Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label Fundamental Analysis. Show all posts
Showing posts with label Fundamental Analysis. Show all posts

ငွေဖောင်းပွမှုရဲ့ ဇစ်မြစ်များ

3:51 PM | , ,


ငွေဖောင်းပွမှု အကြောင်းကို စိတ်ကူးဥပမာလေးနဲ့ ရှင်းပြရင် ပိုနားလည်လွယ်မယ် ထင်ပါတယ်။ ခင်ဗျားဟာ ကျွန်းနိုင်ငံလေးတခုမှာ နေထိုင်ပြီး ဒီနိုင်ငံလေးမှာ ရွှေဒင်္ဂါးအနေနဲ့ လှည့်ပတ်နေတဲ့ငွေကြေးဟာ ဒေါ်လာသန်း ၁၀၀ ဖိုးရှိတယ်ဆိုပါစို့ ။ တဒေါ်လာတန် ရွှေဒင်္ဂါးတပြားနဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရတယ်ဆိုပါဆို့။ အစိုးရက ရွှေဒင်္ဂါး ဒေါ်လာသန်း ၁၀၀ ကို ငွေစက္ကူ သန်း ၁၀၀ နဲ့ လဲလှယ် အစားထိုးလိုက်ရင် တဒေါ်လာတန် ငွေစက္ကူ နဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရနေဦးမှာပါ။ ဒီအထိ အားလုံးကောင်းပါသည်ပေါ့။

ဒါပေမယ့် အစိုးရအဖွဲ့ထဲက လူလိမ်လူကောက် တယောက်ဟာ ဒေါ်လာတွေထပ်ရိုက်ပြီး သုံးစွဲလို့ရတာပဲလို့ စိတ်ကူးရသွားတယ် ဆိုပါစို့။ အစိုးရဟာ ဒီအပိုရိုက်လိုက်တဲ့ ငွေစက္ကူတွေထဲက တဒေါ်လာနဲ့ ကြက်ဥသွားဝယ်ရင် ဆိုင်ရှင်က ဒီတဒေါ်လာဟာ မူလသန်းတရာထဲက တဒေါ်လာလို့ ယုံမှတ်မှာပါ။ အစိုးရကို ကြက်ဥတဒါဇင် ပေးလိုက်မှာပါ။ အစိုးရကဒီလို အကြိမ်ကြိမ်ဆက်လုပ်နေရင် တချိန်မှာ နိုင်ငံတွင်းလည်ပတ်ငွေဟာ ဒေါ်လာသန်း ၁၀၀ ကနေ သန်း ၂၀၀ ဖြစ်သွားမှာပါ။

အစိုးရက ငွေပိုသုံးရင် စီးပွားရေးလုပ်ငန်းတွေ အကျိုးရပါတယ်။ အစိုးရ ကန်ထရိုက်ကြီးတွေရတော့ လူတွေလည်း ဝင်ငွေပိုကောင်းကြပါတယ်။ ကြက်ဥ တဒါဇင်ကို တဒေါ်လာနဲ့ ရောင်းနေတဲ့ ဆိုင်ရှင်ဟာ လူတွေ ရုတ်တရက် ငွေပိုသုံးနိုင်လာကြပြီး သူ့ရဲ့ ကြက်ဥတွေကို ဈေးပိုပေးဖို့ ဝန်မလေးတာကို တချိန်မှာ သတိပြုမိသွားမှာပါ။ ကြည်ဥတဒါဇင်ကို နှစ်ဒေါ်လာနဲ့ရောင်းလည်း လူတွေရဲ့ ဝယ်ချင်စိတ်ကို မထိခိုက်တဲ့အတွက် တဒေါ်လာနဲ့ ရောင်းတုန်းကလောက် ရောင်းရတာကို တွေ့သွားမှာပါ။

ပစ္စည်းတခုကို ရောင်းချတဲ့ လေလံပွဲတခုမှာ လေလံဆွဲသူက ခင်ဗျားနဲ့ကျနော် နှစ်ယောက်တည်း ရှိပြီး တယောက်ကို ဒေါ်လာ ၅၀ စီပါလာတယ်လို့ တွေးကြည့်ပါ။ လေလံပစ္စည်းအတွက် အများဆုံးပေးမယ့် ဈေးက ဒေါ်လာ ၅၀ ထက်မပိုပါဘူး။ တကယ်လို့ ခင်ဗျားနဲ့ ကျနော်ဆီမှာ ဒေါ်လာ ၁၀၀ စီပါလာရင် လေလံပစ္စည်းအတွက် အများဆုံးပေးမယ့်ဈေးက ဒေါ်လာ ၁၀၀ ဖြစ်သွားပါမယ်။

ငွေပေါများလာတဲ့အခါ ဈေးနှုန်းတွေလည်း လိုက်တက်လေ့ရှိတာက ပြသနာပါ။ ဆိုင်ရှင်ဟာ ကြက်ဥတဒါဇင်ကို ၂ ဒေါ်လာနဲ့ ရောင်းလာပေမယ့် တဒေါ်လာနဲ့ ရောင်းတုန်းကထက် ပိုချမ်းသာလာတယ်လို့ မဆိုနိုင်ပါဘူး။ သူရဲ့ ဝယ်နိုင်စွမ်းအား (purchasing power) ဟာ တက်မလာလို့ပါ။ သူ ကြက်ခြံပိုင်ရှင်ဆီက ကြက်ဥသွားဝယ်တဲ့အခါ ငွေပိုပေးရမှာပါ။ ကြက်ခြံပိုင်ရှင်လည်း ပိုမချမ်းသာလာပါဘူး။ သူ ကြက်သားပေါက်ကလေးတွေနဲ့ ကြက်စာသွားဝယ်ရင် ငွေပိုပေးရမှာပါ။ အရင်က ဒေါ်လာ ၁၀၀ ရှိတဲ့သူဟာ အခု ဒေါ်လာ ၂၀၀ ရှိလာပေမယ့် ပိုမချမ်းသာလာပါဘူး။ အရင်က ဒေါ်လာ ၁၀၀ နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းကို အခု ဒေါ်လာ ၂၀၀ ပေးပြီး ဝယ်ရတော့မှာကြောင့်ပါ။

အစိုးရရဲ့ ကစားကွက်က ခင်ဗျားရဲ့ပစ္စည်းကို ဖောင်းပွလာတဲ့ဒေါ်လာနဲ့ မဖောင်းပွခင်က ဈေးနှုန်းပေးပြီး ဝယ်တာပါ။ အစိုးရတွေမှာ ခင်ဗျားငွေရဲ့ တန်ဖိုးအစစ်ကို လျှော့ချညာယူတဲ့ နည်းလမ်းကို ရထားတဲ့သဘောပါ။

ပထမကမ္ဘာစစ်က စပြီး ကမ္ဘာတလွှားက အစိုးရတွေဟာ ငွေဖောင်းပွအောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၀ ခုနှစ်မှာ ၅ ဆင့်ပေးရတဲ့ သကြားလုံး တလုံးကို အခု ၅၀ ဆင့်ပေးရတာပါ။ ဒီကာလအတွင်းမှာ မက်ဒေါ်နယ် ဟမ်ဘာဂါတလုံးဟာ ၁၅ ဆင့်ကနေ ၇၅ ဆင့်ဖြစ်သွားပါတယ်။ နှင်းလျောစီးဖို့ တောင်ထိပ်တက်ခဟာ ၅ ဒေါ်လာကနေ ၄၅ ဒေါ်လာဖြစ်သွားပါတယ်။ ဒါတွေဟာ ငွေစက္ကူတွေကို အဆက်မပြတ် ရိုက်ထုတ်မှုရဲ့ အကျိုးဆက်ပါ။

အမေရိကန်နိုင်ငံရဲ့ ငွေဖောင်းပွနှုန်းဟာ ၅% လောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမဏီနဲ့ စစ်အေးလွန် ရုရှားမှာ တနှစ်ငွေဖောင်းပွနှုန်းဟာ ၅၀% ကျော်ခဲ့ပါတယ်။

ဒေါ်လာငွေကို ကိုင်ထားရင် ဒေါ်လာငွေဖောင်းပွမှု နှုန်းအတိုင်း တန်ဖိုးကျဆင်းနေမှာ ဖြစ်ပါတယ်။ ငွေဖောင်းပွနှုန်း ၂၅% ရှိရင် ကိုယ့်ငွေရဲ ဝယ်ယူနိုင်အားဟာ ၂၅% ကျဆင်းနေမှာပါ။ ငွေကြေးဖောင်းပွမှုကို အမှီလိုက်ပြီး ကိုယ့်ဝယ်ယူနိုင်အားကို ထိမ်းထားဖို့ဆိုရင် အကျိုးအမြတ် အနည်းဆုံး ၂၅% ရတဲ့ ရင်းနီးမြုပ်မှုကို လုပ်ရမယ်လို့ ဝါရင်းဘတ်ဖက်က ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုဟာ အမြဲတမ်းရှိနေမယ်လို့ ဝါရင်းယုံကြည်ပါတယ်။ အကြောင်းကတော့ ငွေကြေးဖောင်းပွမှုမရှိရင် ငွေကြေးကျုံ့မှု (deflation) ဖြစ်လာမှာမို့ပါ။ ငွေကြေးကျုံ့ မှုကို ဘယ်အစိုးရမှ လက်မခံနိုင်ပါဘူး။ ငွေကြေးဖောင်းပွမှုဟာ လူတွေကို ပိုချမ်းသာသယောင် ခံစားရပါစေတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ဝယ်ထားတဲ့အိမ်ဟာ အခုဒေါ်လာ ၅၀၀,၀၀၀ ဈေးဖြစ်လာတော့ အိမ်ပိုင်ရှင်ဟာ ကျေနပ်ပါတယ်။ ပိုချမ်းသာလာတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ဒီအိမ်ကို ရောင်းပြီး အဆင့်တူအိမ်တလုံးကို ပြန်ဝယ်ရင် ဒေါ်လာ ၅၀၀,၀၀၀ ကုန်သွားမှာပါ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တနှစ်ဝင်ငွေ ဒေါ်လာ ၂၀,၀၀၀ ရှိသူဟာ အခုဒေါ်လာ ၁၀၀,၀၀၀ ရတယ်ထားပါ။ ဝင်ငွေပိုလာတယ် ထင်ရပေမယ့် အခု ဒေါ်လာ ၁၀၀,၀၀၀ ဟာ ဟိုတုန်းက ဒေါ်လာ ၂၀,၀၀၀ ထက် ဝယ်ယူနိုင်အား (purchasing power) ပိုမများပါ။ ပိုချမ်းသာလာတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဘာမှမထူးပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ဝင်ငွေဟာ ပုံသေဖြစ်နေမယ်၊ ဒါမှမဟုတ် ရေရှည်ငွေချေးစာချုပ်ကို ဝယ်ထားမယ်၊ ဒါမှ မဟုတ် ငွေကို ဒီအတိုင်းကိုင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ကြွယ်ဝမှုဟာ လျော့ကျသွားဖို့ သေချာသလောက် ရှိပါတယ်။

ငွေချေးယူလေ့ရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ကော်ပိုရေးရှင်းတွေဟာ ငွေဖောင်းပွမှုကို အသုံးချပြီး အမြတ်ထွက်အောင် လုပ်တတ်ပါတယ်။ အခုချေးယူထားတဲ့ ဒေါ်လာကို နောက်မှ ဖောင်းပွလာတဲ့ဒေါ်လာနဲ့ ပြန်ဆပ်ကြပါတယ်။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေ၊ အိမ်ယာတည်ဆောက်တဲ့ကုမ္ပဏီတွေ၊ စက်မှုလုပ်ငန်းကြီးတွေလည်း ဒီလိုပဲ လုပ်ကြပါတယ်။ ဝေါစထရိက တခါတရံ ထုတ်ရောင်းတဲ့ နှစ်တရာငွေချေးစာချုပ် အကြောင်း စဉ်းစားကြည့်ပါ။ အခုနေ ဒေါ်လာ ၁၀၀,၀၀၀ ချေးယူပြီး နောင်အနှစ် ၁၀၀ မှာ ပြန်ဆပ်တယ်ဆိုရင် ဝယ်ယူနိုင်အား ဘယ်တောင်ကွာဟသွားမလဲ။ ငွေဖောင်းပွမှုနှုန်း ၆% ရှိတယ်ဆိုရင်ပဲ နောင်အနှစ် ၁၀၀ မှာ ရှိမယ့် ဒေါ်လာ ၁၀၀,၀၀၀ ရဲ့ ဝယ်ယူနိုင်အားဟာ အခုဒေါ်လာ ၂၉၄ ရဲ့ ဝယ်ယူနိုင်အားနဲ့ အတူတူပဲဖြစ်ပါတယ်။

ငွေဖောင်းပွတာရဲ့ ဆန့်ကျင်ဖက်က ငွေကျုံ့တာ (deflation) ပါ။ ငွေကျုံ့ရင် ကုန်ဈေးနှုန်းတွေ ကျဆင်းပါမယ်။ အပေါ်ယံကြည့်ရင်တော့ ကောင်းတယ်လို့ ထင်ရပါတယ်။ အားလုံးဟာ ဈေးပေါသွားမှာကိုး။ ပြသနာက ခင်ဗျားရဲ့ လစာလည်း နည်းသွားမှာပါ။ ခင်ဗျားရဲ့ အိမ်တန်ဖိုးလည်း ကျသွားမှာပါ။ ဘဏ်ချေးငွေ ဒေါ်လာ ၅၀၀,၀၀၀ နဲ့ အိမ်ဝယ်ပြီးမှ ခင်ဗျားလစာနည်းသွားလို့ ဘဏ်ကို ပြန်မဆပ်နိုင်ရင် ခင်ဗျားဒုက္ခတွေ့ပြီ။ ဘဏ်က ခင်ဗျားအိမ်ကို သိမ်းပြီး လေလံတင်ရောင်းမှာပဲ။ ငွေကျုံ့မှုကြောင့် အိမ်ဈေးတွေကျနေတဲ့အတွက် ဘဏ်ကလည်း အရှုံးပေါ်မှာပဲ။ ဒါမျိုးတွေများလာရင် ဘဏ်တွေပြိုကွဲပြီး၊ ဘဏ်မှာ ရင်းနှီးမြုပ်နှံထားသူတွေ ငွေကြေးဆုံးရှုံးကုန်မှာပဲ။ ဒါမျိုးတွေများလာရင် စီးပွားပျက်ကပ် (depression) ဆိုက်မှာပဲ။ စီးပွားပျက်ကပ်ဆိုက်ရင် လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်မယ်။ ဒေါ်သထွက်နေတဲ့ လူထုကြီးပေါ်လာမယ်။ အစိုးရတွေ ပြုတ်ကျမယ်။ ဒါကြောင့် ငွေဖောင်းပွမှုနဲ့ ငွေကျုံ့နှစ်ခုမှာ တခုကို ရွေးဆိုရင် အစိုးရတွေဟာ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။

အစိုးရတွေဟာ ငွေဖောင်းပွအောင် တကယ်ပဲ လုပ်နိုင်သလားလို့ ခင်ဗျားတွေးမိကောင်း တွေးမိမယ်။ အထွေထွေ ငွေကြေးဖောင်းပွမှုဆိုတာ တိုင်းပြည်တခုအတွင်းမှာ လည်ပတ်နေတဲ့ ငွေပမာဏတိုးလာလို့ ဖြစ်တာပါ။ တိုင်းပြည်တွင်းလည်ပတ်နေတဲ့ ငွေပမာဏကို တိုင်းပြည်မှာရှိတဲ့ ရွှေပမာဏနဲ့ သတ်မှတ်တဲ့ခေတ်မှာ ငွေဖောင်းပွစေချင်ရင် ရွှေပမာဏကို တိုးမှပဲရပါမယ်။ ဒါပေမယ့် ရွှေပမာဏကို နေ့ချင်းညချင်းတိုးလို့မရပါဘူး။ ရွှေကို ပုံနှိပ်စက်နဲ့ ရိုက်ထုတ်လို့ မရပါဘူး။ ဒါပေမယ့် ငွေစက္ကူနဲ့ တိုင်းပြည်တွင်းလည်ပတ်တဲ့ငွေပဏာကို သတ်မှတ်တဲ့ခေတ်ကို ရောက်လာတော့ ငွေဖောင်းပွချင်ရင် ပုံနှိပ်စက်တွေကို မောင်းလိုက်ယုံပါပဲ။

ငွေကျုံ့တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပျက်စီးမှုကို ဦးတည်တဲ့အတွက် အစိုးရတွေဟာ ရွေးချယ်ခွင့်ရနေသမျှတော့ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။ ငွေကျုံ့ တာဟာ ငွေဖောင်းပွတာထက် ဆိုးပါတယ်။ (ငွေဖောင်းပွနှုန်းမြင့်လွန်းရင်တော့ မကောင်းပါ။)

ငွေဖောင်းပွမှုဟာ စီးပွားရေးနယ်ပယ်မှာ အမြဲတမ်းရှိနေမယ်လို့ သိထားတဲ့ ဝါရင်းဟာ ရင်းနှီးမြုပ်နှံမှု လုပ်တော့မယ်ဆိုတိုင်း ငွေဖောင်းပွမှုရဲ့ အနုတ်သဘော သက်ရောက်မှုကို ထည့်တွက်စမြဲပါ။

W&A Business and Finance Facebook စာမျက်နှာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

FX Trader များအတွက် Indicators နှင့် ပက်သက်သမျှ

12:00 AM | , ,

တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာ ငုတ်တုတ်ထိုင်ပြီး Trading chart ကို ကြည့်လိုက် pros တွေ ဖန်တီးထားတဲ့ indicators တွေ လေ့လာလိုက်နဲ့ Trade တွေ ၀င်လိုက်ထွက်လိုက်၊ ဆရာသမားတွေရေးတဲ့ posts တွေ ဖတ်လိုက်၊ ကိုယ့်ဖာသာကိုယ် နည်းစနစ်တွေ ရှာဖွေစဉ်းစား လုပ်ကိုင်ကြည့်ရင်းနဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်နေရတာကို လူ့သဘာဝအရ နည်းနည်းငြီးငွေ့လာတာနဲ့ ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားနေစဉ်မှာပဲ Auto Trading အကြောင်းကို ခေါင်းထဲဝင်လာပါတယ်။ အဲ့ဒါနဲ့ပဲ Auto Trading အကြောင်း လေ့လာကြည့်တဲ့အခါမှာ အဲ့ဒီမှာ မပါမဖြစ်တဲ့ EA နဲ့ Indicators တွေ အကြောင်း သိဖို့လိုလာပါတယ်။ ဒါကတော့ TA သမားတွေ အတွက်ပါ။

Indicators တွေကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Platform တွေမှာ အများကြီး ပါရှိနေပါတယ်။ တစ်ခုစီ တစ်ခုစီကို နားလည်ဖို့လည်း အချိန်ယူ လေ့လာကြရပါတယ်။ Indicator တိုင်းမှာ ဖန်တီးသူရဲ့ formula အရ တွက်ထုတ်ယူထားတဲ့ နည်းစနစ်ပုံစံတွေကလည်း ကွဲပြားကြပါတယ်။ ဒီနေရာမှာ မိမိကိုယ်ပိုင် နည်းစနစ်တွေနဲ့ ဖန်တီးရယူနိုင်တဲ့ customer indicators တွေလည်း ပါဝင်ပါတယ်။

Forex Traders တွေဟာ buy or sell ဆိုတဲ့ ဈေးကွက်ထဲကို ၀င်ဖို့ရာမှာ အဲ့ဒီမှာ အမြတ်များများရရန်၊ အရှုံးနည်းနိုင်သမျှ နည်းနိုင်ရန် ဆိုတဲ့ တူညီတဲ့ရလဒ်တွေကို ရရှိဖို့ နည်းစနစ်တွေကို ရှာဖွေကြတဲ့အခါမှာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးချရပါတယ်။ လွယ်လွယ်နဲ့တော့ မရပါဘူး။ ကျွန်တော်တို့ဟာ Forex markets ကို Trade လုပ်ဖို့ တစ်ခုပဲလုပ်မယ်ဆိုရင်တော့ မကြာမှီပဲ လက်လျော့သွားပါလိမ့်မယ်။ အောင်မြင်တဲ့ Trader တစ်ယောက်အတွက်ကတော့ အမျိုးမျိုးသော indicator တွေကို လေ့လာ၊ သင်ယူနေရပါဦးမယ်။ Indicators တွေဟာ forex cross rate (The currency exchange rate between two currencies) တစ်ခု buy or sell လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ကို ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ညွန်ပြနိုင်ပါတယ်။

အဓိက,ကတော့ ကျွန်တော်တို့ FX Traders တွေ သိရမယ့်၊ သိသင့်တဲ့ Indicators အမျိုးအစား လေးမျိုး ရှိပါတယ်။ ဒါတွေကတော့ အောင်မြင်သော forex traders တွေ အများစု အားထားမှီခိုရတဲ့ market indicators (၄) ခုလည်း ဖြစ်ပါတယ်။

Indicator No.1: A Trend-Following Tool
Trading လုပ်ဖို့အတွက် counter trend တစ်ခုကို အသုံးပြုရတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း Traders အများစုအတွက် ပိုမိုလွယ်ကူတဲ့နည်းကတော့ major trend ရဲ့ direction ကို စဉ်းစားအသုံးပြုပြီးတော့ Trend ရဲ့ direction အတိုင်း Trading လုပ်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ trend-following tools ကို အသုံးပြုရမှာ ဖြစ်ပါတယ်။


လူအများ နားလည်မှုလွဲနေတာကတော့ Trend-following tools တွေကို သူနေရာနဲ့သူ အသုံးမပြုဘဲ မတူညီတဲ့ Trading systems တွေမှာ အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Trend-following tools ကို Entry, Exit, Confirmation တွေ နေရာမှာ မှားယွင်းစွာ အသုံးချနေတာကို ဆိုလိုပါတယ်။ အမှန်တကယ် trend-following tool တစ်ခုရဲ့ လုပ်ဆောင်ချက်က long position or short position တစ်ခု ၀င်ဖို့အတွက် ရှာဖွေဖို့ အချိန်ရောက်နေပြီဆိုတာကို ညွန်ပြပေးခြင်း တစ်ခုပါပဲ။ အရိုးရှင်းဆုံး trend-following methods တွေထဲက တစ်ခုကို ဥပမာအဖြစ်ပေးရမယ်ဆိုရင်တော့ moving average crossover ပါပဲ။ အခြားသော indicators တွေလည်း များစွာ ရှိပါတယ်။ ကိုယ်တိုင်လည်း customer indicator အဖြင့် ရှာဖွေနိုင်ပါတယ်။ ဒီနေရာမှာ Trend-following tool ကို ပေါ်လွင်စေဖို့ moving average crossover ရဲ့ create လုပ်ပုံ method, formula ကို အကြမ်းဖျဉ်း ပြောပြပေးချင်ပါတယ်။ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။

Moving average ဆိုတာက မိမိအသုံးပြုတဲ့ Time frame အလိုက် သတ်မှတ်ထားတဲ့ (ဥပမာ Daily Timeframe မှာဆိုလျှင်) နေ့ အရေအတွက်အပေါ်မှာ ပျဉ်းမျှ closing price ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ (H1 Timeframe မှာဆိုလျှင် သတ်မှတ်ထားတဲ့ Hours အရေအတွက်ကို ကိုယ်စားပြုပါတယ်။) ဒါက moving average မှာ ပါဝင်တဲ့ လိုင်းတစ်လိုင်းခြင်းရဲ့ ဖန်တီးထားမှုကို ပြောပြတာဖြစ်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့ပမာဏ combination (ဥပမာ 50 day/ 200 day လိုင်းနှစ်လိုင်းပေါ့။) moving average crossover တွေကို ဖန်တီးရယူနိုင်ပါတယ်။ ဥပမာ 50 day moving average ဟာ 200 day moving average ရဲ့ အထက်မှာ ရှိနေတယ်ဆိုရင်၊ ဒါမှမဟုတ် အောက်မှာရှိတယ်ဆိုရင် နောက်ပိုင်းအလားအလာအတွက် long position ကောင်းမှာလား၊ Short position ကောင်းမှာလားဆိုတာကို ဝေဖန်ဆန်းစစ်ရမှာပါ။ ဒါကတော့ moving average ရဲ့ create လုပ်ထားပုံနဲ့ အသုံးပြုပုံကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို နောက်ပိုင်း အလားအလာ Long position ကောင်းနိုင်တယ်ဆိုရင် Up Trend လို့ သတ်မှတ်ပြီးတော့ Short Position ကောင်းတယ် ဆိုရင်တော့ Down Trend လို့ သတ်မှတ်နိုင်တဲ့ Tool ကို trend-following tool ခေါ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Investors အများစုဟာ အကောင်းဆုံးဖြစ်နိုင်တဲ့ combination အချက်အလက်တွေကို ကြော်ငြာလေ့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အစစ်အမှန် အကောင်းဆုံး moving average combination ဖြစ်မလာပါဘူး။ ရှာရင်းဖွေရင်းနဲ့ပဲ နောက်ဆုံးမှာတော့ Forex traders တွေဟာ သူတို့အသုံးပြုတဲ့ Timeframe အလိုက် အကျိုးအမြတ်များများ ရစေနိုင်တဲ့ combinations တွေကို တိတိကျကျ ရှာဖွေဆုံးဖြတ်ချက် ချနိုင်သွားပါတယ်။ သို့သော်လည်း ဒီနေရာမှာ Traders အများစုကို တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ Long trade တာပဲဖြစ်ဖြစ်၊ Short trade တာပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါမျိုးမှာ ဒီလိုမျိုး Trend တွေကို ဖော်ပြတဲ့ indicators တွေကို Entries and Exits တွေ လုပ်တဲ့အချိန်မှာ အားမကိုးသင့်ပါဘူး။

Indicator No.2: A Trend-Confirmation Tool
ယခု ကျွန်တော်တို့မှာ Trend-following tool တစ်ခုကို major trend ကနေပြီးတော့ ရယူပြီးသွားပြီး ဆိုပါတော့။ Up trend ပဲ ဖြစ်ဖြစ် Down Trend ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဒီ indicator ဟာ ဘယ်လောက် ယုံကြည်အားထားရဖို့ ကောင်းပါသလဲ။ ရှေးဦးပထမ ပြောခဲ့သလိုပါပဲ trend-following tools တွေဟာ whipsaw တွေ ဖြစ်ပေါ်ပြီးတော့ confirm ဖြစ်ဖို့အတွက် အားနည်းနေပြန်ပါသေးတယ်။ ဒါကြောင့်မို့လို့ current trend-following indicator တွေဟာ ပိုမိုမှန်ကန်မှုရှိသလား၊ မရှိဘူးလားဆိုတာကို တိုင်းတာဖို့ နည်းလမ်းတစ်ခုရှိဖို့ ထပ်မံ လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ Trend-confirmation tool တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ လိုလာပါတယ်။ အများအားဖြင့် သိထားရမှာကတော့ trend-following tool တစ်ခု၊ trend-confirmation tool တစ်ခုဟာ buy or sell signals တွေကို တိတိကျကျ သိဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ရှာဖွေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲ့ဒီ Tool နှစ်ခုစလုံး agree ဖြစ်တယ်ဆိုတဲ့အထိ စောင့်ကြည့်နေရပါမယ်။ အချုပ်အားဖြင့်ဆိုရလျှင် ဖော်ပြပါ Tool နှစ်ခုစလုံး ဟာ bullish ဖြစ်နေပါက Trader တစ်ယောက်ဟာ အဲ့ဒီ currency pair မှာ ယုံကြည်စိတ်ချစွာ long trade တစ်ခုကို ၀င်ဖို့အတွက် ဆုံဖြတ်ချက်ချနိုင်ပါပြီ။ အလားတူစွာ အဲ့ဒီ Tool နှစ်ခုစလုံးဟာ bearish ဖြစ်နေပါက sell short လုပ်ဖို့အတွက် focus လုပ်နိုင်ပါတယ်။


အများဆုံး popular ဖြစ်နေတဲ့ Trend-confirmation tool အတွက် indicator တစ်ခုကို ဥပမာ ပေးရမယ်ဆိုရင် MACD (moving average convergence divergence) ကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးပါဦးမည်။ ဒီ indicator ကို ပထမဦးစွာ တိုင်းတာထားတဲ့ moving averages နှစ်ခုရဲ့ ထပ်ညွန်းကိန်း ( smoothed moving averages ) တန်ဖိုးတွေရဲ့ ခြားနားချက်တွေကို ကိုယ်စားပြု ဆွဲသားထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ကွာခြားချက်နဲ့ မူလ moving average တွေကို compared ပြန်လုပ်ပါတယ်။ အဲ့ဒီလို compare ပြန်လုပ်တဲ့အခါမှာ Current smoothed average ဟာ မူလ moving average ရဲ့ အထက်မှာ ရှိနေတဲ့ အချိန်ဆိုရင် Histogram ဟာ Positive အနေနဲ့ ပြပါတယ်။ ဒါကို Uptrend အတွက် confirmed လုပ်ပါတယ်။ အခြားပြောင်းပြန်အနေနဲ့ Current smoothed average ဟာ မူလ moving average ရဲ့ အောက်မှာ ရှိတယ်ဆိုရင်တော့ Histogram ဟာ negative အနေနဲ့ ဖော်ပြပါတယ်။ ဒါကို Downtrend ကို confirmed လုပ်ပါတယ်။ ဒါကတော့ MACD အကြောင်းကို ယေဘုယျအားဖြင့် ဖော်ပြပေးတာပါ။

အချုပ်အားဖြင့်ဆိုရလျှင် trend-following moving average combination ဟာ bearish (Short-term average below long-term average) ဖြစ်နေတယ်၊ ပြီးတော့ MACD Histogram ကလည်း negative ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ confirm လုပ်နိုင်တာက Downtrend ပါပဲ။ နှစ်ခုစလုံးဟာ Positive ဖြစ်နေတယ် ဆိုရင်တော့ Uptrend ပေါ့။ အခြားသော trend-confirmation tool တွေလည်း ရှိနေပါသေးတယ်။ ROC (rate of change indicator) လိုမျိုးပေါ့။ ဒီနေရာမှာတော့ Post အရမ်း ရှည်မည်စိုးသဖြင့် မဖေါ်ပြတော့ပါ။ Indicators တွေအကြောင်း အကြမ်းဖျဉ်း သိရုံသာရည်ရွယ်ပါသည်။

ဒီမှာလည်းပဲ Trend-following tool လိုပဲ အခြားအခြားသော indicator တွေ၊ custom indicator တွေကို trend-confirmation tool အဖြစ် သုံးနိုင်ပါသည်။ ဒါကတော့ trend-confirmation tool အကြောင်းပါပဲ။

Indicator No.3: An Overbought/Oversold Tool
Traders တွေဟာ major trend တွေရဲ့ direction တွေမှာ trade လုပ်ကြဖို့ ပြောနေစဉ်မှာပဲ သူတို့ဟာ ပိုမိုကောင်းမွန်တယ်လို့ ထင်တဲ့ short timeframe တွေမှာ လုပ်ဖို့ကြိုးစားကြပြန်ပါတယ်။ ဒါဟာ Tool တွေကို ချိန်ညှိဖို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ pullback တစ်ခု ဖြစ်ပွားပြီးနောက် သို့မဟုတ် clear trend တစ်ခု အခြေခိုင်နေပြီး မကြာခင်မှာပဲ ယခင် indicator tools နှစ်ခုဖြင့် ဆန့်ကျင်နေပါစေ ပိုမိုကောင်းမွန်တဲ့ အခြေအနေဆိုပြီး opposite Trade တွေဝင်ဖို့ကို ဆုံးဖြတ်ချက် ချပါတော့တယ်။ ဒါဟာ မှားယွင်းမှု တစ်ခုပါပဲ။ အမှန်တကယ်ဆိုရင် trend ကို bullish ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချထားပြီးဆိုလျှင် ရွေးချယ်မှုဟာ ၀ယ်ဖို့အတွက် အားကောင်းတယ် သို့မဟုတ် ၀ယ်ဖို့အတွက် အားနည်းတယ်ဆိုတာသာ ဖြစ်လာရမှာပါ။ ၀ယ်ဖို့အတွက်သာလျှင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အားကောင်းတယ်ဆိုရင် ၀ယ်မယ်၊ အားနည်းတယ်ဆိုရင် ၀ယ်ဖို့ နည်းနည်း စဉ်းစားမယ် ဆိုတာမျိုးဖြစ်ပါတယ်။ ရောင်းဖို့ လုံးဝ(လုံးဝ) မစဉ်းစားရပါဘူး။ လျှင်လျှင်မြန်မြန် ဆုံးဖြတ်ချက်ကို ချတက်သူဆိုလျှင် သင်ဟာ Uptrend or downtrend ဟာ confirmed ဖြစ်လာတာနဲ့ မကြာမှီမှာပဲ Trade တစ်ခုကို ၀င်ဖို့အတွက် တွေးတောနေပါတော့တယ်။

တကယ်တော့ မျှော်လင့်ထားချက်အရ the larger overall primary trend ဖြစ်ပေါ်လာနေစဉ်အတွင်း မူလ direction အတိုင်း ဆက်သွားရန် ကျွန်တော်တို့အနေနဲ့ pullback တစ်ခုအတွက် စောင့်သင့်ပါတယ်။ စောင့်ကို စောင့်ရမှာပါ။ ဒါဟာ နည်းပါးတဲ့ risk တစ်ခုကို ဖြစ်စေနိုင်တဲ့ အခွင့်အရေးရနိုင်လို့ပါပဲ။ ဒီအတွက် ကျွန်တော်တို့ဟာ overbought/oversold indicator ပေါ်မှာ မှီခို အားထားရပါလိမ့်မယ်။ ဒါဟာ Overbought/Oversold Tool ပါပဲ။ ဒီမှာလည်းပဲ များပြားသော သင့်လျော်သော indicators တွေ ရှိနိုင်ပါတယ်။


ဒီ Indicator ခေါင်းစဉ်အတွက် အသုံးများတဲ့ indicator တစ်ခုကို ဥပမာပေး ရွေးချယ်ရမယ်ဆိုရင် three-day relative strength index (three-day RSI) ကို အနည်းငယ် ဖော်ပြချင်ပါတယ်။ ဒီ indicator က ဘယ်လို တွက်ထုတ်ထားတာလဲဆိုတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Timeframe D1 မှာ ဆိုရင် တဆက်တည်း တက်သွားတဲ့ အတက်ရက်တွေ ပေါင်းခြင်းနဲ့ အဆင်းရက်တွေ ပေါင်းခြင်းကို တွက်ထုတ်ထားတာ ဖြစ်ပါတယ်။ ပမာဏအနေနဲ့ကတော့ Zero မှ 100 သို့ ရှိပါတယ်။ အခြားသော Timeframe တွေမှာလည်းပဲ ထို့အတူပဲ ဖြစ်ပါတယ်။ H1 ဆိုရင် Hours အလိုက် ဖြစ်ပြီးတော့ H4 ဆိုရင်လည်း 4 Hours အလိုက် ဖြစ်ပါတယ်။ ဒီမှာတော့ Daily Timeframe ကို ယူသုံးထားတာ ဖြစ်ပါတယ်။

Price action တွေအားလုံးဟာ အပေါ်ဘက်မှာ ရှိနေတယ်ဆိုရင် indicator ဟာ 100 ကို ချဉ်းကပ်သွားပါတယ်။ အကယ်၍ အောက်ဖက်မှာရှိတယ်ဆိုရင်တော့ indicator ဟာ Zero ကို ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ 50 အမှတ်ကတော့ neutral အဖြင့် စဉ်းစားပါတယ်။ RSI အကြောင်းကို Trader အတော်များများ သိပြီးသားလည်း ဖြစ်မှာပါ။ ဒီနေရာမှာ ယေဘုယျအားဖြင့် ဖေါ်ပြတာ ဖြစ်တဲ့အတွက် မသိသေးတဲ့သူများ အနည်းငယ် ရှုတ်ထွေးနေကောင်း ရှုတ်ထွေးနေနိုင်ပါတယ်။ ဆိုလိုတာက RSI မှာ ကျွန်တော်တို့ Pullbacks တွေကို ရှာဖွေပြီးတော့ ၀င်မှတ်တွေကို ရွေးချယ်တာပါပဲ။ အထက်တွင် ဖေါ်ပြထားပြိး ဖြစ်သော Trend-following Tool နှင့် Trend-confirmation tool တို့မှ Trend ကို confirm လုပ်ပြီးသားဖြစ်တဲ့အတွက် Long လုပ်မလား၊ Short လုပ်မလား ဆိုတာကို သိထားပြီး ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် Entry အတွက် ရှာဖွေတာပဲ ဖြစ်ပါတယ်။ Price action ဟာ pullback ဖြစ်တဲ့ အချိန်ကို RSI မှာ ရှာပြီး ၀င်ဖို့အတွက် ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ Long လုပ်မယ်ဆိုရင် RSI ဟာ certain trigger level 20 ရဲ့ အောက်ဖက်ကို နိမ့်ကျဆင်းသွားရင် oversold position အဖြင့် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ long လုပ်ပါမယ်။ ဆန့်ကျင်ဘက်အနေဖြင့် RSI certain trigger level 80 ရဲ့ အထက်ကို တက်သွားတဲ့ အချိန်မှာ overbought position တစ်ခုအဖြစ် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ Short Trade ၀င်ဖို့အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။ အများအားဖြင့် Traders တွေဟာ trigger levels တွေကို သတ်မှတ်ကြတာ တူလေ့မရှိကြပါဘူး။ ဒါကတော့ Overbought/Oversold Tool အတွက် ဥပမာအဖြစ် ဖေါ်ပြတာဖြစ်ပါတယ်။

Indicator No.4: A Profit-Taking Tool
နောက်ဆုံးအမျိုးအစား indicator ကတော့ forex trader တစ်ယောက်အတွက် winning trade တစ်ခုအပေါ်မှာ အမြတ်တွေကို ရယူတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုအပ်နေတဲ့ Indicator ပါပဲ။ ဒီမှာလည်းပဲ အမျိုးမျိုးသော indicator များကို ရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ three-day RSI ကိုလည်း ပြန်သုံးနိုင်ပါတယ်။ ဥပမာ Long position တစ်ခုကို ကိုင်ထားတဲ့ Trader တစ်ယောက်အတွက် three-day RSI ဟာ 80 or more ကို မြင့်တက် သွားတယ် ဆိုရင် အမြတ်အချို့ကို ရယူနိုင်သလို Short position ကို ကိုင်ထားတဲ့ သူကလည်း RSI 20 or less ဆိုရင် အမြတ်အချို့ကို ရယူနိုင်ပါတယ်။ Bollinger Bands, Tralling stop ကဲ့သို့သော အခြား အခြားသော indicators တွေ များစွာကိုလည်း profit-Taking tool အနေဖြင့် အသုံးပြုနိုင်ကြပါသေးတယ်။


အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော်တို့ဟာ forex market ထဲကို ၀င်ဖို့အတွက် ချီတုံချတုံ ဖြစ်နေတယ်၊ ပြီးတော့ ထင်ရှားသိသာတဲ့ entry point ကို စောင့်နေတယ်ဆိုရင် အချိန်ကာလတစ်ခုအဖြစ် ရင်းနှီးပြီး ကိုယ်တိုင် ရှာဖွေနေရပါမယ်။ forex indicators တွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်တိုင် အချိန်ကုန်သက်သာပြီး သင့်လျော်သော strategies တွေကို ရွေးချယ်ဆုံးဖြတ်နိုင်၍ အမြတ်များကို လုပ်ယူနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ platforms တွေမှာ အလွယ်တကူ ပါဝင်နေတဲ့ indicators တွေကို မသုံးချင်ဘဲ မိမိတို့ကိုယ်တိုင် custom indicators တွေကို ဖန်တီးယူမယ်ဆိုရင်လည်း ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။

Custom indicators တွေကို ဘယ်လို ရယူဖန်တီးမလဲ ဆိုတာကတော့ post အတော်ရှည်သွားပြီး ဖြစ်တဲ့အတွက် နောက်မှပဲ ဆက်လက် ရေးသားပါဦးမည်။ Traders တွေအားလုံး အောင်မြင်ပါစေ။

Facebook Page မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

Wall St နှင့် ငွေကြေးကဏ္ဍ အပိုင်း(၃)

5:00 PM | ,


Wall St နှင့် ငွေကြေးကဏ္ဍ

အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာ အရေးအကြီးဆုံးပဲ။ သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာ ချေးပေါ့။

အမှန်က ငွေကြေးနဲ့ ပက်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍလို့ ခေါ်ပါတယ်။
ငွေကြေးကဏ္ဍအတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်းဈေးကွက်လို့ ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ ခေါ်ပါတယ်။ တချိန်တည်းမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ၊ သံမဏိကဲ့သို့ တွင်းထွက်ပစ္စည်းစတဲ့ ကုန်ကြမ်းနဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန်တို့ကို လဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက်နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရာ ဈေးကွက်အသီးသီး ရှိကြပါတယ်။

ဘဏ်ဆိုတိုင်းလည်း အများသိကြတာက ဘဏ်ဆိုတာနဲ့ မိမိတို့ငွေအပ်နှံရာဌာနနဲ့ မိမိလုပ်ငန်းအတွက် ငွေချေးနိုင်တဲ့ဌာနလို့ပဲ မြင်မိကြမယ်လို့ ထင်မိတယ်။ ဒါကို ရောင်းဝယ်ရေးဘဏ် Commercial Banks လို့ ခေါ်ပါတယ်။ ဒီဘဏ်တွေရဲ့ လုပ်ငန်းစဉ်က ရှင်းရှင်းလေးပါ။ လူတွေက ငွေလာအပ်နှံထားကြတယ်။ ဘဏ်က အတိုးနဲနဲပေးတယ်။ မထုတ်ဘဲ ကြာကြာထားရင် အတိုးများများရတယ်။ ဒီငွေကို စုပြီး ဘဏ်တွေက ငွေလိုတဲ့လုပ်ငန်း (Businesses) တွေကို ငွေချေးတယ်။ ဘဏ်က အတိုးရတယ်။ ဒီလိုငွေလည်ပတ်သွားတော့ အရင်းအနှီးတွေ ပိုလာတယ်။

အမေရိကားနဲ့ တိုးတက်ပြီး နိုင်ငံအများစုမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ဘဏ်တွေအပြင် ဒေသ၊ တိုင်းဒေသဘဏ် (Regional Banks) ဆိုတာတွေရှိသလို Saving and Loans လို့ခေါ်တဲ့ Mortage အဆောက်အဦအကြွေးလည်းလုပ်တဲ့ ဘဏ်တွေရှိပြန်တယ်။

အရင်းအနှီးဘဏ် (Investment Banks)
အရေးအကြီးဆုံးက Investment Banks လို့ခေါ်တဲ့ ရင်းနှီးမှုဘဏ် ဆိုတာတွေရှိတယ်။ ဒီဘဏ်တွေက ရိုးရိုးပြည်သူတွေအတွက် မဟုတ်၊ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီကြီးတွေ ငွေရင်းလိုတဲ့အခါ (ငွေရင်း)ရှာဖို့နဲ့ ငွေရှိသူတွေ ရင်းနှီးဖို့ (Investment) အတွက်ဖြစ်တယ်။ ဥပမာ စတော့ (Stocks) နဲ့ ဘွန်း (Bonds) တွေ ထုတ်ပေးတယ်။ Brokerage လို့ခေါ်တဲ့ (ပွဲစား) အလုပ်လည်း လုပ်တယ်။ Private Banking လို့ ခေါ်တဲ့ ငွေရှင်တွေအတွက် ရင်းနှီးမှုကိုလည်း တာဝန်ယူပေးတဲ့ အလုပ်ကိုလုပ်တယ်။ မိမိကိုယ်တိုင်လည်း Stocks & Bonds ကို အရောင်း/အ၀ယ် လုပ်တယ်။

ကုမ္ပဏီကြီးတခုက နောက်ကုမ္ပဏီတခုကို ၀ယ်ချင်ရင် ဒါကို (M&A) Merger & Acquisition ပေါင်းစပ်ခြင်းနဲ့ သိမ်းယူခြင်းလို့ ခေါ်ပါတယ်။ ဒီလို (M&A) လုပ်ရင် ၀ယ်ချင်တဲ့ ကုမ္ပဏီက ပစ်မှတ်ကုမ္ပဏီရဲ့ အကြောင်းနဲ့ Stock history စတော့ရာဇ၀င်အားလုံးကို သိဖို့လိုပါတယ်။ နောက်ပြီး ၀ယ်ရင် Public ကုမ္ပဏီဖြစ်ရင် ပစ်မှတ်ကုမ္ပဏီရဲ့ စတော့တန်ဖိုးက ဘယ်လောက်ရှိတယ်၊ ဘယ်ဈေးနဲ့ ပေးဝယ်မယ်ကအစ ဒီ Investment Banks ရဲ့လက်အပ်ရတာပဲ။ ၀ယ်ရင်လည်း မြန်မာနိုင်ငံမှာလို ငွေအလုံးအရင်း ပေးဝယ်တာမဟုတ်ဘဲ Stocks နဲ့ ချေတာများပါတယ်။

တခါတရံလည်း Public ကုမ္ပဏီကို Private လုပ်တာတွေရှိတယ်။ Public ကုမ္ပဏီဆိုတာက Public လူထုကို Stocks တွေ ထုတ်ရောင်းထားတဲ့အတွက် သုံးလတခါ မိမိရဲ့ ငွေစာရင်းအခြေအနေကို ရှင်းပြရပါတယ်။ ငွေကြေးရှင်းတမ်း Financial Statement လို့ ခေါ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Stocks Analyst လို့ခေါ်တဲ့ စတော့လေ့လာသူတွေက ဝေဖန်ကြပြီး ဒီစတော့ရဲ့ တန်ဖိုးဟာ ဒီ (၃)လ၊ (၆)လ၊ တနှစ်အတွင်း ဘယ်လောက်အထိ ဈေးတက်နိုင်တယ်၊ ကျနိုင်တယ်ဆိုပြီး ထင်မြင်ချက်ပေးကြတယ်။ အရင်းနှီးပြုသူ Investors တွေက ဒီလို ရီပေါ့ (Report) တွေကို ကြည့်ပြီး ၀ယ်/ရောင်းမယ်ဆိုတာကို ဆုံးဖြတ်ကြရတယ်။ Private ဆိုတာက ပုဂ္ဂလိက ပိုင်ဆိုင်တာကြောင့် စတော့ထုတ်ရောင်းစရာလည်း မလိုသလို၊ (၃)လပတ်ရှင်းတမ်းလည်း ထုတ်စရာမလိုပါ။ ရှုံးရှုံးမြတ်မြတ် ပိုင်ဆိုင်သူနဲ့သာ ဆိုင်တာကိုး။

စတော့ နဲ့ ဘွန်း (Stocks & Bonds)
စတော့ နဲ့ ဘွန်း (Stocks & Bonds) ဆိုတာတွေကတော့ တကယ်တော့ ငွေရှာ/ ငွေချေးတာပါပဲ။ အရင်းရှင်စနစ်မှာ အဓိက အကျဆုံးက (၀င်ငွေ) ရှိဖို့ လိုအပ်ပါတယ်။ အလုပ်သမားက အလုပ်ရှိရင် (၀င်ငွေ) ရှိတယ်။ လစာ (Salary) လို့ခေါ်ပါတယ်။

Blue Collar သမားက နာရီနဲ့ရတာ များတယ်။ White Collar အလုပ်သမားက လစာရကြတယ်ပေါ့။
အမေရိကားမှာတော့ နှစ်ပတ်တခါ လစာထုတ်ကြတာ များတယ်။

အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေလည်း (၀င်ငွေ) ရှိတယ်။ လုပ်ငန်းကုန်ကျငွေဟာ ၀င်ငွေထက်နည်းရင် (အမြတ်) ရှိတယ်။ သုံးငွေနဲ့ ၀င်ငွေ မမျှရင် (အရှုံး) ပေါ်တာပေါ့။ Financial Statement က ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေကို သာမာန်အားဖြင့် ဖေါ်ပြကြပါတယ်။

အရင်းရှင် ငွေကြေးစနစ်က ၀င်ငွေပြနိုင်ရင် ဒီဝင်ငွေအပေါ်မူတည်ပြီး (အကြွေး) ယူနိုင်တယ်။ အကြွေး ယူရင် (အတိုး) ပေးရတယ်။ ဒီ(အတိုး)က ဘဏ်နဲ့ ငွေချေးရာဌာန (Financial Institution) အတွက် (၀င်ငွေ) လာဖြစ်တယ်။

ငွေချေးပြီးပြန်ဆပ်တော့ ပေးဆပ်သူက (အတိုး) နဲ့ (အရင်း) ပေါင်းပြီး တလဘယ်လောက်သွင်းဆိုပြီး ပြန်ဆပ်ရတယ်။ ဘာကြောင့် ပြန်ဆပ်နိုင်တာလဲ။ လစဉ် လစာရှိရင်ရှိ၊ မရှိရင် (၀င်ငွေ) ရှိရမယ်။ ဥပမာ ရင်းနှီးမှု (Investment) ကနေ ၀င်ငွေ ရှိချင်ရှိမယ်။ ပင်စင် လစာရချင်ရမယ်။

နောက်ဆုံးတော့ (၀င်ငွေ) ရှိရင် ငွေလည်သွားပြီ။ (ငွေ) ကို အသေမထားဘူး။ (အရှင်) ထားတယ်။ ဒီတော့ (ငွေ) က (ငွေ) ကိုပြန်ဖေါ်တာပဲ။

ကျနော်တို့ ဗမာနိုင်ငံမှာတော့ အိပ်ရာအောက်သိမ်း၊ ဟိုသိမ်းဒီသိမ်း၊ ဟိုမြှုပ်ဒီမြှပ် လုပ်ကြတာ ဘယ်လောက် (နာ) တယ် ထင်ပါသလဲ။(စနစ်) မရှိတာပါ။ ကြားထဲ ခိုးလို့ဖြစ်စေ၊ ဓါးပြအတိုက်ခံရလို့ ဖြစ်စေ ဆုံးရှူံးမှုတွေ ရှိတယ်။

Leverage လုပ်တယ်ဆိုတာဘာလဲ။
အရင်းရှင်စနစ်မှာ ငွေကို အသေမထားရဘူး။ ဒါကြောင့် (၀င်ငွေ) ရှိရင် ဒါကို (အရင်း) ပြုပြီး ငွေဖေါ်ရမယ်။ ဒါကို Leverage လုပ်တယ်လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် ၀င်ငွေရှိတဲ့ လုပ်ငန်းကို (အပေါင်) ထားပြီး ငွေဖေါ်တာပါပဲ။

ဥပမာ ကျနော်က ရန်ကုန်-မန္တလေးအဝေးပြေး ခရီးသည်ဘတ်စ်ကားလိုင်း ထောင်ချင်တယ် ဆိုပါတော့။ ယမုံနာ အဝေးပြေးကားကုမ္ပဏီလို့ ခေါ်ကြရအောင်။

ဘတ်စကားတွေ ၀ယ်ရမယ်။ ကားမောင်းသမား ငှားရမယ်။ လက်မှတ်အရောင်းစာရေးတွေ ခန့်ရမယ်။ ကားပျက်ရင်ပြင်ဖို့ ငွေရှိရမယ်ပေါ့။ အလုပ်သမားလစာ ပေးတာတို့၊ နေ့စဉ်လက်မှတ် ရိုက်တာတို့စတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါကို Operating Cost လည်ပတ်မှုအတွက် ကုန်ကျစရိတ်လို့ ခေါ်ပါတယ်။

နောက်လုပ်ငန်းအောင်မြင်လို့ တိုးချဲ့ဖို့ ကားအသစ်တွေ ၀ယ်ရမယ်။ ကားပြင်ဖို့ hydraulic တွေ ၀ယ်ရမယ်၊ ကားပြင်ဖို့ စက်ကရိယာတွေ၊ ကွန်ပြူတာတွေ ၀ယ်ရမယ်ဆိုပါစို့။ ဒါတွေကို Capital cost ငွေရင်းလိုတာမို့ ငွေရင်းငွေလို့ ခေါ်ပါတယ်။ လုပ်ငန်းတိုင်းမှာ Operating Cost နဲ့ Capital cost ဆိုတာ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ငွေရင်းကို ဘယ်ကရမှာလဲ။ ဘဏ်ဆိုတာက collateral လို့ခေါ်တဲ့ ပိုင်ဆိုင်မှု အပေါင်ပစ္စည်းရှိမှ။ ပြန်ရစရာ အိုးအိမ်နဲ့ စိန်ရွှေရတနာရှိမှ ငွေချေးမှာကိုး။ ငွေချေးရင် အတိုးပေးရတယ်။ တနှစ်လောက်အကြာမှာ စာရေးသူရဲ့ လုပ်ငန်းက ပုံမှန်ဝင်ငွေရှိလာပြီ။ တိုးချဲ့ချင်တယ် ဆိုပါစို့။ ငွေရင်းဘယ်က ရမှာလဲ။ ဘဏ်ကနေ ထပ်ချေး၊ အတိုးထပ်ပေးရုံပဲ ရှိတယ်။

အရင်းရှင်နိုင်ငံမှာတော့ မိမိလုပ်ငန်းဝင်ငွေရှိပြီ။ ဒါကို leverage ယူပြီး Stock တွေ ထုတ်ရောင်းလို့ ရပါတယ်။ ဒါကို IPO (Initial Public Offering) လို့ ခေါ်ပါတယ်။ ပထမဦးဆုံး Stock စရောင်းတာမို့ပါ။
တဖက်ကကြည့်ရင် Stock ရောင်းတယ် ဆိုတာက မိမိရဲ့ လုပ်ငန်းအောင်မြင်မှုကို Public လူအများနဲ့ share မျှဝေခံစားတာပဲ။ ငွေရှိတဲ့သူက အောင်မြင်တဲ့လုပ်ငန်းရဲ့ တစိတ်တဒေသကို ငွေနဲ့ ၀ယ်ယူတာပဲ ဖြစ်တယ်။ ကုမ္ပဏီဖက်ကကြည့်ရင် မိမိရဲ့အောင်မြင်မှုကို အရင်းတည်ပြီး (leverage) လုပ်ပြီး ငွေဖော်တာပဲ။ Stock ရောင်းလို့ရတဲ့ ငွေနဲ့ Capital cost ကို တိုးချဲ့နိုင်တာကြောင့် ကားအသစ်တွေ ၀ယ်နိုင်မယ်၊ အလုပ်သမားသစ်တွေ တိုးငှားနိုင်မယ်။ ဒါကြောင့် ရန်ကုန်/မန္တလေးအပြင်၊ မန္တလေး/မေမြို့/ တောင်ကြီး လိုင်းသစ်တွေကို တိုးချဲ့နိုင်မယ်။ ဈေးကွက်ချဲ့နိုင်တာကြောင့် ၀င်ငွေတိုးမယ်။ ၀င်ငွေမှန်မှန်တိုးပြီး လုပ်ငန်းပိုအခြေကြလာရင် လူတွေက စာရေးသူရဲ့ ယမုံနာကုမ္ပဏီကို ပိုယုံကြည်လာပြီး stock ဈေးတက်တော့ ရင်းထားတဲ့လူတွေလည်း အကျိုးရှိတာပေါ့။

ကုမ္ပဏီလည်း Stock တွေ ပိုထုတ်နိုင်သလို Bond ထုတ်ရောင်းရင် လူတွေဝယ်ကြတော့မှာပေါ့။ Stock ဆိုတာဟာ (ပိုင်ဆိုင်မှု) ပါလာပြီး အတက်အကျရှိတယ်။ စွန့်စားမှု Risk ရှိတယ်။

Bond ဆိုတာကတော့ (ငွေချေး) စာချုပ်သက်သက်ပဲ။ ရေတို/ရေရှည် Bond ရှိတယ်။ အချိန်ကိုလိုက်ပြီး အတိုးအမျိုးစုံ ရှိတယ်။ Bond ၀ယ်သူက အတိုးစားရမယ်။ ၂ နှစ် Bond ဆိုရင် ၂ နှစ်မှာငွေပြန်ရမယ်။ ၁၀နှစ် Bond ဆိုရင် ၁၀နှစ်မှာမှ အရင်းပြန်ရမယ်။ mature date လို့ ခေါ်ပါတယ်။

ဒါတွေက အကြမ်းဖျင်းပဲ ရှိသေးတယ်။ Controlling Share ထိန်းချုပ်မှုရှယ်ယာ လို့ခေါ်ပါတယ်။ ဥပမာ ယနေ့ Rudolf Murdoch ရဲ့ News Corp ဆိုတာ ပြဿနာတွေ ပေါ်နေတယ်။ ဒါပေမဲ့ Murdoch ရဲ့ မိသားစုက Controlling Shares တွေကို ကိုင်ထားတဲ့အတွက် Share Holders meeting ရှယ်ယာ ပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ Murdoch မိသားစုကို မကျော်နိုင်။

ဒါကြောင့် Stock & Share ထုတ်ဝေတော့မယ်၊ Bond ထုတ်ရောင်းမယ်ဆိုရင် ဒီ Investment ဘဏ်တွေကို ငှားရတာပါပဲ။

ငွေအသေမခံ
အရင်းရှင်လောကမှာ ငွေကို အရှင်ထားကစားတာပဲ။ ငွေကို အသေမခံချင်ကြဘူး။ Secondary Mortage နဲ့ Mortage Based Bonds တွေ အကြောင်း၊ ၂၀၀၇ ငွေကြေးပြဿနာအကြောင်းရေးတုန်းက ရေးပြပြီးပါပြီ။ ဥပမာ စားသုံးသူ Consumer လူထုဟာ ဘဏ်တွေက အကြွေးကဒ် (Credit Card) ထုတ်ပြီး အကြွေးစားသုံးကြတယ်။ အများက ဒီလ $ ၁၀၀၀ သုံးရင် အကုန်ပြန် မဆပ်နိုင်ကြဘူး။ $ ၅၀၀ ပဲ ပြန်ဆပ်နိုင်တယ်ဆိုရင် $ ၅၀၀ အကြွေးတင်ရင် ဒီ $ ၅၀၀ အပေါ်မှာ အတိုးပေးတော့ပေါ့။ ဘဏ်တွေက ဒီ (Credit Card) အကြွေးတွေကို စုပေါင်းပြီး Bond ထုတ်ပြီးပြန်ရောင်းတယ်။ ဥပမာ ဘဏ်က စားသုံးသူဆီမှာ ၄% နဲ့ အတိုးယူရင် ၁% ပဲစားပြီး ၃% ကို Bond ၀ယ်သူကို ပေးစားလိုက်တယ်။ ၁% ပဲ အတိုးစားလို့ သူတော်ကောင်းလို့ မထင်လိုက်ပါနဲ့။ ဘီလျံနဲ့ချီတော့ အတိုးခက သန်းနဲ့ချီရပါတယ်။ ငွေပြန်ဖေါ်တာလေ။ တခါ ပေါ်လာတဲ့ (ငွေ) နဲ့ ပြန်ချေး ငွေထပ်ဖေါ်ပေါ့။

ကြံရည်ညှစ်သလို ဒီငွေကို အကြိမ်ကြိမ်ချေး၊ အကြိမ်ကြိမ် (၀င်ငွေ) ရအောင်လုပ်တာပါ။ ဒီလို Bond မျိုးစုံကို retail ပြန်ရောင်းတော့လည်း ဒီ Investment Banks တွေကပဲ ပြန်ရောင်းပေါ့။

အစိုးရ ဘွန်း (Bonds)
ရပ်ကွက်၊ ပြည်နယ်၊ တိုင်းပြည်ကို အုပ်စိုးရတဲ့ အစိုးရတိုင်းမှာလည်း (၀င်ငွေ) ဆိုတာရှိပါတယ်။ (အခွန်) TAX ဆိုတာ အစိုးရတိုင်းအတွက် ၀င်ငွေပါပဲ။ ဒါကြောင့် ဒီဝင်ငွေကို leverage အရင်းတည်ပြီး ငွေချေးလို့ရပါတယ်။ Bond တွေ ထုတ်ရောင်းလို့ရပါတယ်။

Capital market ငွေရင်းရှာတဲ့ ဈေးကွက်မရှိတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ တံတားတွေဆောက်ချင်တယ်၊ လမ်းတွေဖောက်ချင်တယ်ဆိုရင်၊ အစိုးရဟာ မိမိတို့ရဲ့ဘတ်ဂျက်ငွေထဲက ငွေနဲ့ပဲ ဆောက်ရပါမယ်။ ကံကောင်းချင်တော့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်တဲ့နိုင်ငံဖြစ်ပြီး သယံဇာတမှန်သမျှ အစိုးရပိုင်လို့ သတ်မှတ်တဲ့အတွက် ၀င်ငွေရှိတာကြောင့် ဘတ်ဂျက်ရှိပေမဲ့ ဒီငွေတွေကို အလုံးအရင်း မပေးရဘဲ သတ်မှတ်ထားတဲ့ အတိုးနဲ့အရင်းကို မျှပေးနိုင်ရင် သန်း ၁၀၀ သာတတ်နိုင်မဲ့အစား သန်း ၂၀၀ သန်း ၃၀၀ တတ်နိုင်ရင် တိုးတက်မှု ပိုမမြန်နိုင်ဘူးလား။ မဆလခေတ်မှာ ဘာမှ မဆောက်နိုင်ခဲ့တာ ဘတ်ဂျက်မရှိလို့ မဟုတ်ပါလား။

တခြားနိုင်ငံတွေမှာတော့ မြူနီစပယ်အစိုးရက ငွေလိုချင်ရင်တောင် Bond ထုတ်ရောင်းကြပါတယ်။ မြူနီစပယ် Bond မို့၊ မြူနီ (Muni) လို့ ခေါ်ပါတယ်။ ငွေချေးပြီး တည်ဆောက်ကြတာပါ။

အမေရိကန်နိုင်ငံမှာ အစိုးရကချေးတဲ့ Bond ကို Treasury Notes လို့ခေါ်ပါတယ်။ အမေရိကန် နိုငံရေးသမားတွေဟာ ကိုယ့်ပိုက်ဆံမဟုတ်တိုင်း တိုင်းပြည်ပိုက်ဆံကို မတရား ဖြုန်းကြတယ်။ ယနေ့ အမေရိကားမှာ အခွန်ကနေ လက်ငင်းရငွေ တလ ၁၇၀ ဘီလျံရှိပြီး သုံးငွေက ဘီလျံ ၃၀၀ ကျော်ပါတယ်။ အသုံးလျော့ဖို့ ၀ိုင်းပြောတာလဲ မရပ်နိုင်ကြ။ သမ္မတ ဘုဒ်ဟာ သူ့သက်တမ်း (၈) နှစ်မှာ ဒေါ်လာ (၄) ထီလျံ သုံးသွားတယ်။ အိုဘာမားက (၃) နှစ်ကျော်ကျော်လေးမှာ (၅) ထီလျံ ဖြုန်းပြီးပြီ။ စာရေးသူရဲ့ အမြင်အရ အိုဘားမားဟာ ရပ်ကွက် အက်တစ်ဗစ်အဆင့်ကနေ အီလီနွိုင်ပြည်နယ်အတွက် ဆီနေတာ သက်တမ်းပြီးအောင်တောင် တာဝန်ကို မထမ်းဆောင်ရသေးဘူး။ တရားအဟော ကောင်းတာနဲ့ အမဲကွဆိုပြီး လက်ဝဲလစ်ဖရယ်တွေက ၀ိုင်းမြှောက်တင်လိုက်ကြတာ သမ္မတဖြစ်လာပေမဲ့ အုပ်ချုပ်ရေးရော၊ နိုင်ငံခြားရေးရော နားမလည်သလို စီးပွားရေးအကြောင်းကို (ဂဃဏန) မသိ၊ အစက စသင်နေရတယ်။ ဟီလာရီကလင်တန်နဲ့ တခြားစီပဲ။ ခုမှ လက်ဝဲတွေ၊ လစ်ဖရယ်တွေ ဈေးဝယ်မှားတဲ့ နောင်တ Buyers Remorse ရနေကြပြီ။ အမေရိကန်နိုင်ငံဟာ လောလောဆယ် အကြွေးဟာ ၁၅ ထီလျံ ကျော်သွားပြီ။ GDP က ၁၂ ထီလျံကျော်ကျော်။ အကြွေးသိပ်ထူလာရင် အတိုးနှုန်းတက်လာပြီး ဂရိနိုင်ငံလို သူတောင်းစားနိုင်ငံဖြစ်မှာကို ဥာဏ်ရှိသူတွေက တွေးပူနေကြရပြီ။

ဒီအစိုးရ Bond တွေ ထုတ်ရောင်းတာအတွက်ရော၊ Treasury Notes တွေရောင်းဖို့ ပွဲစားလုပ်တာ အားလုံး Investment နဲ့ Banks Brokerage တွေရဲ့ လက်ထဲပဲအပ်ရတာပဲ။ အမှန်တော့ ဒီ Investment Bankers တွေဟာ ကြားပွဲစားအကြီးစားတွေပဲ။ ဟိုဖက်ဒီဖက် နှစ်ဖက်(ခွ)စားတာပဲ။ ဒါကြောင့် regulation လျော့သွားတဲ့အခါ လောဘမထိန်းနိုင်ပဲ (အစား)လွန်သွားတော့ ၂၀၀၇ Financial Crisis ဖြစ်ရတာပဲ။

ဒီရစ်ဗစ်တစ် (Derivatives)
သင်္ချာဘာသာရဲ့ ကဲကုလပ် Calculus ဘာသာရပ်မှာ အမှီခံတန်ဖိုး Input ပြောင်းသွားရင် မှီခိုတန်ဖိုး function တခုဟာ ၎င်း၏တန်ဖိုးက ဘယ်လိုပြောင်းသွားသလဲဆိုတဲ့ တိုင်းတာမှုကို ဒီရစ်ဗစ်တစ် Derivatives လို့ခေါ်ပါတယ်။ ဥပမာ ရွေ့ရှားနေတဲ့ အရာဝတ္ထုရဲ့အချိန်နဲ့ ယှဉ်တဲ့နေရာ (Position) ဟာ အဲဒီဝတ္ထုရဲ့ (အမြန်နှုန်း) (velocity) ဖြစ်တယ်။ ထို့နည်းတူစွာပဲ စီးပွားရေးမှာလည်း သူ့ဟာသူ တန်ဖိုးမရှိပေမဲ့ အခြားအရာကနေ တန်ဖိုးဖြစ်လာတာကို Derivatives လို့ခေါ်ပါတယ်။ ဒါတွေကို Financial Instrument ငွေကြေးကရိယာလို့ ခေါ်ပါတယ်။ ဒါတွေကို လက်နက်အဖြစ် အသုံးပြုပြီး ငွေကြေးကစားကြတယ်လို့ ခေါ်ပါတယ်။ နဲနဲရှုပ်ထွေးတဲ့အတွက် လွယ်လွယ်ပြောရရင် နောက်ဆက်တွဲ ငွေရှာနည်းတွေ အများကြီးရှိတယ်လို့ ယေဘူယျအားဖြင်သာ မှတ်သားထားစေချင်ပါတယ်။ ၂၀၀၇ ငွေကြေးပြဿနာ 2007 Financial Crisis အကြောင်းရေးခဲ့တဲ့ ဆောင်းပါးမှာ CDO နဲ့ (Collateralized debt obligations) CDS တွေရဲ့ အကြောင်းကို လုံးစေ့ပတ်စေ့ ဖော်ပြပြီးခဲ့ပါပြီ။ CDS ဟာ Credit Derivatives အမျိုးအစားထဲမှာပါပါတယ်။

ဒါတွေဟာ တကယ်တော့ ရှုံးနိုင်တဲ့ စွန့်စားမှု Risk ပါလာပါတယ်။ ဒါကြောင့် ဒီလို ငွေကြေးကရိယာ Financial Instrument တွေဟာ လောင်းကစားဆန်လာတယ် ဆိုလည်းမမှားပါဘူး။ ဒါထက် ပိုဆိုးတာက ဒီကရိယာတွေဟာ ရှုပ်ထွေးလွန်းတာကြောင့် Investment Banks တွေကို အုပ်ချုပ်နေတဲ့ ထိပ်ဆုံးပုဂ္ဂိုလ် CEO တွေတောင် အသေးစိပ်သိကြသည်မဟုတ်။ မိုးကောင်းနေတုန်း၊ ၀င်ငွေများနေချိန်မှာ သတိရှိရန်လည်း မသိခဲ့ကြ။ ထို့ပြင် သမ္မတဘုဒ်က အသေးစိပ်ကို ဂရုစိုက်တတ်သည့် ဥာဉ်မရှိ။ အဲဒန်စမစ် စကားအတိုင်း ဈေးကွက်က တာဝန်ယူလိမ့်မည်ဟု သဘောထားသူ။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကိုထိန်းရမည့် အစိုးရထိန်းကွပ်သူ regulators များကို ခန့်ရာတွင် လောဘီရစ် Lobbyist တွေကို ဆွဲခန့်တော့ ကြက်အိမ်အထဲ မြေခွေးထည့်ပေးလိုက်သလို ဘဏ်သမား Bankers တွေအဖို့ သကာတွေ့ ကိန်းကြုံရပါတော့တယ်။ လောဘီရစ် Lobbyist ဆိုတာက မိမိအကျိုးဆောင်ဖို့အတွက် အမတ်မင်းတွေကို ပေါင်းပြီး ရှေ့နေလိုက်ပေးသူများ ဖြစ်ကြပါတယ်။ ထို့ကြောင့် Lobbyist Firm အများစုဟာ ၀ါရှင်တန် K St မှာရှိတဲ့ ရှေ့နေဥပဒေ အကျိုးဆောင်အုပ်စုတွေရဲ့ အစိတ်အပိုင်းအဖြစ် ရပ်တည်ကြပါတယ်။ နဂိုကမှ ရှုပ်ထွေးတဲ့ အရောင်း/အ၀ယ်ကိစ္စကို ကြပ်ကြပ်မတ်မတ်ထိန်းပေးရမှာကို ထိန်းသိမ်းသူ regulator တွေက ကိုယ့်လူဖြစ်နေတာကြောင့် အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်လာခဲ့ကြရာ ၂၀၀၇ ငွေကြေးပြဿနာပေါ်မှ အမေကယ်ပါ၊ အဖေကယ်ပါကိန်း ဆိုက်ခဲ့ကြရတာပါ။

တခြားကရိယာတွေ
အရင်းရှင်စနစ်ဆိုတာ (လောဘ) ကို အင်အား၊ လက်နက်သဖွယ် အသုံးပြုပြီး ခိုင်းစားတာကြောင့် ရေယိုပေါက်ရှာသလို၊ ဘယ်နေရာက (အမြတ်) ရသလဲ ဆိုတာတွေကို အမြဲစဉ်းစားနေကြသူများ ဖြစ်သည်။ ၁၉၈၀ ခုနှစ်များက သမ္မတ ရောနယ်ရီကင် လက်ထက်မှာ Junk Bonds၊ LBO leverage Buy Out၊ Arbitrage ဆိုတဲ့ ငွေကြေးကရိယာ Financial Instruments တွေဟာ ခေတ်စားခဲ့ပါတယ်။ တခေတ်တခါ က Junk Bonds ဥာဏ်ရှင် Michael Milken ရဲ့ Drexel ကုမ္ပဏီဆိုတာ နာမည်ကျော်ပေါ့။ နောက်ဆုံး Drexel ကုမ္ပဏီလည်းပျက်သွားပြီး Michael Milken လည်း ငွေကြေးနယ်ပယ်မှာ (မလုပ်ရ) ဆိုပြီး နယ်နှင်ခံရသလို ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ဒါက ၈၀ ခုနှစ်က လွန်ကျွံမှု (Excesses) တွေပါ။ တခါ ၉၀ ခုနှစ်တွေမှာ Y2K, Tech Boom, Telecom Boom ဆိုတာတွေဖြစ်တော့ တခါ Wall St မှာ ပျော်ကြ၊ ပါးကြ၊ စားကြ၊ ၀ါးကြပေါ့။ ၂၀၀၀ ခုနှစ် အကုန်လောက်မှာ Bust ဖြစ်တော့ ၀ုန်းဆို လူတွေအလုပ်ပြုတ်ကြ၊ ငိုကြယိုကြပေါ့။ Enron တို့လို ကုမ္ပဏီတွေရဲ့ လိမ်ညာမှုတွေပေါ်ပြီး ပြုတ်ကုန်၊ ကုမ္ပဏီလူကြီးတွေ တရားစွဲခံရ၊ ကုမ္ပဏီလည်းပြုတ်၊ စာရင်းတွေ ၀ိုင်းလိမ်ပေးတဲ့ နံမည်ကျော် Arthur Anderson လို ကုမ္ပဏီကြီးပါ လုံးလုံးပြုတ်ပေါ့။ Wall St က လူလည်တွေက Bust ဖြစ်ပြီဆိုတာနဲ့ ရှိသမျှ အရင်ရောင်းပြီး ငွေပုံပေါ် ထိုင်နေကြတာ။ ၂၀၀၂ ကျော်တော့ ဟော Real Estate အိမ်ရောင်း/အိမ်ဝယ် ဈေးကွက်ကို ငွေဝင်ပုံအောကြပြန်ရော။ ဒီ Boom ကို လိုက်စီးဖို့ Country Wide Mortage လို ကုမ္ပဏီ မျိုးတွေပေါ်လာပြီး လှိမ့်စားကြပေါ့။ ဒီ Housing Boom လို့ခေါ်တဲ့ စီးပွားရေးဖေါင်းပွမှု လှိုင်းကိုလှေကြုံ လိုက်စီးရင်း ငွေရွှင်ကြ၊ ငွေပုံပေါ် စံကြပြန်တာပေါ့။

အမေရိကန် တီထွင်မှု ထိုးထွင်းဥာဏ်
အမေရိကန်လူမျိုးတွေ အလွန်ဂုဏ်ယူကြတာာရှိတယ်။ အဲဒါကတော့ အမေရိကန်တို့ရဲ့ တီထွင်မှု ထိုးထွင်းဥာဏ်လို့ပြောရမဲ့ American Ingenuity ပါပဲ။ အရေးကြုံလာရင် အဖြေရအောင်ရှာမယ်၊ တီထွင်ယူမယ်၊ လမ်းရှာမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ အမေရိကန်နိုင်ငံသားတွေ အင်မတန် ဂုဏ်ယူကြတဲ့ စိတ်ဓါတ်နောက်တစ်ခုက (Can Do Attitude) လို့ခေါ်ပါတယ်။ ရအောင် လုပ်ပြမယ်၊ မဖြစ်ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တာနဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောရမယ်ထင်ပါတယ်။ ဒီစိတ်ဓါတ်ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စစ်ကြီးအပြီး ပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေ ကုမ္ပဏီထောင်ပြီး အလုပ်လုပ်နိုင်အောင် စဉ်းစားကြရင်းက ပေါ်ပေါက်ခဲ့ရတာပါပဲ။

လူတစ်ဦး သို့မဟုတ် လူတစ်စုဟာ ကုမ္ပဏီထောင်ဖို့ အလွန်ကောင်းတဲ့ အကြံဥာဏ် ရရှိကြတယ် ဆိုပါစို့။ ဒါဆို ကုမ္ပဏီထောင်ဖို့ ငွေအရင်းအနှီး လိုလာပြီ။ ဘဏ်ဆိုတာက ၀င်ငွေရှိမှ၊ ငွေပြန်ဖေါ်စရာ အပေါင်ရှိမှ၊ ငွေချေးမှာကိုး။ ၂၀ရာစု ပထမပိုင်းမှာ Private Equity လို့ခေါ်တဲ့ အများကို စတော့ထုတ်မရောင်းတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေမှာ ငွေရင်းစိုက်နိုင်တာ ရော်ကာဖယ်လာ (Rockefella) တို့၊ ဖေါ့ (Ford) တို့လို ငွေရှိပြီးသား သူဌေးကြီးတွေ ပဲရှိတာကိုး။ လူတိုင်း ဒီသူဌေးတွေနဲ့ ထိတွေ့နိုင်တာမှ မဟုတ်တာ။ ဒါကြောင့် Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) လို့ ပြောရမယ်ထင်ပါတယ်။ စပြီးထောင်စ ကုမ္ပဏီတွေကို Startup Companies လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အလားလာကောင်းသော၊ တိုးတက်မှုမြန်သော Startup Companies တွေကို အစပြိုးဖို့ အရဲစွန့်ပြီး စထောင်ဖို့ ငွေရင်းထုတ်ပေးသော လုပ်ငန်းကို Venture Capital လို့ခေါ်တာပါပဲ။

အရဲစွန့်တယ်ဆိုပေမယ့် အသားလွတ် လောင်းကစားသလို အရဲစွန့်ခြင်းမဟုတ်ပါ။ Calculated Risk လို့ခေါ်ရမဲ့ “တွက်ချက်ပြီး စွန့်စားခြင်း” ပါပဲ။

စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) Venture Capital ဆိုတာဘာလဲ။
နောင်တစ်ချိန်မှာ ထိပ်ဆုံးရောက်လာမဲ့ အင်တယ်လ် (Intel) ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပေါ်လာပုံကို ဥပမာအနေနဲ့ ကြည့်ကြရအောင်။

ရောဘတ်နွစ် (Robert Noyce) နဲ့ ဂေါ်ဒွန်မော (Gordon Moore) ဆိုတဲ့ အင်ဂျင်နီယာနှစ်ယောက်က ၁၉၆၈ခုနှစ်မှာ Integrated Circuit ဆိုတာကို တီထွင်နိုင်ခဲ့ကြတယ်။ ဒီအခါမှာ သူတို့နှစ်ယောက်က ကုမ္ပဏီအသစ်ထောင်ဖို့ ဆုံးဖြတ်ကြတယ်။ သူတို့ နှစ်ယောက်နဲ့အတူ မကြာခင်မှာပဲ အရင်အတူ အလုပ်လုပ်ခဲ့ကြတဲ့ ဟန်ဂေရီနိုင်ငံက ရေဖြူဂျီ (refugee) အနေနဲ့ ရောက်လာတဲ့ အင်ဒရူးဂရို့ Andrew Grove က လာပေါင်းခဲ့တယ်။ အင်ဂျင်နီယာနှစ်ယောက်ဟာ သူတို့သိတဲ့ အာသာရော့က် Arthur Rock အမည်ရှိတဲ့ Venture Capitalist ကို အစပြိုးဖို့ငွေရင်းရဖို့ ချဉ်းကပ်ခဲ့ကြတယ်။ ဒီနှစ်ယောက်ရဲ့ အရည်အသွေးကိုသိတဲ့ အာသာက ငွေရင်း ဒေါ်လာ ၂ သန်း ထုတ်ပေးခဲ့တယ်။ စစချင်း စထောင်တဲ့သူတွေကို Founders လို့ ခေါ်ပါတယ်။ ဒီ စတည်ထောင်သူတွေအတွက် မူလသဘောတူညီချက်အရ Founder’s Stocks လို့ ခေါ်တဲ့ (စ)ထူထောင်သူစတော့တွေ ရပါတယ်။ အများအားဖြင့် ငွေရင်းစိုက်သူတွေက အများအပြား ယူကြတာပါပဲ။

သာမန်အားဖြင့် အရင်းရှင်စနစ်မှာ ဘယ်တော့မှ ဥအားလုံးကို ခြင်းတစ်ခုထဲ မထည့်ရဘူး။ ကောင်းတယ်လို့၊ အောင်မြင်နိုင်စရာရှိတဲ့ အခွင့်အရေးတွေ့ရင် ကိုယ်ကဦးစီးပြီး အရင်းထည့်ပြီး နီးစပ်ရာ တခြား Venture Capitalist တွေကို စုပြီး (မ)တည်ငွေ အရင်းထောင်ပေးရတယ်။ ဒါကို Initial Round ပထမအရစ်အနေနဲ့ ပေးရတယ်။ ဒီကမှတဆင့် တခြားအင်ဂျင်နီယာနဲ့ အုပ်ချုပ်သူတွေငှားပြီး (စ)တီထွင်ရတော့တယ်။ ဒီကမှတဆင့် တိုးတက်မှု ရှိလာတယ်၊ ဖြစ်နိုင်စရာရှိတယ်ဆိုမှ ဒုတိယအရစ်၊ တတိယအရစ် စသည်ဖြင့် တိုးတက်မှုအပေါ်မှီပြီး ငွေကို လီပေးရတယ်။ ဒီငွေတွေ ထပ်တိုးတိုင်း စတော့ကို ငွေရင်းအချိုးကျ ထပ်မံ ထုတ်ဝေပေးရပါတယ်။ ယေဘူယျအားဖြင့် စတော့တစ်ခုကို (၅)ပြား၊ (၁၀) ပြား စသည်ဖြင့် (ပြား) ဂဏန်းနဲ့ ရကြတာပါ။ သာမန်အားဖြင့် (၁၈)လ (သို့) တစ်နှစ်ခွဲလောက်ဆို product လို့ခေါ်တဲ့ တီထွင်မှုကရိယာဟာ ရုပ်လုံးပေါ်လာပါပြီ။ ဒီအခါမှာ အရောင်းသမား Sales Person တွေငှားပြီး မိမိတို့ကုမ္ပဏီပစ္စည်းကို စရောင်းနိုင်ပြီ။ ဒီတော့ (၀င်ငွေ) ရှိလာပြီ။ မိမိရဲ့ ပစ္စည်းဟာ ရောင်းကောင်းပြီဆိုလာရင် မိမိတို့ကုမ္ပဏီကို ပုဂ္ဂလိကပိုင်မှ အများပိုင်သို့ပြောင်းနိုင်ပြီ။ မိမိတို့ကုမ္ပဏီရဲ့ စတော့တွေကို စတော့ဈေးကွက်မှာ တင်ရောင်းရင် အများပိုင် Public Company လို့ သတ်မှတ်ပါတယ်။

ဒီလို မိမိတို့ကုမ္ပဏီရဲ့ စတော့ကို ပုဂ္ဂလိကပိုင်မှ အများပြည်သူသို့ စတင်ရောင်းချခြင်းကို Initial Public Offering (IPO) လို့ခေါ်ပါတယ်။

ဒီလို အိုင်ပီအို (IPO) သွားတော့မယ်ဆိုရင် မိမိဘာသာ လုပ်ဆောင်၍ မရပါ။ အရင်းပြုဘဏ် (Investment Banks) တွေ လက်ကို အပ်ရပါတယ်။ သူတို့က မိမိပစ္စည်းရဲ့ ဈေးကွက်၊ မိမိပစ္စည်း၏ ရောင်းအား၊ နာမည်ရမှု အခြေအနေတွေအားလုံးကို ကြည့်ပြီးမှ စထွက်ဈေး ဘယ်လောက်ရှိသင့်တယ်လို့ သတ်မှတ်ပေးပါတယ်။ တစ်ချိန်တည်းမှာ စတော့ဖြန့်ဝေမှု အလုံးစုံကို တာဝန်ယူပေးကြပါတယ်။ ဒီလို မသတ်မှတ်ခင်၊ ငွေရင်းဈေးကွက်၏ ဘရာမင်များ ဖြစ်ကြကုန်သော၊ ငွေရှင်များ ဖြစ်ကြကုန်သော အာမခံကုမ္ပဏီများ၊ ပင်စင်ရံပုံငွေ (Pension Funds) ၊ မြူချယ်ဖန်း (Mutual Funds) များနဲ့ သီးသန့်ချမ်းသာသူများ (Independently Wealthy) များနဲ့ အမြို့မြို့မှာ ကုမ္ပဏီအကြီးအကဲ (CEO) နဲ့ တွေ့ဆုံပွဲတွေ လုပ်ပေးပါတယ်။ ဒီပွဲတွေမှာ မိမိကုမ္ပဏီကို ရောင်းပေတော့ပဲ။ နောက် (၆)လ၊ နောက်တစ်နှစ်မှာ ဘာတွေထပ်ထုတ်ဖို့ အစီအစဉ်တွေရှိပါတယ်။ မိမိတို့ရဲ့ပစ္စည်း Product ဟာ ပြိုင်ဖက်တွေနဲ့ ဘယ်လောက်သာပါတယ်ဆိုပြီး ရှင်းပြပေါ့၊ တစ်ဖက်ကလည်း သတင်းသမားတွေနဲ့ ပေါင်းပြီး မိမိပစ္စည်းကောင်းကြောင်း ဆောင်းပါးတွေရေးလာအောင် ချော့ပြီးပေါင်း၊ Trade Show လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာပြပွဲတွေမှာ ပြပြီးကြော်ငြာပေါ့။ အကောင်းဆုံး သက်သေတွေကတော့ မိမိရဲ့ဖေါက်သည် Customers တွေပါပဲ။

မိမိရဲ့ပစ္စည်း ဈေးကွက်မှာ နာမည်ရပြီဆိုရင် IPO မထွက်ခင် စထွက်ထွက်ချင်း ဈေးနဲ့ရဖို့ရာ ကြိုအော်ဒါမှာသူတွေ ၀ိုင်းနေတာပေါ့။ ဒီဝယ်အားကိုကြည့်ပြီး အရင်းပြုဘဏ် (Investment Banks) တွေက စတော့ ဈေးသတ်မှတ်ကြတာပါ။

သာမန်အားဖြင့် ဒေါ်လာ ၂၀၊၃၀၊၄၀၊၅၀ စသည်ဖြင့် ဖွင့်ကြတာပါပဲ။ အောင်မြင်တဲ့ ကုမ္ပဏီတွေကြတော့ ဒေါ်လာ ၃၀၊၄၀ လောက်နဲ့ဖွင့်ပြီး ၀ုန်းဆို ရာကျော်သွားတာတွေ ရှိပါတယ်။ သာမန်အားဖြင့် (စ)ထောင်တဲ့ ဖောင်ဒါတွေဟာ စတော့သိန်းမက သန်းနဲ့ချီ ရကြပါတယ်။ အများကတော့ Venture Capitalist တွေကပဲ ယူထားကြတာပါ။ ဒီတော့ ကုမ္ပဏီတစ်ခု အောင်မြင်သွားပြီဆိုရင် တခါတရံ သန်းနဲ့မဟုတ် ဘီလျံနဲ့ချီ (ပွ)သွားကြပါတယ်။ ပြားဂဏန်းနဲ့ ရထားတဲ့ စတော့တွေ ဆယ်ဂဏန်း၊ ရာဂဏန်း တက်သွားရင် (စား)ပေတော့ပဲ။ ဒါကြောင့် ကုမ္ပဏီတစ်ခုထဲကို ပုံမအောကြပဲ ကုမ္ပဏီအများကြီးကို နည်းနည်းစီထည့်ပြီး (ဝေစား) ကြတာပဲ။ ဒါ အရင်းရှင်စနစ် (ချမ်းသာမှုကို ဖေါ်ထုတ်ခြင်း) Wealth Creation ပါပဲ။

တကယ်တော့ အသေအချာ လေ့လာကြည့်ရင် ဒီ Venture Capitalist ဆိုသူတွေဟာ ခေတ်သစ်ချစ်တီး တွေပါပဲ။ သို့သော် သူတို့ရှိလို့လဲ ဒီလိုအောင်မြင်မှုကို ဖေါ်ဆောင်နိုင်တာလို့ ငြင်းချက်ထုတ်လာရင်တော့ အဖြေရအခက်သား။

အဲလ်ပယ် (Apple) စတင် တည်ထောင်ကတည်းက ပါခဲ့တဲ့လူတစ်ယောက်ဟာ မစွန့်စားရဲတာကြောင့် စတော့အားလုံးကို ရာဂဏန်းနဲ့ပဲ ရောင်းပစ်ခဲ့တယ်။ အခုအထိ ဆက်ကိုင်ထားရင် ဘီလျံနဲ့ချီ တန်နေပြီ။
အရင်းရှင်စနစ်ဆိုတာ စွန့်စားရဲမှကိုး။

စတော့ကို ငွေကြေးအဖြစ် အသုံးပြုခြင်း
ဆိုရှယ်လစ် ဦးနေ၀င်းလက်ထက်မှာ ကြီးပြင်းခဲ့ရပြီး မာ့က်ဝါဒီသမား ဦးဘငြိမ်ရဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်အောက်မှာ ငတ်ခဲ့ကြရတဲ့ စာရေးသူ မြန်မာနိုင်ငံသားဟာ စတော့ဆိုတာ ဘယ်လိုနားလည်မှာလဲ။ စာရေးသူ စီလီကွန်ဗယ်လီကို ပြူးတူးတူးကြောင်တောင်တောင် ရောက်သွားတော့ အဆင့်မြင့် အတတ်ပညာ ကုမ္ပဏီ (High Tech Firms) တွေဟာ စတော့ဝယ်ခွင့် (Stock Option) ကို ငွေစက္ကူပမာ Currency အဖြစ် အသုံးပြုနေကြပြီ။

စတော့ဆိုတာက ကုမ္ပဏီရဲ့ ရောင်အားနဲ့ အမြတ် အပေါ်မူတည်ပြီး အတက်အကျ ဖြစ်တာကိုး။

သုံးလပတ်တစ်ခါ စာရင်းရှင်းတမ်းအပြီးမှာ ကုမ္ပဏီအကြီးအကဲတွေဟာ Stock Analyst ဆိုတဲ့ စတော့လေ့လာသူတွေနဲ့ တယ်လီဖုံးကွန်ဖရင့် လုပ်ကြရပါတယ်။ ဒီမှာ နောင်(၃)လအတွက် အခြေအနေ၊ ထွက်မဲ့ Product ပစ္စည်းအသစ်တွေနဲ့ မိမိထင်မြင်ချက်ကို တင်ပြကြလေ့ရှိပါတယ်။ ဒါကို စတော့လေ့လာသူတွေက အသေအချာ သုံးသပ်ကြပြီးမှ ၀င်ငွေ ဘယ်လောက်ရနိုင်သလဲဆိုတာကို သုံးသပ်ပြီးမှ စတော့ဈေး ဘယ်လောက်ရှိသင့်သလဲဆိုပြီး ထင်မြင်ချက်ပေးလေ့ရှိတယ်။ စာရေးသူလုပ်ခဲ့တဲ့ စစ္စကို Cisco လို ကုမ္ပဏီတွေက ကွက်တိပြောတဲ့အတိုင်းဖြစ်အောင် လိုက်ဆောင်ရွက်နိုင်ကြတယ်။ ဒီလို မှန်းချက်ကိုက်အောင် ဆောင်ရွက်နိုင်ရင် ဈေးကွက်က ယုံကြည်မှုရှိပြီး မိမိစတော့ဈေးတွေ၊ တရိပ်ရိပ် တက်ပြန်ရော။ ဒီလိုဖြစ်ဖို့ရာ အသုံးစရိတ်ကို သုံးရာမှာ စည်းကမ်းရှိဖို့လိုတယ်။ ဒါကြောင့် အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ မိမိဝန်ထမ်းတွေကို လစာပေးရာမှာ တခြားသူတွေထက် ၁၀%လောက် လျော့ပေးတယ်။ အစစအရာရာ အသုံးစရိတ်မှာ ခြွေတာကြတယ်။ ဈေးကွက်က မျှော်လင့်သလို (အမြတ်) များများရအောင် ကြိုးစားကြတယ်။ အမြတ်များများရမှ မိမိတို့ကုမ္ပဏီ စတော့တွေဈေးတက်မှာကိုး။

ဒီလို ကုမ္ပဏီတစ်ခုလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြတာက အလုပ်ကြိုးစားသူတွေကို အုပ်ချုပ်သူတွေက စတော့ဝယ်ခွင့် Stock Option ပေးပိုင်ခွင့်ရှိကြတယ်။ တနည်းအားဖြင့် (ပိုင်ဆိုင်ခွင့်) သို့မဟုတ် ကုမ္ပဏီရဲ့ အောင်မြင်မှုကို ၀န်ထမ်းတွေအားလုံး ပါဝင်ခံစားခွင့်ပေးပြီး (ချည်)လိုက်တာပဲ။ တနည်းအားဖြင့်လည်း (ပိုင်ဆိုင်ခွင့်) ပေးပြီး (ငါ) ဆိုတာကို (ရစ်ပတ်ချည်နှောင်) ပေးလိုက်တာ။

စာဖတ်သူ လူငယ်လေးတွေကို သတိပြုစေချင်တာက အရင်းရှင်စနစ်အရ အောင်မြင်ဖို့အတွက် တစ်ဦးချင်းစွမ်းဆောင်နိုင်မှု (Individualism) ကို အားပြုထားပေမဲ့ စတော့ဆိုတာက အားလုံးနဲ့ ဆိုင်တယ်။ အားလုံးက ပါဝင်ထမ်းဆောင်မှ (အမြတ်) များများရမယ်။ ဒါကြောင့် (အကျိုး) အတွက်ကြတော့ (အများ) ဆိုတဲ့ Collectivism ကို ဆွဲချည်ပေးလိုက်တာ။ သိပ်လှတဲ့ သိပ်ပညာပါတဲ့ လုပ်ကွက်။ အတုယူသင့်တယ်။ American Ingenuity ဆိုတာဒါပါပဲ။

စတော့က ဘယ်လို အကျိုးရမှာလဲ။
စာရေးသူ စစ္စကိုရောက်တော့ ကုမ္ပဏီက အထွဋ်အထိပ်ရောက်ချိန်လို့ ပြောရမယ်ထင်တယ်။ သူ့ဈေးကွက်မှာ နံပတ်တစ်ပဲ။ ထိုစဉ်က အင်တာနက်တည်ဆောက်မှုမှာ စစ္စကိုပစ္စည်း Product 85% လောက်ကို ပါတယ်။ ပြိုင်ဖက် မရှိသလောက်ပဲ။ ဒါကြောင့် ထိုစဉ်က စစ္စကိုကုမ္ပဏီမျိုးကို ၀င်ဖို့ရာ သိပ်ခက်တယ်။ စာရေးသူ ရောက်ခဲ့စဉ်က ၀န်ထမ်း ၃၅၀၀ လောက်ပဲ ရှိတယ်။ Startup လို့ ခေါ်တဲ့ စစချင်း အခြေအနေသာသာလေးပဲ ရှိသေးတယ်။ တစ်ဖက်ကလည်း ကုမ္ပဏီတိုင်းဟာ လူတော်တွေကို ၀ိုင်းလုရသလို၊ မိမိကုမ္ပဏီက လူတော်တွေကို တခြားကလာဆွဲမှာ စိုးရိမ်ရတယ်။ အကောင်းဆုံးနည်းက စတော့ပေးပြီး မသွားနိုင်အောင် ဆွဲချည်ထားလိုက်တာပဲ။

စာရေးသူတို့အဆင့်မှာ ကုမ္ပဏီကိုဝင်ရင် sign-on bonus လို့ခေါ်တဲ့ တခြားက မိမိကုမ္ပဏီကို ၀င်ရောက်လာတဲ့အတွက် ကြိုဆိုတဲ့သဘောနဲ့ စတော့အပိုရပါတယ်။ ဥပမာ စတော့ ၄၀၀၀ ရတယ် ဆိုပါစို့။ စတော့ကို ရော့ဆိုပြီး ပေးလိုက်တာ မဟုတ်ပါ။ စတော့ကို အဲဒီအချိန်မှာ ရှိတဲ့ပေါက်ဈေးနဲ့ ၀ယ်ခွင့် ပြုလိုက်တာပါ။ စစ္စကို ကုမ္ပဏီက စတော့ဈေးကို ဒေါ်လာ ၄၀နဲ့ ၈၀ အကြား ထားပြီးတော့ ကစားလေ့ရှိပါတယ်။ စတော့ဈေး သိပ်ကြီးသွားရင် ၀ယ်နိုင်သူအရေအတွက် နည်းမှာစိုးတာကြောင့် သာမန်အားဖြင့် ၄၀က တဖြည်းဖြည်းတက်လာရင် ၈၀ လောက်ရောက်ရင် split လုပ်တယ်ခေါ်ပါတယ်။ စတော့ကို နှစ်ဆ၊တစ်ဆ ခွဲပစ်လိုက်ပါတယ်။ နှစ်ဆတစ်ဆခွဲရင် လက်ရှိ စတော့တစ်ခုဟာ နှစ်ခုဖြစ်သွားပြီး ဈေးက ၈၀ ကနေ ၄၀ ဖြစ်သွားပါတယ်။ ကုမ္ပဏီရဲ့ ပစ္စည်းတွေရောင်းကောင်းရင် စစ္စကို စတော့ကို ၀ယ်ကိုင်ချင်သူတွေများတာကြောင့် စတော့ဈေးတွေ ထပ်တက်ပေါ့။ ဒီလိုဖြစ်တာ အဲဒီချိန်က တစ်လမှာ တစ်ကြိမ်လောက် စတော့က ကွဲတယ်။ Split ဖြစ်တယ်။

ဒီတော့ အလုပ်ဝင်ပြီး (၈)လမှာ စတော့ကွဲရင် မူရင်း စတော့ ၄၀၀၀ ဟာ ၈၀၀၀ ဖြစ်သွားပြီး မိမိက ၄၀နဲ့ ၀ယ်ခွင့်ရထားခဲ့ရင် ၀ယ်ဈေး ၂၀ ဖြစ်သွားရော။ နောက်ထပ်တစ်ခါ စတော့ထပ်ကွဲရင် မိမိဝယ်ခွင့်ရထားတဲ့ စတော့အရည်အတွက်က ၁၆၀၀၀ ဖြစ်သွားပြီး ၀ယ်ခွင့်ရတဲ့ဈေးက ၁၀ ဖြစ်သွားရော။ အကယ်၍ တစ်နှစ်ပြည့်တဲ့အချိန်မှာ စတော့ဈေးက ၅၀ ဆိုရင်၊ ၀ယ်ခွင့်ရတဲ့ ဈေးက ၂၀ ဒေါ်လာဆိုတော့ကာ စတော့ တစ်ခုကို ဒေါ်လာ ၃၀ မြတ်နေပြီ။ မိမိ ၀ယ်ပိုင်ခွင့်စတော့ပေါင်း ၂၀၀၀ ဆိုရင် တစ်နှစ်အတွင်း အမြတ်ငွေ ဒေါ်လာ ၆၀၀၀၀ ရနေပြီ။ ကုမ္ပဏီတွေက စတော့ပေးပြီး လူတွေကို မိမိဆီမှာနေအောင် ဆွဲထားချင်တာကြောင့် စတော့တစ်ခါပေးရင် သက်တမ်းက (၄) နှစ်ပြည့်အောင် စောင့်ရမယ်။ ဆိုလိုတာက ဒီစတော့ကရမဲ့ အမြတ်ကို လိုချင်ရင် ဒီကုမ္ပဏီမှာ (၄) နှစ်နေမှ အပြည့်အ၀ ခံစားခွင့်ရှိမည်။ တစ်နှစ်နေရင် ရပိုင်ခွင့်စတော့ထဲက လေးပုံတစ်ပုံကို ခံစားပိုင်ခွင့်ရှိတယ်။ ၀င်ဝင်ချင်း စတော့ (stock) ရသလို တစ်နှစ်တစ်ခါ ကုမ္ပဏီက အလုပ်ကြိုးစားတဲ့သူတွေကို စတော့ ချီးမြှင့်ပြန်တယ်။

ဘယ်သူတွေ ရထိုက်တယ်ဆိုတာကို မန်နေဂျာတွေ လက်ထဲအပ်ထားတယ်။ လူတိုင်းမရ။ အလုပ်ကြိုးစားတယ်၊ လူတော်ဆိုရင် မရတဲ့နှစ် မရှိပါဘူး။ ဒါ ၀န်ထမ်းတွေ အလုပ်ကြိုးစားအောင် မြူဆွယ်ထားတာပါ။ အလုပ်ပြီးအောင် လူတစ်ဦးချင်းအပေါ် မူတည်ပေမယ့် စတော့ဈေးတက်ဖို့ကြတော့ အားလုံးနဲ့ လာဆိုင်တယ်။ တစ်ဦးချင်းအကျိုး (Individualism) ကို အများအကျိုး (Collectivism) နဲ့ စတော့နဲ့ လာချိတ်ပေးထားတာပါပဲ။

တခြားကုမ္ပဏီတွေကို ၀ယ်တော့ကော
အမေရိကန်နိုင်ငံမှာ စက်မှုတော်လှန်ရေး (Industrial Revolution) လို့ခေါ်တဲ့ ရော့ကယ်ဖယ်လား (Rockefeller) တို့၊ ဖေါ့စ် (Ford) ခေတ်ကနေ၊ အိုင်ဖီအမ် (IBM) ခေတ်အချိန်အထိ အရင်းရှင်စနစ်ကို ဒေါင်လိုက် (Vertically) ထူထောင်ခဲ့ကြတယ်။ ဆိုလိုတာက လိုသမျှပစ္စည်းအားလုံးကို ငါတို့ ကုမ္ပဏီအတွင်းမှာပဲ ထွင်မယ်၊ တည်ဆောက်မယ်ပေါ့။ ဆိုးကျိုးက လူတွေအများကြီး ငှားပြီးဆောင်ရွက်ရတော့ ၀န်ပိုလာတယ်။ တချိန်တည်းမှာ အလုပ်သမားအဖွဲ့အစည်း Unions တွေက တောင်းဆိုတာများတော့ အလုပ်သမားစရိတ်ကြီးပြီး cost of Business အလုပ်ဝန်ဆောင်ခ ကြီးလာတယ်။ တစ်ဖက်ကလည်း မိမိကုမ္ပဏီက အားလုံးထွင်မှကောင်းမယ်လို့ ထင်တာကြောင့် research တီထွင်မှုစမ်းသပ်ခြင်းကိုလည်း မိမိကုမ္ပဏီမှာပဲ လုပ်တာကြောင့် စရိတ်တက်လာတယ်။ အောင်မြင်တာလည်း ရှိသလို၊ မအောင်မြင်တာတွေလည်း ရှိမှာကိုး။ စီးပွားရေးကျတဲ့အချိန်မှာ ဒီစရိတ်တွေက ထောင်းလာတော့မယ်။

ဒါကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အရင်းရှင်စနစ်ဟာ ပုံစံပြောင်းပြီး ဒေါင်လိုက်ကနေ အလျားလိုက် (Horizontal) ပုံသဏ္ဍန်ကို ပြောင်းပစ်လိုက်တယ်။ ဥပမာ ထုတ်လုပ်မှု (manufacturing) ကို ကြည့်ရအောင်။ မိမိကိုယ်တိုင် ထုတ်လုပ်ရင် အလုပ်သမားတွေ ငှားရမယ်။ ယူနီယံတွေက လာရှုပ်ကြဦးမယ်။ ဒီတော့ ထုတ်လုပ်မှုကို ကျွမ်းကျင်တဲ့ ကုမ္ပဏီကို ၀ကွက်အပ်လိုက်တယ်။ ဒါကို ကွန်တရက် ပေး၍ထုတ်လုပ်မှု (Contract Manufacturing) လို့ ခေါ်ပါတယ်။ အခုတော့ ဒါတွေအားလုံး တရုပ်ပြည် ရောက်ကုန်ပြီ။

တီထွင်မှုမှာလည်း စစ္စကိုက ကိုယ်တိုင် စမ်းသပ်စရာမလို။ စီလီကွန်ဗယ်လီ (Silicon Valley) မှာ Startup လို့ခေါ်တဲ့ စထွင်တဲ့ စပေါ်စကုမ္ပဏီ (Startup) တွေပြိုင်ပါစေ။ စစ္စကိုက အရင်းအနှီးပြုစရာမလို။ အနိုင်ရတဲ့ ကုမ္ပဏီ၊ အောင်မြင်မှုရတဲ့ ကုမ္ပဏီကိုမှ စစ္စကိုစတော့ကို (ငွေ) အဖြစ်သုံးပြီး ၀ယ်လိုက်ရုံပဲ။ စတော့သာမှန်မှန် ဈေးတက်ပါစေ၊ လိုချင်သူပေါတဲ့ စတော့ကို (ငွေ) အဖြစ်သုံးပြီ စတည်ထောင်ခါစ ကုမ္ပဏီငယ်လေးတွေကို ၀ယ်လိုက်ရုံပဲ။ သူများစရိတ်နဲ့ ပြိုင်ခိုင်းပြီး အရင်းရှင်နည်းနဲ့ အနိုင်ရသူကို (ငွေ)နဲ့ ပေါက်ဝယ်လိုက်တာပဲ။ အောင်မြင်တဲ့စတော့ (stock) တွေဟာ ငွေစက္ကူထက် ပိုတန်ဖိုး ရှိပါတယ်။

ရေးသားသူ - Bo K Nyein
ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
Read More

Wall St နှင့် ငွေကြေးကဏ္ဍ အပိုင်း(၂)

4:00 PM | ,


အရင်းရှင်စနစ်ဆိုတာ ဘာလဲ။

တကယ်တော့ အရင်းရှင်စနစ်ဆိုတာက စီးပွားရေးစနစ်သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ် မဟုတ်ပါ။ စစ်ကြီးအပြီး လွတ်လပ်တဲ့ ကမ္ဘာမှာ တနည်းအားဖြင့် အနောက်ဖက်ခြမ်းလို့ ခေါ်ကြတဲ့ နိုင်ငံတွေမှာ အစိုးရကို ပြည်သူလူထုက ရွေးချယ်တဲ့ လစ်ဖရယ်ဒီမိုကရေစီကို ပြန်လည်ကျင့်သုံးလာကြပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ပြန်လည်ပြီးတော့ အကောင်အထည်ဖေါ်လာကြပါတယ်။

ဥရောပက နိုင်ငံတွေထူထောင်ဖို့ မာရှယ်ပလင် (Marshall Plan) ကို အမေရိကန်ငွေနဲ့ စတင် အကောင်အထည် ဖေါ်လာကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီးမက်ကာသာက ဦးဆောင်ပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ကို ရေးဆွဲပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ခဲ့ပါတယ်။

ဆိုဗီယက်တွေ စိုးမိုးထားတဲ့ အရှေ့ဥရောပမှာတော့ ဆိုဗီယက်ပုံသဏ္ဍန် ကွန်မြူနစ်ပါတီ အသီးသီး ပေါ်ပေါက်လာကြရာ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီက (သံမဏိ) လိုက်ကာ Iron Curtain ဆိုပြီး သမုတ်ခဲ့ပါတယ်။

ဒါကြောင့် စစ်ပြီးကာလမှာ ကမ္ဘာကြီးဟာ နိုင်ငံရေးအရ ဒီမိုကရေစီကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ဖေါ်ဆောင်တဲ့ အနောက်အုပ်စုနဲ့ နိုင်ငံရေးအရ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ထူထောင်ပြီးသကာလ စီးပွားရေးအရ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဖေါ်ဆောင်သော အရှေ့အုပ်စုဆိုပြီး ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီမှာ စာဖတ်သူများကို သတိပြုစေချင်တာက ဒီမိုကရေစီဆိုတာက လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ အရင်းရှင် စီးပွားရေးစနစ်က လွတ်လပ်စွာ ရောင်း/၀ယ်ခွင့်ရှိတာကြောင့် (လွတ်လပ်မှု) ကို အရင်းတည်ပါတယ်။

ကွန်မြူနစ်စနစ်ကတော့ နိုင်ငံရေးအရ အာဏာရှင်စနစ်ကို အခြေခံပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုတာကလည်း အားလုံးကိုထိန်းချုပ်တဲ့ (ထိန်းချုပ်မှု) (Control) ကို အခြေခံကြပါတယ်။ နောက်ဆုံးတနေ့မှာ ကွန်မြူနစ်စနစ်ကျဆုံးသွားရတာက ဒီ (ထိန်းချုပ်မှု) (Control) ကြောင့်ပဲဆိုတာကို သိမြင်စေချင်ပါတယ်။

တချိန်ထဲမှာ (လွတ်လပ်ခွင့်) ရှိတယ်ဆိုတာနဲ့ (မျှတမှု) (Fair) ဖြစ်ပြီလို့ မဆိုနိုင်ပါ။ အရင်းရှင်စနစ်ဟာ စီိးပွားရေးစနစ်သက်သက်ဖြစ်တာကြောင့် (မျှတခြင်း) ဟာ ၎င်းရဲ့တာဝန်မဟုတ်ပါ။ (မျှတခြင်း) ဟာ နိုင်ငံရေးစနစ်မှာသာ တာဝန်ရှိပါတယ်။

ဒါဆို အရင်းရှင်စနစ်ရဲ့ ရည်မှန်းချက်ကဘာလဲဆိုရင် Wealth Creation လို့ဆိုတဲ့ (ချမ်းသာမှုကိုဖေါ်ထုတ်) ခြင်းသာဖြစ်တယ်။ တနည်းအားဖြင့် မျှတမှုကို တတ်နိုင်သမျှ ဖေါ်ဆောင်တဲ့ Wealth Distribution ချမ်းသာမှုကို (ဝေဖြန့်) ခြင်းလည်း မဟုတ်ပါ။

အများစုက Wealth Creation နဲ့ Wealth Distribution ကို ရောနေကြတဲ့အတွက် အရင်းရှင်စနစ်ကို ဖိဝေဖန်နေကြခြင်းဖြစ်သည်။ ဆိုရှယ်လစ်စနစ်ကမှ Wealth Distribution ကို ဦးတည်ပါတယ်။

ဒီလိုဆိုလို့ အရင်းရှင်စနစ်သည် တရားပါသလားဟု မေးလာလျှင် လုံးဝ (မတရား) ပါ။ အရင်းရှင်စနစ်မှာ (ငွေ) သည်သာ အဓိကဖြစ်၍ (အမြတ်)ရရှိရေးသည် ၎င်း၏ အသက်သွေးကြောဖြစ်သဖြင့် မည်သို့မှ မျှတမှုကို ဦးမတည်နိုင်ပါ။

တဖက်ကကြည့်ရင် မျှတမှုမရှိတဲ့စနစ်ကြီးကို ဘာကြောင့် လက်ခံကျင့်သုံးနေကြရတာလဲလို့ မေးစရာ ရှိပါတယ်။ အဖြေက ရိုးရိုးရှင်းရှင်းလေးပါ။ မွေးကတည်းကိုက လူသားတွေဟာ သာတူညီမျှ မွေးလာကြတာမှ မဟုတ်တာ။

ဥာဏ်ကောင်းသူများပါလာသလို၊ ဥာဏ်နည်း၊ ဥာဏ်ထိုင်းသူများလည်း ပါလာသည်။ စိတ်ကောင်းရှိသူများ ရှိသလို၊ စိတ်ပုတ်သူများကလည်းမရှား။ ရုပ်ရည်ချောမောသူများ ရှိသလို၊ ရုပ်ဆိုးသူများကလည်း အနန္တ။ လူတော်များရှိသလို၊ လူညံ့များလည်းရှိသည်။ နောက်ဆုံး သဘာဝမှာပင် မက်တာ (Matter) ဒြပ်ထု ရှိသလို ၎င်း၏ဆန့်ကျင်ဖက် အင်တီမက်တာ (Anti Matter) လည်း ရှိပြန်သည်။

ထို့ကြောင့် သဘာဝကို ဆန့်ကျင်၍မရ၊ သဘာဝအတွင်း အမျှတဆုံး၊ အကောင်းဆုံးဖြစ်နိုင်အောင်သာ ကြိုးစားကြရမည်။ လွတ်လပ်ပြီဆိုပြီး ကိုယ်မုန်းသည့်သူကို သွားသတ်၍မရ၊၊ လူသတ်မှုနှင့် အဖမ်းခံရမည်။ ကျောက်ခေတ်ကကဲ့သို့ မိမိနှစ်သက်ရာ အမျိုးသမီးကို အိမ်သို့ဆွဲလာလို့မရ။ မှုဒိန်းမှုနှင့် အဖမ်းခံရမည်။

ဒီမိုကရေစီအရ လွတ်လပ်သည်ဆိုရာတွင် ဥပဒေဘောင်အတွင်းမှသာ လွတ်လပ်ခွင့်ရှိသည်ပါ။ လူ့ဘောင်ကျင့်ဝတ်တွေကို လူ့ဘောင်အဖွဲအစည်းတွေက သတ်မှတ်ကြ၍ လူထုကိုကိုယ်စားပြုသူ အမတ်မင်းတွေက လွှတ်တော်မှာ ဥပဒေပြုကာ တရားဝင်မှုကို ဖန်တီးကြရပါသည်။

ထို့နည်းတူစွာ အရင်းရှင်စီးပွားရေးစနစ်တွင်လည်း မျှတမှုအတွက် တရားဝင်မှု၊ တရားမ၀င်မှုကို ဥပဒေနဲ့ပဲ ဘောင်ခတ်ပြီးတော့ ကန့်သတ်ပေးရပါတယ်။ ဥပမာ တိုးတက်သောနိုင်ငံများတွင် တနေ့ ရှစ်နာရီသာ အလုပ်ချိန်အဖြစ် သတ်မှတ်ထားပြီး၊ ပိုလာပါက အပိုလုပ်ခပေးရမည်။ ကလေးအလုပ်သမား မရှိစေရ စတဲ့ ဥပဒေမျိုးတွေပါ။

အမေရိကန်နိုင်ငံတွင် အများမသိသောသတင်းကို အသုံးပြု၍ စတော့အရောင်းအ၀ယ် မလုပ်ရဆိုတဲ့ Insider Trading ဥပဒေ ရှိပါတယ်။ ကျူးလွန်ရင် ထောင်ကျနိုင်ပါတယ်။

ဒါထက်အဆင့်မြင့်တဲ့ မျှတမှုတွေအတွက်ကတော့ ဥပဒေအပြင် (ပေါ်လစီ)နဲ့ပဲ ဖေါ်ထုတ်နိုင်သလို၊ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ Universal Health လို့ခေါ်တဲ့ နိုင်ငံသားတိုင်း ဆေးကုသခွင့်ရှိတယ်ဆိုတဲ့ ပေါ်လစီမျိုးပေါ့။ တဖက်ကပြန်ကြည့်ရင် ဒီမညီမျှမှုကပဲ အရင်းရှင်စနစ်ကို အောင်မြင်စေတာလို့ ငြင်းချက်ထုတ်နိုင်ပြန်ပါတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်ကျဆုံးရတဲ့ အကြောင်းအရင်းတခုဟာ Incentive လို့ခေါ်တဲ့ (ဆွဲဆောင်မှု/ တွန်းအားပေးမှု) မရှိတာကြောင့်လို့ ငြင်းနိုင်စရာရှိပါတယ်။

ကောင်းပြီ၊ ဒါဆိုရင် အရင်းရှင်စီးပွားရေးစနစ်ရဲ့ ဆွဲဆောင်မှု (၀ါ) တွန်းအားဟာ ဘာလဲဗျလို့ မေးရင် (လောဘ) လို့ ဖြေနိုင်ပါတယ်။ တဆင့်တက်ပြီး အရင်းရှင်စီးပွားရေးစနစ်ဟာ (လောဘ) ကို ၀ရဇိန်လက်နက်အဖြစ် အသုံးပြုတာဗျလို့ ဖြေရင်တောင် မှန်ပါတယ်။

ဘာကြောင့်လဲ။ (Greed is good) လောဘဟာ ကောင်းပါတယ်တဲ့။

ဗမာစကားမှာ လူတွေဟာ လောဘသားတွေမို့ လောဘနှင့် မကင်းဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မာ့က်စ်က ရုပ်ဝါကို အခြေခံသည်မို့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို မမှု၊ အသိမှတ်မပြုဟု ငြင်းနိုင်သည်။

ဗုဒ္ဓဘာသာက လူသားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို အသိမှတ်ပြုတယ်။ ဒီစိတ်တွေကြောင့် အတ္တနှင့် တဏှာ (Attachment) ရှိနေသမျှ၊ တဏှာ မကျွတ်သ၍ သံသရာက မလွတ်နိုင်သေး။ ထို့ကြောင့် ဗုဒ္ဓဘာသာက ဒီလောဘစိတ်နဲ့အတူ အတ္တအစွဲနဲ့ တဏှာကို အဆုံးသတ် အနိုင်ယူဖို့ ကြိုးစားတယ်။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ဆိုက်မှ ဒီစိတ်တွေပျောက်ပြီး နိဗ္ဗန်ကို ရှေ့ရှုနိုင်မှာ မဟုတ်ပါလား။

အရင်းရှင်စီးပွားရေးစနစ်ကတော့ (လောဘ) ကို အသိအမှတ်ပြုရုံမက လောဘကို အားပေးသည်။ (လောဘ) ကို လက်နက်သဖွယ် အသုံးပြုသည်။ ကမ္ဘာကျော် Wall St ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Mr. Grecko ပြောခဲ့တဲ့ စကားဟာ အရင်းရှင် စီးပွားရေးစနစ်အတွက် အမှန်တရားဖြစ်တယ်။ Greed is good လောဘဟာ ကောင်းပါတယ်တဲ့။ တိန်ချောက်ပိန်ကလည်း ထို့နည်း၎င်း ပြောခဲ့တာပဲ။

လောဘမရှိရင် (အမြတ်) ကို ဘယ်ဂရုပြုတော့မှာလဲ။ လောဘရှိမှ အမြတ်များများ လိုချင်တော့မှာပေါ့။ လောဘရှိမှ ပြိုင်ဖက်တွေကို အနိုင်လိုချင်တော့မှာပေါ့။ ဒီပြိုင်ဆိုင်မှု အနိုင်ရလိုမှုက တွန်းအား (Driving Force) လာဖြစ်စေတဲ့အတွက် (ကြိုးစားမှု) (တီထွင်မှု) တွေ ပေါ်ပေါက်ခဲ့ရတယ်။ ဒီကြိုးစားမှု၊ တီထွင်မှုတွေက နောက်ဆုံးအောင်မြင်မှုကို ရရှိစေပြီး အဆုံးမှာ (ချမ်းသာမှု)(Wealth) ကို လာပေးတာ။

ဒါကြောင့် အရင်းရှင်စီးပွားရေးစနစ်ကို Wealth Creation ချမ်းသာမှုကို ဖေါ်ထုတ်ခြင်းလို့ ဆိုကြတာပါ။

လောဘလွန်ရင်ဘာလုပ်မလဲ။
အရင်းရှင်ရဲ့ဖခင်လို့ ပြောကြတဲ့ အဲဒမ်စမစ် Adam Smith က ဈေးကွက်ကို မမြင်ရတဲ့လက် Invisible Hand က ထိန်းပေးလိမ့်မည်လို့ဆိုခဲ့တာ အခုထိမှန်ပေမဲ့ ဈေးကွက်ကပဲ အားလုံးကို တာဝန်ယူသွားလိမ့်မယ် ဆိုတာကတော့ မမှန်ဘူးလို့ စာရေးသူအမြင်ရှိပါတယ်။

လူဆိုတာ လောဘသားများဖြစ်ကြရုံမက ထိန်းကွပ်မှုမရှိလျှင် အဆုံးအထိ မိုက်ဖို့ရာ ၀န်မလေးကြတာကြောင့်ပါ။ ၂၀ရာစု နှစ်ဦးပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးကပ် (Great Depression) ၊ ၂၀၀၇ က ကြုံခဲ့ရတဲ့ ကမ္ဘာ့ငွေကြေးပြဿနာ (Financial Crisis)၊ ယခုဖြတ်ကျော်နေရတဲ့ ယူရိုဒုက္ခနဲ့ နိုင်ငံပိုင်အကြွေးထူမှု ပြဿနာ (Euro and Sovereign Debt Crisis) အားလုံးတွေဟာ လောဘ လွန်ကြူးမှုတွေကြောင့်ပဲ။ ဒါကြောင့် အရင်းရှင်တွေ လောဘလွန်ကြူးတာကြောင့် တကမ္ဘာလုံး စီးပွားရေးကပ် မဆိုက်စေဖို့ရာ အစိုးရတွေက ဥပဒေနဲ့ ဘောင်ခပ်ပေးရပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်မှာတော့ တနိုင်ငံတည်းနဲ့ မထိန်းနိုင်ကြတော့တာကြောင့် အစုလိုက် G8-G20 စသည်ဖြင့် စီးပွားရေးအရ အကြီးဆုံး၊ အရေးအပါဆုံး နိုင်ငံတွေက စုပေါင်းဖြေရှင်းရတဲ့ အဖြစ်ရောက်ရှိနေကြပါပြီ။

အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ်
တချို့က အရင်းရှင်စီးပွားရေးစနစ်နှင့် ဈေးကွက်စနစ် (Free Market) ကို ရောသုံးကြတယ်။ အမှန်က ဈေးကွက်စနစ်ဆိုတာက အရင်းရှင်စနစ်အထဲက ဂွင်းဆက်စပ်ဆက် (Subset) တခုသာဖြစ်တယ်။

စစ်အေးကာလ (Cold War) တုန်းက အနောက်ဖက်ကမ္ဘာက နိုင်ငံတွေမှာ လစ်ဖရယ်ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးကြပြီး အရှေ့ဖက်ကမ္ဘာကနိုင်ငံတွေက ကွန်မြူနစ်စနစ်အောက်မှာ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးကြတော့ ခွဲခြားရတာ လွယ်ပါတယ်။

ဒါပေမယ့် တရုတ်မှာ တိန်လျောက်ပိန်တက်လာပြီး ကွန်မြူနစ်အုပ်ချုပ်ရေးအောက်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနိုင်တယ်လို့ ပြောဆိုလိုက်တော့မှ ရှုပ်ကုန်တယ်လို့ ခံစားရမိတယ်။ အခုတော့ တိန်လျောက်ပိန်ရဲ့ ရှေ့ပြေးအတွေးက ရုပ်လုံးပေါ်လာပါပြီ။ တိန်က နိုင်ငံရေးအာဏာကို ကွန်မြူနစ်ပါတီကပဲ ဆက်ကိုင်ထားပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတာကြောင့် တိန်ရဲ့ မူဝါဒကို State Capitalism လို့ သတ်မှတ်ခေါ်ဝေါ်နေကြပါပြီ။

အရင်းရှင်စနစ်မျိုးစုံ
အရင်းရှင်စနစ်ကို ပုံဖေါ်တဲ့ အပေါ်မူတည်ပြီး အရင်းရှင်ပုံသဏ္ဍာန်အမျိုးမျိုး ပေါ်ပေါက်လာပါတယ်။

အမေရိကန်
အမေရိကန်ပုံသဏ္ဍန်က အရင်ဘရာဇီးအသင်း ဘောလုံးကန်တာနဲ့ တူပါတယ်။ ပီလီခေတ်က ဘရာဇီးဘောလုံးအသင်းဟာ တိုက်စစ်အားက အလွန်ကောင်းတာကြောင့် ခံစစ်ကို အားမထားလှပါ။ ပြိုင်ဖက်အသင်းက တစ်ဂိုးသွင်းရင် ပီလီတို့က နှစ်ဂိုးပြန်သွင်းပြပါလိမ့်မည်။ အမေရိကန် အရင်းရှင်စနစ်ကလည်း ထိုနည်း၎င်းပဲ။ အမေရိကန်ပြည်ကို ကြိုက်တဲ့သူလာပြီး အရင်းအနှီးလုပ်၊ အဟန့်အတားမရှိပါ။ အလွတ်လပ်ဆုံး အရင်းရှင်စနစ်ဖြစ်တယ်။ ဒါ့အပြင် အမေရိကန်ပုံသဏ္ဍာန်က စီးပွားရေးတိုးတက်မှုကို ဦးစားပေးတာကြောင့် တချို့ကလည်း Growth-based economy လို့ ခေါ်ကြပါတယ်။ အမေရိကန်ပုံစံက စီးပွားရေးအကြပ်အတည်းတွေ့ရင် growth ကြီးထွားမှုနဲ့ ရှင်းတာပဲ။

ဥရောပ
ဥရောပကတော့ ဒီမိုကရေစီနည်းနဲ့ ဆိုရှယ်လစ်စနစ်ကို သွားမယ်ဆိုတဲ့ Democratic Socialism နဲ့ ပိုနီးတာကြောင့် အခွန်ပိုကောက်သလို အစိုးရထိန်းချုပ်မှုတွေ ပိုများပါတယ်။ တနည်းအားဖြင့် Wealth Distribution ပိုပြီးတော့ အားများပါတယ်။ စကင်တီ နေဗီးယား လို့ခေါ်တဲ့ နော်ဝေး၊ ဒင်းမတ်၊ ဆွီဒင်တို့မှာ ၀မ်းဗိုက်အတွင်းမှ သေသည်အထိ... From Womb to Tomb အစိုးရကတာဝန်ယူတဲ့ စနစ်ကို ကျင့်သုံးကြပါတယ်။ အခွန်တိုးကောက်၊ ထိန်းချုပ်မှု regulation တွေနဲ့ ပိနေတာကြောင့် ဥရောပပုံစံက growth ကြီးထွားမှု နှေးကွေးတယ်။

ဂျပန်
ဂျပန်ကတော့ ပဒေသရာဇ်စနစ်ရဲ့ အငွေ့အသက်တွေ လုံးလုံးမကုန်သေးတာကြောင့် ပဒေသရာဇ်ဆန်ဆန် အရင်းရှင်စနစ်ကို အသုံးပြုကြတယ်။ ဂျပန်လို ကီရက်စု keiretsu (系列) လို့ခေါ်တဲ့ စီးပွားရေးအုပ်စုတွေ ရှိတယ်။ ဥပမာ Mitsui - Mitsubishi စတဲ့ အုပ်စုတွေ ရှိကြတယ်။ ဥပမာ မစ်စူဘီရှီဘဏ်၊ မစ်စူဘီရှီ အကြီးစား စက်မှုလက်မှု၊ မစ်စူဘီရှီ ကူးသန်းရောင်းဝယ်ရေးစသည်ဖြင့် ကုမ္ပဏီပေါင်းများစွာ ပါဝင်တဲ့ မစ်စူဘီရှီအုပ်စုရှိသလို မစ်စူအီ Mitsui အုပ်စုလည်း ရှိပြန်တယ်။ ဒီကုမ္ပဏီတွေရဲ့ စတော့နဲ့ ရှယ်ယာ (Stocks & Shares) တွေကို အချင်းချင်း ပြန်ဝယ်ထားကြတယ်။ စတော့ဈေးအတက်အကျကို ထိန်းနိုင်အောင်နဲ့ တခြားသူတွေ ၀င်ရောက်ပြိးတော့ မသိမ်းနိုင်အောင် ကာကွယ်ထားကြတယ်။ ဒါမှရေရှည်အတွက် ပလင် (Plan) လုပ်နိုင်အောင်လို့ ဆိုတယ်။ ကိုရီးယားနိုင်ငံကပဲ ဂျပန်ပုံစံကို အတုခိုးတာကြောင့် Samsung ဆန်ဆောင်းအုပ်စု၊ Hyndai ဟွန်ဒေးအုပ်စု ဆိုပြီးပေါ်လာတယ်။

ဒီပုံစံက အမေရိကန်ပုံစံနဲ့ ပြောင်းပြန်ပဲ။ အမေရိကားမှာ သူဌေးတဦးတည်း (သို့) ကုမ္ပဏီတခုတည်းက မအုပ်စီးထားနိုင်အောင် Anti Trust ဥပဒေ ရှိတယ်။ အုပ်စုဖွဲ့ပြီး ဈေးမကစားနိုင်အောင်ပါ။ ကုမ္ပဏီတခုဟာ သိပ်ကြီးလာပြီး ဈေးကွက်ကို မတရားစိုးမိုးထားပြီဆိုရင် အစိုးရက အစိုးရအာဏာနဲ့ ဖြိုခွဲပစ်လိုက်လို့ရတယ်။ ဥပမာ Standard Oil နဲ့ AT&T တို့ကို အစိုးရက ဥပဒေနဲ့ ခွဲပစ်လိုက်တယ်။ ပြိုင်ဖက်မရှိ အဖြစ်မခံဘူး။ နောက်အမေရိကန် ကုမ္ပဏီတွေဟာ ရည်တိုသုံးလပတ် အမြတ်အတွက်ပဲ ကြည့်လွန်းတယ်လို့ အစွပ်စွဲခံရတယ်။ သုံးလတခါ မိမိတို့ရဲ့ လုပ်ငန်းအခြေအနေကို တင်ပြရတယ်။ ဒီတင်ပြချက်အပေါ်မှာ စတော့သုံးသပ်သူ (Stock Analyst) တွေက ဝေဖန်ချက်ပေးပြီး စတော့တန်ဖိုးကိုဖြတ်၊ အတက်အကျကို ကစားကြတာကိုး။

တရုတ်
တရုတ်ပုံစံကတော့ တချို့နေရာတွေမှာ အမေရိကန်ပုံစံ လွတ်လပ်မှုရှိပေမဲ့ အဓိကကွာတဲ့ (၂)ချက်က တရုတ်က သွားမဲ့ရေရှည်ပလင် (Plan) ကို မက်ကရိုအဆင့်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ပြီး တကယ့်ထုတ်လုပ်မှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုပဲ ထုတ်လုပ်စေတယ်။ နောက် အရေးကြီးတဲ့ ကုမ္ပဏီတွေရဲ့ အကြီးအကဲကို ရွေးတဲ့နေရာမှာ အစိုးရရဲ့ ချယ်လှယ်မှုနဲ့ မကင်းဘူး။

မာ့က်စ်ရဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ အရင်းအနှီးတွေကို ပိုင်တာလည်း အစိုးရပဲ၊ ပလင်လုပ်တာလည်း အစိုးရပဲ၊ ထုတ်ကုန်ကို ဖေါ်ထုတ်တာ၊ ဖြန့်ဝေတာ အားလုံးအစိုးရပဲ။ ပကတိ ထိန်းချုပ်မှုအောက်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြီး အသက်မရှူနိုင်ပဲ အသက်ငင်ခဲ့ရတယ်။

တိန်လျောက်ပိန်ချသွားတဲ့ စီးပွားရေးစနစ်မှာ ပိုင်ဆိုင်မှုနဲ့ ထုတ်လုပ်မှုဟာ ပြည်သူတွေလက်ထဲမှာ။ ဒီထုတ်လုပ်မှုကြောင့် သန်း၃၀၀ ကျော်ကို ဆင်းရဲတွင်းက ဆွဲတင်နိုင်ခဲ့တာ။ ချီးကျူးစရာကောင်းတာက တရုတ်ကွန်မြူနစ်ပါတီက တရုတ်လုပ်ငန်းရှင်တွေ ချမ်းသာလာကြတာကို မနာလို မဖြစ်ကြ။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအောင်မြင်မှ သာမန်တရုတ်တွေ အလုပ်ရကြမယ်၊ ဒါကို ကောင်းကောင်းသဘောပေါက်တယ်။ အခု တရုတ်ပြည်မှာ သန်းကြွယ်သူဌေးတွေကနေ ဘီလျံနာတွေ တဖြည်းဖြည်း များလာပြီ။

ရုရှားမှာ ကွန်မြူနစ်စနစ်က အရင်းရှင်စနစ်ကိုပြောင်းတော့ အမေရိကန် စီးပွားရေးပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး အခြေခံအုတ်မြစ်မရှိဘဲ ၀ုန်းဒိုင်းကြီးပြောင်းတော့ ရုရှားပြည်စီးပွားရေးဟာ ဖရိုဖရဲဖြစ်၊ ထုတ်ကုန် GDP ၄၀%အထိ ထိုးကျ၊ လူတွေ အလုပ်လက်မဲ့ဖြစ်၊ ရုရှမလေးတွေ ပျက်စီးနဲ့ အတော်ကို ဒုက္ခရောက်ကြတယ်။ သေသေချာချာ စဉ်းစားထားတာမရှိပဲ ရယ်ဆင် (Yeltsin) ဟာ သူနဲ့ နီးစပ်တဲ့သူတွေကို အစိုးရပိုင်လုပ်ငန်း (SOE) တွေကို နှစ်ပြားတပဲနဲ့ ရောင်းချတော့ သန်းကြွယ်သူဌေးတင်မဟုတ်တော့ဘဲ ခေတ်ပျက်ဘီလျံနာတွေပေါ်လာပြီး အရင်းရှင်စနစ်အစား လက်ရင်းအရင်းရှင်စနစ် (Crony Capitalism) ဘ၀ကို ရောက်သွားရတယ်။

ဒါကိုကြည့်ပြီး တရုတ်ခေါင်းဆောင်တွေက ရုတ်တရက်မပြောင်းဘဲ ဖြေးဖြေးချင်းပြောင်းတဲ့ ပေါ်လစီကို ချမှတ်ခဲ့ကြတယ်။ တိန်လျောက်ပိန်ကိုယ်တိုင်ကလည်း မလျှောက်ဖူးတဲ့လမ်းကို ထွင်ပြီးတော့ လျှောက်ကြရတာမို့ မြစ်ကိုကူးရင် ခြေတလှမ်းချင်း၊ မိမှ နောက်တလှမ်း လှမ်းသလို ဖြေးဖြေးကူးကြလို့ မှာခဲ့တာကိုး။ ဥပမာ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပြောင်းတဲ့နေရာမှာ အစိတ်အပိုင်းတစ်ခုချင်း (Sector by sector) ဖြေးဖြေးချင်း ပြောင်းတယ်။ ဥပမာ လျှပ်စစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ ပြီးမှ retail၊ ဖရုတ်ဖရက်မဖြစ်ရအောင် စနစ်တကျစီစဉ်ပြီးမှ အစိုးရပိုင်တွေကို ပုဂ္ဂလိကကို ပြောင်းတာ။ အနှစ် ၂၀ကျော်လုံးလုံး တရုတ်ရဲ့ GDP တိုးတက်မှုဟာ ကြောက်ခမန်းလိလိပဲ။ ဥပမာ ပလင် (Plan) လုပ်ရာမှာလည်း လျှပ်စစ်လိုအပ်ချက်ကို  ရေရှည်အတွက် (လေးဆ)တိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ ကြိုတင်တည်ဆောက်ခဲ့တာတောင် လိုအပ်ချက်လောက်ရုံလေးပဲ ရှိတယ်။ တရုတ်တွေဥာဏ်ရှိတာ... ချီးကျူးအတုယူစရာပဲ။

တရုတ်တွေက တိုင်ဝမ်တရုတ်ကို နိုင်ငံရေးအရသာ ဘာဘာညာညာပြောနေကြတာ စီးပွားရေးနဲ့ ပက်သက်လာရင် တရုတ်တွေပဲ ဖြစ်သွားတယ်။ ဥပမာ ကလင်တန်လက်ထက်မှာ မြောက်အမေရိက လွတ်လပ်စွာ ရောင်းဝယ်မှုစာချုပ်ဆိုပြီး ကနေဒါ၊ အမေရိကန်နဲ့ မက်စီကိုတို့ စာချုပ်ရေးသဘောတူကြပြီး အမေရိကန် စက်ရုံအချို့က လုပ်အားခပေါတဲ့ မက်စီကိုဘက်ကို ရွှေ့သွားကြလို့ ၀ိုင်းအော်လိုက်ကြတာ။ နောက်ပြီး သိပ်မကြာလိုက်ဘူး။ လူမသိသူမသိ တရုတ်ပြည်ကို ရောက်ကုန်ကြပြန်ရော။ ကြားပွဲစားတွေက ဘယ်သူထင်ပါသလဲ။ တိုင်ဝမ်တရုတ်တွေ။ ထို့နည်းတူစွာပဲ အဝေးရောက်တရုတ် (Overseas Chinese)တွေဆီက အကူအညီတွေ အများကြီးရကြတယ်။ အတုယူစရာပါ။

အရင်းရှင်စနစ်ကို ကျင့်သုံးပါတယ်ဆိုပေမဲ့ မိမိရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ လိုက်ဖက်တဲ့နည်းကို ရွေးကြရတာပဲ။

ဒါကြောင့်
  • အမေရိကန်ပုံစံ - Growth-Based စီးပွားရေး တိုးတက်မှုကို အားကိုးတယ်။ ယုန်လိုပေါ့။ မြန်မြန်ပြေး၊ လဲကျ၊ ပြန်ထ၊ ပြန်ပြေးပဲ။
  • ဥရောပ - ဆိုရှယ်လစ် အဖြစ်ဆုံးပဲ။ safety net လို့ ခေါ်တဲ့ အစိုးရ အစောင့်အရှောက် အများဆုံး။ အခွန်တွေကို ကောက်လွန်းတော့ growth သိပ်နှေးတယ်။ ပက်ကျိပဲ။
  • ဂျပန် - ပဒေသရာဇ်စနစ်ရဲ့ သြဇာက မပျောက်သေးဖူး။ အများက လခစားတွေ။ ချမ်းသာတာက ကုမ္ပဏီကြီးတွေ။ Japan Inc.။ ဖါးတပိုင်း ငါးတပိုင်း။
  • တရုတ် - ဖြေးဖြေးနဲ့ မှန်မှန်။ လိပ် အစစ်။ သူလည်း Growth-Based စီးပွားရေးပဲ။
ဒီကြားထဲမှာ စင်ကာပူ၊ အိန္ဒိယ၊ ဘရာဇီး၊ ကိုရီးယားတို့ ကွာခြားတာတွေ ရှိသေးတယ်။

အခုလို ပုံစံခွဲပြောရတဲ့ အကြောင်းအရင်းက နိုင်ငံတိုင်းဟာ သူ့ယဉ်ကျေးမှု၊ အတွေးအခေါ်အပေါ် မူတည်ပြီး အရင်းရှင်စနစ်ကို ပုံဖေါ်ကြတာကြောင့့်် စီးပွားရေးကျဆင်းတဲ့ အချိန်အခါမှာ ကိုင်တွယ်ကြတာချင်း မတူကြလို့ပါ။

ဥပမာလေးတင်ပြပါရစေ။
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်လောက်။ ရောနယ်ရီကင်ခေတ်မှာ တရှိန်ထိုး စီးပွားရေးကြီးထွားမှု Boom နှစ်နေရာမှာ ဖြစ်တယ်။ Real Estate လို့ ခေါ်တဲ့ အိမ်ရာမြေနယ်ပယ်နဲ့ Thrift Banks လို့ခေါ်တဲ့ ဘဏ်အသေးစားတွေမှာပါ။ Mortage ဆိုတဲ့ အိမ်ယာမြေငွေချေးမှုကို ဦးစားပေးတဲ့ နယ်ပယ်ဘဏ် အသေးစားလေးတွေပါ။ တချို့ကလည်း Saving and Loans လို့ ခေါ်ကြပါတယ်။

တချိန်ထဲမှာ ဂျပန်မှာလည်းပဲ အိမ်ရာမြေနယ်ပယ် Real Estate Boom ဖြစ်ပါတယ်။

ဝုန်းဆို Bust ပေါက်ကွဲမှုလည်းဖြစ်ရော အမေရိကန်လွှတ်တော်က ဒီဘဏ်တွေမှာ ချေးငွေကို ကြားကန်ပေးဖို့ နောက်ခံငွေသား ဘယ်လောက်ရှိရမယ်ဆိုပြီး ဥပဒေထုတ်၊ Resolution Trust Corp. (RTC) ကို ငွေရင်း(မ)တည်ပေးပြီး ဒီပြဿနာကို RTC လက်ထဲ ထည့်လိုက်တယ်။ RTC က ပြဿနာ မရှိတဲ့ Thirfts တွေကို ချန်ထားပြီး ငွေရှုံးနေတဲ့ Thirfts တွေကို အရှုံးခံပြီး ရောင်းထုတ်ပြစ်လိုက်တယ်။

အနာတည်နေတဲ့ ပြည်ပုတ်တွေကို ညှစ်ထုတ်လိုက်သလိုပေါ့။ အချိန်တိုတိုအတွင်းမှာ ဒီပြဿနာ ရှင်းသွားတော့ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို လာဒုက္ခမပေးတော့ဘူး။ ဒီနယ်ပယ်က လူတွေတော့ အလုပ်တွေပြုတ်၊ ဖရိုဖရဲပေါ့။ ဒါပေမဲ့ ကျန်တဲ့နယ်ပယ်တွေမှာ အလုပ်အသစ်ရှာကြပြီး ဘ၀သစ်ထူထောင် အသက်ဆက်ကြပေါ့။ ဒီပြဿနာရှင်းသွားတော့ RTC ကို ဖျက်ပစ်လိုက်တယ်။ အမေရိကန်နည်းက ရက်စက်တယ်။ သို့သော် ထိရောက်မှုရှိတယ်။

တချိန်ထဲမှာလိုလို ဂျပန်နိုင်ငံမှာလည်း Real Estate Bust ဖြစ်တယ်။ အမေရိကန်နည်းတူ ချေးထားတဲ့ ငွေတွေ၊ ၀င်ငွေမရှိပဲ ငွေမလည်တော့တဲ့ ပြဿနာပေါ်တယ်။ ဂျပန်ယဉ်ကျေးမှုက ပိုင်ဆိုင်မှုတွေ ဆက်စပ်နေတယ်။ အားနာမှုတွေ ရှိတယ်။ အစုလိုက် အပြုံလိုက် အလုပ်ဖြုတ် အပြတ်ရှင်းလို့မရဘူး။ ဒါကြောင့် မျက်နှာနာမှာကို စိုးရိမ်ပြီး တအိအိ ရှင်းနေကြတာ အနှစ် ၂၀ နီးပါး ကြာသွားတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန်ပြီး ခေါင်းထောင်လာတာ မကြာသေးဘူး။

ဒါကြောင့် နိုင်ငံရဲ့အတွေးအခေါ်၊ ယဉ်ကျေးမှုတွေက နိုင်ငံရဲ့ ပြဿနာတွေကို ရှင်းတဲ့အခါ အရေးပါလာတယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့တွေ့ကြုံနေရတဲ့ စီးပွားရေး ဒုက္ခတွေကို လေ့လာတဲ့အခါ ပိုထင်ရှားလာပါလိမ့်မည်။

ရေးသားသူ - Bo K Nyein
ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
Read More

Wall St နှင့် ငွေကြေးကဏ္ဍ အပိုင်း(၁)

3:00 PM | ,


လစ်ဖရယ်ဒီမိုကရေစီ၊ အရင်းရှင်စနစ် နှင့် မာက်စ်ဝါဒ

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်မှုတွေက လျှင်မြန်လွန်းလှတယ်။ မကြုံစဖူး တချိန်တည်းမှာ ဖြစ်ပျက်ကြတာ။ အာရပ်ကမ္ဘာမှာ အစိုးရတွေကို ပုန်ကန်ကြတဲ့ အာရပ်နွေဦးရယ်၊ တကမ္ဘာလုံးပြန့်နှံ့သွားတဲ့ Occupy Wall St ဆိုတဲ့ ဝေါစတိ (လမ်း) ကို သိမ်းပိုက်ကြဆိုတဲ့ လူထုဆန္ဒပြမှုတွေရယ်၊ ဥရောပ ယူရို(Euro) ငွေကြေး ပြဿနာတွေ အကြောင်းကိုပြောတာပါ။

တကယ်တမ်းဆန်းစစ်ကြည့်ရင် လက်ရှိကမ္ဘာမှာရင်ဆိုင်နေကြရတဲ့ ပြဿနာတွေအားလုံးဟာ အရင်းရှင် စီးပွားရေးစနစ်နဲ့ ဆက်စပ်နေပါတယ်။ သို့သော် ဆက်စပ်မှုတွေဟာ သိမ်မွေ့သလို ရှုပ်ထွေးမှုတွေ ရှိတာကြောင့် ပြဿနာအရင်းခံကို သိရခက်တယ်။ တချိန်ထဲမှာ အပေါ်ယံရှပ်ကြည့်ရင် အရင်းရှင်စနစ်ဟာ မာက်စ်ဝါဒလို လမ်းဆုံးရောက်ပြီလားလို့ ထင်စရာ၊ မေးစရာ ရှိတယ်။

အမေရိကန် သတင်းသမားတွေက မြို့အနှံ့ပြန့်သွားတဲ့ (သိမ်းပိုက်ကြ) ဆိုတဲ့ လူထုဆန္ဒပြပွဲက လူငယ်တွေကို မင်းတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မင်းတို့ရဲ့ ဦးတည်ချက်ကဘာလဲလို့ မေးခွန်းထုတ်တဲ့အခါ တယောက်တပေါက် စိတ်ထင်ရာတွေ ဖြေကြတယ်။ အများစုရဲ့ မကျေနပ်မှုဟာ သဘာဝကျတယ်။ ခံစားချက်တွေဟာ တရားတယ်လို့ဆိုနိုင်ပေမဲ့ လူနည်းစုဖြစ်တဲ့ လက်ဝဲအစွန်းရောက် နိုင်ငံရေး စိတ်ကူးယဉ်သမားအချို့နဲ့ မင်းမဲ့ဝါဒီ (Anarchist) တွေကြောင့် သတင်းသမားတချို့ရဲ့ ဝေဖန်မှု၊ အထင်သေးမှုကို ခံကြရရှာတယ်။

နိုင်ငံရေးမှာ လက်တွေ့ကျကျတွေးတတ်နိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုလက်တွေ့ကျကျ တွေးတတ်နိုင်ဖို့ရာ၊ အချက်အလက်ကို မှီကိုးတဲ့ သုံးသပ်မှုရှိရပါမယ်။ သုံးသပ်မှုမှန်ဖို့ရာ နားလည်မှု (အသိ) နဲ့ (အတွေးအခေါ်) ရှိရပါမယ်။ နောက်ဆုံး (စနစ်) ကို သိရပါမယ်။

အရင်းရှင်စနစ်ဆိုတာဟာ (စီးပွားရေး) စနစ်တခုသာလျှင်ဖြစ်တယ်။ နိုင်ငံရေး(၀ါဒ) မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ထင်ရှားတဲ့ နိုင်ငံရေးကမ္ဘာ နှစ်ခုပေါ်ထွက်လာပါတယ်။ တခုက အမေရိကန် ဦးဆောင်တဲ့ (လွတ်လပ်)တဲ့ကမ္ဘာနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ (ကွန်မြူနစ်) ကမ္ဘာတို့ပါ။ လွပ်လပ်တဲ့ကမ္ဘာ (Free World) လို့ဆိုရတာက လစ်ဖရယ်ဒီမိုကရေစီလို့ ခေါ်တဲ့ အစိုးရကိုပြည်သူက ရွေးကောက်ပွဲနဲ့ ရွေးချယ်နိုင်တဲ့စနစ်၊ တနည်းအားဖြင့် (ကိုယ်စားပြု ဒီမိုကရေစီစနစ်) Representative Democracy ကို ကျင့်သုံးကြလို့ပါ။


ကွန်မြူနစ်စနစ်ကတော့ မာက်စ်နဲ့ လီနင်တို့ထူထောင်သွားတဲ့ ပစ္စည်းမဲ့အာဏာရှင်စနစ် (ကွန်မြူနစ်) ၀ါဒကို လိုက်နာကြလို့ပဲ။ တကယ်တော့ မာက်စ်ဝါဒနဲ့ လီနင်ဝါဒ Marxism-Leninism ကိုမှ ကွန်မြူနစ်လို့ သတ်မှတ်နိုင်ပါတယ်။ ကွန်မြူနစ်စနစ်မှာ (ပါဝင်မှုဒီမိုကရေစီ) Participatory Democracy ကို ကျင့်သုံးကြပါတယ်။ ကွာခြားချက်က လစ်ဖရယ်ဒီမိုကရေစီမှာ ပြည်သူလူထုက မိမိကိုကိုယ်စားပြုမဲ့ ကိုယ်စားလှယ် (representatives) တွေကို တိုက်ရိုက်ရွေးခွင့်ရှိပါတယ်။ အစိုးရကို မဲနဲ့ ဖြုတ်ချခွင့် ရှိကြတယ်။ ကွန်မြူနစ်စနစ်မှာ ကွန်မြူနစ် (ကေတာ) တွေကသာ ဗဟိုကော်မတီကို ရွေးရပါတယ်။ ပြည်သူကတိုက်ရိုက် ရွေးချယ်ခွင့် (မရရှိ) ကြပါ။ ကွန်မြူနစ်ပါတီကိုလည်း မကြိုက်ရင် ဖြုတ်ချခွင့် မရှိကြရှာပါ။

မာက်စ်ဝါဒရဲ့ ဦးတည်ချက်က Communist Utopia လို့ခေါ်တဲ့ ကွန်မြူနစ် (ဘုံ) နိဗ္ဗန်ကို ရောက်ရှိဖို့။

ဒီဘုံနိဗ္ဗန်ကို ရောက်ခဲ့ကြရင် အစိုးရဆိုတာလည်း မရှိတော့ဘူး။ ဖိနှိပ်မှု၊ အမြတ်ထုတ်မှုဆိုတာတွေလည်း မရှိတော့ဘူး။ လိုတာကိုပဲ အားလုံးက ၀ိုင်းထုတ်လုပ်ကြမဲ့ ဘ၀နိဗ္ဗန်ကို ရည်မှန်းထားတာပါ။ ဒီအဆင့်ကို ရောက်ရင် မာက်စ်က အင်္ဂလိပ်လို (From each according to its ability to each according to its need) လို့ ရေးခဲ့ပါတယ်။ လူတဦးစီရဲ့ စွမ်းဆောင်နိုင်မှုမှ လူတဦးစီ၏ လိုအပ်မှုသို့ လို့ဆိုခဲ့တာပါ။

ဆိုလိုတာက လူနေမှုအတွေးအခေါ်နဲ့ အဆင့်အတန်းမြင့်တက်လာတဲ့အခါ လူ့အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကို လူတိုင်းသန်ရာသန်ရာ ၀ိုင်းဝန်းထုတ်လုပ်ကြမယ်ပေါ့၊ ဥပမာ ဆရာဝန်တွေက ဆေးကု ပေးမယ်၊ အင်ဂျင်နီယာတွေက တိုက်တွေ၊ တံတားတွေ၊ အဆာက်အဦးတွေဆောက်၊ လိုအပ်တဲ့ ပစ္စည်းကရိယာတွေထုတ်၊ ကျောင်းဆရာ၊ ဆရာမတွေက ကလေးတွေကိုစာသင်ပေး၊ အိုသာယာလှတဲ့ (ဘုံ) နိဗ္ဗန်ကြီးပဲပေါ့။

မာက်စ်က တကယ်တော့ စိတ်ကူးယဉ်သမား။ ဒါပေမဲ့ အကြောင်းမဲ့ စိတ်ကူးယဉ်သူမဟုတ်။ အရင်းရှင် စီးပွားရေးစနစ်ရဲ့ အနိဋ္ဌါရုံတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာသုံးသတ်ပြီးမှ အရင်းရှင်လောကရဲ့ (အရင်း) အကြောင်းနဲ့ အလုပ်သမားလူတန်းစားတွေကို ဘယ်လို အမြတ်ထုတ် ခေါင်းပုံဖြတ်တယ်ဆိုတာကို Das Kapital ဆိုတဲ့ (အရင်းကျမ်း)ကို ဂျာမန်လို ရေးပြခဲ့ပြပါတယ်။ (မှတ်ချက်။ မာက်စ်က ဂျာမဏီမှာမွေးတဲ့ ဂျူးလူမျိုး မို့လို့ပါ။)

မာက်စ်က ကွန်မြူနစ်ခေတ် (ဘုံ) နိဗ္ဗန်ကို မရောက်ခင် ဆိုရှယ်လစ်ခေတ်ကို ဖြတ်သန်းရလိမ့်ဦးမယ်တဲ့။

အကြောင်းက စက်ရုံတွေတည်ဖို့ (အရင်း) တည်ဆောက်ရဦးမည်။ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ဖြန့်ဖြူးတဲ့စနစ်တွေ ထူထောင်ရဦးမည်။ ဒီစနစ် ဒီအရင်းအနှီးတွေထူထောင်ဖို့ တည်ဆောက်ဖို့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုထူထောင်ရမည်။ ဒီစီးပွားရေးစနစ်ကို “ပြင်ဆင်စီမံစီးပွားရေး Planned Economy” လို့ ခေါ်ကြပါတယ်။ တနည်းအားဖြင့် မာက်စ်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် Marxist Socialist Economy လို့ သိကြပါတယ်။


မာက်စ်ရဲ့ စီးပွားရေးစနစ်နဲ့ အရင်းရှင်စီးပွားရေး ကွာခြားချက်က အရင်းရှင်စီးပွားရေးစနစ်မှာ ထုတ်ကုန်ကို စားသုံးသူကတဆင့် ဈေးကွက်က ဆုံးဖြတ်လိမ့်မယ်။ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူးဆိုတဲ့ (အာဏာ) ဟာ စားသုံးသူ (Consumer) လက်ထဲမှာပဲရှိတယ်။ ပစ္စည်းတခုကို ၀ယ်မယ်/မ၀ယ်ဖူးဆိုတာကို ဈေးကွက်ကပဲ ဆုံးဖြတ်ပါတယ်။ လူကြိုက်များရင် (၀ယ်အား) လိုက်မယ်။ ဒါဆို များများပိုထုတ်ပေါ့။ လူ မကြိုက်ရင် အ၀ယ်မလိုက်ပဲ စံချိန်မှီအောင် ထုတ်နိုင်ရင်ထုတ်။ မထုတ်နိုင်ရင် စက်ရုံတွေပိတ်ပေါ့။ ဒါကို အရင်းရှင်စနစ်ရဲ့ဖခင်လို့ ပြောကြတဲ့ အဒန်စမစ် (Adam Smith) က မမြင်ရတဲ့လက်ကြီး (Invisible Hand) က ဈေးကွက်ကို ထိန်းပေးပါလိမ့်မယ်လို့ဆိုခဲ့လို့ နံမည်ကျော်ခဲ့ရပါတယ်။

ဥပမာ အရင်က နိုကီရာ (Nokia)၊ မိုတိုရိုလာ (Motorola)၊ ဆမ်ဆောင်း (Samsung) တို့က မိုဘိုင်းဖုံး ဈေးကွက်မှာ အအောင်မြင်ဆုံးပဲ။ အဲလ်ပယ် (Apple) က ၀င်လာပြီး ပိုကောင်းအောင် လုပ်ပြလိုက်တော့ အိုင်ဖုံး (Iphone) ဟာ ထိပ်ရောက်သွားတယ်။ သုံးစွဲသူအကြိုက်ကို လိုက်ပြီးတော့ တီထွင်နိုင်ရင် ဈေးကွက်က အ၀ယ်လိုက်သူကို အနိုင်ပေးမှာပဲ။ ဒါကြောင့် အမြဲကောင်းအောင် ကြိုးစားနေကြရတယ်။ (ပြိုင်ဆိုင်မှု) က တွန်းအားလာဖြစ်တယ်။ ဒီတွန်းအားက တိုးတက်မှု၊ တီထွင်မှုကို ဖန်တီးပေးတယ်။ ဟော အခု Samsung ရဲ့ galaxy က ရေပန်းစားလာပြန်တယ်။


ဆိုရှယ်လစ်စီးပွားရေးစနစ်မှာတော့ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူးဆိုတဲ့ (အာဏာ) ဟာ (၅) နှစ် စီမံကိန်းကို ရေးဆွဲတဲ့ ဗျူရိုကရက်တွေရဲ့ လက်ထဲမှာရှိပါတယ်။ သုံးစွဲသူ လက်ထဲမှာမရှိ။ သုံးစွဲသူအကြိုက် ထုတ်လုပ်တာမဟုတ်။ လိုအပ်တာကို အစိုးရက ထုတ်ပေးတာလေ။ ပြိုင်ဆိုင်မှုမရှိတာကြောင့် တိုးတက်မှု မရှိ။ ရောင်းမထွက်တဲ့ပစ္စည်းတွေ တောင်လိုပုံနေပြီး နောက်ဆုံး မှောင်ခိုဈေးကွက် ပေါ်လာရတာပဲ။

ဒီစီးပွားရေးစနစ်ကို မြန်မာနိုင်ငံသားတွေကောင်းကောင်း မှတ်မိကြမှာပါ။ ဦးနေ၀င်းရဲ့ မဆလ ခေတ် (၂၆) နှစ်လုံးလုံး ငတ်ခဲ့ကြတာ မာက်စ်ရဲ့ စီးပွားရေးစနစ်ကြောင့်ပဲ။ မာက်စ်ဝါဒီ ဦးဘငြိမ်ရဲ့ စေတနာတွေပါ။

ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ လိုအပ်တဲ့ (အရင်းအနှီး) တွေကို ဘယ်ကရမှာလဲ။ အစိုးရအာဏာနဲ့ အားလုံးကို (ပြည်သူပိုင်) သိမ်းရပါတယ်။ ဒီလို မတရား ပြည်သူပိုင်သိမ်းဖို့ရာ လွပ်လပ်မှုနဲ့ တရားမျှတမှုကို ရည်စူးတဲ့ ပြည်သူက ရွေးချယ်တဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအောက်မှာ ပြည်သူပိုင် မသိမ်းနိုင်ပါ။ အာဏာရှင်စနစ်အောက်မှာပဲ လိုချင်တာကို ပြည်သူပိုင်သိမ်းနိုင်ပါတယ်။

ဒါကြောင့် မာ့က်စ်က ပစ္စည်းမဲ့တို့ရဲ့ အာဏာရှင်စနစ်ကို ထူထောင်ရမယ်လို့ မိန့်ဆိုခဲ့တာပါ။

မာက်စ်ရဲ့ နောက်ခံက အင်္ဂလန်ရဲ့ စက်မှုတော်လှန်ရေး Industrial Revolution ခေတ်။ အရင်းရှင်စနစ် ခေါင်းထောင်ပြီး သောင်းကျန်းနေတဲ့ခေတ်။ ဆင်းရဲသားတွေကို မတရား ခေါင်းပုံဖြတ်နေတဲ့ခေတ်။ ဒါကြောင့် မာ့က်စ်က အဖိနှိပ်ခံတွေဖြစ်တဲ့ ပစ္စည်းမဲ့တွေ ဦးဆောင်တဲ့ ပစ္စည်းမဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲပြီးသကာလ ပစ္စည်းမဲ့အာဏါရှင်စနစ်ကို ထူထောင်ရမယ်လို့ မိန့်ဆိုခဲ့တာဖြစ်တယ်။ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်ပြီးမှ အရင်းရှင်တွေရဲ့ အရင်းအနှီးနဲ့ လုပ်ငန်းတွေကို အာဏာနဲ့ ပြည်သူ ပိုင်သိမ်း၊ ထိုမှ ဆိုရှယ်လစ်စီးပွားရေးလမ်းကြောင်းအတိုင်း ဆိုရှယ်လစ်ခေတ်ကြီးကို ဖြတ်သန်း။ ထိုမှ ကွန်မြူနစ် (ဘုံ)နိဗ္ဗန်ဆီသို့ ချီတက်ကြဖို့ပါ။

ဆိုရှယ်လစ်ကာလမှာ မာက်စ်က From each according to its ability to each according to its work၊ လူတိုင်းကိုယ်စီ အစွမ်းရှိသမျှမှ၊ ကိုယ်စီ လုပ်သမျှလို့ ဆိုခဲ့တယ်။ ဆိုလိုတာက လူတိုင်းကိုယ်စီ မိမိလုပ်သမျှ ခံစားရဦးမည်။ ကွန်မြူနစ် (ဘုံ)နိဗ္ဗန်ရောက်မှ လိုသလောက်သာ ခံစားကြရမည်။

အများသိကြတဲ့အတိုင်း ကွန်မြူနစ်စနစ်ဟာ လမ်းခုလပ် ဆိုရှယ်လစ်စနစ်ကိုပင် မရောက်လိုက်ရဘဲ ကမ္ဘာကြီးမှာ ရေတိမ်နစ်ခဲ့ရပါပြီ။

ဘာကြောင့်လဲ။

မာက်စ်ရဲ့ စေတနာအရင်းခံဟာ အဖိနှိပ်ခံတွေအတွက် စေတနာမှန်ခဲ့တာ မငြင်းနိုင်ဘူး။ ထို့ပြင် မာက်စ်ဟာ ဒဿနိက အတွေးပညာရှင် (Philosopher)၊ စီးပွားရေးပညာရှင် (Economist)၊ စွယ်စုံရတဲ့ ပညာရှင်စစ်စစ်ဖြစ်တယ်။

သို့သော် စာရေးသူ၏ အမြင်အရ စထွက်ကတည်းက လမ်းမှားကြီးကိုလျှောက်ခဲ့မိလို့ ခံယူမိတယ်။

မာက်စ်ဟာ သူ့ရဲ့ အတွေးကမ္ဘာကို Materialism (ရုပ်ဝါဒ) ကို အခြေခံပြီး သခင်စိုးကြီးရဲ့စကားနဲ့ ပြောရရင် Dialectical Materialism အနုပဋိလောမ ရုပ်ဝါဒနည်းနဲ့ အားလုံးကို ရူမြင်သုံးသပ်ခဲ့တာကြောင့် လူတွေရဲ့ စိတ်ဓါတ်ရေးရာအပိုင်းကို လျစ်လျူရှုခဲ့တယ်လို့ ခံစားမိတယ်။

လူတွေကို (ရုပ်) ပိုင်းဆိုင်ရာ အမြင်နဲ့ပဲ ကြည့်တာကြောင့် ကျောက်ရုပ်လို၊ လိုရာအသုံးချနိုင်မယ်လို့ ထင်ခဲ့တယ်။ လူတွေရဲ့ အတ္တစိတ်၊ တကိုယ်ကောင်းဆန်တဲ့စိတ်၊ နံမည်လိုချင်မှု၊ မောဟ၊ ဒေါသ၊ မလိုဝန်တိုစိတ်စတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေကို ထည့်မတွက်ခဲ့တာကြောင့်လို့ သုံးသပ်မိတယ်။

ဗုဒ္ဓရဲ့တရားအရ မောဟကြောင့် လူသားတွေဟာ အတ္တမကင်းနိုင်ကြဘဲ (တဏှာ) ငြိတွယ်နေတာကြောင့် သံသရာဝဋ်ဆင်းရဲက မကျွတ်နိုင်ကြတာပဲမဟုတ်ပါလား။

နောက်ဆုံးတော့ လူတွေရဲ့ (လောဘ)၊ (အတ္တ)နဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို လစ်လျူရှုခဲ့တာကြောင့် မာက်စ်ရဲ့ စိတ်ကူးယဉ်မှုဟာ လက်တွေ့ အကောင်အထည်မဖေါ်နိုင်တာမို့ ကွန်မြူနစ်စနစ် ကျဆုံးခဲ့ရရှာတာပါ။

အရေးကြီးတဲ့ နောက်တချက်က (အာဏာ) ပဲ။


မာက်စ်က ပစ္စည်းမဲ့အာဏာရှင် စနစ်ကိုထူထောင်ရမယ်လို့ ရေးခဲ့ပေမဲ့ မာက်စ်ကိုယ်တိုင်ရော၊ အိမ်ဂယ် (Engles) ရော မျက်စိထဲမြင်နေတာက သူတို့မှီလိုက်တဲ့ ပြင်သစ်တော်လှန်ရေးက ပြင်သစ်ဘုံစနစ် (Paris Commune) ဖြစ်တယ်။ လီနင်က ပစ္စည်းမဲ့တွေဦီးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဘယ်လို ထူထောင်ရမလဲ၊ ဘယ်လိုဖွဲ့စည်းရမလဲဆိုတာကို ဦးဆောင်ပြခဲ့တာပါ။ ဒါကို (ဗဟိုဦးစီးစနစ်) Democratic Centralization လို့ ခေါ်ပါတယ်။ ဖြစ်နိုင်ရင် လီနင်ရေးခဲ့တဲ့ “နိုင်ငံတော်နှင့် တော်လှန်ရေး” (State and Revolution) ဆိုတာကို အင်တာနက်မှာ ရှာဖတ်စေချင်တယ်။

လီနင်က သူဘာကြောင့် ပါလီမန်ဒီမိုကရေစီကို လက်မခံရတာလဲ၊ Separation of Power အာဏာ ခွဲဝေမှုကို ဘာကြောင့်လက်မခံတာလဲ၊ သူယုံကြည်တဲ့ Participatory Democracy ကို ဘယ်လို balance မျှတအောင်လုပ်မယ် ဆိုတာတွေကို သတိထား ဖတ်စေချင်တယ်။ ဒါပေမဲ့ လီနင်သေပြီး တက်လာတဲ့ စတာလင်က အာဏာကို မောင်ပိုင်စီးလိုက်တာ ကျန်ကွန်မြူနစ်ပါတီတွေအားလုံး စတာလင့် ပုံသဏ္ဍန်ဖြစ်ကုန်ကြတာပဲ။

စာရေးသူဟာ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်ပေမဲ့ မာ့က်စ်နဲ့ လီနင်တို့ကို လေးစားပါတယ်။ မာက်စ်ရဲ့ အတွေးအခေါ်တွေဟာ သိမ်မွေ့အဆင့်မြင့်ပါတယ်။ သူ့ရဲ့ စေတနာဟာ မြင့်မြတ်ပါတယ်။ ဒါကြောင့် လူငယ်လေးတွေကို မာက်စ်နဲ့ လီနင်ရဲ့ မူရင်းကျမ်း (Original Classics) တွေကို ဖတ်ပြီး လေ့လာစေချင်ပါတယ်။ သံယောင်ကြားနဲ့ ထအော်တာမျိုး မဖြစ်စေချင်ဘူး။

ဥပမာ နယူးရောက်မြို့က ဝေါလ်စတိကို သိမ်းပိုက်ကြဆိုတဲ့ ဆန္ဒပြနေသူ လူငယ်တချို့ကို သတင်းသမားတွေက မင်းတို့ဘာလိုချင်တာလဲလို့ မေးတဲ့အခါ အရင်းရှင်စနစ် မလိုချင်ဘူးး၊ ဘဏ်လူကြီး (Bankers) တွေကို အခွန်တိုးကောက်စတဲ့ အမြင်တွေအပြင် အစိုးရမလိုချင်ဘူး စတဲ့ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုကြပြန်တယ်။

ထို့နည်းတူစွာပဲ ဖေ့စ်ဘုတ် (facebook) မှာ မြန်မာနိုင်ငံအတွင်းက လက်ဝဲသမားတချို့ကလည်း အစိုးရ မလိုအပ်ကြောင်း ဆွေးနွေးလာပါတယ်။ ဒါဟာ မာ့က်စ်ရဲ့ ဟောကြားချက်တွေကို ကြားဖူးနားဝနဲ့ သံယောင်လိုက်ကြတယ်ဆိုတာကို ချက်ချင်းနားလည်လိုက်တယ်။ သို့သော် ကွာတာက မာ့က်စ်က ရုတ်တရက်ကြီး အစိုးရဆိုတာကို ဖယ်ရှားခိုင်းတာမဟုတ်။ အစိုးရမလိုတော့တဲ့ လူနေမှု အဆင့်ရောက်အောင် ဆိုရှယ်လစ်အရင်းအနှီးတွေစုဆောင်း၊ ထုတ်လုပ်မှုတွေတည်ဆောက်၊ လူ့အတွေးအခေါ်တွေ တိုးတက်မြင့်မားလာမှ လူလူချင်းအုပ်ချုပ်တဲ့အစိုးရ မလိုအပ်တော့တဲ့အဆင့် ရောက်ဖို့ လမ်းညွှန်ခဲ့တာပါ။

အရင်းရှင်စနစ်ကျဆုံးပါစေ၊ ဝေါလ်စတိကိုသိမ်းပိုက်ကြလို့ အော်နေကြတဲ့ စိတ်ကူးယဉ် လူငယ်လေးတွေဟာ အိုင်ဖုံး (iPhone)၊ အိုင်ပက် (iPad) ကိုင်ပြီး အော်နေကြတာပါ။ တကယ်တော့ ဒီပစ္စည်းတွေကို ပေါ်ထွက်လာတာ အရင်းရှင်စနစ်ကြောင့်ပဲ မဟုတ်လား။ ဒီ အဲလ်ပယ်ပစ္စည်းတွေကို ဦးစီးထုတ်လုပ်ပေးတဲ့ စတိဂျော့ဘ် (Steve Jobs) ဟာ အဲလ်ပယ်စတော့ (Apple Stocks) တွေကြောင့် ဒေါ်လာသန်း ၆၀၀၀ အထိ ချမ်းသာသွားတဲ့ လုပ်ငန်းရှင်ကြီးပဲမဟုတ်ပါလား။ အရင်းရှင်ကြီးပဲ မဟုတ်ပါလား။ ဒီလို သူရဲ့ တီထွင်မှုကြောင့် သူကိုယ်တိုင်ချမ်းသာရုံမက လူပေါင်းများစွာကိုလည်း (အလုပ်) ပေးနိုင်တယ်။

Wall St သာ မရှိခဲ့ရင် အဲလ်ပယ်ကုမ္ပဏီဆိုတာ ဘယ်လိုပေါ်ပေါက်လာနိုင်မှာလဲဆိုပြီး မေးခွန်းထုတ်လာသူတွေ ရှိပါတယ်။ တကယ်တော့ ဒီဆန္ဒပြနေကြတဲ့ လူငယ်အများဟာ Wall St ဘာကြောင့် အရေးပါရတယ်ဆိုတာကို မသိကြဘူး။ အလွန်အကျွံတွေ ရှိတယ်။ Wall St ကလူကြီးတွေ ငွေတွေ မတရားဝင်တယ်၊ ဖြုံးကြတယ်ဆိုတာကိုပဲ အကြမ်းဖျင်းသိကြတယ်။ ဂဃနဏ မသိကြဘူး။ လူရယ်စရာ လာဖြစ်ကြရတယ်။

မာ့က်စ်ရဲ့ဝါဒနဲ့ ပတ်သက်လာရင် မူရင်းအရင်းခံကျမ်းတွေကို ဖတ်ပြီးမှ ကျကျနန လုံးစေ့ပတ်စေ့ မိမိအမြင်ကို ဘာကြောင့် ဒီလိုကောက်ချက်ချရပါတယ်ဆိုတာကို ဖေါ်ပြသင့်တယ်လို့ ထင်မိတယ်။ တို့ထိတို့ထိ “မာ့က်စ်ဝါဒဟာ အာဏာရှင်စနစ်မဟုတ်ဘူး” တို့ “အာဏာရှင်စနစ်ကို လက်မခံဘူး၊ သို့သော် မာ့က်စ် ၀ါဒကိုတော့နှစ်သက်ပါတယ်တို့” ဆိုတာတွေဟာ “ဒို့အရေး၊ ဒို့အရေး” နောက်က လိုက်အော်တဲ့ အဆင့်သာသာပဲရှိတယ်လို့ ပြောနိုင်ပါတယ်။ ပညာတတ်အမြင်အရကြည့်ရင် Intellectually lazy ပညာတတ် ရေသာခိုခြင်းပဲ။

ဒါဟာ မာ့က်စ်ရဲ့ မူရင်းကျမ်းစာတွေကို တိတိကျကျမဖတ်လို့လား၊ လေ့လာမှု မပြည့်စုံတာပဲလား၊ အင်္ဂလိပ်စာမနိုင်လို့ နားလည်မှားသည်ပဲလား မပြောတတ်ပါ။ သို့လော၊ သို့လော ထင်စရာတွေ အများကြီး ပေါ်ပေါက်စေပါတယ်။

မာ့က်စ်ဝါဒရဲ့ ကျောရိုးဟာ ပစ္စည်းမဲ့အာဏာရှင်စနစ်ပဲ။

နောက်အရေးကြီးတဲ့အချက်က မာ့က်စ်နဲ့ပက်သက်လာရင် အစအဆုံး အလုံးစုံကို အခြေခံပြီးမှ Full Context အရ ပြောကြစေချင်ပါတယ်။ ဖင်တပိုင်း၊ ခေါင်းတပိုင်းဖြတ်ပြောရင် ဟိုမရောက်၊ ဒီမရောက် ရွာလည်နေမှာသေချာပါတယ်။

အာဏာရှင်စနစ်ကို မတည်ထောင်ဘဲ ပြည်သူပိုင်မသိမ်းနိုင်၊ ဆိုရှယ်လစ်အရင်း (မ)တည်ဖို့မဖြစ်နိုင်၊ အရင်းရှင်စနစ်ကို မဖြိုဖျက်နိုင်။ လီနင်ရဲ့ ဗဟိုဦးစီးစနစ်ကို လက်မခံဘဲ ကွန်မြူနစ်ပါတီ မထူထောင်ရင်၊ ဘယ်သူက ပစ္စည်းမဲ့တော်လှန်ရေးကို ဦးဆောင်မှာလဲ။ ပစ္စည်းမဲ့တော်လှန်ရေးအောင်မှ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်နိုင်မှာပါ။

လူသားတိုင်းမှာ ရုပ်နဲ့နာမ် ကိုယ်စီရှိမှ အသက်ရှင်နိုင်ကြတာပါ။ ထို့နည်းတူစွာ မာ့က်စ်ဝါဒမှာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဟာ (နာမ်) (၀ိညာဏ်) အလားပါပဲ။ ပစ္စည်းမဲ့အာဏာရှင် လက်နက်မပါဘဲ အသက်မရှင်နိုင်ပါ။ ထို့ကြောင့် အာဏာရှင်စနစ်ကိုတော့ လက်မခံပါ၊ မာက်စ်ဝါဒကိုတော့ လက်ခံပါသည်ဟု ပြောလာခဲ့ရင် ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ် နိုင်ပါလိမ့်မည်။ တဖက်ကပြန်ကြည့်လျှင်လည်း နိုင်ငံရေးမရိုးသားတာ ဖြစ်နိုင်သလို ဖါးတပိုင်း၊ ငါးတပိုင်းနိုင်ငံရေး ခံယူချက်ဆိုတာ ထင်ပေါ်နေပါသည်။

သတင်းစာလောကမှာ သတင်းရေးသူနဲ့ Opinion Writer လို့ခေါ်တဲ့ မိမိအမြင်ကိုရေးသူရယ်လို့ ရှိကြပါတယ်။ သတင်းရေးသူက ဒီကနေ့ ဟစ်ဟော့ပွဲမှာလူမစီ။ ဘောပွဲမှာလူချတယ်ဗျာ့ ဆိုပြီး လိုရှင်းတိုရင်း ရေးလို့ရပါတယ်။ Opinion Writer က ဒီလို ရေးလို့မရပါ။


(New York Time) က ကမ္ဘာကျော် အမြင်ရေးဆရာ တွန်ဖရီးမင်း (Tom Friedman) က ကမ္ဘာကြီးပြားတယ်ဗျာ့ (The World is Flat) ဆိုပြီး ရပ်ထား၍မရပါ။ ဘာကြောင့် ကမ္ဘာကြီးပြားရလဲ ဆိုတာကို ရှင်းပြဖို့ စာအုပ်ရေးဖြစ်ခဲ့ရပါတယ်။ အီလစ် (Elite) စစ်လို့ထင်ပါရဲ့ သူ့စာအုပ်ဟာကမ္ဘာကျော်ပြီး လူကြီးလူငယ် အလုအယက် ၀ယ်ဖတ်ကြရပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံမှ လူငယ်ကလေးများ နိုင်ငံရေးခံယူချက် တိကျစေချင်တဲ့ စေတနာနဲ့ အရင်းရှင် စီးပွားရေးစနစ် ဆိုတာဘာလဲ၊ Wall St ရဲ့ ကဏ္ဍက ဘာလဲ၊ လက်ရှိ ကမ္ဘာမှာကျရောက်နေတဲ့ စီးပွားရေး အခက်အခဲတွေဟာ ဘာလဲ၊ မြန်မာနိုင်ငံအပါအ၀င် အာရပ်ကမ္ဘာမှာပြည်သူလူထု မခံမရပ်နိုင်ဖြစ်ရတဲ့ ရောင်ရင်း/လက်ရင်း အရင်းရှင်စီးပွားရေးစနစ် (Crony Capitalism) ဆိုတာဘာလဲ စသည်တွေကို ချင့်ချိန် နိုင်အောင် ဥာဏ်မှီသမျှ တင်ပြဆွေးနွေးချင်တာကြောင့် ဒီဆောင်းပါးကိုရေးရတာပါ။

ရေးသားသူ - Bo K Nyein

ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
Read More

တစ်နှစ်အတွင်းမှာ ဒေါ်လာတစ်သန်းဝင်အောင် ဘယ်လိုရှာမလဲ

6:00 PM | ,


ဒေါ်လာတစ်သန်းဆိုတာ အရင်တုန်းကလို အရမ်းအများကြီးမဟုတ်တော့ပေမယ့် နှစ်စဉ် ၀င်ငွေတစ်သန်း ရှိတယ်ဆိုရင်တော့ တော်တော်များတယ်လို့ ပြောလို့ရပါတယ်။ ဒါဆိုရင် အဲဒီလို ၀င်ငွေတွေရှိအောင် ဘယ်လိုလုပ်မလဲ။

ကျွန်တော်လည်း ဒီလိုဝင်ငွေမျိုးရအောင် မရှာနိုင်သေးဘူးဆိုတော့ တစ်နှစ်ကို ၀င်ငွေအနည်းဆုံးတစ်သန်း ၀င်ငွေရှိတဲ့လူတွေကို ဆက်သွယ်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။

၁။ Customer တွေကိုချစ်ပါ။ 
ကိုယ်လုပ်သမျှအရာတွေ အကုန်လုံးက ကိုယ်ရဲ့ customer ကို ဗဟိုပြုတာဖြစ်သင့်တယ်။ အလည်အပတ်ခရီး သွားတာကအစ customer တွေကို သက်ရောက်မှုရှိနိုင်မလားဆိုတာ စဉ်းစားသင့်တယ်။ ၀န်ထမ်းတွေကို ပိုတိုးတက်လာအောင် လုပ်ပေးမယ်ဆိုရင်လည်း customer တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိနိုင်မှာလဲ ဆိုတာကို စဉ်းစားသင့်တယ်။ ရောင်းအားတွေ ပိုက်ဆံတွေအပေါ်မှာ အာရုံမစိုက်ပါနဲ့ customer အပေါ်မှာပဲ အဓိကအာရုံစိုက်ပါ။
Tim Nguyen၊ - BeSmartee ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO

၂။ ပေါင်းသင်းဆက်ဆံရေးနဲ့ အဆက်အသွယ်ကောင်းအောင် လုပ်ပါ။
ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်လုပ်ပါဆိုတာ ရင်းနှီးမြှုပ်နှံသူတွေအပါအ၀င် ဘဏ်လုပ်ငန်းရှင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းတာတွေပါဝင်ပါတယ်။ လုပ်ငန်းကနေ အမြတ်ကောင်းကောင်းရတဲ့ အချိန်တိုင်း အဆက်အသွယ်ကောင်းတွေကြောင့်ဖြစ်ပါတယ်။
Margot Micallef, Gabriella’s Kitchen ရဲ့ CEO နဲ့ တည်ထောင်သူ

၃။ ကုမ္ပဏီရဲ့ လည်ပတ်ပုံကို အာရုံစိုက်ပါ။
ကုမ္ပဏီရဲ့ လည်ပတ်ပုံကို ကောင်းအောင်လုပ်မယ်ဆိုရင် ကုမ္ပဏီက အောင်မြင်လာမှာပါ။ ကျွန်တော့် လုပ်ဖော် ကိုင်ဖက်ဆီက ရှယ်ယာတွေ အကုန်လုံးဝယ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ နှစ်နှစ်တိတိ ကုမ္ပဏီရဲ့လည်ပတ်ပုံ၊ လုပ်ကိုင်ပုံနဲ့ ထုံးတမ်းဓလေ့တွေကို ပြောင်းလဲခဲ့ရပါတယ်။ ပြီးတဲ့အခါမှာ အမြတ်ငွေတွေ တိုးတက်ခဲ့ပါတယ်၊ ၁၅ ရာခိုင်နှုန်း (၂ သန်းကျော်) တိုးလာပါတယ်။ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီက လူတွေကို ဘယ်အရာက အလုပ်ကောင်းကောင်းလုပ်အောင် လှုံ့ဆော်ပေးနိုင်သလဲဆိုတာကို သိထားဖို့ လိုပါတယ်။ အများစုကတော့ စိတ်အားထက်သန်မှုကြောင့်ဖြစ်ပြီး အဲဒီစိတ်အားထက်သန်မှုကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း နိုင်မယ်ဆိုရင် အောင်မြင်နိုင်မှာပါ။
StarrDesign မှ Steve Starr

၎။ ထုတ်ကုန်နဲ့ တိုးတက်မှုကို အာရုံစိုက်ပါ။
သန်းကြွယ်တွေရဲ့ အဖွဲ့ထဲကို ၀င်ချင်တယ်ဆိုရင်တော့ တကယ်ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ပြီးတော့ အဲဒီထုတ်ကုန် တိုးတက်အောင်ပဲ အာရုံစိုက်ပါ။ ရောင်းရတဲ့ ပစ္စည်းအရေအတွက် ဒါမှမဟုတ် အမြတ်ငွေက မနေ့ကထက် ဒီနေ့ ပိုပိုတိုးလာအောင်လုပ်ပါ။
Simon Slade - Affilorama ရဲ့ CEO နဲ့ တွဲဖက်တည်ထောင်သူ

၅။ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူတွေရဲ့ ကြောက်ရွံ့မှုတွေကို နားလည်ထားပါ။
ဟုတ်ပါတယ်။ ကျွန်တော် တစ်နှစ်ကို တစ်သန်းထက်ပိုရပါတယ်။ ဒီလိုရလာတာဟာ လူမှုအဖွဲ့အစည်းတွေမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို နားလည်လို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ customer တွေကို အဲဒီစိုးရိမ်မှုတွေ လျော့နည်းအောင် ကူညီပေးပြီး သူတို့လိုချင်တဲ့ ပန်းတိုင်ရောက်အောင် ကူညီခဲ့ပါတယ်။ အဓိကပြောချင်တာကတော့ ပိုက်ဆံအများကြီးသုံးတော့မယ့် client တွေမှာ ဖြစ်တတ်တဲ့ စိုးရိမ်မှုတွေကို နားလည်ထားပြီး မကြောက်အောင် လုပ်ပေးနိုင်ရပါမယ်။
Ted Leonhardt - အလုပ်အကိုင် အကြံပေးကျွမ်းကျင်သူ

၆။ ဇွဲမလျှော့ပါနဲ့။
လုပ်ငန်းတစ်ခုမှာ အောင်မြင်နိုင်ဖို့ဆိုတာ ကိုယ်ထင်ထားတာတက် ပိုခက်၊ ပိုကုန်ပြီးတော့ ပိုလည်းကြာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇွဲမလျှော့ဖို့ အကြံပေးချင်ပါတယ်။
GMR Transcription မှ Ajay Prasad

၇။ မရပ်မနား အလုပ်လုပ်ပါ။
ကျွန်မ အသက် ၃၂ နှစ်မှာ နယူးယောက်မြို့က အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ
အလုပ်စလုပ်ခဲ့ပါ တယ်။ ပထမ သုံးနှစ်တုန်းက တစ်နေ့လုံး မရပ်မနား အလုပ်လုပ်ခဲ့ရပါတယ်။ သုံးနှစ်ပြည့်ခါနီးလောက်မှာ စပြီးတော့ ပိုက်ဆံကောင်းကောင်းဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ၀င်ငွေက ဂဏန်းခြောက်လုံးရှိလာပြီးတော့ တစ်နှစ်ကို တစ်သန်းကျော်ကျော်လောက် ၀င်ငွေရှိလာပါတယ်။ ဒီလိုတွေရရှိလာတာဟာ အစပိုင်းက မဆုတ်မနစ်နဲ့ မရပ်မနားအလုပ်လုပ်ခဲ့လို့ဖြစ်ပါတယ်။
Heidi Burkhart - Dane Professional Consulting Group မှ CEO

၈။ လူတွေနဲ့ personal အရ ရင်းနှီးအောင်လုပ်ပါ။
Royce ဟာ သူ့ရဲ့ customer တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးအောင်နေလို့ တစ်နှစ်ကို ဒေါ်လာ ခြောက်သန်း ၀င်ငွေရရှိတာလို့ ပြောပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ customer တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အဓိကထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ လူတိုင်းကို တော်ရုံသင့်ရုံ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုထက် customer တွေကို မိသားစုလိုမျိုး ရင်းနှီးစွာပေါင်းသင်းဆက်ဆံတဲ့ ကုမ္ပဏီမျိုးဖြစ်ပါတယ်။
Andrew Royce Bauer - Royce ရဲ့ CEO

၉။ ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ။
ကျွန်တော်ပေးချင်တဲ့ အကြံကတော့ ကိုယ်လိုချင်တဲ့အရာ၊ ပန်းတိုင်ကိုပဲ စိတ်ထဲမှာထားပါ၊ လျှောက်လှမ်းရင်းနဲ့ လမ်းမှာ ဘာတွေဖြစ်သွားနိုင်သလဲဆိုတာကို တွေးပြီးကြောက်မနေပါနဲ့။ သင်စိုးရိမ်နေတဲ့အရာတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်မမျှော်လင့်ထားတဲ့ဟာတွေပဲ ဖြစ်လာမှာပါ။
Zach Halmstad - JAMF Software ရဲ့ တွဲဖက်တည်ထောင်သူ

စာညွှန်း - Inc.com မှာ ဖော်ပြထားတဲ့ How to Make $1 Million in a Single Year
ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
ဓာတ်ပုံ - www.millionairegroupsociety.com

ရေးသားသူ- သီဟ
SFJ Strategy First Journal မှ ကူးယူဖော်ပြပါသည်။
Read More

Forex Trading Sessions

8:00 PM | , ,


အွန်လိုင်းငွေကြေး အရောင်းအ၀ယ်ဈေးကွက်မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄နာရီ ကာလပတ်လုံး အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် တနေ့လုံးတော့ ငွေလဲလှယ်နှုန်းတွေဟာ သိသိသာသာ တက်နေ၊ ကျနေတာ မဟုတ်ပါဘူး။

ကိုယ့်အတွက် အကျိုးအမြတ်တကယ်ဖြစ်စေတဲ့ အချိန်တွေကတော့ ငွေလဲလှယ်နှုန်း သိသာစွာ တက်နေ (သို့) ကျနေတဲ့ အချိန်တွေပါ။ နေ့တစ်နေ့မှာ အရောင်းအ၀ယ်လုပ်လို့ အကောင်းဆုံးအချိန်တွေကို အောက်မှာ ရှင်းပြထားပါတယ်။ ငွေကြေးအရောင်းအ၀ယ်ဈေးကွက်မှာ အဓိက အရောင်းအ၀ယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး လေးပိုင်းရှိပါတယ်။
  • သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်၊
  • ဂျပန်က တိုကျိုရုံးဖွင့်ချိန်၊
  • ဗြိတိန်က လန်ဒန်ရုံးဖွင့်ချိန်၊
  • အမေရိကန်က နယူးယောက်ရုံးဖွင့်ချိန်တို့ပဲ ဖြစ်ပါတယ်။
သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်နဲ့ ဂျပန်က တိုကျိုရုံးဖွင့်ချိန်တို့ဟာ ကွာခြားမှုသိပ်မရှိတဲ့အတွက် နှစ်ခုပေါင်းကို အာရှရုံးဖွင့်ချိန်အဖြစ် သဘောထားကြပါတယ်။ အဲဒီတော့ အဓိကအရောင်းအ၀ယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး သုံးပိုင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

တချို့နိုင်ငံများဟာ ရာသီအပြောင်းအလဲကိုလိုက်ပြီး တစ်နှစ်အတွင်းမှာ နာရီအချိန်ကို ရှေ့တိုး၊ နောက်ဆုတ် ရွှေ့လေ့ရှိတဲ့အတွက် အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပါတယ်။


တိုကျိုရုံးဖွင့်ချိန်
တိုကျို (သို့) အာရှရုံးဖွင့်ချိန်ဟာ တနေ့တာ ငွေကြေးအရောင်းအ၀ယ်ဈေးကွက်ရဲ့ ဦးဆုံးအချိန်ပိုင်းကြီးပါ။ ဂျပန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ငွေကြေးအရောင်းအ၀ယ် စင်တာကြီးဖြစ်ပြီး ဒီအချိန်ပိုင်းမှာ ယန်းငွေလဲလှယ်မှုပမာဏက ငွေကြေးအားလုံးရဲ့ ၁၆.၅% ခန့် ရှိပါတယ်။ တနေ့တာ ငွေကြေးအရောင်းအ၀ယ်ပမာဏရဲ့ ၂၁% လောက်ကို ဒီအာရှအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီးလန်နိုင်ငံများရဲ့ စီးပွားရေးအခြေအနေများနဲ့ဆိုင်တဲ့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံးအချိန်ပိုင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ တရုတ်ကလဲ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြီးဖြစ်တာကြောင့် တရုတ်က ထုတ်လွင့်လိုက်တဲ့သတင်းတွေဟာလဲ ငွေကြေးအတက်အကျကို များစွားပြောင်းလဲစေနိုင်ပါတယ်။ ဂျပန်နဲ့ သြစတြေးလျဟာ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုအပေါ်မှာ များစွားမူတည်နေတာကြောင့် တရုတ်သတင်းတွေပေါ်မူတည်ပြီး ဂျပန်၊ သြစတြေးလျ ငွေကြေးအတွဲကို အရောင်းအ၀ယ်လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

လန်ဒန်ရုံးဖွင့်ချိန်
အာရှက ငွေကြေးရောင်းဝယ်နေကြတဲ့ ရုံးတွေကိုပိတ်ဖို့ တစ်နာရီလောက်အလိုမှာ ဥရောပက ငွေကြေးအရောင်းအ၀ယ်လုပ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ ဥရောပမှာ ရုံးတွေ အများကြီးရှိပေမယ့် ငွေကြေးအရောင်းအ၀ယ် သမိုင်းတလျောက်မှာ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေတာက လန်ဒန်ဈေးကွက်ပဲ ဖြစ်ပါတယ်။ တနေ့တာ ငွေကြေး အရောင်းအ၀ယ်ပမာဏရဲ့ ၃၀% လောက်ဟာ ဒီလန်ဒန်အချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဗြိတိန်၊ ဥရောပ နဲ့ ဆွစ်ဇာလန်နိုင်ငံများရဲ့ ငွေကြေးအတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။

နယူးယောက် ရုံးဖွင့်ချိန်
ဥရောပက ငွေကြေးရောင်းဝယ်နေကြတဲ့သူတွေ ထမင်းစားပြန်လာချိန်လောက်မှာ အမေရိကက ငွေကြေးရောင်းဝယ်မယ့်ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ အမေရိကန်ဟာ လက်ရှိအနေအထားအရ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် ဒီအချိန်ပိုင်းမှာ အမေရိကန်ဒေါ်လာ လဲလှယ်မှုပမာဏဟာ ငွေကြေးအားလုံးရဲ့ ၈၅% ခန့်ရှိပါတယ်။ တနေ့တာ ငွေကြေးအရောင်းအ၀ယ် ပမာဏရဲ့ ၅၀% လောက်ဟာ ဒီအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံများရဲ့ ငွေကြေးအတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်းပဲ ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကရုံးတွေ ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်လေးနာရီလောက်မှာ ငွေကြေးအတက်အကျ ကြမ်းတတ်ပြီး အရောင်းအ၀ယ်လုပ်ဖို့ အခွင့်ကောင်းတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။

ရုံးဖွင့်ချိန် ထပ်နေသော အချိန်ပိုင်းများ

တိုကျို – လန်ဒန် ရုံးဖွင့်ချိန်ထပ်ခြင်း
အများအားဖြင့် အာရှအချိန်ပိုင်းမှာ ငွေကြေးအတက်အကျ သိပ်မကြမ်းတတ်သလို ဥရောပအနေနဲ့လဲ ရုံးစဖွင့်ချိန်ဖြစ်တာကြောင့် တိုကျို – လန်ဒန်ရုံးဖွင့်ချိန်ထပ်နေတဲ့ တစ်နာရီအတွင်းမှာ ငွေကြေး အတက်အကျမကြမ်းတတ်ဘဲ အရောင်းအ၀ယ် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လေ့ မရှိပါဘူး။

လန်ဒန် – နယူးယောက် ရုံးဖွင့်ချိန်ထပ်ခြင်း
လန်ဒန်နဲ့ နယူးယောက် ရောင်းဝယ်ချိန်ထပ်နေတဲ့ လေးနာရီကာလကတော့ ကမ္ဘာ့အကြီးဆုံး ငွေကြေး အရောင်းအ၀ယ်စင်တာကြီးနှစ်ခု အပြိုင်ရောင်းဝယ်နေကြချိန်ဖြစ်တဲ့အတွက် တနေ့တာလုံးမှာ ငွေကြေး အတက်အကျ အကြမ်းဆုံး၊ ငွေကြေးကုန်သည်များအတွက် အလုပ်အရှုပ်ဆုံးဖြစ်သလို ကိုယ့်အတွက်လဲ အရောင်းအ၀ယ်အခွင့်အလမ်းကောင်းတွေ အများဆုံးရရှိနိုင်တဲ့ အချိန်ပိုင်း ဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ အမေရိကနဲ့ ကနေဒါနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာချိန်လဲဖြစ်ပါတယ်။

အရှေ့က လန်ဒန်အချိန်ပိုင်းမှာ အတက်(သို့)အကျ လမ်းကြောင်းတွေ ဖြစ်ပေါ်ထားခဲ့တယ်ဆိုရင် ဒီအချိန်ပိုင်းအတွင်းမှာ အခြားစီးပွားရေး(အရေးကြီး)သတင်းတွေ မကြေငြာခင်အချိန်ထိ အရှေ့ကမူလလမ်းကြောင်းအတိုင်း ဆက်သွားလေ့ရှိပါတယ်။ အရေးကြီးတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာပြီးချိန်တွေမှာတော့ ငွေကြေးလဲလှယ်မှုနှုန်းတွေ သိသာစွာ ပြောင်းလဲနိုင်ပြီး အရှေ့ကဖြစ်ပေါ်နေတဲ့ အတက်အကျလမ်းကြောင်းတွေလဲ ပြောင်းလဲနိုင်ပါတယ်။

တပတ်အတွင်း ငွေကြေးအရောင်းအ၀ယ်လုပ်ရန် အကောင်းဆုံးနေ့များ
တပတ်အတွင်းမှာ အလယ်ရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေဟာ ငွေကြေးအရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံးနေ့တွေဖြစ်ပါတယ်။ တနင်္လာနေ့ရဲ့ ပထမနေ့ဝက်မှာ အတက်အကျလမ်းကြောင်းမှားတွေ ဖြစ်ပေါ်နိုင်သလို သောကြာနေ့ရဲ့ ဒုတိယနေ့ဝက်ဟာလဲ ပိတ်ရက်တွေနဲ့ နီးလာတာကြောင့် အတက်အကျသိပ်မရှိတတ်ပါဘူး။

သင့်ရဲ့အချိန်တွေကို အမျှော်အမြင်ရှိရှိနဲ့ စီမံပါ။
အွန်လိုင်းငွေကြေးအရောင်းအ၀ယ်ဈေးကွက်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီ ကာလပတ်လုံး အရောင်းအ၀ယ် လုပ်နိုင်တာဖြစ်ပေမယ့် အမြဲသိသာစွာတက်နေကျနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အနားယူချိန်နဲ့ မိသားစုအတွက်အချိန်ပေးဖို့ဆိုတာလဲ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် ဘယ်အချိန်တွေမှာ ငွေကြေးအရောင်းအ၀ယ်လုပ်သင့်ပြီး ဘယ်အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာကို ကုန်သည်တိုင်း သိထားသင့်ပါတယ်။

အရောင်းအ၀ယ်လုပ်ရန် အကောင်းဆုံးအချိန်များ
  • လန်ဒန် - နယူးယောက် အရောင်းအ၀ယ်ထပ်ချိန်ကာလအတွင်း။
  • လန်ဒန်ရုံးဖွင့်ချိန်အတွင်း။
  • နေ့အားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့များ။
အရောင်းအ၀ယ်လုပ်ရန် မကောင်းဆုံးအချိန်များ
  • အဓိကနိုင်ငံတစ်ခုဧ။် ရုံးပိတ်ရက်နေ့များ။
  • သောကြာနေ့ လန်ဒန်ရုံးပိတ်ချိန် နောက်ပိုင်း။
  • အရမ်းအရေးပါသော စီးပွားရေးသတင်း ထွက်ပေါ်ချိန်များ။ (ထိုအချိန်များတွင် မိနစ်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျ ကြီးမားလျှင်မြန်စွာ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကျွမ်းကျင်မှု မရှိပါက အရောင်းအ၀ယ် မလုပ်သင့်ပါ။)
www.myanmarforextradingeducation.com မှ ကူးယူဖော်ပြပါသည်။
Read More

Abenomics အကြောင်း တစေ့တစောင်း

8:00 PM | ,


(ပုံကြီး ကြည့်ပြီး လန့်သွားပြီလား... ဟဲဟဲ။ လူရှိန်အောင်ပါ။)

အာဏာရနိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ်။ (အင်း.... စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ်.... ဘာတွေ ပြောမလို့လဲ မသိဘူး.... ၀ါး။)

နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ်။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့ economics ပေါ်လစီတွေကို Clintonomics လို့ သမုတ်ကြပါတယ်။ မာဂရက်သက်ချာရဲ့ free market အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies လို့ ခေါ်ရုံတင်မကဘဲ ၀ါဒတစ်ခုအနေနဲ့ Thatcherisim လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့။ အာဂမိန်းမနော်။ ကိုယ့်နာမည်ကြီးနဲ့ ism တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတဲ့.... ဘာမှတ်တုန်း။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics လို့ သမုတ်ကြပြန်ပါတယ်။

အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့ Abenomics ပါတဲ့။ ဒီတော့ ဇာတ်လိုက်ကလေး ''အဘေ Abe'' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင်။


''အဘေ Abe'' က ဘာကို ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀)လောက် ''တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့တဲ့။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ်၊ ဈေးဝယ်မယ်ဆိုရင် လက်တွန့်နေကြတယ်။ နောက်လည်း ဈေးတွေ ကျဦးမှပဲဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေကျ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည်ပတ်နိုင်၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့်၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀) လောက်ရှိပြီဆိုဘဲ။ ဒီတော့ ဈေးကွက်ကို ''ဆွ'' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့။ ပြောတော့လွယ်လိုက်တာအေ။ ဈေးကွက်ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး။
ဟုတ်ကဲ့.... ''အဘေ'' က ပေါ်လစီ သုံးခုချလိုက်တယ်။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော... အဲလေ... ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး Abenomics လို့ ခေါ်တယ် ။ Abenomics ရဲ့ အဲဒီပေါ်လစီသုံးခုကိုတော့ Three arrows လို့ တင်စားကြတယ်။ လာထား... မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင်။


Abenomics ရဲ့ ''မြှားသုံးချောင်း'' လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
  1. Monetary policy (ငွေကြေးမူဝါဒ)
  2. Fiscal stimulus (ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း)
  3. Structural reforms (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု)
အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့စီးပွားရေးကို ကယ်တင်မယ်ဆိုဘဲ။

(1) Monetary Policy ဆိုတာ ဘာကြီးတုန်း
ဘာကြီးမှ မဟုတ်ပါဘူးအေ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေနင်းကန်အပ်၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ။ အတိုးကလည်း ဘယ်မှာမှမရတဲ့ ၁၃ ရာခိုင်နှုန်းတောင် မဟုတ်လား။ အခုတော့ လျှော့ချဖို့ ပြင်နေပြီဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ်တဲ့ (အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့။ ဟင့်... ခုတော့)။

အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ Monetary Policy ဆိုတာကြီးထဲ ပါတာပေါ့။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့။

စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့။ တသမတ်တည်း မနေဘူးပေါ့အေ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset တွေ trend တွေကို ထည့်စဉ်းစားရသေးတယ် လေ။ အတွင်းအပြင် နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့။ တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ Monetary Policy လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ်။ 

ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ်။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်ကြမယ်။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့။

ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့။ ဒီလိုဆို ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ်။ ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ်။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ်။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည်ပတ်လာမယ်။ အဲဒါကြီးကို (Expansionary Monetary Policy) လို့ ခေါ်တယ်အေ့... တံတွေးစင်သွားရင် ခွေးလွှတ်နော်။


ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော်။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က ၀င်ပြီး ထိန်းရပြန်သတဲ့။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့။

တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့။ ဒါကြောင့် ကုန်ဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ။ ဘိလပ်လိုတော့ (Deflationary Monetary Policy) တဲ့။


ညည်းမှတ်မိတယ် မဟုတ်လား... ၂၀၀၇ က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့။

နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်းနေတဲ့ ပြသနာ ဖြစ်နေတာက ၂၀၀၇ မှာ စတာမဟုတ်ဘူး၊ အနှစ် (၂၀) လောက်ကိုရှိပြီလို့ အဘေကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ်။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ။

၁၉၉၀ နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ ဈေးကွက်ပြိုလဲမှု ဆိုတာ ဖြစ်ခဲ့သတဲ့။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု... အဲ... ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ်၊ ငွေချေးရတာ လွယ်လာတယ်။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့။


ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်းများစွာ ဈေးတက်လာတယ်။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ Bubble လို့ ခေါ်တယ်။ ပူပေါင်းလေးလိုပေါ့အေ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ်၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့။ အဲဒီတော့ Market panic လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက်ပြိုလဲတာကိုတော့ Bubble burst လို့ ခေါ်သတဲ့။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ။

Bubble burst ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ်။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် (တော်သေးတာပေါ့... လိုရင်းမို့လို့)။

အဲလို Bubble burst ဖြစ်ပြီး ဈေးတွေကျရာကနေ အလုပ်လက်မဲ့နှုန်းများလာပြီး ၀ယ်လိုအားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့။ ကုန်ဈေးနှုန်းကျတော့ လူတွေက invest မလုပ်ကြ၊ ဈေးဝယ်နည်းလာကြတယ်။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း ''ဟင်း... နောက်ဆို ဈေးက ဆက်ကျဦးမှာ၊ ၀ယ်လို့ မဖြစ်သေးပါဘူး'' ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့်။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာတဲ့ တော့။

(၂) Stimulus ဆိုတာ ဘာလဲ
အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့ ငွေကြေးဖောင်းပွမှု (Inflation) ကို ၂% ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့။ ဟင်... ကယ်တင်ပါမယ်ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး။ သူ့ဗျူဟာက တမျိုးအေ့... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင်လုပ်တာမဟုတ်လား ။ ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ (unlimited yen) ထုတ်ဖို့ ခိုင်းလိုက်သတဲ့။

ဒီလိုနဲ့ ၂၀၁၃ အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့။ ပြီးရင် အဲ့ငွေတွေကို ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော်... အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော်။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ။

ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား။ (ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ်၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ)။ အဲလို မောင်းသွင်းတာကို stimulus လုပ်တယ်လို့ ခေါ်သတဲ့။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ။ ဒီတော့ stimulus ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ Quantitative Easing လို့လည်း ခေါ်သတဲ့။ (စင်ပြန်ပြီ... တံတွေး)။


အဲအဲ... ငါပြောတာ ဘယ်ရောက်သွားပြီလဲ... သြော် အင်း... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲသိလား။ ဂျပန် GDP ရဲ့ ၁၀% လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့။ ဒါဟာ ဒေါ်လာ ''သန်း'' ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ (အင်း... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ... သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့)။

တစ်ယောက်တည်း ပြော၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ... ရေလေးဘာလေးလည်း တိုက်ပါဦး... ဂွပ်...ဂွပ် (ရေသောက်သံ)။ အင်း... ခုမှဘဲ ရင်ထဲကို အေးသွားတော့တယ်... ညည်းကလည်း အင်းမလှုပ် အဲမလှုပ်... ဟွန်း။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅%နီးပါး တန်ဖိုးကျသွားရော တဲ့။ ညည်းစဉ်းစားကြည့်ပေါ့... အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား။ ငါပြောတာ ရှုပ်သွားပြီလား။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ကုန်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော်။ 

အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား။ ဒါဆို export လုပ်သူတွေ အဆင်ပြေတယ်လေ။ အဘေက ပလန်က အဲလို export ကို မြှင့်ဖို့လည်း ပါတယ်တဲ့ဟ။ သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ်။ အလုပ်ခွင်ထဲက facilities တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား။


ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့ ဒီ plan ရဲ့ risk တွေကိုလည်း တင်ပြကြသတဲ့။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ။ Bond လို့ ခေါ်တဲ့ ချေးငွေလက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ။

အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကိုပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ်၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ်။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ၊ austerity measure လို့ ခေါ်တဲ့ (လူမှုဖူလုံရေးအတွက်) သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ်၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေး သူ့အမေရိုက်တဲ့ Vicious cycle ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့။



နောက်တစ်ခုက တန်ဖိုးကျ weak ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import တွေအတွက် ဈေးမကြီးသွားဘူးလား။ အထူးသဖြင့် ၂၀၁၁ စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့... ကျွတ်ကျွတ်။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်းတိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ်။ ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ။ (တိဘူးလေ)


ဒါနဲ့ မမေ့ခင် ပြောရဦးမယ်။ stimulus လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို infrastucture တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၁၄ billion တဲ့ အေ့။ billion ဆိုတာ သန်းတစ်ထောင် မဟုတ်လား။ ဒေါ်လာ ၁၁၄ billion ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ။ အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ်။ သိပ္ပံသုသေတနလုပ်တဲ့နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့ renewable energy တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ်။


ဒီနေရာမှာ မှတ်ထားဦး တော်ရေ... ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ။ တိုင်းပြည် GDP ရဲ့ ၂၄၀% ရှိသတဲ့။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံးပါဘဲ တဲ့။ အကြွေး ၂၄၀% ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့ မဟုတ်လား။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်... ကိုယ့်ဖြင့် ဆပ်စရာ အကြွေးတစ်ပုံရှိနေသားနဲ့။

အဘေခမျာမလဲ သနားပါတယ်ဟယ်... လုပ်သာလုပ်နေရတယ်၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ... ''ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ်။'' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပိုသုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ်'' လို့ သုံးသပ်သူက သုံးသပ်သတဲ့။

(၃) Struttural Reforms ဆိုတာကရော ဘာလဲ
အဲဒါက စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ လုပ်မယ့် reform တွေလေ။ ဒီ reform တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ်... ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့။ TPP ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ ( ၁၁) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့။

အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့။ ဟင်... ဒါများ ဘာမကောင်းတာလဲ ရှိလဲလို့ ထင်နေပြီ မဟုတ်လား။ ဒီလို အေရဲ့... Tariff ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား... ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ။


အဲဒီ Tariff ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့။ ဘာလို့လည်းဆိုရင် အဲ့ဒီအခွန်မှမရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန်ဝင်လာနိုင်တယ်လေ။ ဥပမာပြောရရင်အေ... အခု တရုတ်က solar panel တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ်။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel တွေ အပေါ်မှာ Tariff အများကြီး ကောက်ဖို့ လုပ်နေတယ်လေ။ အဲဒါကို ဘောဂဗေဒမှာ Protectionism လို့ ခေါ်တယ် အေ့။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ။

ဂျပန်က အဲဒီ Protectionism ဆိုတာကို ကျင့်သုံးတယ်။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့။ အခု ရှင်ဇိုအဘေက အဲဒီ TPP ထဲကို ၀င်ချင်တယ် ဆိုတော့ TPP ရဲ့ မူကို ကျင့်သုံးရတော့မှာမယ်။ TPP ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ tariff တွေ လျှော့ချဖို့၊ ဖြစ်နိုင်ရင် tariff တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ်။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား။ TPP Agreement သာ လုပ်ဖြစ်လို့ tariff ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk ရှိတယ် လေ။ တခြားနိုင်ငံတွေက agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ်။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက် ပိုမှီခိုလာရနိုင်တယ်။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့။



တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ်။ ၀ယ်လိုအားတက်မယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့... ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ်... ဟုတ်ဖူးလား။

စာရေးသူ Spring Flowers
Facebook မှ ကူးယူဖော်ပြပါသည်။
Read More