QE (Quantitative Easing) ဆိုတာ ဘာလဲ။

4:30 PM | , ,


QE ဆိုတာကို အလွယ်ဆုံးရှင်းပြရရင် အစိုးရဗဟိုဘဏ်ကနေ ငွေတွေ ရိုက်ထုတ်လိုက်တာကို ခေါ်ပါတယ်။ ဒါများ ဘာဆန်းသလဲလို့ မေးစရာရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာလေးတွေရှိလို့ ရေးပြလိုက်ပါတယ်။

နိင်ငံတနိုင်ငံမှာ နိုင်ငံခြားပို့ကုန်ကရတဲ့ငွေဟာ နိုင်ငံခြားကတင်သွင်းရတဲ့ ကုန်တွေဝယ်ယူရတဲ့ငွေထက် နဲလာပြီဆိုရင် နိုင်ငံရဲ့ဘတ်ဂျက်မှာလိုငွေပြလာပါပြီ။ သဘောကတော့ အစိုးရလက်ထဲမှာ ပိုက်ဆံနဲသွားပြီ။ ဘတ်ဂျက်လိုငွေကို နိုင်ငံတော်စုဆောင်းထားငွေ National_Reserves ထဲက ထုတ်သုံးရတော့မယ်။ ထုတ်သုံးတဲ့ငွေတွေနဲ့ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစတာတွေအတွက် ဘတ်ဂျက်ချပေးရမယ်။

ဒါပေမဲ့ နိုင်ငံတော်မှာ လိုငွေပြနေတိုင်း နိုင်ငံ့စုဆောင်းငွေထဲက အမြဲတမ်းထုတ်သုံးနေလို့ မရဘူးလေ။ စုဆောင်းငွေဆိုတာ နိုင်ငံခြားချေးငွေတွေ ပြန်ဆပ်ဖို့ရယ်၊ နိုင်ငံခြားကြွေးမြီတွေအတွက် အတိုးပေးဖို့ရယ်၊ အရေးပေါ်ကိစ္စတွေ ဥပမာအနေနဲ့ နိုင်ငံအချင်းချင်း စစ်ဖြစ်ရင်စတာတွေအတွက် အလုံအလောက် ချန်ထားရပါတယ်။

အဲဒီတော့ အစိုးရဟာ လိုငွေကိုဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေ ကြံဆရတော့မယ်။ လိုငွေဖြည့်ဖို့ တနည်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့

(၁) မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ချရမယ်။ ငွေကြေးတန်ဖိုးကျရင် ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ပို့နိုင်လို့ နိင်ငံခြားပို့ကုန်တွေကနေ ဝင်ငွေတွေရလာမယ်။

(၂) ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးတဲ့အတိုးကို လျှော့ချပေးရမယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီပွားရးသမားလုပ်ငန်းရှင်တွေကို အတိုးနဲနဲပဲယူပြီးချေးပေးမယ်။ လုပ်ငန်းရှင်တွေ ဘဏ်ကငွေများများချေးပြီး လုပ်ငန်းမှာရင်းနှီးမြုပ်နံကြလို့ နိုင်ငံ့စီးပွားရေးတက်လာလိမ့်မယ်။

(၃) စီးပွားရေးသမားတွေ လူထုတွေဆီက ကောက်ခံတဲ့အခွန်အခတွေလျှော့ချပေးရမယ်။

အထက်က ရေးပြခဲ့တာတွေလုပ်ဖို့ကလဲ အစိုးရဆီမှာ နိုင်ငံ့အရံငွေဖြစ်တဲ့ စုဆောင်းငွေ အလုံအလောက်ရှိရမယ်။ အလုံအလောက်မရှိဘူးဆိုရင်တော့ အစိုးရအနေနဲ့ လုပ်ဖို့ နည်းလမ်းနှစ်သွယ်ပဲ ကျန်ပါတော့တယ်။

ပထမနည်းက နိုင်ငံခြားကနေ အတိုးနဲ့ငွေထပ်ချေးပေါ့။ အချိန်မှီပြန်မဆပ်နိုင်တဲ့အခါ အတိုးတွေ တက်သထက်တက်လာလို့ အစိုးရတွေဟာ သိပ်မလုပ်ချင်ကြဘူး။ အစိုးရက မလိုအပ်ပဲ နိုင်ငံခြားကငွေချေးရင် အတိုက်အခံတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအစိုးရ ပြုတ်ကျသွားရင် နောက်တက်တဲ့အစိုးရက ပြန်ဆပ်ရလိမ့်မယ်။ နောက်တက်တဲ့အစိုးရကလဲ အရင်အစိုးရလက်ထက်က ချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ လူတွေဆီက အခွန်အခတွေ တိုးကောက်ရတော့မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေရှိလို့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့အစိုးရတွေဟာ နိုင်ငံခြားက ငွေချေးတဲ့အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြပါတယ်။

ဒါဆို ဒုတိယနည်းကတော့ QE (Quantitative_Easing) လို့ ခေါ်ပါတယ်။ နိုင်ငံတော်ရဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ အများကြီးထုတ်လိုက်တာပါ။ ဘယ်လောက်များများအထိ ထုတ်ဝေသလဲဆိုတာကတော့ ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေရဲ့ တွက်ချက်တတ်တဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်နေပါတယ်။ ပိုက်ဆံတွေ မတရားရိုက်ထုတ်လိုက်လို့ လူတွေလက်ထဲ ပိုက်ဆံအများကြီးရောက်သွားရင် ကုန်ပစ္စည်းတွေ ဈေးတက်လာမယ်။ ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်လာမယ်။

အဲဒီတော့ အစိုးရဟာ နိုင်ငံ့လိုငွေကို ဖြည့်ဆည်းပေးဖို့ ဒီနည်းလမ်းနှစ်ခုထဲက တခုခုတော့ရွေးရလိမ့်မယ်။ မရွေးလို့မရပါဘူး။ ဘတ်ဂျက်မရှိလို့ဆိုပြီး အစိုးရက ဘတ်ဂျက်မချပေးဘူးဆိုရင် အစိုးရရဲ့ ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားမယ်။ နိင်ငံ့တခုလုံးရဲ့ စီးပွားရေးကျဆင်းလာမယ်။ လူတွေရဲ့စီးပွားရေး ထိခိုက်လာမယ်။ လူတွေမကျေနပ်တော့ ဆန္ဒပြကြမယ်။ ဆူပူအုံကြွမှုတွေဖြစ်လာမယ်။ အစိုးရတောင် ပြုတ်ကျသွားနိုင်တယ်။

ဒီတော့ အစိုးရတွေဟာ ဒုတိယနည်းဖြစ်တဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေအများကြီး ထုတ်လိုက်ပါပြီတဲ့။ ထုတ်လိုက်တဲ့ပိုက်ဆံတွေကို ဗဟိုဘဏ်ထဲမှာပဲ အလှကြည့်သိမ်းထားလို့မရဘူးလေ။ တိုင်းပြည်ရဲ့ စီးပွားရေးအထောက်အကူပြုဖို့ လူတွေလက်ထဲကို အဲဒီပိုက်ဆံတွေရောက်အောင် ဖြန့်ရမယ်။ ဘယ်လိုဖြန့်ရမလဲ။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို အတိုးမယူပဲ ငွေချေးပေးမယ်။ Zero_Interest ပေါ့။ ပုဂ္ဂလိကဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို အတိုးနဲနဲလေးပဲယူပြီး ငွေချေးပေးကြမယ်။ မကြာခင်ကပဲ Denmark နိုင်ငံနဲ့ Switzerland နိုင်ငံတွေက အစိုးရတွေဆိုရင် Negative_Interst (0.6%)နဲ့ ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးခဲ့ပါတယ်။ သဘောကတော ပုဂ္ဂလိကဘဏ်တွေက ငွေချေးရင် ဗဟိုဘဏ်ကချေးငွေရဲ့ အတိုး ၀.၆ ရာခိုင်နှုန်း နှစ်စဉ်ပြန်ပေးတယ်။

ဒီ QE (Quantitative_Easing) ကို နိုင်ငံတိုင်းမသုံးရဲကြပါဘူး အစိုးရအနေနဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို အဖက်ဖက်က တွက်ချက်ပြီးမှ လုပ်ရတယ်။ တွက်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင့် နိုင်ငံ့စီးပွားရေးတခုလုံးက မောက်ကမဖြစ်လာနိုင်တာမို့ အင်မတန်ကြီးမားတဲ့ Risk ယူရပါတယ်။ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျပြီး အလုပ်လက်မဲ့တွေထူပြောလာလို့ ဒီ QE ကို ၂၀၀၉ ခုနှစ်ကစပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဒီ QE အတွက် အမေရိကန်ဒေါ်လာ ဘယ်လောက်များများ ထုတ်ဝေပေးလိုက်သလဲဆိုတာ မသိချင်ဘူးလား။ ၂၀၀၉ခုနှစ်ကစလို့ ၆နှစ်ကာလအတွင်း အမေရိကန်အစိုးရဟာ US $3 Trillions။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃ထောင်ပါ။ ထုတ်လိုက်တာတွေက ငွေစက္ကူချည်းပဲ မဟုတ်ပါဘူး။ Digital_Money လဲ ပါပါတယ်။ Digital_Money ကိုတော့ ကြုံမှရှင်းပြပါမယ်။

ယနေ့အချိန်မှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေဖြစ်ကြတဲ့ တရုပ်၊ ရုရှားနဲ့ Europe နိုင်ငံတွေမှာ စီးပွားရေး အတော်လေးကျဆင်းနေကြပါတယ်။ အမေရိကန်နိုင်ငံဟာ QE ကြောင့် အခုစီးပွားရေးအတော်လေး တိုးတက်လာပါတယ်။ အလုပ်လက်မဲ့ဦးရေလဲ သိသိသာသာ ကျဆင်းသွားပါပြီ။ မကြာခင်ကပဲ အမေရိကန်အစိုးရက သူတို့ထုတ်ထားတဲ့ အမေရိကန်ဒေါ်လာငွေတွေကို မနက်ဖြန်ကနေ ပြန်လည်စတင်ပြီး သိမ်းယူတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ တချိန်ထဲမှာပဲ Europe နိုင်ငံတွေကလဲ မနက်ဖြန်ကစပြီး လာမဲ့(၁၈)လအတွင်း ယူရိုငွေ Euro ငွေပေါင်း 1.1Trillion ထုတ်ဝေတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ သူတို့လဲ အမေရိကန်ရဲ့ QE အောင်မြင်မှုကို အားကျပြီး လိုက်လုပ်ကြတော့မယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မကြာခင် ဒီ QE စကားလုံးဟာ ကမ္ဘာတလွှားမှာ popular ဖြစ် ရေပန်းစားလာတော့မှာမို့ သိထားသင့်တယ်ထင်လို့ ရေးပြလိုက်ပါတယ်။
မှတ်ချက်။ အမေရိကန်ဟာ သူရဲ့ဒေါ်လာတွေကို ပြန်သိမ်းယူတော့မှာမို့ ဈေးကွက်မှာ ဒေါ်လာတွေ နည်းသွားလိမ့်မယ်။ အကျိုးဆက်ကတော့ မကြာခင် အမေရိကန်ဒေါ်လာဈေး တက်လာနိုင်တယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

1 comment:

Post a Comment