စတော့ဈေးကျတိုင်းတက်တိုင်း တုံ့ပြန်ဖို့လိုသလား‬?

3:30 AM | ,


သင်ကားမောင်းနေရင်း မီးပွိုင့်တခုရောက်ရင် ဘာလုပ်သလဲ။ မီးနီပြနေရင် ကားကိုရပ်လိုက်မယ်။ မီးစိမ်းသွားရင် ကားကို ပြန်မောင်းထွက်မယ်။ ဟုတ်တယ်နော်။ ဒီလိုမှမလုပ်ရင်လဲ နောက်ကကားတွေဆီက ကားဟွန်းတီးသံတွေ၊ ဆဲဆိုသံတွေ မိုးမွန်အောင်ကြားရလိမ့်မယ်။ ကားမောင်းသူတွေဟာ မီးနီတွေ့ရင်ရပ်မယ်။ မီးစိမ်းတွေ့ရင် မောင်းမယ်။ ဒီအကျင့်ဟာ ဦးနှောက်ထဲမှာစွဲပြီး အကျင့်ဖြစ်နေကြပြီ။ ဒါပေမဲ့ မီးစိမ်းတွေ့တိုင်း မမောင်းရတဲ့ အခြေအနေတွေလဲရှိပါတယ်။ မီးစိမ်းပြနေပေမဲ့ လူတယောက် ရှေ့မှာ လမ်းကူးနေရင် ဘယ်ကားမောင်းထွက်ပါ့မလား။ နောက်ကကားတွေ ဆူညံအောင်ဟွန်းတွေတီး၊ ဆဲဆိုသံတွေကြားနေပေမဲ့လဲ ရှေ့ကလူ လမ်းကူးတာမပြီးမချင်း ကားကို မောင်းထွက်မှာမဟုတ်ပါဘူး။

ဒီဥပမာလေးကို ရေးပြရတာက စတော့ရှယ်ယာဝယ်ရောင်းကိစ္စနဲ့ ဆက်စပ်နေလို့ပါ။

စတော့ရှယ်ယာတွေမှာလဲ မီးစိမ်း၊ မီးနီ ရှိကြတယ်။ စတော့အိပ်ချိန်း (စတော့အရောင်းအဝယ် လုပ်တဲ့နေရာ) မှာရှိတဲ့ Wall_Screen (Ticker_Tape လို့ခေါ်ပါတယ်) ပေါ်မှာ အနီရောင်ပြနေတဲ့ စတော့ဟာတန်ဖိုးကျနေတယ် လို့ပြတယ်။ အစိမ်းရောင်ပြနေတဲ့ စတော့ဟာ တန်ဖိုးတက်နေတယ် လို့ဖေါ်ပြနေတယ်။

တနည်းပြောရရင် မီးပွိုင့်မှာမီးနီတွေ့ရင်"ရပ်"လို့ ကားမောင်းသူကို အချက်ပြနေသလို အနီရောင်ပြနေတဲ့ စတော့တွေဟာ "မဝယ်နဲ့" "ရှိနေတာရောင်းပစ်လိုက်" လို့ပြောနေတာနဲ့တူပါတယ်။ မီးစိမ်းတွေ့ရင် "မောင်း" "မောင်း" လို့ အချက်ပြနေသလို အစိမ်းရောင်ပြနေတဲ့ စတော့တွေဟာလဲ "ဝယ်လိုက်" "ဈေးထပ်တက်တော့မယ်"လို့ ပြောနေတာပဲ တူပါတယ်။

လူအများစုဟာ စတော့နဲ့ပတ်သက်ရင် အဲဒီအချက်ပေးတဲ့အတိုင်း လိုက်လုပ်တတ်ကြတယ်။ စတော့ဈေးဟာ အနီရောင်ဖြစ်လာရင် ထုတ်ရောင်းကြတယ်။ အစိမ်းရောင်ဖြစ်လာရင် လိုက်ဝယ်ကြတယ်။ အများလုပ်တော့ ကိုယ်လဲလိုက်လုပ်တာပေါ့။

ဒါပေမဲ့ စတော့ကို တကယ်နားလည်တဲ့သူ (လူအနည်းစုသာ)ကတော့ အဲဒီလို အချက်ပြတိုင်း လိုက်မလုပ်တတ်ကြဘူး။ သူဝယ်ထားတဲ့ စတော့ဟာ အနီရောင်ဖြစ် တန်ဖိုးကျလာလို့ လူများတွေ ထုတ်ရောင်းနေကြချိန်မှာ သူကချက်ချင်း မရောင်းပါဘူး။ စတော့တန်ဖိုး ဘာလို့ကျရသလဲဆိုတာ လေ့လာတယ်။ ကုမ္ပဏီရဲ့ ငွေရေးကြေးရေးအခြေအနေကို လေ့လာတယ်။ ပုံမှန်ပဲ။ ကုမ္ပဏီဟာ အရှူံးပြမနေဘူး။ ကုမ္ပဏီမှာ ဘာမှလဲအပြောင်းအလဲ မရှိဘူး။ နိုင်ငံစီးပွားရေးလဲ ဘာမှပြောင်းလဲခြင်းမရှိ။ အားလုံးပုံမှန်ပဲ။ ဒီတော့စတော့ဈေးကျတာ ကောလဟာလကြောင့်လို့ ယူဆပြီး သူ့စတော့ကို ဆက်ကိုင်ထားမယ်။ လက်ထဲပိုက်ဆံရှိနေရင်ဈေးကျနေတဲ့ စတော့ကို ထပ်ဝယ်လိမ့်မယ်။ ကောလဟာလ ငြိမ်သက်သွားရင် ဈေးပြန်တက်လိမ့်မယ်။

အချုပ်ပြောရရင် အများမိုးခါးရေသောက်နေချိန်မှာ လိုက်မသောက်သူ၊ သဘောက စတော့ဈေးကွက်မှာ လူတိုင်းဝယ်နေချိန်မှာ လိုက်မဝယ်ပဲ လူတိုင်းရောင်းနေရင်လဲ လိုက်မရောင်းပဲ စဉ်းစားချင့်ချိန်ပြီး လုပ်သင့်တာကိုလုပ်သူတွေသာ စတော့လုပ်ငန်းနဲ့ကြီးပွားကြပါတယ်။ သူတို့ဟာ ခံစားချက်ကြောင့်မဟုတ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်တတ်ကြသူတွေ ဖြစ်ကြပါတယ်။

‪‎မှတ်ချက်။ အမေရိကန်နဲ့ ဥရောပ စတော့ဈေးကွက်တွေမှာ စတော့တန်ဖိုးကျရင် အနီရောင်နဲ့ပြတယ်။ အနီရောင်ဟာအန္တရယ်ရှိတယ်လို့ ယူဆကြလို့ပါ။ ဥပမာ မီးအရောင်၊ သွေးအရောင်၊ မီးပွိုင့်အနီ စသဖြင့်ပေါ့။ ဈေးတက်တဲ့ စတော့ကို အစိမ်းရောင်နဲ့ ပြကြတယ်။

ဒါပေမဲ့ တရုပ်ရဲ့စတော့တန်ဖိုး အရောင်တွေကတော့ ပြောင်းပြန်ပါ။ စတော့ဈေးတက်တာကို အနီရောင်နဲ့ပြကြတယ်။ တရုပ်လူမျိုးတွေက အနီရောင်ကိုမင်္ဂလာရှိတဲ့အရောင်လို့ သတ်မှတ်ထားကြလို့ပါ။ ဈေးကျတဲ့စတော့ကို အစိမ်းရောင်ပြတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment