ဘာတွေက ရှယ်ယာဈေးကိုအတက်အကျ ဖြစ်စေတာလဲ‬

4:30 AM | ,


ရှယ်ယာဈေး တက်တာကျတာရဲ့ အဓိကအကြောင်းက ရောင်းလိုအားနဲ့ ဝယ်လိုအား (‪‎Supply_and_Demand) ကြောင့်ပါ။ ရှယ်ယာတခုကို ရောင်းချင်သူက ဝယ်ချင်သူတွေထက် များလာရင်ဈေးကျမယ် (Supply)။ ဝယ်ချင်သူတွေက ရောင်းချင်သူတွေထက် များလာရင်ဈေးတက်မယ် (Demand)။ အဖြေက ရိုးရိုးလေးပေမဲ့ နောက်ဆက်တွဲမေးခွန်းရဲ့ အဖြေကတော့ ခက်ပါတယ်။ အဲဒီမေးခွန်းက "ဒါဆိုရင် ဘာလို့ ဝယ်ချင်သူ ပိုများရတာလဲ (သို့မဟုတ်) ဘာလို့ ရောင်းချင်သူ ပိုများနေရတာလဲ"။

ဒီမေးခွန်းရဲ့ အဖြေမှန်ဟာ ဒေါ်လာသန်းချီတန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအဖြေကို တိတိကျကျသိသူဟာ ဘယ်အချိန်ရှယ်ယာဈေးတက်မယ်၊ ကျမယ်သိနေလို့ ရှယ်ယာတွေဝယ်ရောင်းလုပ်ပြီး အချိန်တိုအတွင်း မီလျံနာသူဋ္ဌေးတယောက် ဖြစ်သွားမှာမို့ပါ။

အဲဒီအဖြေဟာ ကျယ်ပြန့်လွန်းလို့ အတိအကျမပြောနိုင်ပေမဲ့ ရှယ်ယာဈေး တက်ခြင်းကျခြင်းကို ဖြစ်စေနိုင်တဲ့ အောက်မှာရေးထားတဲ့ အခြေခံအကြောင်းလေးတွေတော့ သိထားသင့်တယ်ထင်လို့ ရေးပြလိုက်ပါတယ်။

‪‎Earnings_Reports (အရှုံးအမြတ်စာရင်း)
စတော့ရှယ်ယာဥပဒေအရ ရှယ်ယာရောင်းထားတဲ့ကုမ္ပဏီတိုင်းဟာ သူတို့ရဲ့ အရှုံးအမြတ်စာရင်း အစီရင်ခံစာ (Earnings_Report)ကို သုံးလတကြိမ် ထုတ်ပြန်ကြေငြာရပါတယ်။ ကုမ္ပဏီတခုဟာ သုံးလပတ်အစီရင်ခံစာတွေမှာ ဆက်တိုက်အရှုံးပြနေရင် အဲဒီကုမ္ပဏီရဲ့ အခြေအနေမကောင်းလို့ သူ့ရဲ့ရှယ်ယာတန်ဖိုးကျသွားမယ်။ ဆက်တိုက်အမြတ်ပြနေတဲ့ ကုမ္ပဏီဟာအခြေအနေကောင်းနေလို့ သူ့ရဲ့ရှယ်ယာတန်ဖိုးတက်ပါမယ်။

‪‎The_Economy (နိုင်ငံ့စီးပွားရေး)
နိုင်ငံတခုရဲ့ စီးပွားရေးကျဆင်းလာရင် လူတွေကျပ်တည်းလာတယ်။ ကုန်ပစ္စည်းဝယ်ဖို့ လူတွေလက်ထဲမှာ ပိုက်ဆံရှားလာမယ်။ ကားထုတ်တဲ့ကုမ္ပဏီ၊ အီလက်ထရောနစ်ပစ္စည်းထုတ်တဲ့ကုမ္ပဏီ၊ အလှကုန်ထုတ်တဲ့ကုမ္ပဏီမျိုးတွေ သူတို့ပစ္စည်းကိုဝယ်မဲ့သူ လျော့နည်းလာမယ်။ ပစ္စည်းမရောင်းရလို့ ကုမ္ပဏီတွေရဲ့ ဝင်ငွေကျလာမယ်။ အရှူံးပေါ်လာမယ်။ မရှူံးတောင် အမြတ်နဲလာမယ်။ ဒါဆို သူတို့ရဲ့ ရှယ်ယာတွေ ဈေးကျလာမယ်။ သူ့ရဲ့ပြောင်းပြန်ဖြစ်တဲ့ နိုင်ငံ့စီးပွားရေးကောင်းနေရင် ရှယ်ယာဈေးတွေ တက်ပါလိမ့်မယ်။

‪‎Interest_Rates (ဘဏ်တိုးနူန်း)
ဘဏ်တွေဆီက ငွေချေးလို့ပေးရတဲ့အတိုးနူန်းနဲရင် ကုမ္ပဏီတွေဟာ ဘဏ်တွေကငွေများများချေးယူပြီး လုပ်ငန်းထဲထဲ့ကြမယ်။ လုပ်ငန်းတွေချဲ့လာနိုင်မယ်။ ကုမ္ပဏီတိုးတက်လာရင် လူတွေကအဲဒီကုမ္ပဏီရဲ့ ရှယ်ယာတွေဝယ်ကြလိမ့်မယ်။ ဝယ်သူများလာတော့ ရှယ်ယာဈေးတက်လာမယ်။ ပြောင်းပြန်ဖြစ်တဲ့ ဘဏ်တွေရဲ့အတိုးနူန်းမြင့်တက်လာရင် ရှယ်ယာဈေးကျပါလိမ့်မယ်။

‪‎Energy_Prices (ရေနံဈေးနူန်း)
ကုန်ထုတ်လုပ်တဲ့စက်ရုံတွေဟာ ဒီဇယ်၊ ရေနံ၊ လောင်စာဆီတွေ ဝယ်သုံးပြီး လည်ပတ်ရပါတယ်။ ကမ္ဘာမှာ ရေနံဈေးတက်လာရင် စက်ရုံတွေဟာ လောင်စာဆီတွေကို ဈေးကြီးကြီးပေးပြီး ဝယ်သုံးရတော့မယ်။ စက်ရုံပိုင်တဲ့ကုမ္ပဏီတွေရဲ့ အမြတ်ငွေကျလာမယ်။ အမြတ်နဲလာတော့ သူရဲ့ရှယ်ယာတွေကို လူတွေထုတ်ရောင်းကြမယ်။ ရှယ်ယာတန်ဖိုးတွေ ကျလာမယ်။ ပြောင်းပြန်ဖြစ်တဲ့ ကမ္ဘာ့ရေနံဈေးကျဆင်းရင် ရှယ်ယာတန်ဖိုး တက်ပါလိမ့်မယ်။

‪‎Analyst_Ratings (စီးပွားရေးသုံးသပ်ခန့်မှန်းချက်)
အလွန်ထင်ရှားကျော်ကြားတဲ့ စီးပွားရေး ခန့်မှန်းပညာရှင်တွေရှိကြပါတယ်။ သူတို့ရဲ့ စီးပွားရေးကို ကြိုတင်ခန့်မှန်းချက် တော်တော်များများဟာ မှန်ကန်လို့ကျော်ကြားတာပါ။ သူတို့ရဲ့ ကြိုတင်ခန့်မှန်းချက်တွေကို စီးပွားရေးသမားတွေ၊ ရှယ်ယာဝယ်ထားသူတွေက အမြဲတမ်းဂရုတစိုက် နားထောင်ကြတယ်။ ဖတ်ကြတယ်။ အဲဒီပညာရှင်တွေက နိုင်ငံရဲ့စီးပွားရေးကျကိန်းရှိတယ်လို့ ဟောလိုက်ရင် ရှယ်ယာဈေးတွေ ထိုးကျသွားတတ်ပါတယ်။ စီးပွားရေးကောင်းမယ် ဟောလိုက်ရင်တော့ ရှယ်ယာဈေးတွေ ထိုးတက်သွားတတ်ပါတယ်။

အထက်က ရေးပြခဲ့တာတွေဟာ ကုမ္ပဏီရဲ့ ငွေရေးကြေးရေး အခြေအနေကြောင့်၊ နိုင်ငံ့စီးပွားရေး အခြေအနေကြောင့် ရှယ်ယာဈေးအပြောင်းအလဲ ဖြစ်စေတာတွေပါ။

ကုမ္ပဏီရဲ့ ငွေရေးကြေးရေးနဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့လဲ ရှယ်ယာဈေးအတက်အကျ ဖြစ်စေနိုင်တဲ့ အခြားအချက်တွေလဲ အများကြီးရှိပါသေးတယ်။ အကုန်လုံးရေးပြရင် ဆုံးမှာမဟုတ်လို့ တချို့ကိုပဲ အောက်မှာ နမူနာရေးပြလိုက်ပါတယ်။

  • ‪အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့ စီးပွားရေးဥပဒေတွေကို ရုတ်ခြင်းပြောင်းလိုက်လို့ ရှယ်ယာ ဈေးတက်မယ် (သို့မဟုတ်) ကျမယ်။
  • ‪‎ကုမ္ပဏီတခုဟာ တင်ဒါအကြီးကြီး အသစ်တခုရလိုက်ရင် ရှယ်ယာဈေးတက်လာမယ်။
  • ‪ကုမ္ပဏီတခုရဲ့ ပြိုင်ဖက်ကုမ္ပဏီတခု ဒေဝါလီခံသွားရရင် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာဈေးတက်လာမယ်။
  • ‪‎ကုမ္ပဏီတခု တရားစွဲခံရရင် ရှယ်ယာဈေးကျသွားမယ်။
  • ‪‎ကုမ္ပဏီတခုဟာ တခြားကုမ္ပဏီတခုကို ဝယ်လိုက်ရင် ရှယ်ယာဈေးတက်လာမယ်။
  • ‪‎ကုမ္ပဏီထိပ်ပိုင်းအကြီးအကဲ အပြောင်းအလဲဖြစ်ရင် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာဈေး ပြောင်းလဲသွားမယ်။ ဥပမာ Apple ကုမ္ပဏီရဲ့ CEO ဖြစ်ခဲ့တဲ့ Steve_Jobs ဟာ ကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းထွက်လာတာနဲ့ Apple ရဲ့ ရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
  • ‪‎ကုမ္ပဏီတခု အခြေအနေမကောင်းတော့ဘူးဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလဟာလသတင်းကြောင့် ရှယ်ယာဈေးကျသွားနိုင်ပါတယ်။
  • ‪‎နိုင်ငံတနိုင်ငံမှာ စစ်အာဏာသိမ်းမယ်လို့ သတင်းထွက်လာရင် ရှယ်ယာဈေးကျသွားလိမ့်မယ်။
  • ‪‎ဘာကြောင့်မှန်းကိုမသိပဲ ရှယ်ယာဈေးတက်ခြင်းကျခြင်း။ ဥပမာ တလောက တရုပ်ပြည်မှာ ရှယ်ယာဈေးတွေကြောက်ခမန်းလိလိ ထိုးကျသွားတဲ့အကြောင်းရင်းကို ကမ္ဘာ့စီးပွားရေးပညာရှင်တွေ အဖြေမရှာနိုင်ပါဘူး။
နောက်ထပ်ရှယ်ယာဈေးကို တက်စေကျစေနိုင်တဲ့ အချက်တွေ မြောက်များစွာ ကျန်ရှိပါသေးတယ်။

ဒီလောက်လေး ဖတ်လိုက်ရင်ပဲ‪ ‎ရှယ်ယာကစားတယ်ဆိုတာ လောင်းကစားလုပ်သလို ကံစမ်းတာ မဟုတ်ဖူးဆိုတာ သဘောပေါက်မယ်လို့ ထင်ပါတယ်။ ကံကောင်းပြီး ရှယ်ယာနဲ့ ချမ်းသာသွားတဲ့ လူတော့ တစ်သန်းမှာ တယောက်တော့ ရှိချင်ရှိမှာပေါ့။

ရှယ်ယာနဲ့ ကြီးပွားချင်ရင် စီးပွားရေးအသိပညာရှိဖို့လိုသလို မိမိရှယ်ယာဝယ်ထားတဲ့ ကုမ္ပဏီအခြေအနေ၊ ဈေးကွက်အခြေအနေ၊ မိမိနိုင်ငံနဲ့ ကမ္ဘာကြီးရဲ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကို မျက်ခြေမပြတ် လေ့လာနေဖို့လိုပါတယ်။ အဲဒီလို စီးပွားရေး အခြေခံအသိလေးလဲမရှိ၊ ဈေးကွက်ကိုလဲမလေ့လာ၊ နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးလဲ စိတ်မဝင်စားဘဲ လောင်းကစားလုပ်သလိ ကံစမ်းပြီး ရှယ်ယာကစားမယ်ဆိုရင်တော့ ရှိထားတဲ့စည်းစိမ်လေးပြုတ်ရုံမက အကြွေးပတ်လည် ဝိုင်းသွားနိုင်တယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။

‪‎မှတ်ချက်။ အခုရေးပြခဲ့တာဟာ ရှယ်ယာဈေးတက်စေ၊ ကျစေနိုင်တဲ့ အခြေခံသဘော နဲနဲလေးပါ။ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ အဲဒါတွေနဲ့ပတ်သက်လို့ ရေးထားတဲ့စာအုပ်တွေ ဖတ်ဖို့လိုပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ ထောင်သောင်းချီရှိပါတယ်။ မြန်မာလို ရေးထားတဲ့စာအုပ်တွေ ဘယ်လောက်ရှိမရှိတော့ မသိပါခင်ဗျာ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူ တင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment