‪ငွေကြေးဖေါင်းပွမှု (Inflation) ဆိုတာဘာလဲ

9:30 PM |


နိုင်ငံတနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေဟာ အစွမ်းကုန်လည်ပတ်ပြီး ကုန်ထုတ်နေကြတယ်။ ကုမ္ပဏီတွေလဲ အရမ်းအလုပ်ကောင်းပြီး အမြတ်အစွန်းတွေရနေတယ်။ အလုပ်လက်မဲ့လဲ မရှိသလောက်ဖြစ်နေတယ်။ ဒါဆိုရင် အဲဒီနိုင်ငံရဲ့စီးပွားရေးအရမ်းတိုးတက်နေတယ်လို့ ပြောကြတယ်။ အဲဒီလိုဖြစ်လာရင် စီးပွားရေးနားလည်တဲ့ အစိုးရဟာစိုးရိမ်လာတယ်။ စီးပွားရေး အရမ်းတက်နေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဖူးဆိုတာ စီးပွားရေးပညာရှင်တိုင်းလဲ သိကြတယ်။ ဟင် အဲဒါ ဘာမကောင်းလို့လဲ။

စီးပွားရေးကောင်းလွန်းလာရင် နိုင်ငံမှာအလုပ်လက်မဲ့နည်းပါးလာတယ်။ ဒီတော့ လုပ်ငန်းတိုးချဲ့တဲ့စက်ရုံတွေ ကုမ္ပဏီတွေဟာ အလုပ်သမားသစ် စုဆောင်းဖို့ခက်လာတယ်။ ရှိပြီးသား အလုပ်သမားတွေကိုလဲ အလုပ်မထွက်ချင်အောင် လစာတွေ၊ ခံစားခွင့်တွေ တိုးပေးနေရတယ်။ သူတို့ကို တိုးပေးရတဲ့လစာတွေ ခံစားခွင့်တွေကိုကာမိအောင် ထုတ်လုပ်တဲ့ပစ္စည်းတွေကို ဈေးပိုတင်ရောင်းရတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်လာတယ်။ ကုန်ဈေးနူန်းတွေ တက်လာတယ်။ တက်လာတဲ့ ကုန်ဈေးနူန်းတွေနဲ့ကာမိအောင် စက်ရုံတွေ ကုမ္ပဏီတွေကအလုပ်သမားတွေ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးရပြန်တယ်။ လစာတွေတိုးလို့ လူတွေလက်ထဲပိုက်ဆံတွေသာ အများကြီးရောက်လာတယ်။ ဈေးနူန်းမြင့်လာတဲ့ကုန်ပစ္စည်းတွေကို မဝယ်နိုင်ဘူးဖြစ်နေတယ်။ ဒါကို ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်တယ်လို့ခေါ်ပါတယ်။

အဲဒီလို ကုန်ဈေးနှုန်းတက်လိုက် လစာတိုးပေးလိုက် တခါကုန်ဈေးနှုန်းပြန်တက်လိုက်နဲ့ဖြစ်နေရင် သံသရာဆုံးမှာ မဟုတ်တော့ဘူး။ ဒီလိုမျိုးဖြစ်လာရင် အစိုးရရဲ့ဗဟိုဘဏ်အခန်းကဏ္ဍ ရောက်လာပါပြီ။ ဗဟိုဘဏ်အနေနဲ့ ဘာလုပ်မလဲ။ စီးပွားရေးတိုးတက်နှုန်း နှေးကွေးသွားအောင်လုပ်ရပါတယ်။ ဘယ်လိုလုပ်မလဲ။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးရာမှာ ယူတဲ့အတိုးနှုန်းကို မြှင့်တင်လိုက်ပါတယ်။ ဒီတော့ ပုဂ္ဂလိကဘဏ်တွေကလဲ စီးပွားရေးလုပ်ငန်းရှင်တွေ လူတွေကိုအတိုးနှုန်း မြှင့်တင်ငွေချေးပေးရပါတော့တယ်။ အတိုးနှုန်းတက်လာလို့ လုပ်ငန်းရှင်တွေငွေချေးတာနဲသွားပြီး လုပ်ငန်းတိုးချဲ့တာတွေ နည်းသွားမယ် ရပ်သွားမယ်။ စီးပွားရေးကျသွားမယ်။ တခါ လူတွေလဲ အတိုးနှုန်းကြောင့် ဘဏ်ကပိုက်ဆံချေးသူ နည်းပါးသွားမယ်။ လူတွေလက်ထဲပိုက်ဆံနည်းသွားလို့ ကုန်ပစ္စည်းတွေဝယ်သူ လျော့နည်းသွားမယ်။ ဝယ်သူနည်းသွားလို့ စက်ရုံ အလုပ်ရုံတွေလဲ ကုန်ပစ္စည်းတွေလျှော့ထုတ်ကြမယ်။ စီးပွားရေးကျဆင်းသွားမယ်။

ဘာလို့ဗဟိုဘဏ်က နိုင်ငံရဲ့ စီးပွားရေးအရမ်းတိုးတက်နေတာနဲ့ ငွေကြေးဖေါင်းပွနေမှုနှုန်းကို ဝင်ထိန်းရတာလဲ။ ပြည်သူတွေ ကုန်ဈေးနူန်းကြီးမြင့်တဲ့ ဒုက္ခလျော့ပါးစေဖို့ပါ။ ဒါ့အပြင်အရေးကြီးတာ ရှိသေးတယ်။ နိုင်ငံခြားက ငွေကြေးသန်းချီ ဘီလီယံချီပြီး ရင်းနှီးမြုပ်နှံထားသူတွေဟာ သူတို့ ရင်းနှီးမြုပ်နှံထားတဲ့နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှု (စီးပွားရေးအတက် အကျမြန်တာ ကောင်းတဲ့လက္ခဏာမဟုတ်ပါ)နဲ့ ငွေကြေးဖေါင်းပွမှုနှုန်းတွေကို အမြဲစောင့်ကြည့်နေကြတယ်။ နိုင်ငံတခုရဲ့စီးပွားရေးဟာ အရမ်းတက်နေရင် (အရမ်းကျနေရင်)ရယ် ငွေကြေးဖေါင်းပွမှုနူန်း အရမ်းမြင့်တက်လာပြီဆိုရင် သူတို့ဟာ အဲဒီနိုင်ငံမှာ ရင်းနှီးထားတဲ့ငွေကြေးတွေ ချက်ခြင်းထုတ်ယူပြီး အခြားနိုင်ငံမှာ သွားရင်းနှီးမြုပ်နှံပါလိမ့်မယ်။ ဒီလိုဖြစ်မှာကို အစိုးရတိုင်းက အရမ်းကြောက်ကြတယ်။ ဒါကြောင် အစိုးရရဲ့ဗဟိုဘဏ်က လိုအပ်ရင် ဝင်ထိန်းပေးလေ့ရှိပါတယ်။

နိုင်ငံတခုဟာ စီးပွားရေးအရမ်းတက်လာရင် ငွေကြေးဖေါင်းပွမှုနူန်းလဲလိုက်ပြီး မြင့်တက်လာတတ်တာ စီးပွားရေးနိယာမတခုပါ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ စီးပွားရေးလဲမတိုးတက်ပဲ ငွေကြေးဖေါင်းပွမှုနူန်းမြင့်နေတာတော့ ဘယ်လိုပြောရမှန်းမသိပါ။ တခုခုတော့ မှားနေပြီလို့ထင်တာပဲ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment