‪တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြရတဲ့ ဂရိနိုင်ငံရွေးကောက်ပွဲ

5:30 PM |


ယခုတလော တကမ္ဘာလုံးက (အထူးသဖြင့် ဥရောပနိင်ငံတွေ) ရင်တထိပ်ထိပ်နဲ့ စောင့်ကြည့်နေကြတဲ့ နိုင်ငံတခုရဲ့ ရွေးကောက်ပွဲတခုရှိပါတယ်။ နိုင်ငံတကာသတင်းစာကြီးတွေမှာ နေ့စဉ် ဒီအကြောင်းကို အသားပေးဖေါ်ပြနေပြကြပါတယ်။

အဲဒါကတော့ ဥရောပနိုင်ငံတခုဖြစ်တဲ့ ဂရိနိုင်ငံ(Greece) ဖြစ်ပါတယ်။ လူဦးရေ (၁၁)သန်းခန့်သာရှိတဲ့ ဖွံဖြိုးပြီး နိုင်ငံအသေးလေးပါ။ ဘာဖြစ်လို့ ဒီလောက်သေးတဲ့ နိုင်ငံလေးရဲ့ ဇန္နဝါရီလ(၂၅)ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ဥရောပတိုက်ရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလ်ီစတဲ့ နိုင်ငံကြီးတွေက ရင်တထိပ်ထိပ် စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေခဲ့ကြရတာလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။

ဂရိနိုင်ငံရဲ့ ရွေးကောက်ပွဲအကြောင်းမပြောခင် ယူရိုငွေကြေးပေါ်ပေါက်လာပုံကို စပြောမှ ဒီရွေးကောက်ပွဲအကြောင်း ပြည့်ပြည့်စုံစုံသိနိုင်မှာပါ။

အရင်ခေတ်အဆက်ဆက်က ဥရောပနိုင်ငံတွေဟာ ကိုယ့်နိုင်ငံအတွင်းမှာ သုံးစွဲတာပဲဖြစ်စေ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာဖြစ်စေ သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးတွေကိုပဲ သုံးစွဲနေခဲ့ကြတယ်။ ဥပမာ အင်္ဂလန်နိုင်ငံက ပေါင်စတာလင်။ ဂျာမဏီနိုင်ငံက ဒွိုက်မတ်။ ပြင်သစ်က ဖရန့်ငွေစသဖြင့် သုံးစွဲနေကြတာပါ။ ဒါပေမဲ့ နိုင်ငံတွေ အချင်းချင်းကုန်သွယ်ရာမှာ ငွေလဲလှယ်နူန်းက အမြဲတမ်းပြောင်းလဲနေတော့ ကုန်စည်ဈေးနှုန်းကလဲ အမြဲလိုက်ပြောင်းလဲနေပါတယ်။ အဲဒါကြောင့် နိုင်ငံအချင်းချင်းကုန်သွယ်ရာမှာ ကုန်ပစ္စည်းဈေးနှုန်းနဲ့ ပတ်သက်ပြီး မကြာခနပြသနာတက်ကြပါတယ်။

ဒီပြသနာတွေပြေလည်စေဖို့ ဥရောပနိုင်ငံကြီးတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြပါတယ်။ နောက်ဆုံးမှာ ဥရောပနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာသုံးဖို့ဆိုပြီး ဘုံငွေကြေးတရပ်ကို ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒါကတော့ ယူရိုငွေကြေးပဲဖြစ်ပါတယ်။

ယူရိုငွေကို ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့မှာ စတင်သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာငွေကြေးစံနစ် (Foreign_Exchange)ထဲကို ၁၉၉၉ခုနှစ်ကျမှ ဝင်ခဲ့ပြီး နိုင်ငံတကာနဲ့ကုန်သွယ်ရာမှာ ယူရိုငွေကိုသုံးကြဖို့နဲ့ ပြည်တွင်းမှာ ကိုယ်ပိုင်ငွေကြေးသုံးနိုင်တယ်လို့ ဥပဒေပြဋ္ဌန်းလိုက်ပါတယ်။

ယူရိုစတင်သုံးစွဲတော့ ပြသနာပေါင်းစုံကြုံကြတယ်။ အဓိကကတော့ ယူရိုငွေကြောင့် တချို့ဥရောပနိုင်ငံတွေရဲ့ ငွေကြေးတွေတန်ဖိုးကျသွားတာတွေ ဖြစ်ကုန်ကြတယ်။ အကျိုးဆက်က နိင်ငံ့စီးပွားရေး ထိခိုက်ကုန်တယ်။ ဒါကြောင့် တချို့ဥရောပနိုင်ငံတွေက ယူရိုငွေကြေးစံနစ်ကျင့်သုံးတဲ့ နိုင်ငံအဖွဲ့ (ယူရိုငွေကြေးအဖွဲ့)ထဲ မဝင်လိုကြဘူး။ ဝင်ပြီးသားတချို့ နိုင်ငံတွေကလဲ ယူရိုအဖွဲ့က ပြန်ထွက်ချင်ကြတယ်။

အထိနာတဲ့နိုင်ငံအများစုဟာ စီးပွါးရေးမတောင့်တင်းတဲ့ ဥရောပနိင်ငံလေးတွေ များပါတယ်။ ဒီတော့ ဂျာမနီနိုင်ငံက ဦးဆောင်တဲ့ယူရိုငွေကြေးအဖွဲ့ဟာ အဲဒီနိုင်ငံလေးတွေကို စည်းရုံးရတယ်။ ယူရိုကြောင့် စီးပွားရေးထိခိုက်တာကို သက်သာစေဖို့ ငွေကြေးအထောက်အပံ့တွေ ချေးငွေတွေကို ယူရိုငွေနဲ့ ထုတ်ပေးတယ်။ ဥရောပဗဟိုဘဏ် (European_Central_Bank)ကလဲ ယူရိုငွေအမြောက်အများ ရိုက်ထုတ်ပြီး ထုတ်ချေးပေးခဲ့ရတယ်။

အခုမှ ဂရိနိုင်ငံအကြောင်းစပါမယ်။

ဂရိနိင်ငံဟာ ၂၀၀၁ခုနစ်ဇန္နဝါရီလ(၁)ရက်နေ့မှာ ယူရိုငွေကြေးအဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကနေ နှစ်အတော်ကြာကြာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အခြေခံတဲ့ ဂရိနိုင်ငံရဲ့စီးပွားရေးဟာ အခြေအနေကောင်းမွန်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာ ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးကို ဂရိနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်နဲ့ အေသင်မြို့မှာ ခန်းခန်းနားနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအိုလံပစ်ပွဲတော်ကြီးအတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့လို့ နိုင်ငံ့လိုငွေတွေပြလာပါတယ်။ နိုင်ငံတကာက ငွေတွေချေးယူခဲ့ရပါတယ်။ ပိုဆိုးသွားတာက ၂၀၀၉ခုနှစ်မှာ တကမ္ဘာလုံး စီးပွားရေးကပ်ကြီးကြုံလိုက်တော့ ဂရိနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းအခြေအနေဆိုးသွားတယ်။ နိုင်ငံ့ဘတ်ဂျက်လိုငွေတွေ အရမ်းများလာတယ်။ နိုင်ငံတကာရဲ့ ချေးငွေတွေကို ပြန်ဆပ်ဖို့နေနေသာသာ အတိုးတောင် ပြန်မဆပ်နိုင်တော့ဘူး။ နိုင်ငံတွင်းမှာလဲ စီးပွားရေးလုပ်ငန်းတွေပြိုလဲကုန်ပြီး အလုပ်လက်မဲ့တွေ အရမ်းများလာတယ်။

ဒီတော့ ယူရိုငွေကြေးအဖွဲ့ကြီးဟာ သူ့အဖွဲ့ဝင်ဂရိနိုင်ငံအကြီးအကျယ် ဒုက္ခရောက်နေတာကို ကူညီတဲ့အနေနဲ့ Troika လို့ခေါ်တဲ့ ငွေကြေးအဖွဲ့ကြီး သုံးခုဖြစ်ကြတဲ့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ European_Commission(EC)နဲ့ European_Central_Bank(ECB)တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ၁၄၇ဘီလီယံနဲ့ ညီမျှတဲ့ နှစ်ရှည် နှစ်တိုချေးငွေတွေကို အတိုးနည်းနည်းနဲ့ ချေးပေးလိုက်ပါတယ်။ ဒါပေမဲ့ နှောင်ကြိုးမဲ့ ချေးလိုက်တာတော့မဟုတ်ပါဘူး။ Austerity_Plan လို့ခေါ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ပေးဖို့ စည်းမျဉ်းကန့်သတ်ချက်တွေပါတဲ့ချေးငွေပါ။

ကန့်သတ်ချက်တွေအနေနဲ့ ဂရိနိုင်ငံဟာ နိုင်ငံအသုံးစရိတ်တွေလျှော့ချပြီး အခွန်တွေ တိုးကောက်တာ အပါအဝင် စုစုပေါင်းဘီလီယံဒေါ်လာပေါင်း၄၀ကို ၃နှစ်အတွင်း ပြန်ဆပ်နိုင်အောင် လုပ်ပေးရမယ်ဆိုတာလဲ ပါတယ်။ ဂရိနိုင်ငံအစိုးရဟာ အဲဒီကန့်သတ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့ သူ့စီးပွားရေးဟာ ကျသထက်ကျလာပါတယ်။ ပိုဆိုးလာတယ်။ ဒီတခါလဲ ဥရောပနိုင်ငံကြီးတွေက နောက်ထပ် အမေရိကန်ဒေါ်လာ၁၆၉သန်းဖိုး ဂရိနိင်ငံကိုထပ်မံထုတ်ချေးပေးပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြင်းပြင်းထန်ထန်လုပ်ခိုင်းပါတယ်။

ဂရိအစိုးရကလဲ နိုင်ငံအတွင်းမှာ နိုင်ငံ့အသုံးစရိတ်တွေလျှော့ချခြင်း၊ အစိုးရဝန်ထမ်းများကို အလုပ်ဖြုတ်လျှော့ချခြင်း၊ ဝန်ထမ်းလစာတွေ လျှော့့ချခြင်း၊ အခွန်ငွေတွေ တိုးမြှင့်ကောက်ခြံခင်း၊ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံ လုပ်ငန်းတွေကို ပုဂ္ဂလိကထံရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ လူထုရဲ့ ကျန်းမာရေးထောက်ပံငွေတွေ လျှော့ချခြင်းစတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပြင်းအထန်လုပ်ပေမဲ့လဲ နှစ်ပေါင်းများစွာကတည်းက အစိုးရအဆက်ဆက်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခဲ့မှုကြောင့် ဂရိနိင်ငံရဲ့စီးပွားရေးဟာ နာလန်မထူနိုင်တော့ပါဘူး။

မကြာခင်အထိ ဂရိနိုင်ငံရဲ့ အကြွေးစုစုပေါင်းဟာ ဒေါ်လာ(၃၂၀)ဘီလီယံဖြစ်နေပါပြီ။ ၂၀၁၅ခုနှစ်အတွင်း ဆပ်ရမဲ့ အတိုးတင်ပဲ ယူရိုငွေ(၁၇)ဘီလီယံ ဖြစ်နေပါပြီ။ နိုင်ငံ့လူဦးရေရဲ့ ၂၇ရာခိုင်နှုန်း (လူငယ်စုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်း)ဟာလဲ အလုပ်လက်မဲ့တွေ ဖြစ်နေကြပြီ။ စက်ရုံထုတ်ကုန်တွေ ၃၀ရာခိုင်နှုန်းအထိ ကျဆင်းကုန်တယ်။ ကုန်ဈေးနှုန်းတွေ မတန်တဆ ကျကုန်တယ်။ ဒါပေမဲ့ လူတွေလက်ထဲမှာ ပစ္စည်းဝယ်ဖို့ ပိုက်ဆံမရှိကြဘူး။ ငွေကြေးဖောင်းပွနှုန်းဟာ အနှုတ် ၂ဒသမ၆ရာခိုင်နှုန်းအထိ ဖြစ်လာတယ်။ ဒါဟာ deflation ပါ၊။ သက်ကြီးရွယ်အိုတွေရဲ့ ပင်စင်စုဆောင်းထားငွေတွေဟာ တန်ဖိုးကျလာလို့ သူတို့စုဆောင်းထားငွေရဲ့ ဘဏ်လက်ကျန်စာရင်းဟာ သုံညပြနေကြပြီ။ နိုင်ငံအတွင်းမှာလဲ အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။

လွန်ခဲ့တဲ့လအတန်ကြာမှာပဲ လက်ဝဲယိမ်း အတိုက်အခံ SYRIZA ပါတီက အသက်၄၂နှစ်အရွယ် ဆောက်လုပ်ရေး အင်ဂျင်နီယာဘဝကနေ ပါတီခေါင်းဆောင်ဖြစ်လာခဲ့တဲ့ Alexis_Tsipras က အစိုးရဲ့ စီးပွားရေးလုပ်ဆောင်ပုံတွေကို လူသိရှင်ကြား ဝေဖန်တိုက်ခိုက်လာပါတယ်။ ယူရိုငွေကြေးအဖွဲ့ကြီးနဲ့ IMF ရဲ့ မှားယွင်းတဲ့ အကြံပြုချက်တွေ ကန့်သတ်ချက်တွေကြောင့် ဂရိနိုငံဟာ စီးပွားရေးနာလန်မထူတာလို့ လူတွေကိုပြောပြစည်းရုံးတယ်။

စီးပွားရေးကမောက်ကမဖြစ်လို့ ဒုက္ခရောက်နေကြတဲ့ ဂရိပြည်သူအများစုကလဲ Tsipras ကို သူတို့ရဲ့ ကယ်တင်ရှင်ကြီးအဖြစ် တခဲနက်အားပေးထောက်ခံကြတယ်။ ဒီတော့ Tsipras က တဆင့်တက်ပြီး လွန်ခဲ့တဲ့ တလလောက်မှာ သူရွေးကောက်ပွဲဝင်မယ်။ သူသာ ရွေးကောက်ပွဲမှာအနိုင်ရလို့ ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် ယူရိုငွေကြေးအဖွဲ့ကြီး IMF နဲ့ ဥရောပနိုင်ငံတွေက အကြွေးဘီလီယံပေါင်းများစွာကို ပြန်မဆပ်ဖူး။ အတင်းပြန်ဆပ်ခိုင်းရင်လဲ ဂရိနိုင်ငံဟာ ယူရိုငွေကြေးအဖွဲ့ကနေ ထွက်လိုက်မယ်လို့ ပြောပြန်တယ်။

မဲဆွယ်စည်းရုံးရင်း ခုလိုပြောစကားတွေကြောင့် ဂရိလူထုက သူ့ကိုအရမ်းသဘောကျကြတာပေါ့။ သူ့ကို ထောက်ခံမဲပေးကြတော့မယ်ဆိုတာ survey မှတ်တမ်းအရ သေချာနေပြီ။ ဒါကြောင့် ယူရိုငွေကြေးအဖွဲ့ကြီးနဲ့ ဥရောပနိုင်ငံကြီးတွေဟာ အထိတ်တလန့် ဖြစ်ကုန်ကြပြီ။

အထိတ်တလန့် ဖြစ်မယ်ဆိုလဲ ဖြစ်စရာပါပဲ။ အဲဒီအတိုက်အခံပါတီဟာ ရွေးကောက်ပွဲအနိုင်ရပြီး သူတို့ခေါင်းဆောင် Tsipras သာ ဝန်ကြီးချုပ်ဖြစ်လာခဲ့မယ်ဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်တွေဟာ ယူရိုငွေကြေးအဖွဲ့ကြီးပါမကပဲ ဥရောပတိုက်တခုလုံးရဲ့ငွေကြေးတွေ စီးပွားရေးတွေပါ အကြီးအကျယ် ထိခိုက်တော့မှာကိုး။

Tsipras ဟာ သူပြောသလို ဂရိနိင်ငံကို ယူရိုငွေကြေးအဖွဲ့ကြီးထဲက နှုတ်ထွက်လိုက်ရင် ယူရိုအဖွဲ့ကြီးဘာဖြစ်သွားမလဲ၊ ဘာလုပ်မလဲ။ ဂရိနိုင်ငံကို ထုတ်ချေးထားတဲ့သူတို့ရဲ့ ယူရိုဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားတော့မယ်။ ဆုံးရှုံးတာမခံနိင်ရင် ဘာဆက်လုပ်မလဲ။ ကမ္ဘာ့ခုံရုံးမှာ တရားစွဲမလား။ စစ်ဝင်တိုက်ပြီး ဂရိနိုင်ငံကိုသိမ်းပစ်မလား။ ဒါတွေလုပ်မယ်ဆိုရင် နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းနေတဲ့ ဥရောပတခွင်လုံးဟာ အုပ်စုနိုင်ငံတွေကွဲကုန်ကြလိမ့်မယ်။ ဒါ့အပြင် ဂရိနိုင်ငံလိုပဲ အကြွေးတွေ ဘီလီယံပေါင်းများစွာတင်နေကြတဲ့ ယူရိုငွေကြေးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ စပိန်၊ ပေါ်တူဂီနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလဲ အစိုးရအတိုက်အခံပါတီတွေက ယူရိုငွေကြေးအဖွဲ့ကြီးကနေ ထွက်လိုက်ဖို့ အစိုးရကို ဖိအားပေးနေကြပါတယ်။

ဒီအကြောင်းတွေကြောင့် ယူရိုငွေတန်ဖိုးဟာ ဒီဇန္နဝါရီတလအတွင်းမှာ ၁၀ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ ငွေကြေးတရပ်ဟာ အချိန်တိုတခုအတွင်း ၁၀ရာခိုင်နူံးကျသွားတယ်ဆိုတာ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အလွန်ထိတ်လန့်စရာပါပဲ။ ဥရောပတိုက်ကြီးတခုလုံးပါမက ကမ္ဘာ့စီးပွားရေးကြီးကိုပါ ခြိမ်းချောက်လာတဲ့သဘောပါပဲ။

တကမ္ဘာလုံးက စိုးရမ်ကြီးစွာနဲ့စောင့်ကြည့်နေကြတဲ့ ဂရိနိုင်ငံရဲ့ရွေးကောက်ပွဲဟာ တနေ့က ဇန္နဝါရီလ ၂၅ရက်နေ့ကပဲ ကျင်းပပြီးသွားပါပြီ။ အများထင်သလိုပဲ လက်ရှိဝန်ကြီးချုပ် Antonio_Samaras ရဲ့ပါတီဟာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်သွားပါတယ်။ Alexis_Tsipras ရဲ့ SYRIZA ပါတီဟာ မဲအပြတ်အသတ်နဲ့ နိုင်ပေမဲ့ အမတ်နေရာ ၃၀၀အနက် ၁၄၉မဲရလို့ အစိုးရဖွဲ့ဖို့ အမတ်ကိုယ်စားလှယ် နှစ်နေရာစာ လိုနေပါတယ်။ ဒါပေမဲ့ သူတို့ပါတီလိုပဲ ယူရိုငွေကြေးအဖွဲ့ကနေ ခွဲထွက်ချင်နေတဲ့ ပါတီအသေးလေးတခုနဲ့ ပေါင်းလိုက်လို့ အစိုးရဖွဲ့လိုက်နိင်ပါပြီ။

Tsiprasဟာ သူ့ပါတီအနိုင်ရပြီဆိုတာနဲ့ ချက်ခြင်း လေသံပြောင်းသွားပါတယ်။ အရင်က ပြောခဲ့တဲ့ ယူရိုငွေကြေးအဖွဲ့ကထွက်မယ်ဆိုတာ မဟုတ်ပြန်ပါဘူးတဲ့။ အရင်ကပြောခဲ့သလို သူတို့နိင်ငံရဲ့ အကြွေးတွေအားလုံးကို ပြန်မဆပ်ဘူးဆိုတာလဲ မဟုတ်ပါဘူးတဲ့။ အဲဒီအကြွေးတွေရဲ့ တဝက်ကိုလျှော်ပေးဖို့ရယ် သူတို့ကိုငွေချေးပေးလို့ ယူရိုအဖွဲ့ကြီးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပေးဖို့ ယူရိုငွေကြေးအဖွဲ့ကြီနဲ့ ဆွေးနွေးမယ်လို့ ဖြစ်သွားပြန်ရော။ ယူရိငွေကြေးအဖွဲ့ကြီးထဲက ထွက်ဖို့ဆိုတာရယ်၊ အကြွေးတွေအားလုံး ပြန်မဆပ်ဖူးဆိုတာရယ်တွေဟာ ဂရိနိုင်ငံကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာကို သူကောင်းကောင်းသိတယ်လေ။ မဲမရခင်ကတမျိုး၊ မဲရပြီးတော့တမျိုး။ တတ်လဲတတ်နိုင်ကြတဲ့ နိုင်ငံရေးသမားတွေပါပဲ။

ဘာပဲဖြစ်ဖြစ် သူက ယူရိုငွေကြေးအဖွဲ့ကြီးက မထွက်ပါဘူးလို့ ကြေငြာလိုက်လို့ ဒီနေ့မှာပဲ ယူရိုငွေဈေး အနည်းငယ် ပြန်တက်လာပါတယ်။

ဒါပေမဲ့ ဂရိနိုင်ငံရဲ့ အစိုးရသစ်နဲ့ ယူရိုငွေကြေးအဖွဲ့ကြီးတို့ ဘယ်လိုဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ပြီး စောင့်မျှော်ကြည့်ကြပါစို့။

‪‎မှတ်ချက်။
ဂရိနိုင်ငံဟာ ၂၀၀၅ခုနှစ်ကစပြီး ဒီနေ့အထိ ဝန်ကြီးချုပ်ငါးယောက် ပြောင်းခဲ့ပါပြီ။ ဝန်ကြီးချုပ်မဖြစ်ခင် ရွေးကောက်ပွဲအတွက် မဲဆွယ်တုံးမှာ သူတို့အားလုံးဟာ ပြည်သူတွေကို စီးပွားကျပ်တည်းမှုက လွတ်မြောက်အောင် လုပ်ပေးမယ်လို့ ကတိတွေပေးခဲ့ကြတယ်။ အဆုံးမှာ စီးပွားရေးပိုလို့သာ ဆိုးလာလို့ သူတို့တတွေ တယောက်ပြီးတယောက်ပြုတ်ကျကုန်ကြပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment