အလီဘာဘာနဲ့ ဂျက်မား

10:30 PM |


အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ စင်္ကာပူက လူငယ်တွေပြောနေကြတာ မကြာခဏ ကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲက နာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီး အလီဘာဘာဟာ တရုပ်ပြည်က ကုမ္ပဏီတခုမို့ ပိုလို့ စိတ်မဝင်စားသေးတယ်။

မနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုး အစုရှယ်ယာတွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့ စံချိန်တင်သွားတယ်ဆိုတဲ့ သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား (Jack_Ma) ရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့် တရုပ်ပြည်ရဲ့ အချမ်းသာဆုံးလူတယောက် ဖြစ်လာတယ် စတဲ့ သတင်းတွေကို အင်တာနက်နဲ့ သတင်းစာတွေမှာ တွေ့လာမိတော့ စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက်၊ မဂ္ဂဇင်းတွေ၊ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ တွေ့ရတယ်။ မြန်မာလူငယ်တွေ အားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

အလီဘာဘာကုမ္ပဏီဆိုတာ ရိုးရိုးလေးပြောရရင် အင်တာနက်က ပစ္စည်းကြော်ငြာပြီး ပစ္စည်းရောင်းတဲ့ ကုမ္ပဏီပါ။ အလီဘာဘာအကြောင်းပြောရင် ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ တက္ကသိုလ်ဆရာ ဂျက်မားအကြောင်း ပြောမှပြည့်စုံမှာပါ။

ဂျက်မားကို (၁၉၆၄)ခုနစ်မှာ တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သား လင်မယားနှစ်ယောက်က ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းနေတော့ လူကောင်သေးလေးမို့ အတန်းသားတွေရဲ့ စနောက်တာတွေ အမြဲခံရတယ်။ လူကောင်သာသေးပေမဲ့ ဂျက်မားဟာ ရန်ဖြစ်ရင် သူ့ထက်လူကောင်ကြီးတဲ့ လူငယ်တွေကို မကြောက်မရွှံ့ တုံ့ပြန်တိုက်ခိုက်ရဲတယ်။

ဂျက်မားဟာ အင်္ဂလိပ်စာ အရမ်းတတ်ချင်တယ်။ သူ့မြို့မှာ အင်္ဂလိပ်စာတတ်သူ တယောက်မှမရှိဘူး။ အင်္ဂလိပ်စာအုပ်တအုပ်တောင် မရှိဘူး။ ကျောင်းမှာလဲ အင်္ဂလိပ်စာမသင်ဘူး။ ဒီတော့ သူဘာလုပ်သလဲ။ မနက်အစောကြီး ထတယ်။ ကျောင်းမသွားခင်မှာ စက်ဘီးလေးစီးပြီး ဟန်ဇိုးမြို့လည်က နိုင်ငံခြားသားတိုးရစ်တွေ တည်းခိုနေတဲ့ ဟိုတယ်တခုကို နေ့တိုင်းသွားတယ်။ တိုးရစ်တွေကို မြို့အနှံ့ လိုက်ပြပေးတယ်။ ပိုက်ဆံမယူဘူး။ သူကို အင်္ဂလိပ်စကားပြောသင်ပေးဖို့ အပေးအယူလုပ်တယ်။ လူကောင်သေးသေးနဲ့ အရမ်းသွက်လက်တဲ့ ဂျက်မားကို တိုးရစ်တွေကလဲ အရမ်းခင်ကြတယ်။ မကြာခင်ဂျက်ဟာ ပိုက်ဆံစုပြီး ရေဒီယိုတလုံးဝယ်လိုက်တယ်။ ရေဒီယိုကလာတဲ့ အင်္ဂလိပ်စကားပြောတွေကို နေ့တိုင်းနားထောင်တယ်။ လိုက်ဆိုကျင့်တယ်။ တိုးရစ်တွေဆီက နေ့တိုင်း အင်္ဂလိပ်စာသင်ခဲ့တာ ကိုးနှစ်ကြာခဲ့တယ်။

အဲဒီအချိန်တုံးက တရုပ်ပြည်မှာ အင်္ဂလိပ်စာတတ်သူ၊ အင်္ဂလိပ်စကားပြောတတ်သူဆိုတာ အလွန်ကိုနည်းပါးတယ်။ ဂျက်မားတယောက် ဘာကြောင့်အင်္ဂလိပ်စာကို တတ်ချင်ရတာလဲ။ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားတဲ့တရုပ်ပြည်ဟာ တချိန်တံခါးဖွင့်လိုက်ရင် သူလေ့လာထားတဲ့ အင်္ဂလိပ်စာဟာ သူ့အတွက် အကျိုးပြုလိမ့်မယ်ဆိုတာ သူသိနေလို့ပါ။ ငွေကြေးမပြည့်စုံတဲ့ ဂျက်မားဟာ ပညာရေးကသာ သူ့ကိုဆင်းရဲတွင်းက လွတ်မြောက်နိုင်စေမယ်ဆိုတာ ယုံကြည်တယ်။

ဂျက်မားဟာ အင်္ဂလိပ်စာတော်ပေမဲ့ သင်္ချာဘာသာမှာ ညံ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့ သင်္ချာဘာသာမှာ ကျလို့ဝင်ခွင့်မရဘူး။ နောက်တကြိမ် ထပ်ဖြေတယ်။ သင်္ချာကြောင့် ထပ်ကျတယ်။ သင်္ချာဘာသာကို အပြင်းအထန်ကြိုးစားပြီး တတိယအကြိမ်ထပ်ဖြေမှ ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။ ဆရာဖြစ်သင်တက္ကသိုလ် တက်တယ်။ ၁၉၈၈ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ကုမ္ပဏီ(၃၀)မှာ အလုပ်လျှောက်တယ်။ ကုမ္ပဏီတခုမှ သူ့ကိုမရွေးဘူး။ ကြက်သားကျော် ကုမ္ပဏီ KFC ဆိုင်တွေကို တရုပ်ပြည်လာပြီး စဖွင့်တော့ အင်တာဗျူးဖြေသူ (၂၄)ယောက်မှာ (၂၃)ယောက်၊ သူကလွဲပြီး အရွေးခံရတယ်။ နောက်ဆုံးမှ တက္ကသိုလ်တခုမှာ တလကို(၁၂)ဒေါ်လာ(မြန်မာကျပ် တစ်သောင်းနှစ်ထောင်)နဲ့ အင်္ဂလိပ်စာသင်တဲ့ ဆရာအဖြစ် အလုပ်ရတယ်။ အင်္ဂလိပ်စာ အသင်အပြကောင်းတဲ့သူ့ကို ကျောင်းသားကျောင်းသူတွေက အရမ်းချစ်ကြတယ်။

ဂျက်မားရဲ့ ငယ်ဘဝကို ရေးပြရတာက သူဟာ မိဘချမ်းသာလို့ အမွေရပြီး ချမ်းသာလာတာမဟုတ်ဖူးဆိုတာ သိစေချင်လို့ပါ။ ဂျက်ဟာ လူကောင်လေးသေးပေမဲ့ ရည်မှန်းချက်က တောင်ကြီးတခုလို ကြီးတယ်။ ခါကျဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ ကြံနေတယ်။ အခွင့်သာမဲ့ အချိန်အခါကို စောင့်နေတယ်။

၁၉၉၀ခုနစ်နောက်ပိုင်းမှာ တရုပ်ပြည်ကြီးဟာ ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံတကာကို ထုတ်ကုန်တွေတင်ပို့ရင်း တရုပ်ပြည်ဟာ စီးပွားရေး တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ဂျက်မားဟာ ကျောင်းဆရာအလုပ်က ထွက်လိုက်ပြီး တရုပ်စာကို အင်္ဂလိပ်ဘာသာပြန်ပေးတဲ့ ကုမ္ပဏီတခုကို ထောင်လိုက်တယ်။

၁၉၉၅ခုနှစ်မှာ ဂျက်မားဟာ အဝေးပြေးလမ်းမတခု ဆောက်မဲ့စီမံကိန်းတခုအတွက် သူ့မြို့က အစိုးရကို ကူညီဘာသာပြန်ပေးဖို့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်သွားတယ်။ သူ့သူငယ်ချင်းက ကွန်ပြူတာကနေ အင်တာနက်ဖွင့်ပြပြီး လိုချင်တဲ့ပစ္စည်းကို အင်တာနက်က ဝယ်လို့ရတယ်လို့ ပြောတယ်။ ဂျက်က Beer ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ နိုင်ငံတကာက ဘီယာမျိုးစုံပေါ်လာတယ်။ ဒါပေမဲ့ China_Beer ရှာမတွေ့ပါဘူး။ နောက်ပြီး သူအံ့သြသွားတာက China ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ ဘာမှပေါ်မလာဘူး။ China နဲ့ ပတ်သက်တာ အင်တာနက်မှာလုံးဝမရှိဘူး။

အမေရိကားက ပြန်လာတယ်။ သူ့အိမ်ကို ပြန်ရောက်တော့ တရုပ်ပြည်ရဲ့ တခုတည်းသော အင်တာနက်က ပစ္စည်းရောင်းတဲ့ China_Pages ဆိုတဲ့ website ကို ဝင်ကြည့်တယ်။ တင်ထားတဲ့ပစ္စည်းတွေက မစုံသလို အားလုံးက တရုပ်စာနဲ့ ရေးထားတယ်။ တရုပ်စာနဲ့ ရေးထားတဲ့ပစ္စည်းကို တရုပ်စာမဖတ်တတ်တဲ့ နိုင်ငံတွေက ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့ အတွေးတခု သူ့ခေါင်းထဲပေါ်လာတယ်။

အဲဒီမှာ ဂျက်မားတယောက် အခွင့်အလမ်းတခုကို စပြီး စဉ်းစားလိုက်မိပြီ။ အခွင့်အလမ်း(opportunity)ဆိုတာ အရံသင့် ရွှေလင်ပန်းနဲ့ ပေးလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ နှစ်ပေါင်းများစွာ စောင့်နေခဲ့တဲ့ ဂျက်အဖို့ကတော့ ဒါဟာကြီးပွားမဲ့လမ်းစတခုဆိုတာ သိနေတော့ ရတဲ့အခွင့်အလမ်းကို အမိအရ ဖမ်းဆုတ်ဖို့ ပြင်ဆင်တော့တယ်။

နောက်လေးနှစ်အကြာ(၁၉၉၉)ခုနှစ် အောက်တိုဘာလမှာ ဂျက်မားဟာ သူ့သူငယ်ချင်း၁၇ယောက်ကို သူ့အိမ်ကိုခေါ် ထမင်းစားဖိတ်ကျွေးပြီး သူတည်ထောင်မဲ့ အင်တာနက်ကုမ္ပဏီမှာ အစုငွေထည့်ဝင်ကြဖို့ ပြောတယ်။ ပထမတော့ အားလုံးဟာ အင်တာနက်အကြောင်းကို နည်းနည်းလေးပဲသိတဲ့ ဂျက်ရဲ့လုပ်ငန်းကို မယုံကြဘူး။ ဒါပေမဲ့ စိတ်အားထက်သန်ပြီး ရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ ဆွဲဆောင်မှုကြောင့် နောက်ဆုံး အစုငွေတွေ ထည့်ကြတယ်။ ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ၆သောင်း ရလိုက်တယ်။ Website တခု ထောင်လိုက်တယ်။ ဂျက်မားဟာ ကွန်ပြူတာပရိုဂရမ်အကြောင်း ဘာမှမသိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့အားသာချက်က တရုပ်စာကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ဘာသာပြန်တတ်တယ်။ သူလိုချင်တဲ့ website ပုံစံရအောင် သူ့သူငယ်ချင်း ကွန်ပြူတာကျွမ်းကျင်သူတွေကို လုပ်ခိုင်းတတ်တယ်။ အလီဘာဘာနာမည်နဲ့ ကုမ္ပဏီထောင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတချို့က သူတို့လိုချင်တဲ့ ပစ္စည်းတွေ လှမ်းမှာတယ်။ ဂျက်မားတို့က ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို အကြောင်းကြားပြီး မှာတဲ့နိုင်ငံကို ပို့ခိုင်းတယ်။ အလုပ်ဖြစ်ရင် ဝန်ဆောင်ခ Commission ယူတယ်။

လအတန်ကြာမှာ အမေရိကန်က ရင်းနီးမြုပ်နံမှုဘဏ်ကြီး Goldman_Sachs က ဒေါ်လာ(၅)သန်းနဲ့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး SoftBank ကဒေါ်လာသန်း(၂၀)ကို အလီဘာဘာမှာ ထည့်ဝင်ကြတယ်။ ၂၀၀၅ခုနှစ်မှာ Yahoo က ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြုပ်နှံလာပြန်လို့ အလီဘာဘာရဲ့ ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိ ရှိလာခဲ့တယ်။

အလီဘာဘာဟာ ပစ္စည်းဝယ်စုထားပြီး အင်တာနက်ကအမြတ်နဲ့ ပြန်ရောင်းနေတဲ့ Amazon တို့ eBay တို့နဲ့ မတူပါဘူး။ ပစ္စည်းဝယ်ချင်သူနဲ့ ပစ္စည်းရောင်းသူချင်း ဆက်သွယ်ပေးလိုက်ပြီး အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ ပွဲစားကုမ္ပဏီမျိုးပါ။ ပွဲစားကုမ္ပဏီက ဘာလို့များ အခုလို ကမ္ဘာသိအောင်မြင်ခဲ့တာလဲ။ တရုပ်ပြည်က ဈေးသက်သာတဲ့ ပစ္စည်းဝယ်ချင်တဲ့ အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။ သဘောက ဘီလီယံချီတဲ့ ဈေးကွက်ကြီးရှိနေတယ်။ ထိုနည်းတူ စီးပွားရေးကောင်းလာလို့ ချမ်းသာတဲ့ တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ အနောက်နိုင်ငံထုတ် Branded ပစ္စည်းအကောင်းစားတွေ ဝယ်ချင်တယ်။ စကားပြောမတူကြတဲ့ လူနှစ်မျိုးကို ကြားခံဆက်သွယ်ပေးနိုင်ပြီး ရောင်းသူရော၊ ဝယ်သူပါ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့လို့ပါ။ ဂျက်မားရဲ့ Business ကျွမ်းကျင်မှုနဲ့ Risk ယူရဲတတ်တာတွေကလဲ ကုမ္ပဏီရဲ့ အောင်မြင်မှုမှာ အဓိကကျခဲ့ပါတယ်။ ယနေ့ အလီဘာဘာကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ(၁၆၀)ဘီလီယံ ဖြစ်နေပါပြီ။

နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက် မှတ်သားစရာလေးတခု ပြောပြချင်ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတခုမှာ တက္ကသိုလ်တက်တုန်းက ဂျက်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့ သူ့မိန်းမချောချောလေး Zhang_Ying က အခုလိုပြောပြခဲ့ပါတယ်။ "မားဟာ ရုပ်မချောပါဘူး။ ဒါပေမဲ့ သူ့မှာ ရုပ်ချောသူတွေ မလုပ်နိုင်တာတွေကို လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ အဲဒီအရည်အချင်းကို သဘောကျလို့ သူ့ကိုကျမလက်ထပ်ခဲ့တာပါ"တဲ့။ ကြားကြရဲ့လား။ သူမလက်ထပ်တုံးက ဂျက်ဟာ တနေ့ ဒီလောက် ချမ်းသာလာမယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျက်ရဲ့ အရည်အချင်းကြောင့် အများကြီးတက်လမ်းရှိတယ်ဆိုတာ သူမ ကောင်းကောင်းသိနေခဲ့တယ်။

အလီဘာဘာနဲ့ ဂျက်မားတို့ရဲ့ စိတ်ဝင်စားဖွယ်အခြားအချက်များ
  1. ဂျက်မားရဲ့ အရပ်ဟာ ငါးပေပဲရှိတယ်။ လူရွှင်တော် ဗေလုဝနဲ့ ရုပ်တူသလို ဗေလုဝလိုပဲ လူကောင်သေးသေးလေးပါ။
  2. အလီဘာဘာဆိုတာ Alibaba_Group ကိုပြောတာဖြစ်ပြီး အဲဒီ Group အောက်မှာ Taobao ရယ်၊ Tmail ရယ်၊ Alibaba ဆိုပြီး ကုမ္ပဏီသုံးခုနဲ့ ဖွဲ့စည်းထားတာပါ။
  3. အလီဘာဘာဆိုတဲ့ နာမည်ကို ဂျက်မားက "အလီဘာဘာနဲ့ ခိုးသားလေးဆယ်" ကမ္ဘာကျော်အာရပ်ပုံပြင်ထဲက ယူလိုက်တာပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ ကမ္ဘာသိပုံပြင်ထဲက နာမည်ကို ယူသုံးလိုက်တာပါ။
  4. အလီဘာဘာရဲ့ကုမ္ပဏီ website တွေကို ဝင်ကြည့်သူတွေဟာ တနေ့ကို လူပေါင်းသန်း(၁၀၀) လောက် ရှိပါတယ်။
  5. ဂျက်မားဟာ ကမ္ဘာကျော် အမေရိကန်ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရဖို့ လျှောက်တာ (၁၀)ကြိမ် ရှိခဲ့ပြီး အကြိမ်တိုင်း အပယ်ခံခဲ့ရပါတယ်။ မကြာခင်ကပဲ ဟားဗတ်တက္ကသိုလ်က သူ့ကို လက်မခံလိုက်တာ မှားသွားတယ်လို့ ဝန်ခံခဲ့ပါတယ်။
  6. ဂျက်မားရဲ့ နာမည်ရင်းက Ma_Yun (မားယွန်း)ပါ။ ဂျက်ဆိုတဲ့ အင်္ဂလိပ်နာမည်ကို သူငယ်ငယ်က ဟန်ဇိုးမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ တိုးရစ်အမျိုးသမီးတယောက်က ပေးခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ ယောက်ျားနဲ့ အဖေနာမည်တွေမှာ Jack ပါနေတယ်။
  7. ဂျက်ဟာ တရုပ်တိုင်ချီသိုင်းကစားတာကို အလွန်ဝါသနာပါလို့ နေ့တိုင်းလေ့ကျင့်ပါတယ်။
  8. ဝန်ထမ်း(၁၅)ယောက်နဲ့ စခဲ့တဲ့ အလီဘာဘာဟာ အခုဝန်ထမ်းပေါင်းသုံးသောင်းကျော် ရှိနေပါပြီ။
  9. အလီဘာဘာဟာ ပစ္စည်းမှာတဲ့ဖေါက်သည်တွေရဲ့ ယြုံကည်မှုရစေဖို့ ပစ္စည်းအတုလုပ်တဲ့၊ လိမ်ညာတတ်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ပါဘူး။
  10. ဂျက်မားရဲ့ အင်္ဂလိပ်စကားပြော ဘယ်လောက်ကောင်းသလဲဆိုတာ သိချင်ရင် Jack_Ma_Davos_Interview ဆိုတဲ့ စကားလုံးကို Youtube မှာ ရိုက်ထည့်ပြီး ဖွင့်ကြည့်လိုက်ပါ။ အံသြသွားလိမ့်မယ်။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment