်တဲ့ သူ့ဝန်ကြီးကို နှုတ်ထွက်ခိုင်းလိုက်လို့ပါ။ ယူရိုအဖွဲ့ကြီး ကျေနပ်အောင်လုပ်ပေးချင်လို့ပါ။

Tsiprasနဲ့ ယူရိုငွေကြေးအဖွဲ့ကြီး နောက်ထပ် ထပ်မံဆွေးနွေကြပါအုံးမယ်။ ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်ရမှာပါ။

ဒါပေမဲ့ လောလောဆယ်ဂရိနိုင်ငံရဲ့ စီးပွားရေးအခြေအနေကတော့ အတော်ကြီးကို ဆိုးရွားနေပါပြီ။ ယူရိုငွေကြေးအဖွဲ့ကြီးက ငွေထပ်ချေးမရလို့ သူနိုင်ငံထဲမှာ ယူရိုပိုက်ဆံပြတ်သလောက်ဖြစ်နေပြီ။ ဂရိဘဏ်တွေ အတော်များများပိတ်ထားလိုက်ရပြီ။ လူတွေကို ပိုက်ဆံထုတ်စက်ATM ကနေ တနေ့ ယူရို၆၀ပဲ ထုတ်ခွင့်ပြုပါတော့တယ်။ ရက်အနည်းငယ်အတွင်း ယူရိုပိုက်ဆံ လုံးဝပြတ်သွားတော့မှာမို့ ဂရိအစိုးရဟာ သူ့ကိုယ်ပိုင်ပိုက်ဆံဖြစ်တဲ့ drachma တွေရိုက်ထုတ်ရတော့မယ်။ အချိန်မှီရိုက်ထုတ်နိုင်ပါ့မလား။

ကဲ ဒီဂရိအကြွေးပြဿနာကနေ ကျနော်တို့တတွေ ဘာသင်္ခန်းစာယူနိုင်ကြမလဲ။ အစိုးရတရပ်ဟာ နိုင်ငံတခုရဲ့ စီးပွားရေးကို စီမံခန့်ခွဲမှုမလုပ်တတ်ပဲ နိုင်ငံတကာက အကြွေးတွေလှည့်ပတ်ချေးယူနေရုံနဲ့ တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်လာမှာမဟုတ်ဖူး။ လူနေမှုအဆင့်အတန်း မြင့်လာမှာမဟုတ်ဖူး။ တိုင်းပြည်သာ ဆင်းရဲစုတ်ပြတ်သတ်လာလိမ့်မယ်ဆိုတာပါ။

နောက်ပြီး တချို့လူတွေက ပြောကြသေးတယ်။ ဘယ်အစိုးရတက်တက် တို့နဲ့မဆိုင်ပါဘူးကွာ။ ကိုယ်လုပ်မှ ကိုယ်စားရတာပါတဲ့။ ဒါပေမဲ့ စီးပွားရေးမလုပ်တတ်တဲ့အစိုးရကို ရွေးချယ်တင်မြှောက်မိရင် ဂရိနိုင်ငံလိုပဲ လောလောဆယ် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရုံမက မိမိတို့ရဲ့ နောင်လာနောက်သား၊ သားသမီး မြေးမြစ်တွေဟာ တိုင်းပြည်ကချေးထားတဲ့ အကြွေးတွေ နှစ်ရာချီကုန်းရုန်းဆပ်ကြရတော့မယ်ဆိုတာလဲ သတိပြုကြပါ။

ဒါကြောင့် လာမဲ့ရွေးကောက်ပွဲမှာ အစိုးရကောင်းတရပ်ရွေးချယ်မိဖို့ အရေးကြီးပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More