အာရှကို ဂယက်ရိုက်လာတော့မဲ့ ဂျပန်စစ်အင်အားတိုးချဲ့ခြင်း‬

5:30 AM |


၁၉၄၅ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ စစ်ရှုံးခဲ့တဲ့ ဂျပန်နိုင်ငံဟာ အဲဒီအချိန်ကစလို့ စစ်တပ်အသေးစားလေးပဲ ဖွဲ့ခွင့်ရခဲ့ပါတော့တယ်။ စစ်နိုင်သူ အမေရိကန်က ဂျပန်နိုင်ငံကို အင်အားကြီး စစ်တပ်ဖွဲ့စည်းခွင့်မပြုပဲ ဂျပန်နိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတွေကို ယနေ့အထိ တာဝန်ယူနေခဲ့ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံဟာ ကာကွယ်ရေးစစ်စရိတ်အတွက် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု(GDP)ရဲ့ တစ်ရာခိုင်နူန်းပဲ နှစ်စဉ်သုံးခဲ့ရပါတယ်။ သူ့နိုင်ငံကာကွယ်ရေးကို အမေရိကန်က တာဝန်ယူထားလို့ ပူစရာမလိုတဲ့အတွက် စီးပွားရေးကိုပဲ အာရုံစိုက်လုပ်လာခဲ့တယ်။ ဒါကြောင့်လဲ အနုမြူဗုံးအကြဲခံရပြီး စစ်ရှူံးပြာပုံဖြစ်သွားတဲ့ ဂျပန်နိုင်ငံဟာ စီးပွားရေး ထိပ်တန်းနိုင်ငံအဖြစ် အနှစ်၂၀အတွင်း ရောက်ရှိသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန်ကစလို့ အနှစ်၇၀ (၁၉၄၅-၂၀၁၅) အကြာ အခုတလောအခြေအနေတွေ ရုတ်ချင်းပြောင်းလဲသွားပါတယ်။ အဲဒါက ဂျပန်နိုင်ငံဟာ ကာကွယ်ရေးစရိတ်စစ်စရိတ်ကို ကိုယ့်ဖာသာကိုယ် တာဝန်ယူတော့မယ်။ နောက်ပြီး လိုအပ်ရင် မဟာမိတ်နိုင်ငံတခုဖက်က စစ်ဝင်ကူတိုက်ပေးမယ်ဆိုတဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အဆိုကို ဂျပန်အောက်လွှတ်တော်က တနေ့ကပဲအတည်ပြုလိုက်ပါပြီ။ အတိုက်အခံပါတီတွေနဲ့ ဂျပန်လူထုအများစုကတော့ စစ်စရိတ်ကြောင့် နိုင်ငံ့ကုန်ကျစရိတ်တွေ တိုးလာမှာမလိုလားလို့ မထောက်ခံကြပါဘူး။ ဒီအစီအစဉ်ကို ကမ္ဘာ့အရေးအခင်းတွေမှာ မကြာခနဝင်ပါရင်း ငွေတွေအရမ်းကုန်နေတဲ့ အမေရိကန်က ထောက်ခံအားပေးတယ်။

အနှစ်၇ဝကြာအောင် စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမလုပ်ခဲ့တဲ့ဂျပန်နိုင်ငံဟာ ဘာလို့ခုလိုပြောင်းလဲသွားတာလဲ။ နှစ်အတန်ကြာကတည်းက အာရှမှာစီးပွားရေးတောင့်တင်းလာတဲ့ တရုပ်နိုင်ငံဟာ စစ်အင်အား အရမ်းတိုးချဲ့လာခဲ့တယ်။ ပြီးတော့ တရုပ်နိုင်ငံဟာ အာရှက ဂျပန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံတွေရယ်၊ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ဖိလိပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေနဲ့ တောင်တရုပ်ပင်လယ်ရေပိုင်နက် ပိုင်ဆိုင်တာတွေ မကြာခဏ အငြင်းပွားနေပါတယ်။ တရုပ်နိုင်ငံရဲ့ စွာကျယ်နေတာကို ဂျပန်နိုင်ငံက လက်ပိုက်ကြည့်နေခဲ့ရတယ်။

တကယ်တော့ ဂျပန်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေကို တရုပ်ကြီးရဲ့ ရန်ကကာကွယ်ပေးဖို့ထက် သူ့ရည်ရွယ်ချက်က ပိုကြီးပါတယ်။

၂၀၁၀ခုနှစ်ကစပြီး တရုပ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအဆင့်မှာ ဂျပန်နိုင်ငံကို ကျော်တက်သွားခဲ့တယ်။ ဒါဟာဂျပန်နိုင်ငံရဲ့ သိက္ခာကို ကျဆင်းစေခဲ့ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ကုလသမဂ္ဂကို နှစ်စဉ်အများဆုံး လှူဒါန်းထဲ့ဝင်နေတာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့် မရခဲ့ပါဘူး။ တရုပ်နိုင်ငံကတော့ အဖွဲ့ဝင်ဖြစ်နေပါတယ်။ ဒါကိုလဲ ဂျပန်နိုင်ငံက ဘဝင်မကျနေတာကြာပါပြီ။ နောက်တခုက ဂျပန်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချနိုင်တော့မှာပါ။

အခုလို ဂျပန်နိုင်ငံရဲ့ စစ်အင်အားတိုးချဲ့နိုင်ခွင့်ကြောင့် အာရှမှာ တရုပ်နဲ့ဂျပန်တို့ စစ်အင်အားပြိုင်ဆိုင်မှုတွေ ကြီးထွားလာပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးစစ်ရေး အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူ တင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment