(ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်)
လာမည့်လအနည်းငယ်အတွင်း မြန်မာပြည်၌ စတော့အိတ်ချိန်းကစတင် အသက်ဝင်တော့မည်ဖြစ်သည်။ ယင်းရန်ကုန်စတော့အိတ်ချိန်း (YSX)ကို အောင်မြင်နိုင်ခြေမရှိ၊ ဟန်ပြသက်သက်သာဖြစ်မည်ဟု ဝေဖန်နေသူများရှိသလို မြန်မာပြည်၏ စီးပွားရေးအလားအလာကောင်းကြောင့် အကောင်းမြင်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်စတော့အိတ်ချိန်းအလားအလာအချို့နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် ThuraSwiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မင်္ဂလာပါ ကိုအောင်သူရရေ။ မကြာသေးခင်ကဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စတော့အိတ်ချိန်းစဖို့အတွက်ပြင်ဆင်မှုက ရာခိုင်နှုန်း ၆၀-၇၀ လောက်ပြီးသွားပြီလို့ ပြောပါတယ်။ လာမယ့်အောက်တိုဘာမှာစမယ်၊ အချိန်ကသိပ်မလိုတော့ဘူးဆိုတော့ လက်ရှိပြင်ဆင်ပြီးသား အနေအထားကိုသုံးသပ်ကြည့်ရင် လာမယ့်အောက်တိုဘာမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ စနိုင်ပါ့မလား။
ဒါကတော့ သိပ်တော့မပြောတတ်ဘူး။ နှစ်ဖက်ရှိတာဆိုတော့ စတော့အိတ်ချိန်းအတွက်ဥပဒေ၊ နည်းဥပဒေက အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ စတော့အိတ်ချိန်းဘက်က ကျန်တယ်။ စတော့အိတ်ချိန်းဘက်က အဆောက်အအုံကိုတော့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ ပြီးမှ IT System တွေ ဘာတွေ အကုန်လုံး Install လုပ်ရမယ်။ Setup လုပ်ရမယ်။ အဲဒီအပိုင်းတော့ ဂျပန်တွေနဲ့ လုပ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် အစ်ကိုတို့လည်း သိပ်မသိလှဘူး။ ဟို တစ်လောက ICTအတွက် တင်ဒါခေါ်ထားတယ်။ အဲဒီဟာတွေက ဘယ်လောက်မြန်မလဲဆိုတော့ အစ်ကိုတို့လည်း မပြောတတ်ဘူး။ နောက်တစ်ပိုင်းကတော့ Securities ကုမ္ပဏီဘက်က ရှိမယ်။ လိုင်စင်တွေဘာတွေ ချပေးပြီးရင် လုပ်ရမယ့်ကိစ္စ နှစ်ခုရှိတယ်။ တစ်ခုက IT Infrastructure ကို ပြင်ဆင်ရမယ်။ စတော့အိတ်ချိန်းနဲ့ သူတို့ ချိတ်ရမယ်။ ဒုတိယအပိုင်းကတော့ ၀န်ထမ်းတွေခန့်ရမယ်။ Training ပေးရမယ်။ ဒါကအချိန်ကတော့ တော်တော်ကပ်နေပြီ။ ဖိဖိစီးစီး လိုင်စင်ချပြီးခါစ လုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့။ အစပိုင်းမှာ ဒီစတော့အိတ်ချိန်းက Business ကလည်း များဦးမှာမဟုတ်သေးဘူးလို့ ထင်ပါတယ်။ Listed ကုမ္ပဏီဆိုရင်လည်း များဦးမှာ မဟုတ်သေးဘူး။ လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ စလုပ်နိုင်ပြီးရင် Step by Step တွေ အကုန်လုံးကို ပိုပြီးကောင်းအောင် လုပ်သွားလို့ ရပါတယ်။
ကျွန်တော်တို့ သိရသလောက်တော့ Listing လုပ်ဖို့ MAPCO နဲ့ AGD ကတော့ နာမည်ထွက်နေတယ်။ အစ်ကိုတို့ ကြားမိသလောက် ဘယ်ကုမ္ပဏီတွေ ဖြစ်နိုင်သေးလဲ။ စတဲ့အချိန်မှာ ဘယ်နှခုလောက် Operate လုပ်ဖြစ်မယ်ထင်လဲ။ Securities ကုမ္ပဏီအနေနဲ့ဆိုရင်ကော ဘယ်နှခုလောက်ရှိမှ စတော့မားကက်အတွက် Effective ဖြစ်နိုင်မလဲ။
ပြောဖို့ကတော့ ခက်ပါတယ်။ AGD တို့၊ MAPCO တို့ ဆိုတာကတော့ လူတွေ ပြောနေကြတာပေါ့။ ဒါပေမဲ့ ဘယ်ဟာမှတော့ Confirm မဖြစ်ထားပါဘူး။ သိသလောက်ကတော့ FMI လည်း ကြိုးစားနေတယ်။ ဒါလည်း ဘယ်လောက်အထိ ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ်လည်း Process ထဲမှ ပါထားတာ မဟုတ်ဘူးလေ။ အစပိုင်းမှာတော့ ကုမ္ပဏီတစ်ခုနဲ့ပဲစစ၊ ငါးခုနဲ့ပဲစစ စဖို့ အရေးကြီးတယ်။ ကုမ္ပဏီနည်းနည်းနဲ့ပဲ စလို့ မအောင်မြင်ဘူးလို့ ပြောလို့မရဘူး။ အစပိုင်းကတော့ အစမ်းသပ်ခံကာလလို့ ပြောလို့ရပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခု တိုးလာမှာပဲ။ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီဘယ်နှစ်ခုရှိရမယ်ဆိုတာ အရေးမကြီးဘူး။ Infrastructure အဆင်သင့်ဖြစ်ဖို့ အရေးကြီးတယ်။ ထားလိုက်ပါတော့ ကုမ္ပဏီတစ်ခုနဲ့ စပြီးတော့ နောက်နှစ်လနေပြီးတော့မှ ကုမ္ပဏီတစ်ခု တိုးလာတယ်။ နောက်သုံးလေးလနေမှ နှစ်ခု၊ သုံးခု တိုးလာတယ်ဆိုလည်း အဆင်ပြေတယ်။ ဗီယက်နမ်မှာဆိုရင် ၂၀၀၀-၂၀၀၆ ကာလတုန်းက OTC (Over The Counter Market) နဲ့ စခဲ့တာ။ စတော့အိတ်ချိန်းနဲ့ စခဲ့တာမဟုတ်ဘူး။ OTC ဈေးကွက်မှာလည်း သူတို့ သုညနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ရောက်တော့ သုံးရာကျော်သွားပြီ။ စတာတော့ သုည နဲ့ စမှာပဲ။ အဲဒီတော့ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီငါးခုရှိမှ အောင်မြင်တယ်၊ ဆယ်ခုရှိမှ အောင်မြင်တယ်လို့ ပြောလို့ မရဘူး။ အများကြီးနဲ့ စပြီးမှ နောက်ပိုင်း System မနိုင်လို့၊ ဒါမှမဟုတ် မကျွမ်းကျင်လို့ Crash ဖြစ်သွားတာနဲ့စာရင် နည်းနည်းလေးနဲ့ပဲ စပြီးတော့ နိုင်နိုင်နင်းနင်းတိုးသွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။
Securities ကုမ္ပဏီကတော့ ဘယ်နှခုလောက်ဆိုရင် ဒီဈေးကွက် အတွက် Effective ဖြစ်မလဲ။
အစပိုင်းမှာ Listed ကုမ္ပဏီက မများဘူးဆိုတော့ Securities ကုမ္ပဏီကလည်း အများကြီးမလိုဘူး။ ပထမနှစ်နှစ်လောက်က ကုမ္ပဏီဘယ်နှခုချပေးမလဲ မသိဘူး။ များများချပေးရင်လည်း ပထမနှစ်နှစ်လောက်က မမြတ်နိုင်သေးဘူး။ ပထမနှစ်နှစ်၊ သုံးနှစ်လောက်က Investment Period လို့ပဲ ကြည့်ရမှာပဲ။ ၀င်ငွေမရသေးပေမဲ့ ၀န်ထမ်းလစာတွေပေးရမယ်၊ ကုန်ကျစရိတ်တွေရှိမယ်ဆိုတဲ့အတွက် အဲဒီအချိန်အတွင်းမှာရှုံးဖို့ များတယ်။ ပြီးတော့မှ Listed ကုမ္ပဏီတွေလည်း များလာပြီး Investorတွေ ပိုရှာတွေ့တယ်ဆိုမှ အမြတ်တွေဘာတွေ ဖြစ်ချင်ဖြစ်လာမယ်။ Securities ကုမ္ပဏီတွေက အစပိုင်းမှာ သူတို့အနေနဲ့ Investment Period လို့ ယူဆရမှာပါ။
ခုနကပြောသွားတဲ့အထဲမှာ ဗီယက်နမ်က ပထမငါးနှစ်လောက်မှာ OTC နဲ့ စခဲ့တယ်။ ကျွန်တော်တို့နဲ့ ဖွံ့ဖြိုးမှုချင်းနီးစပ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားမှာဆိုရင် ကုမ္ပဏီနှစ်ခုသုံးခုလောက်နဲ့ပဲ တော်တော်လေး ဈေးကွက်အေးနေတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ဆီမှာကော စစချင်းမှာ စတော့ဈေးကွက်ကငြိမ်နေပြီး OTC ကပဲ အားကောင်းတာမျိုး ဖြစ်လာနိုင်လား။
ဒါကလည်း အစိုးရရဲ့ Incentive (မက်လုံး) ပေါ် မူတည်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုက စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ယှဉ်လို့မရဘူး။ အဲဒီတော့ မြန်မာနိုင်ငံက ယှဉ်မယ်ဆိုရင် ဗီယက်နမ်နဲ့ပဲ ပိုယှဉ်လို့ ရမယ်ထင်တယ်။ အရေးကြီးတာက ဗီယက်နမ်မှာတော့ လက်ရှိ ငါးရာလောက်ရှိတယ် ထင်တယ်။ ဗီယက်နမ်ဘက်မှာ အစပိုင်းမှာ Listed ကုမ္ပဏီက ဘယ်ကလာလဲဆိုတော့ State Owned Enterprise တွေဆီက လာတယ်။ State Owned (အစိုးရပိုင်) ကုမ္ပဏီတွေကို Public ပြောင်းပြီးတော့ Listing လုပ်လိုက်တယ်။ မြန်မာပြည်မှာက State Owned တွေဆီကတော့ သိပ်လာမယ်မထင်ဘူး။ လက်ရှိ Public ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းကို တင်ဖို့ သိပ်အဆင်မပြေလှဘူး။ နှစ်ရာလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ Public ကုမ္ပဏီ တော်တော်များများက လုပ်ငန်း စလုပ်ခါစလေးတွေ၊ ဒါမှမဟုတ် သေးသေးလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာစခဲ့တဲ့ ကုမ္ပဏီတွေ များတယ်။ ကျွန်တော့်အမြင်မှာတော့ စတော့အိတ်ချိန်းမှာ Listing လုပ်တဲ့ ကုမ္ပဏီတွေက Private Sector က လာမယ်ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေက Public ကုမ္ပဏီတွေ အဖြစ်ပြောင်းပြီး Listing လုပ်တာ အားသာချက်တစ်ခုတွေ့တယ်ဆိုရင် သူတို့ လုပ်လိမ့်မယ်လို့ ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေဆိုတာ များသောအားဖြင့် သူဌေးတစ်ဦးတည်းပိုင်တဲ့၊ ဒါမှမဟုတ် အများအားဖြင့် သူဌေးတစ်ဦးစီ Control လုပ်နေတဲ့ ကုမ္ပဏီတွေပဲလေ။ သူတို့အနေနဲ့ ဘာကိုစဉ်းစားမလဲဆိုတော့ Listing လုပ်ရင် သူတို့အတွက် ဘာဖြစ်သွားမလဲ။ Cost တွေ ပိုများသွားမယ်၊ Transparency ပိုလုပ်ရမယ်၊ ပိုခက်မယ်၊ ခါတိုင်း သူတို့ တစ်ယောက်တည်း ဆုံးဖြတ်နေကျကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့ဘူး။
ဘာလို့လဲဆိုတော့ Shareholder တွေ ထပ်ဝင်လာရင် နဂိုပိုင်ရှင်က Majority ကိုင်ထားရင်တောင် ဒီအကြောင်းကြောင့် ဒီလိုမျိုး Decision လုပ်ခဲ့တယ်ဆိုတာကို တင်ပြရတော့မယ်။ သူတို့အတွက်က Mentality ပြောင်းဖို့ ပိုလိုလာမယ်။ Accounting တွေဘာတွေကအစ Transparency ရှိဖို့ ပိုလိုလာမယ်။ အားနည်းချက်က အဲဒါတွေရှိတယ်ဆိုတော့ သူတို့အတွက် အားသာချက်က ဘာတွေရှိမလဲစဉ်းစားမယ်။ ဒီအားသာချက်က ပိုများနေရင်သူတို့ Listing လုပ်ဖို့ စိတ်ဝင်စားမယ်။ အားသာချက်က ဘာဖြစ်နိုင်လဲဆိုတော့ အဓိကက သူတို့ လုပ်ငန်းတွေ တိုးချဲ့ချင်တယ်၊ နိုင်ငံခြား ကုမ္ပဏီဝင်လာပြီး အပြိုင်အဆိုင်များလာရင် သူတို့ရဲ့ Capital နဲ့ မလုံလောက်တော့ဘူး။ သူတို့အနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ ပိုက်ဆံရှာနေပြီဆိုရင် ဘဏ်တွေဆီက သွားချေးဖို့ အဆင်မပြေဘူးဆိုရင် Investor ထပ်ရှာနိုင်မှ သူတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့လို့ရမယ်။ သူတို့အနေနဲ့ အစက ၁၀၀ရာခိုင်နှုန်းပိုင်နေတဲ့ အနေအထားကနေ နောက်ပိုင်း ၅၁ရာခိုင်နှုန်းလောက်ပဲ ပိုင်ချင်ပိုင်တော့မယ်။ ဒါပေမဲ့ အဲဒီ ၅၁ ရာခိုင်နှုန်းပဲ ပိုင်တဲ့ကုမ္ပဏီက အရမ်းပိုအောင်မြင်တဲ့၊ ပိုပြီးကြီးတဲ့ ကုမ္ပဏီဖြစ်နိုင်တယ်။
ငွေကြေးပမာဏအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီကြီးရဲ့ ၅၁ ရာခိုင်နှုန်းက ကုမ္ပဏီအသေးရဲ့ ၁၀၀ ရာခိုင်နှုန်းထက် ပိုများနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့ သူတို့နဲ့ Partner လုပ်မယ်ဆိုရင်လည်း Position ပိုကောင်းတယ်။ Competition ဆိုရင်လည်း ကိုယ့်ကုမ္ပဏီက ပိုပြီးတော့ ယှဉ်နိုင်တယ်။ အခုလူတွေ တော်တော်များက ဘာတွေ့ကြလဲဆိုတော့ Mr. Serge Pun တို့ အုပ်စုဆိုရင် YOMA Strategic ရှိတယ်။ သူက မြန်မာပြည်မှာ Listing လုပ်ထားတာတော့မဟုတ်ပါဘူး။ စင်ကာပူမှာ Listing လုပ်ထားတာ။ ဒါပေမဲ့ အဲဒီလို Listing လုပ်ထားတဲ့အတွက် သူတို့ အုပ်စုက စိတ်ချရတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။ Image ပို ကောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Listing လုပ်ဖို့ဆိုတာက Criteria တွေကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်မှ Listing လုပ်ခွင့်ပေးတာကိုး။ ပြီးတော့ စတော့အိတ်ချိန်းကလည်း တောက်လျောက် စောင့်ကြည့်နေတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဥပမာ- KFC တို့၊ ဒါမှမဟုတ်လည်း ကုမ္ပဏီအကြီးကြီးတစ်ခုက မြန်မာပြည်ကိုဝင်လာရင် ဘယ်သူနဲ့ Partner လုပ်မလဲ သူတို့ စဉ်းစားတော့မယ်။ ဒီကုမ္ပဏီက Listed ကုမ္ပဏီတစ်ခုဖြစ်နေတယ်ဆိုရင် စတော့အိတ်ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် အဲဒီ Listed ကုမ္ပဏီတစ်ခုနဲ့ သူတို့တွဲလုပ်ဖို့ သူတို့ ပိုလွယ်တယ်။ Private ကုမ္ပဏီတစ်ခုကျတော့ သူတို့ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ သူတို့အကြောင်းကို ဘာမှမသိဘူး။ Transparent မဖြစ်ဘူးဆိုရင် အရွယ်အစားချင်း တူရင်တောင် Listed ကုမ္ပဏီနဲ့ပဲ တွဲလုပ်လိမ့်မယ်။ အဲဒီတော့ မြန်မာပြည်ကလည်း နောက်ငါးနှစ်၊ ဆယ်နှစ်မှာ လုပ်ငန်းတွေ ပိုတိုးချဲ့လာမယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လည်း တော်တော်လေးဆိုင်တယ်။ န်ုင်ငံခြားရင်းနှီးမြှုပ်နှံသူနဲ့ တွဲလုပ်နိုင်တဲ့ ကုမ္ပဏီကလည်း ပိုပြီးတော့ အောင်မြင်နိုင်မယ်။ အဲဒီတော့ တချို့ကုမ္ပဏီတွေက Listing လုပ်ထားတယ်ဆိုရင်၊ စတော့အိတ် ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် Listing လုပ်လိုက်တယ်ဆိုရင် အားသာချက်တစ်ခု ဖြစ်သွားတယ်။ Listing မလုပ်တဲ့ ကုမ္ပဏီတွေကတော့ ပြတ်ကျန်သွားမယ်။ အဲဒီမှာ Competition ပေါ်လာတယ်။ တချို့တွေ ပိုအောင်မြင်သွားတယ်။ တချို့တွေက သူတို့ မပြောင်းတဲ့အတွက် မအောင်မြင်ဘူးဆိုရင် အဲဒီဘက်မှာ Pressure ဖြစ်ပြီးတော့ Listing လုပ်ဖို့ တော်တော်များများ စိတ်ဝင်စားလာလိမ့်မယ်။
ကိုအောင်သူရတို့ Thura Swiss အနေနဲ့ OTC မားကက်ကို စိတ်ဝင်စားတယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ သိပါရစေ။
OTC မားကက်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ထားသလဲဆိုတော့ ဆော့ဖ်ဝဲကိုရေးထားတာ အိုင်တီပလက်ဖောင်းအနေနဲ့ ပြင်ဆင်ထားတာ။ နောက်ပိုင်း OTC မားကက်တွေ ဘာတွေလုပ်လို့ရမယ့် အချိန်ကျရင် အိုင်တီပလက်ဖောင်းရှိတယ်။ အရောင်းအ၀ယ်တွေလုပ်လို့ရအောင် ပလက်ဖောင်းတစ်ခု ပြင်ဆင်ထားတဲ့သဘောပါပဲ။ စိတ်ဝင်စားတာကတော့ Securities လုပ်ငန်းကို ဘယ်အပိုင်းမဆို စိတ်ဝင်စားပါတယ်။
ဒါတော့ ဘယ်အပိုင်းမှာလုပ်ခွင့်ရမယ်၊ မရဘူးဆိုတာကိုလည်း မသိသေးပါဘူး။ အစိုးရကလည်း လိုင်စင်တွေ ဘယ်လိုချပေးမယ်ဆိုတာကိုလည်း အတိအကျမသိသေးတဲ့အတွက် ဘယ်အပိုင်းမှာ ပါလို့ရတယ်၊ မရဘူးဆိုတာတော့ ကိုယ်လည်းပြောလို့ မရသေးဘူးပေါ့။ အစ်ကိုတို့အနေနဲ့ကတော့ Securities Market ကို တစ်နည်းမဟုတ်တစ်နည်းတော့ ပါချင်တယ်။ Contribute လုပ်ချင်တယ်။ ဘယ်လိုလုပ်လို့ရမလဲဆိုတာတော့ နောက်ပိုင်း ပိုပြီးရှင်းလာတဲ့အချိန်ကျမှ သတ်မှတ်လို့ရမှာပေါ့။
စတော့ဈေးကွက်မှာရှိတဲ့ စိန်ခေါ်မှု တော်တော်များများထဲက တစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူ မြန်မာပြည်မှာက စတော့မားကက်ဆိုတာက အခုမှ ပြန်လုပ်ကြတာ။ အဆက်ပြတ်နေတာကြာပြီဆိုတော့ လူ့စွမ်းအားအရင်းမြစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကိုပဲ အဓိကသုံးလာနိုင်လား၊ ဒါမှမဟုတ် ပြည်တွင်းကပဲ လုံလုံလောက်လောက်ရနိုင်မလား။
Securities ကုမ္ပဏီတစ်ခုအနေနဲ့က Division တွေ အမျိုးမျိုးရှိတယ်။ တစ်ခုက Investment Banking Division ရှိမယ်။ Investment Banking Division က ဘာလုပ်မလဲဆိုရင် ကုမ္ပဏီတစ်ခု ငွေရှာနေတယ်ဆိုရင် သူတို့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့၊ ဒါမှမဟုတ် Bond တွေကို ထုတ်ရောင်းဖို့ အကြံပေးတယ်။ အကြံပေးရုံတင် မဟုတ်ဘူး။ ရှယ်ယာတွေ၊ ဒါမှမဟုတ် Bond တွေထုတ်ရောင်းတဲ့ Process တစ်ခုလုံးကို ၀န်ဆောင်မှုပေးတယ်။ Valuation လုပ်ပေးတယ်။ ရှယ်ယာတွေ ထုတ်ရောင်းတဲ့အထိ အကုန်လုံး လုပ်သွားတယ်။ ပြီးရင် Underwriting ကအစ သူတို့ လုပ်နိုင်တယ်။ Underwriting ဆိုတာ အာမခံပြီးတော့ မရောင်းရတဲ့ရှယ်ယာတွေကို သူတို့ ကိုယ်တိုင်ဝယ်တယ်။ အဲဒီ Division ကတော့ ပညာတော်တော်လိုတယ်။ အဲဒါကို ဆုံးဖြတ်နိုင်ဖို့၊ ဝေဖန်နိုင်ဖို့ ကုမ္ပဏီတစ်ခုကို တန်ဖိုးဖြတ်နိုင်ဖို့ မြန်မာတော်တော်များများက သိပ်မရှိသေးဘူး။ အဲဒီနေရာမှာ ဦးဆောင်မယ့်သူတွေကတော့ အစပိုင်းမှာအတွေ့အကြုံရှိတဲ့ Investment၊ Banking မှာ လုပ်ဖူးတဲ့သူတွေ လိုတယ်။ ဒီ Capacity မြန်မာပြည်မှာ သိပ်မရှိသေးဘူး။ ဒါပေမဲ့ အဲဒီမှာဝင်လုပ်တဲ့ တခြားသူတွေကတော့၊ ဥပမာ Accounting ကို ကျွမ်းကျင်တဲ့ မြန်မာတွေ၊ အင်္ဂလိပ်လိုလည်း ကျွမ်းကျင်ရမယ်။ Business အမြော်အမြင်ရှိတဲ့သူမျိုး ဖြစ်နိုင်တယ်။ သူတို့က ဒီ Process တွေ နားလည်အောင် ငါးနှစ်၊ ဆယ်နှစ်လောက်တော့ သင်ရလိမ့်မယ်။ Investment Banking Division မှာ အစပိုင်းတော့ နိုင်ငံခြားအကူအညီ လိုလိမ့်မယ်။
နောက်တစ်ခုက Sales & Trading Division ရှိတယ်။ Brokerage တို့၊ အရောင်းအ၀ယ်လုပ်တာတို့၊ ရှိပြီးသား ရှယ်ယာတွေ အရောင်းအ၀ယ်လုပ်တဲ့ အပိုင်းတွေပေါ့။ အဲဒီ Division ကတော့ နိုင်ငံခြားသားတွေက အတိုင်းအတာတစ်ခုထိပဲ လိုအပ်တယ်။ Broker တွေဆိုတာ Client Relationship ကို တည်ဆောက်ရမှာ။ အဲဒါတွေကျတော့ မြန်မာတွေက လုပ်တတ်တယ်။ နိုင်ငံခြားသားဆိုရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။ Local ပညာတတ်တွေ လိုမယ်။ Customer တွေနဲ့ ဆွေးနွေးနိုင်ရမယ်။ Customer တွေကို ရှင်းပြနိုင်ရမယ်။ ဘယ်ရှယ်ယာတွေကို ဘာကြောင့် ၀ယ်သင့်တယ်။ ဘာကြောင့် ရောင်းသင့်တယ်။ သူတို့ကိုယ်တိုင် Knowledge က Research တွေ ဘာတွေ လုပ်တဲ့အဆင့်ထိ မဟုတ်ဘူး။ ရှိပြီးသား Research တွေကို ဖတ်ပြီးတော့ Client တွေကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ဆိုရင် ရတယ်။ ဒါက Local တွေနဲ့ ဆိုင်တယ်။
တတိယ Division က ဘာလဲဆိုတော့ Research Division ဆိုတာ ရှိတယ်။ Research Division က ဈေးကွက်ကြီး တစ်ခုလုံးရော ကုမ္ပဏီတစ်ခုရဲ့ အခြေအနေကိုပါ လေ့လာတယ်။ Report တွေဖတ်မယ်၊ သတင်းစာတွေ ဖတ်မယ်၊ Annual General Meeting တွေ သွားမယ်။ Management နဲ့ ဆွေးနွေးမယ်။ အဲဒါတွေကို အခြေခံပြီးတော့ Independent Report တွေ ရေးရမယ်။ Independent ဆိုတာ အဲဒီကုမ္ပဏီဘက်က အားနာပြီးတော့ လိုက်မရေးရဘူး။ သူတို့ အမြင်အရ ဒီကုမ္ပဏီဆီက ရှယ်ယာဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူးဆိုတာကို ရေးရတယ်။ သူတို့ကလည်း Independent ဆိုတာကလည်း Broker တွေဆီကနေ Independent ဖြစ်ရမယ်။ Broker တွေက ဒီကုမ္ပဏီတွေကို ၀ယ်စေချင်လို့ Report တွေကို ဒီလိုရေးပေးပါဆိုရင် ရေးပေးလို့ မရဘူး။ အဲဒီဝန်ထမ်းတွေက Broker တွေနဲ့ သတ်သတ်ခွဲထားရမယ်။ Research လုပ်မယ့်ဝန်ထမ်းတွေကျတော့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံဆိုတာက ကုမ္ပဏီကို တန်ဖိုးဖြတ်နိုင်ရမယ်။ Report တွေ ရေးတတ်ရမယ်။ အဲဒါတွေက Research အပိုင်းမှာ အတွေ့အကြုံလိုတယ်။ အဲဒါကျတော့ နိုင်ငံခြားသားအကူအညီ လိုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားအကူအညီနဲ့လည်း မပြီးနိုင်ဘူး။ Local လည်း လိုအပ်တယ်။ နိုင်ငံခြားသားက နည်းပညာတွေနဲ့ Valuation Method တွေသိမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ Mangement နဲ့ သွားတွေ့ဖို့၊ ဒါမှမဟုတ် Financial Statement တွေ ဖတ်ဖို့ တချို့က မြန်မာလို ရေးထားတယ်။ Financial Statement ကို မြန်မာပြည်မှာ ဘယ်လိုရေးတယ်ဆိုတာ နားလည်ဖို့ လိုလည်းလိုတယ်။ နိုင်ငံခြားသားကျတော့ သိချင်မှသိမယ်။ အဲဒီနေရာကျတော့ နိုင်ငံခြားသားနဲ့ တွဲလုပ်ဖို့ လိုတယ်။ ဒါကတော့ Knowledge ပိုလိုတယ်။ အဲဒီ Report ကို အခြေခံပြီးတော့မှ Broker က အဲဒါကိုဖတ်ပြီးတော့ ဘယ်ရှယ်ယာကို ၀ယ်သင့်တယ်၊ ဘယ်ရှယ်ယာကို ရောင်းသင့်တယ်ဆိုတာကို အကြံပေးတယ်။ အဲဒီတော့ Division တစ်ခုနဲ့ တစ်ခုမတူဘူး။ Investment Banking Division မှာ နိုင်ငံခြားသားအကူအညီ တော်တော်လေးလိုမယ်။ အဲဒါက Underwriting နဲ့ ဆိုင်တဲ့ Business ပေါ့။ Brokerage Business ကျတော့ တော်တော်လေး Local နဲ့ ဖြစ်နိုင်တဲ့မားကက်၊ Research မားကက်ကျတော့နိုင်ငံခြားသားရော၊ ပြည်တွင်းပါ လိုမယ်။
လက်ရှိ ကျွန်တော်တို့ လေ့လာမိသလောက်တော့ ပြည်တွင်းမှာ တခြား Sector တွေထက် Banking Sector က စတော့အိတ်ချိန်းမှာဝင်ပြီး Listing လုပ်ဖို့ ပိုပြီးများ စိတ်ဝင်စားနေသလားလို့။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း စပြီး Boom ဖြစ်လာတဲ့ Sector တွေလည်း အများကြီး ရှိပါတယ်။ ဥပမာ- IT Sector တွေလိုမျိုးပေါ့။ အဲဒီတော့ အစ်ကို့ရဲ့အမြင်အရနောက်ပိုင်းကျရင် စတော့ဈေးကွက်၊ OTC ဈေးကွက်တွေမှာ ဘယ် Sector တွေက ကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းမိလဲ။
ဘဏ်တွေက ဘာကြောင့်စိတ်ဝင်စားလဲဆိုရင် ဗဟိုဘဏ်က အမြဲစောင့်ကြည့်နေတော့ သူတို့ရဲ့ Accounting Standard က တခြား Sector တွေနဲ့ ယှဉ်ရင် ပိုပြီး Clean ဖြစ်နေပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ စတော့အိတ်ချိန်းကိုတင်မယ်ဆိုရင် မခက်တော့ဘူး။ အကုန်လုံးက ပြင်ဆင်ပြီးသားလို ဖြစ်နေတယ်။ ကျန်တဲ့ ကုမ္ပဏီကျတော့ တချို့က အရင်တုန်းက အခွန်မဆောင်တာတွေ၊ စာရင်းတွေ နှစ်မျိုးကိုင်တာတွေရှိတဲ့အတွက် စတော့အိတ်ချိန်းကို လက်ရှိ တင်ချင်တယ်ဆိုရင်တောင် မလွယ်ဘူး။ သူတိုရဲ့ Standard တွေကိုပြန်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲဒီကုမ္ပဏီတွေ တော်တော်များများက အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ဆီက သိပ်မကြားရဘူး။
နောက်ဆုံးမေးချင်တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရင်းနှီးမြှုပ်နှံမှုအား အရမ်းကောင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်က အခုလက်တလောတော့ အနည်းငယ် အေးနေတာ တွေ့ရပါတယ်။ ပြီးတော့ ကားဈေးကွက်တို့ ဘာတို့ဆိုရင်လည်း အခြေအနေ သိပ်မကောင်းလှဘူး။ အဲဒီတော့ စတော့ဈေးကွက် ပေါ်လာတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံမှုအရွေ့က ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ အိမ်ခြံမြေ၊ ကား၊ ဘဏ်၊ စတော့ရှယ်ယာစတာတွေထဲမှာ လူတွေပိုရင်းနှီးမြှုပ်နှံမယ့်ဈေးကွက်ပေါ့။
ဒါကတော့ စတော့ဈေးကွက်လည်း Investment တစ်မျိုး ဖြစ်သွားမှာပဲ။ အိမ်ခြံမြေဈေးကွက်က တစ်ခုရှိတယ်။ Foreign Exchange ရှိတယ်။ Commodity အရောင်းအ၀ယ်လုပ်တာလည်းရှိမယ်။ အဲဒီအတိုင်းပဲ စတော့အိတ်ချိန်းပေါ်လာမယ်ဆိုရင်လည်း ဒီရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံမှုတစ်မျိုး ဖြစ်လာမှာပဲ။ အိမ်ခြံမြေဈေးကွက်မှာဆိုရင် တချို့တွေက ပိုက်ဆံတွေ ပိုနေပြီးတော့၊ ဒါမှမဟုတ် ငွေမည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ အဲဒီမှာ သွားဝယ်ပြီး လုပ်ကြတာရှိတယ်။ အခုလောလောဆယ် ရှိနေတဲ့ပုံစံက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်မယ်ဆိုရင် ငွေဖြူဖြစ်သွားတယ်။ ခြံကို ပြန်ရောင်းလိုက်ရင်လည်း ငွေဖြူ ဖြစ်သွားတယ်။ စတော့အိတ်ချိန်းမှာလည်း အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်။ အန္တရာယ် ရှိတယ်။ စတော့အိတ်ချိန်းမှာလည်း ငွေမည်း ရှိတယ်။ ငွေမည်းကို ရှယ်ယာဝယ်လိုက်တယ်။ ပြန်ရောင်းလိုက်ရင် ထွက်လာတဲ့ပိုက်ဆံက ငွေဖြူဖြစ်ရင် လူတွေက စတော့အိတ်ချိန်းမှာ ရင်းနှီးတာက ငွေဖြူဖော်ဖို့ ဖြစ်သွားနိုင်တယ်။ ငွေဖြူဖော်ဖို့အတွက်ပဲ ရင်းနှီးတယ်ဆိုရင် ရေရှည်မှာ အလားအလာ မကောင်းနိုင်ဘူး။ ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်တွေက ကုမ္ပဏီတွေနဲ့ မဆိုင်တော့ဘူး။ ငွေဖြူဖော်ချင်ရင် ရှယ်ယာဝယ်လိုက်တဲ့ အချိန်မှာ စတော့ဈေးကွက်က အရမ်း ထိုးတက်သွားရော။ အထူးသဖြင့် ကုမ္ပဏီသိပ်မများတဲ့အချိန်မှာ ဖြစ်နိုင်တယ်။ ထိုးတက်တာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ ဘာမှမဆိုင်ဘဲ ထိုးတက်သွားတာ။ ပြီးမှ ငွေဖြူပေါ်ပြီဆိုပြီး ပြန်ရောင်းထုတ်တဲ့အချိန်မှာ ထိုးကျသွားရော။ တချို့ဟာတွေကျတော့ Seasonal (အချိန်ရာသီအလိုက်) ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် စတော့ဈေးကွက်ကြီး ထိုးတက်၊ ထိုးကျတာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ မဆိုင်ဘဲနဲ့ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် ရေရှည်မှာ မကောင်းဘူး။ အိမ်ခြံမြေဈေးကွက်လည်း အဲဒီအတိုင်းဖြစ်နေတာ။ တကယ်တော့ မကောင်းဘူး။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ ရေရှည်မှာ စီးပွားရေးတစ်ခုလုံးကို ထိခိုက်တယ်။ အစိုးရအနေနဲ့ ဘာကိုစဉ်းစားသင့်သလဲဆိုတော့ အစိုးရအနေနဲ့ ငွေဖြူဖော်ဖို့အတွက် Investment နည်းလမ်း မဟုတ်တာမျိုး တခြားနည်းလမ်း ရှာပေးသင့်တယ်။ အစိုးရဘက်က ဘယ်လိုမျိုး ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းဖို့လက်ခံပြီး ဘယ်လိုဟာမျိုးကိုတော့ လက်မခံဘူးဆိုတာပေါ့။ ဥပမာ မူးယစ်ဆေးဝါးကို လက်မခံဘူးဆိုရင် ခွင့်မပေးနဲ့။ တချို့ဟာကျတော့ အရင်တုန်းက အခွန်မဆောင်ထားတဲ့ ငွေမည်းတွေ ရှိမယ်။ အဲဒါမျိုးကျတော့ သူတို့အနေနဲ့ ငွေဖြူပြန်ဖြစ်ဖို့ အစိုးရကလက်ခံတယ်ဆိုရင် လမ်းဖွင့်ပေးဖို့ လိုမယ်။ တချို့ကျတော့လည်း မှောင်ခိုလုပ်ထားတာ၊ ကျောက်တွေဘာတွေ လုပ်ထားတာ အဲဒါကိုလည်း ငွေဖြူအဖြစ်ပြန် ဖော်ဖို့ အစိုးရအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်တို့၊ စတော့ဈေးကွက်တို့ကို အလွဲသုံးစားလုပ်မယ့်အစား သူတို့အနေနဲ့ တိုက်ရိုက် လမ်းဖွင့်ပေးလိုက်။ ကိုယ့်မှာ ငွေမည်းရှိတယ်ဆိုရင် ဘယ်ကလာတဲ့ ငွေမည်းလဲဆိုတာကို ကြေညာရမယ်။ ကြေညာပြီးရင် အဲဒါကို အခွန်ဘယ်လောက်ဆောင်လိုက်ဆိုရင် ငွေဖြူဖြစ်သွားမယ်။ အဲဒါမျိုးကိုလုပ်ဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပေါ့။ နှစ်နှစ်အတွင်းမှာ ငွေမည်းမှန်သမျကို ငွေဖြူအဖြစ် ပြောင်းရမယ်။ အခွန်ဘယ်လောက်ဆောင်ရမယ်။ ဒီနှစ်နှစ်အတွင်းမှာ အစိုးရက သတ်မှတ်ထားတဲ့ နည်းလမ်းကိုသုံးသွားမယ်ဆိုရင် အခွန်ဆောင်တာကလွဲလို့ တခြားဘာမှ အရေးမယူဘူးဆိုတာကို အစိုးရက အာမခံဖို့ လိုမယ်။ အဲဒီနှစ်နှစ်ကျော်သွားလို့ ငွေမည်းကို တွေ့တယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ထင်တယ်။ အဲဒါအတွက် ဘာလို့လဲဆိုရင် အစိုးရက လွှတ်တော်ကတစ်ဆင့် ဥပဒေတစ်ခု လိုမယ်။ ဥပဒေက လွှတ်တော်ဆီကတစ်ဆင့်ဆိုရင် ပြောင်းဖို့ မလွယ်ဘူး။ တကယ့် ဥပဒေနဲ့ သွားမယ်ဆိုရင် လူတွေက ပိုပြီးယုံကြည်မှု ရှိမယ်။ အဲဒါကို ငွေဖြူဖော်တယ်ဆိုရင် အဲဒီငွေဖြူကို နေရာတိုင်းမှာ သုံးလို့ ရတယ်။ မြေ၀ယ်မလား၊ စတော့အိတ်ချိန်းမှာ ရင်းနှီးမလား၊ တခြားဟာ ဘာလုပ်မလဲပေါ့။ အဲဒီလိုမျိုး လိုမယ်ထင်တယ်။
အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
၂၀၁၅ ဇူလိုင်လထုတ် B2BMagazine ပါ Interview ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment