ကျနော်လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက စင်္ကာပူကနေအလုပ်ထွက်ပြီး ရန်ကုန်မှာ လုပ်ငန်းတခုလုပ်ဖို့ စီစဉ်ဖူးတယ်။
ဘာလုပ်ငန်းလုပ်မယ်။ လုပ်ငန်းအတွက် ဖေါက်သယ်ဈေးကွက်ရှိ၊ မရှိ လေ့လာပြီးပြီ။ ဈေးကွက်နဲ့ နီးတဲ့နေရာမှာ လုပ်ငန်းရုံးခန်းဖွင့်မယ်။ ရောင်းချမဲ့ ကုန်ပစ္စည်းဝယ်ရမှာတွေ ရုံးခန်း၊ မော်တော်ကား၊ ငှားခတွေ ဝန်ထမ်းတွေပေးရမဲ့ လခ၊ ရေဖိုး၊ မီးဖိုးကအစ အကုန်တွက်ချက်တယ်။
အဲဒီကုန်ကျစရိတ်တွေကို အသေးစိပ် တွက်ချက်ကြည့်ပြီးတော့ လက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင် လုံလောက်တယ်။ လုပ်ငန်းစဖို့ ဆုံးဖြတ်ရတော့မယ်။ ဆုံးဖြတ်ချက်ချဖို့ အချက်တခုဟာ စိတ်ထဲမှာလာခုနေတယ်။
အဲဒါက စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးခဲ့တဲ့ အချက်လေးတခုပါ။ စာအုပ်ထဲမှာ ဘာရေးထားသလဲဆိုတော့ "သင်လုပ်ငန်းတခု ထူထောင်မယ်ဆိုရင် လုပ်ငန်းအတွက် ရင်းနှီးရမဲ့ကုန်ကျစရိတ်တွေကို အသေးစိပ်တွက်ကြည့်ပါ။ အဲဒီကုန်ကျစရိတ်တွေရဲ့ အနည်းဆုံးငွေနှစ်ဆ သင့်လက်ထဲမှာမရှိရင် လုပ်ငန်းမထူထောင်ပါနဲ့"တဲ့။
ဒါပေမဲ့ အဲဒီစာအုပ်ထဲမှာ ဘာကြောင့် ရင်းနှီးမြုပ်နှံမဲ့ငွေနှစ်ဆရှိဖို့ လိုလဲဆိုတာကို ရှင်းပြမထားပါဘူး။ ကျနော် လုပ်ငန်းမလုပ်ဖြစ်ပါဘူး။ အရင်လုပ်ပြီး ထွက်ခဲ့တဲ့ကုမ္ပဏီက ပြန်ခေါ်လို့ စင်္ကာပူမှာ ပြန်လာလုပ်ဖြစ်ပါတယ်။
ဒါပေမဲ့ စောစောကပြောတဲ့ လုပ်ငန်းတခုထောင်ရင် ရင်းနှီးကုန်ကျငွေရဲ့ နှစ်ဆလက်ထဲရှိထားရမယ်ဆိုတဲ့ ကိစ္စဟာ နှစ်အတော်ကြာခေါင်းထဲက ဖျောက်လို့မရဘူး။
နောက်ဆုံးတော့ ကုမ္ပဏီကဌာနကြီးတခုရဲ့ ငွေရေးကြေးရေးတွေကို ကိုယ်တိုင်ကိုင်တွယ် စီမံရတော့မှပဲ အဲဒါရဲ့ အဖြေကို သွားတွေ့မိတော့တယ်။
အဖြေက Cash_Flow ပါ။ မြန်မာလိုပြောရင်တော့ ငွေအဝင်အထွက် လည်ပတ်မှုလို့ ပြောရမယ်ထင်ပါတယ်။ အဓိပ္ပါယ်ကတော့ လစဉ်ကုန်ကျတဲ့ငွေတွေထက် ပြန်ဝင်လာတဲ့ငွေဟာ ပိုရင်ပို၊ မပိုရင် အနည်းဆုံး ညီနေဖို့ လိုလိမ့်မယ်။ ရေတိုင်ကီထဲမှာ အချိန်ပြည့်ရေရှိနေဖို့ သုံးလိုက်တဲ့ ရေတွေအတွက် အမြဲရေဖြည့်ပေးနေရသလိုပေါ့။ လုပ်ငန်းတခုဟာ ငွေပြတ်သွားလို့ မရပါဘူး။ ငွေပြတ်သွားရင် ဝန်ထမ်းလစာတွေ မပေးနိုင်တော့ဘူး။ ရေဖိုး၊ မီးဖိုးစတဲ့ စရိတ်တွေ မပေးနိုင်တော့ဘူး။ ပစ္စည်းထပ်ဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူး။ ငွေအပြတ်မခံနိုင်တော့ ဘဏ်တို့ တခြားသူတွေဆီက အတိုးကြီးကြီးနဲ့ ငွေချေးရတော့မယ်။
ဒါက လုပ်ငန်းစတင်ထူထောင်သူတိုင်း ကြုံရတတ်တယ်။ လုပ်ငန်းနည်းနည်းကြာသွားရင် ထွက်ငွေနဲ့ဝင်ငွေ ဟန်ချက်ညီသွားမှာပါ။ Cash_Flow မှန်သွားပြီလို့ ဆိုရမှာပါ။
ဘာကြောင့် လုပ်ငန်းစတင်ထူထောင်ချိန်မှာ ဒီ Cash_Flow ပြဿနာရှိရတာလဲ။ လုပ်ငန်းစထူထောင်စဉ်မှာ မိမိပစ္စည်းကို ဘယ်လောက်နဲ့ဝယ်ပြီး ဘယ်လောက်နဲ့ ရောင်းလိုက်မယ်ဆိုရင် အမြတ်ဘယ်လောက်ကျန်မယ်လို့ တွက်ကြတယ်။ အစပိုင်းမှာ မှန်ပါလိမ့်မယ်။ ပစ္စည်းကို လက်ငင်းငွေချေစံနစ်နဲ့ ရောင်းပေးတာကိုး။ နဲနဲကြာလာတာနဲ့ ဝယ်နေကြဖေါက်သယ်တွေကို အကြွေးပေးရတော့မယ်။ ဝယ်သူဖက်ကလဲ ပစ္စည်းတဆင့်ပြန်ရောင်းပြီးမှ ငွေပေါ်မှာမို့ ပစ္စည်းများများဝယ်ရင် အကြွေးက ပေးကိုပေးရမယ်။ အကြွေးနဲ့ မရောင်းပေးဘူးဆိုရင် ဖေါက်သယ်ဟာ တခြားအကြွေးနဲ့ ရောင်းပေးမဲ့ဆိုင်တွေဆီက သွားဝယ်ကြမှာပါ။
အကြွေးဆိုတာကလဲ ရင်းနီးတဲ့ဖေါက်သယ်ရယ်၊ ပစ္စည်းအများကြီးဝယ်တဲ့အပေါ် မူတည်ပြီး အနည်းဆုံး တလကနေ သုံးလထိပေးကြရတော့ အဲဒီကာလအတွင်းမှာ လုပ်ငန်းထဲကို ငွေမဝင်လာနိုင်လို့ အဲဒီကာလကို တောင့်ခံနိုင်ဖို့ ငွေပိုငွေလျှံရှိထားဖို့လိုမယ်။ လိုအပ်ရင် ချေးဖို့ဘဏ်တွေ ငွေချေးပေးမဲ့သူတွေ ရှာထားရမယ်။
တကယ်တော့ Cash_Flow ဆိုတာ လုပ်ငန်စတင်ထူထောင်တဲ့ အချိန်မှာပဲ လိုအပ်တာမဟုတ်ပါဘူး။ လုပ်ငန်းလည်ပတ်နေတုန်းကာလမှာလဲ ကုမ္ပဏီမှာ ငွေကြေးပြတ်မသွားအောင် ကြွေးရှင်တွေကို ဆပ်ရမဲ့ကာလရောက်တာနဲ့ အကြွေးပြန်ဆပ်ဖို့ ဖုံးနဲ့တမျိုး၊ emailနဲ့၊ စာနဲ့တမျိုး တချို့မပေးချင်ဘူးဆိုတဲ့ လူတွေကိုတော့ ရှေ့နေဆင့်ခေါ်စာတွေပို့ပြီး အကြွေးတောင်းရတယ်။
လုပ်ငန်းအတွက်အတွက် အမြတ်ရအောင် ကြိုးစားနေရတာထက် အဲဒီအကြွေးတောင်းရတဲ့ ဒုက္ခကလဲ ခေါင်းစားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ Cash_Flow အပြတ်မခံနိုင်လို့ပါပဲ။
အင်မတန်ရောင်းကောင်းနေတဲ့ ဈေးဆိုင်ကြီးတခုဟာ စဖွင့်ပြီးလအနည်းငယ်အကြာမှာ ပိတ်သွားတာ တွေ့ဖူးပါလိမ့်မယ်။ ဘာကြောင့်လဲ။ Cash_Flow ပြဿနာပါ။ လည်ပတ်စရာငွေမရှိတော့လို့ လုပ်ငန်းကို ပိတ်လိုက်ရတာပါ။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment