တလောက သူငယ်ချင်းတယောက်နဲ့ လဖက်ရည်ဆိုင်မှာဆုံပြီး လက်ဖက်ရည်သောက်ကြပါတယ်။ ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောကြရင်း သူက ရုတ်တရက် စကားတခွန်းစပြောပါတယ်။
သူအခု စင်္ကာပူမှာအိမ်ဌားနေရတာ စိတ်ပျက်လာလို့ သူအိမ်ခန်းတခန်းဝယ်ဖို့ စဉ်းစားနေတယ်တဲ့။ သူ့လက်ထဲစုထားငွေနဲ့ အစိုးရဆီအပ်ထားတဲ့ CPF နဲ့ပေါင်းလိုက်ရင် အိပ်ခန်းသုံးခန်းပါတဲ့ အိမ်ခန်းတခုလောက် ဝယ်နိုင်ပြီတဲ့။ ဒါပေမဲ့ အခုစင်္ကာပူမှာ အိမ်ဈေးတွေကျနေတယ် နောက်ထပ် ကျအုံးမလားလို့ ထပ်စောင့်ရင်ကောင်းမလားတဲ့။
တကယ်တော့ ကျနော့်ကို စီးပွားရေးပညာရှင်တယောက်လို ယူဆပြီး အကြံတောင်းတာမဟုတ်ပါ။ သူ့ရင်ထဲမှာ မွန်းကြပ်နေတဲ့ကိစ္စတခုကို ရင်ဖွင့်လိုက်တာပါ။
ကျနော်ဟာ စီးပွားရေးပညာရှင်လဲမဟုတ်သလို ကိုယ်ပိုင်စီးပွားရေးလဲ မလုပ်ခဲ့ဖူးပါဘူး။ ဘွဲ့ရပြီးကတည်းက လခစားပဲလုပ်လာတာ အခုထိပါဘဲ။ ဒါပေမဲ့ စပ်စပ်စုစုနဲ့ စိတ်ဝင်စားတာမှန်သမျှ စာဖတ်ပြီး လေ့လာတတ်ပါတယ်။ တခါတလေ လူငယ်တွေကို စီးပွားရေး၊ နိင်ငံရေးတွေအကြောင်းကို ဆရာကြီးပုံစံနဲ့ အာလူးပေးတတ်ပါတယ်။ လဖက်ရည်တော့ အလကားသောက်ရတာပေါ့၊ အဆုံးကျတော့ ဘယ်သူမှလဲ ကျနော်စကားကို အတည်မယူကြပါဘူး။
ထားပါတော့။ သူကစကားစလာတော့လဲ စကားဆက်မပြတ်အောင် ပြန်ပြောရတော့တာပေါ့။
ကျနော်က မေးပါတယ်။ Warren_Buffett ဆိုတဲ့ လူနာမည် ကြားဖူးသလားလို့။ ဝါရင်ဘူဖေးလို့ အသံထွက်ပါတယ်။ သူကမကြားဖူးဘူးလို့ ရိုးသားစွာဝန်ခံပါတယ်။
ကျနော်က ဆက်ပြောပါတယ်။ ဝါရင်ဘူဖေးဆိုတာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ Microsoft သူဋ္ဌေးကြီး ဘီလ်ဂိတ်ပြီးရင် ဒုတိယလိုက်တဲ့ အမေရိကန်သူဋ္ဌေးကြီးပါလို့။
ဒီမှာတင် ကျနော့်သူငယ်ချင်းက စိတ်မရှည်တော့ပဲ ကျနော့်ကို ဘုတောပါလေတော့တယ်။ ကျုပ်အိမ်ဝယ်ဖို့ကိစ္စဟာ အဲဒီဘူဖေးဆိုတဲ့ဘဲကြီးနဲ့ ဘာဆိုင်လို့လဲဗျတဲ့။
ကျနော်က သူ့ကိုချော့ရပါတယ်။ သူငယ်ချင်းရာ ငါအခုပြောမဲ့ကိစ္စက မင်းအိမ်ဝယ်မဲ့ကိစ္စနဲ့ အများကြီးဆိုင်ပါတယ်။ ငါပြောတာဆုံးအောင် နားထောင်ပြီးလို့မှ မင်းကိစ္စနဲ့မဆိုင်ဖူးဆိုရင် ညနေကျရင် ငါဘီယာဝယ်တိုက်ပါမယ်ကွာလို့။
ဒီတော့မှ သူငယ်ချင်းလဲ စိတ်ပြေသွားပြီး၊ "အေး၊ ကောင်းပြီလေ။ ဆက်ပြော"တဲ့။
ကျနော်ဆက်ပြောပါတယ်။ "ဝါရင်ဘူဖေးဟာ စတော့ရှယ်ယာတွေဝယ်ရောင်းလုပ်ရင်း ချမ်းသာလာတာပါ။ စတော့ရှယ်ယာ ဝယ်ရောင်းလုပ်တယ်ဆိုတာလဲ ကားဝယ်ရောင်းလုပ်တာနဲ့ အတူတူပါပဲ။ ဝယ်ရောင်းသမားဆိုတာ ပွဲစားနဲ့မတူပါဘူး။ ပွဲစား ရောင်းသူနဲ့ဝယ်သူ တေ့ဆိုင်ပေးပြီး အရောင်းအဝယ်ဖြစ်သွားရင် ပွဲခရတဲ့သူပါ။ ဝယ်ရောင်းသမားကျတော့ အရင်းစိုက်ပြီး ပစ္စည်းဈေးကျရင်ဝယ်ထား၊ ဈေးတက်တော့ပြန်ရောင်းတဲ့သူပါ။"
"ဆက်ပြောရရင်ကွာ ဝါရင်ဘူဖေးဟာ စတော့ရှယ်ယာတွေဝယ်ရောင်းရင်း ချမ်းသာလာလိုက်တာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်းချီရုံမကပဲ ဒေါ်လာဘီလီယံပေါင်း ၆၀လောက်ဖြစ်လာတယ်။"
"တနေ့မှာ သတင်းစာသမားတယောက်က ဝါရင်ဘူဖေးကို အင်တာဗျူးလုပ်တယ်။ အင်တာဗျူးမှာ သတင်းစာသမားက မေးခွန်းတခုမေးပါတယ်။ သူဋ္ဌေးကြီးခင်ဗျာ အခုလိုချမ်းသာလာရတဲ့ လျို့ဝှက်ချက်လေးကို ပြောပေးနိုင်ရင် ပြောပြပေးပါလားလို့။ အဲဒီတော့ သူဋ္ဌေးကြီးဝါရင်က ဘာပြောသလဲဆိုတော့ 'ငါ့ရဲ့ ချမ်းသာနည်းလျို့ဝှက်ချက်က လူတွေလုပ်တာနဲ့ ငါအမြဲပြောင်းပြန်လုပ်တာပဲ" တဲ့။
"သတင်းစာသမားက ဘာဆိုလိုတာလဲဆိုတာ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးပါလို့ ပြောတယ်။ သူဋ္ဌေးကြီးကလဲ ရှင်းပြပါတယ်။"
"ပစ္စည်းတခုဈေးတက်ပြီကြားတာနဲ့ အဲဒီပစ္စည်းကို လူတွေအလုအယက် လိုက်ဝယ်ကြတယ်၊ နောက်ထပ် ဈေးထပ်တက်မှာ စိုးရိမ်ပြီး ဝယ်ကြတာပေါ့။ အဲဒီမှာ ပစ္စည်းကအဝယ်လိုက်တော့ ဈေးထပ်တက်တာ သဘာဝပဲလေ။ Supply နဲ့ demand သဘောတရားပေါ့။"
"အဲဒီလိုပဲ ပစ္စည်းတခုဈေးကျပြီဆိုရင် လူတွေမဝယ်ကြသေးဘူး၊ နောက်ထပ် ဈေးများထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်နေကြတယ်။ အဲဒီပစ္စည်းဟာ အဝယ်မရှိတော့ ဈေးထပ်ကျတာပေါ့။ လူတွေက ဈေးထပ်ကျအုံးမလားစောင့်ပြီ မဝယ်ကြဘူးလေ။ အဝယ်မရှိလေ ဈေးကထပ်ကျလေပေါ့။"
"လူတွေရဲ့ စိတ်သဘာဝကိုက သူများလုပ်ရင် လိုက်လုပ်ချင်တယ်။ ဒီပစ္စည်းဈေးတက်နေပြီ၊ လူတွေလိုက်ဝယ်နေကြပြီကြားရင် ကိုယ်လဲလိုက်ဝယ်လိုက်ရမှ နေသာထိုင်သာရှိသွားတတ်ကြတယ်။ အများမိုးခါးရေသောက်ရင် ကိုယ်လဲလိုက်သောက်ကြသလိုပေါ့။"
"သူဋ္ဌေးကြီးက ဆက်ပြောတယ်၊ သူကတော့ သူများလုပ်သလို လိုက်မလုပ်ဖူးတဲ့။ စတော့ရှယ်ယာ ဈေးတက်လို့ လူတွေအတင်းလိုက်ဝယ်ကြပြီဆိုရင် သူလိုက်မဝယ်ဖူး။ ဘာလို့လဲဆိုတော့ လူတွေအဝယ်များပြီဆိုရင် အဲဒီပစ္စည်းဈေးထပ်တက်တော့မယ်ဆိုတာ သိနေလို့ပဲတဲ့။ အဲဒီလို ဈေးတွေအရမ်းတက်လာပြီဆိုရင် သူ့မှာအရင်ဈေးနည်းနည်းနဲ့ ဝယ်ထားတဲ့ စတော့ရှယ်ယာတွေကို အမြတ်ကောင်းကောင်းနဲ့ ရောင်းထုတ်လိုက်တယ်။"
"ထိုနည်းတူပဲ ရှယ်ယာဈေးကျပြီကြားရင် လူတွေမဝယ်ကြတော့ဘူး။ နောက်ထပ်များကျအုံးမလားလို့ စောင့်ကြည့်နေကြတယ်။ ဝယ်သူမရှိတော့ အဲဒီရှယ်ယာဈေးဟာ ကျပြီးရင်း ထပ်ကျတာပေါ့။ သူ့အနေနဲ့ ဒီရှယ်ယာဟာ ဒီထက်ထပ်မကျနိင်တော့ဘူးလို့ ယူဆတဲ့အချိန်မှာ၊ ဈေးအနိမ့်ဆုံးနဲ့ ဝယ်ထားလိုက်တယ်လေ။ နောက်ဈေးတက်တော့ အမြတ်ကြီးကြီးနဲ့ ထုတ်ရောင်းပြန်တာပေါ့"
အဲဒီစကားလဲဆုံးရော ကျနော့်သူငယ်ချင်းဟာ ချက်ခြင်းမတ်တပ်ရပ်ထလိုက်ပြီး ကျနော့်ကို အခုလိုပြောလိုက်ပါတယ်။ "သူငယ်ချင်း အိမ်ဝယ်ဖို့ကိစ္စမှာ ငါဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်သွားပြီကွာ။ သူငယ်ချင်းကို ကျေးဇူးတင်လို့ ညနေကျရင်ဘီယာဖိုး ငါပဲဒကာခံမယ်ကွာ"လို့ပြောပြီး လဖက်ရည်ဆိုင်ထဲက ထွက်သွားပါတော့တယ်။
ကျနော်လဲ လဖက်ရည်ဆိုင်ထဲမှာ ဆက်ထိုင်နေရင်း အတွေးတခုပေါ်လာတယ်။
မြန်မာပြည်မှာလဲ အခုအိမ်ခြံမြေဈေးတွေ ကျနေတယ်။ ကားဈေးတွေ ကျနေတယ်။ ဒါပေမဲ့ အဲဒီလိုဈေးကျတယ်ဆိုတာ အမြဲတမ်းကျနေတတ်တာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ ပြန်တက်တတ်တာ စီးပွားရေးသဘောလေးတခုပါ။
အဲဒီတချိန်ချိန်ဆိုတဲ့ အခွင့်အလမ်းကို အမိအရဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒီလူ ချမ်းသာဖို့ ပြေးမလွှတ်တော့ဘူးလို့ ထင်ပါတယ်။
မှတ်ချက်။ ဝါရင်ဘူဖေးအကြောင်းရေးထားတဲ့ ဆောင်းပါးတပုဒ်ထဲက အချက်လေးတခုကို မှီးထားတာပါ။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment