‪‎ကမ္ဘာ့ရွှေဈေး (၅)နှစ်အတွင်း အနိမ့်ဆုံးသို့ထိုးကျသွားခြင်း

10:30 PM |


ဒီနေ့ထုတ်သတင်းစာတွေမှာ အောက်ပါသတင်းတပုဒ်ပါလာပါတယ်။ သတင်းအကျဉ်းကတော့

"မနေ့ကပဲ ကမ္ဘာ့ရွှေဈေးနူန်းဟာ ၅နှစ်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပါတယ်။ တနေ့ကို ရွှေတန်ချိန်ပေါင်းမြောက်များစွာ အရောင်းအဝယ်လုပ်ကြတဲ့ တရုပ်ပြည်က Shanghai_Gold_Exchange နဲ့ အမေရိကန်က New_York's_Comex နေရာတွေမှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ(၁,၁၃၂)ကနေ ဒေါ်လာ(၁,၀၈၉)ကို မိနစ်ပိုင်းအတွင်း ထိုးကျသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက မကြာခင်ကပဲ အမေရိကန်အစိုးရက ဒီနှစ်ကုန်မှာ ဘဏ်အတိုးနူန်းတွေမြှင့်တင်မယ်လို့ ကြေငြာလိုက်လို့ပါတဲ့"။

ဒီတော့ ရွှေဈေးနဲ့ အမေရိကန်က ဘဏ်တိုးနူန်းမြှင့်လိုက်တာနဲ့ ဘာဆိုင်လို့လဲ။ ဘယ်လိုဆက်စပ်လို့လဲ။

အမေရိကန်ဗဟိုဘဏ်က ဘာလို့အတိုးနူန်းမြှင့်တင်ရတာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ အဓိကအကြောင်းက ငွေကြေးဖေါင်းပွမှုနူန်း ကြီးထွားလာမှာစိုးလို့ပါ။ ငွေကြေးဖေါင်းပွတယ်ဆိုတာ နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ငွေတွေ အရမ်းများလာရင်ဖြစ်တယ်။ လည်ပတ်နေတဲ့ငွေတွေကို ထိန်းချုပ်ချင်လို့ပါ။

အခုဗဟိုဘဏ်က အတိုးနူန်းမြှင့်တင်လိုက်ပြီ။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အတိုးနူန်းကြီးကြီးနဲ့ ပိုက်ဆံချေးပေးတော့မယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီးပွားရေးသမားတွေနဲ့ လူတွေကို အတိုးနှုန်းမြင့်မြင့်နဲ့ ပြန်ချေးပေးရတော့မယ်။ အတိုးနှုန်းကြီးလာလို့ ဘဏ်ကငွေချေးသူတွေ လျော့နဲလာမယ်။ ဒီတော့လူတွေလက်ထဲမှာ ငွေနဲလာလိမ့်မယ်။ အကျိုးဆက်က ငွေကြေးဖေါင်းပွမှုလျော့ကျသွားမယ်။

ဒါပေမဲ့ တခြားမကောင်းတဲ့ အကျိုးဆက်တွေလဲဖြစ်လာပါမယ်။ စီးပွားရေးသမားတွေလက်ထဲမှာ ငွေနဲလာလို့ လုပ်ငန်းတွေ မတိုးချဲ့နိုင်တော့တဲ့အတွက် ကုမ္ပဏီတွေရဲ့စီးပွားရေးကျလာမယ်။ အမေရိကန်ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတန်ဖိုးထိုးကျလာမယ်။ အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးကျရင် အမေရိကန်စတော့ဈေးကွက်နဲ့ ချိပ်ဆက်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက စတော့ရှယ်ယာဈေးတွေ ကျလာတော့မယ်။ ဒါက စတော့ရှယ်ယာဈေးတွေ အပေါ်အကျိုးသက်ရောက်မှုပါ။

လူတွေလက်ထဲမှာ ပိုက်ဆံနဲလာလို့ အရင်လိုပစ္စည်းတွေ မဝယ်နိုင်ကြတော့ဘူး။ ရွှေဈေးကျတယ်ဆိုတာ လူတွေရွှေကို အရင်မဝယ်နိုင်ကြတော့ဘူး။ နောက်ပြီး အမေရိကန်လူတွေလက်ထဲမှာ အမေရိကန်ဒေါ်လာငွေတွေ နည်းလာလိမ့်မယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ ရှားပါးလာမှုကြောင့် ဒေါ်လာဈေးတက်ပါလိမ့်မယ်။ ဒါက အမေရိကန်ဒေါ်လာဈေးအပေါ် အကျိုးသက်ရောက်မှုပါ။

နောက်အရေးကြီးတဲ့ အကျိုးဆက်တခုရှိသေးတယ်။ အမေရိကန်လူထုဟာ တကမ္ဘာလုံးက ထုတ်တဲ့လူသုံးကုန်တွေ အီလက်ထရောနစ်ပစ္စည်းတွေ အများဆုံးဝယ်ယူနေတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးဖြစ်ပါတယ်။ အမေရိကန်တွေမှာ ပိုက်ဆံနဲလာလို့ နိုင်ငံတကာက ပစ္စည်းတွေ မဝယ်ကြတော့ဘူး။ ဒီတော့ နိုင်ငံတကာရဲ့ စီးပွားရေးတွေလဲ ထိခိုက်လာပါလိမ့်မယ်။

ဒီတော့ စီးပွားရေးအကွက်မြင်သူတွေဟာ ဘာလုပ်ကြမလဲ။ Forex_Trading လုပ်တဲ့လူတွေဟာ ဈေးတက်လာတော့မဲ့ အမေရိကန်ဒေါ်လာတွေ အခုကတဲကဝယ်ထားကြတော့မယ်။ စတော့ရှယ်ယာသမားတွေက စတော့ရှယ်ယာတွေ ဈေးကျတော့မယ်ဆိုတာ ကြိုသိနေကြလို့ ဝယ်ထားတဲ့ ရှယ်ယာတွေအပြိုင်ထုတ်ရောင်းကြမယ်။ ရှယ်ယာဈေးတွေ ထပ်ကျလာမယ်။ စီးပွားရေးသမားတွေ ပို့ကုန်တင်ပို့သူတွေဟာ စီးပွားရေးအထိမနာအောင် ပြင်ဆင်ထားကြရတော့မယ်။

အဲဒီလို ဘဏ်အတိုးနူန်းမြင့်လာလိုက်တာလေး တခုကြောင့် စီးပွားရေးလောကမှာ ဘယ်လို ဂယက်ရိုက်ခတ်လာမယ်။ ဘာတွေဖြစ်လာမယ်ဆိုတာ သိနေသူတွေဟာ သူများတကာထက် စီးပွားရေးခြေတလှမ်း သာနေပါလိမ့်မယ်။

‪နောက်ဆက်တွဲမှတ်ချက်
စတော့ဈေးဆက်ကျနေရင် ရွှေ၊ အိမ်ခြံမြေဈေး ပြန်တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ။ လူတွေဟာ ဈေးကျလာတဲ့ စတော့တွေမဝယ်တော့ပဲ ရွှေ အိမ်မြေတွေဖက်လှည့်ပြီး ရင်းနှီးကြမှာလို့ ရွှေ အိမ်မြေဈေးတွေ ပြန်တက်လာနိုင်ပါတယ်။ ဒါကလဲ ဒေါ်လာဈေးကျမှ လူတွေဝယ်နိင်မှာပါ။

အားလုံးဟာ တခုနဲ့တခု ဆက်စပ်နေတယ်ဆိုတာ သိစေချင်လို့ရေးပြတာပါ။
အခုရေးတာ (အထူးသဖြင့် မြန်မာနိုင်ငံအတွက်) အားလုံးမှန်မယ်လို့ မယူဆစေချင်ပါ။ ဖြစ်နိုင်ခြေတွေကို သုံးသပ်ပြတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

1 comment:

Post a Comment