Abenomics အကြောင်း တစေ့တစောင်း

8:00 PM | ,


(ပုံကြီး ကြည့်ပြီး လန့်သွားပြီလား... ဟဲဟဲ။ လူရှိန်အောင်ပါ။)

အာဏာရနိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ်။ (အင်း.... စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ်.... ဘာတွေ ပြောမလို့လဲ မသိဘူး.... ၀ါး။)

နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ်။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့ economics ပေါ်လစီတွေကို Clintonomics လို့ သမုတ်ကြပါတယ်။ မာဂရက်သက်ချာရဲ့ free market အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies လို့ ခေါ်ရုံတင်မကဘဲ ၀ါဒတစ်ခုအနေနဲ့ Thatcherisim လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့။ အာဂမိန်းမနော်။ ကိုယ့်နာမည်ကြီးနဲ့ ism တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတဲ့.... ဘာမှတ်တုန်း။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics လို့ သမုတ်ကြပြန်ပါတယ်။

အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့ Abenomics ပါတဲ့။ ဒီတော့ ဇာတ်လိုက်ကလေး ''အဘေ Abe'' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင်။


''အဘေ Abe'' က ဘာကို ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀)လောက် ''တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့တဲ့။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ်၊ ဈေးဝယ်မယ်ဆိုရင် လက်တွန့်နေကြတယ်။ နောက်လည်း ဈေးတွေ ကျဦးမှပဲဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေကျ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည်ပတ်နိုင်၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့်၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀) လောက်ရှိပြီဆိုဘဲ။ ဒီတော့ ဈေးကွက်ကို ''ဆွ'' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့။ ပြောတော့လွယ်လိုက်တာအေ။ ဈေးကွက်ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး။
ဟုတ်ကဲ့.... ''အဘေ'' က ပေါ်လစီ သုံးခုချလိုက်တယ်။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော... အဲလေ... ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး Abenomics လို့ ခေါ်တယ် ။ Abenomics ရဲ့ အဲဒီပေါ်လစီသုံးခုကိုတော့ Three arrows လို့ တင်စားကြတယ်။ လာထား... မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင်။


Abenomics ရဲ့ ''မြှားသုံးချောင်း'' လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
  1. Monetary policy (ငွေကြေးမူဝါဒ)
  2. Fiscal stimulus (ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း)
  3. Structural reforms (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု)
အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့စီးပွားရေးကို ကယ်တင်မယ်ဆိုဘဲ။

(1) Monetary Policy ဆိုတာ ဘာကြီးတုန်း
ဘာကြီးမှ မဟုတ်ပါဘူးအေ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေနင်းကန်အပ်၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ။ အတိုးကလည်း ဘယ်မှာမှမရတဲ့ ၁၃ ရာခိုင်နှုန်းတောင် မဟုတ်လား။ အခုတော့ လျှော့ချဖို့ ပြင်နေပြီဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ်တဲ့ (အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့။ ဟင့်... ခုတော့)။

အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ Monetary Policy ဆိုတာကြီးထဲ ပါတာပေါ့။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့။

စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့။ တသမတ်တည်း မနေဘူးပေါ့အေ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset တွေ trend တွေကို ထည့်စဉ်းစားရသေးတယ် လေ။ အတွင်းအပြင် နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့။ တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ Monetary Policy လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ်။ 

ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ်။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်ကြမယ်။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့။

ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့။ ဒီလိုဆို ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ်။ ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ်။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ်။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည်ပတ်လာမယ်။ အဲဒါကြီးကို (Expansionary Monetary Policy) လို့ ခေါ်တယ်အေ့... တံတွေးစင်သွားရင် ခွေးလွှတ်နော်။


ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော်။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က ၀င်ပြီး ထိန်းရပြန်သတဲ့။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့။

တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့။ ဒါကြောင့် ကုန်ဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ။ ဘိလပ်လိုတော့ (Deflationary Monetary Policy) တဲ့။


ညည်းမှတ်မိတယ် မဟုတ်လား... ၂၀၀၇ က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့။

နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်းနေတဲ့ ပြသနာ ဖြစ်နေတာက ၂၀၀၇ မှာ စတာမဟုတ်ဘူး၊ အနှစ် (၂၀) လောက်ကိုရှိပြီလို့ အဘေကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ်။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ။

၁၉၉၀ နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ ဈေးကွက်ပြိုလဲမှု ဆိုတာ ဖြစ်ခဲ့သတဲ့။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု... အဲ... ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ်၊ ငွေချေးရတာ လွယ်လာတယ်။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့။


ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်းများစွာ ဈေးတက်လာတယ်။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ Bubble လို့ ခေါ်တယ်။ ပူပေါင်းလေးလိုပေါ့အေ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ်၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့။ အဲဒီတော့ Market panic လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက်ပြိုလဲတာကိုတော့ Bubble burst လို့ ခေါ်သတဲ့။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ။

Bubble burst ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ်။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် (တော်သေးတာပေါ့... လိုရင်းမို့လို့)။

အဲလို Bubble burst ဖြစ်ပြီး ဈေးတွေကျရာကနေ အလုပ်လက်မဲ့နှုန်းများလာပြီး ၀ယ်လိုအားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့။ ကုန်ဈေးနှုန်းကျတော့ လူတွေက invest မလုပ်ကြ၊ ဈေးဝယ်နည်းလာကြတယ်။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း ''ဟင်း... နောက်ဆို ဈေးက ဆက်ကျဦးမှာ၊ ၀ယ်လို့ မဖြစ်သေးပါဘူး'' ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့်။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာတဲ့ တော့။

(၂) Stimulus ဆိုတာ ဘာလဲ
အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့ ငွေကြေးဖောင်းပွမှု (Inflation) ကို ၂% ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့။ ဟင်... ကယ်တင်ပါမယ်ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး။ သူ့ဗျူဟာက တမျိုးအေ့... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင်လုပ်တာမဟုတ်လား ။ ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ (unlimited yen) ထုတ်ဖို့ ခိုင်းလိုက်သတဲ့။

ဒီလိုနဲ့ ၂၀၁၃ အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့။ ပြီးရင် အဲ့ငွေတွေကို ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော်... အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော်။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ။

ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား။ (ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ်၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ)။ အဲလို မောင်းသွင်းတာကို stimulus လုပ်တယ်လို့ ခေါ်သတဲ့။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ။ ဒီတော့ stimulus ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ Quantitative Easing လို့လည်း ခေါ်သတဲ့။ (စင်ပြန်ပြီ... တံတွေး)။


အဲအဲ... ငါပြောတာ ဘယ်ရောက်သွားပြီလဲ... သြော် အင်း... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲသိလား။ ဂျပန် GDP ရဲ့ ၁၀% လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့။ ဒါဟာ ဒေါ်လာ ''သန်း'' ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ (အင်း... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ... သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့)။

တစ်ယောက်တည်း ပြော၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ... ရေလေးဘာလေးလည်း တိုက်ပါဦး... ဂွပ်...ဂွပ် (ရေသောက်သံ)။ အင်း... ခုမှဘဲ ရင်ထဲကို အေးသွားတော့တယ်... ညည်းကလည်း အင်းမလှုပ် အဲမလှုပ်... ဟွန်း။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅%နီးပါး တန်ဖိုးကျသွားရော တဲ့။ ညည်းစဉ်းစားကြည့်ပေါ့... အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား။ ငါပြောတာ ရှုပ်သွားပြီလား။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ကုန်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော်။ 

အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား။ ဒါဆို export လုပ်သူတွေ အဆင်ပြေတယ်လေ။ အဘေက ပလန်က အဲလို export ကို မြှင့်ဖို့လည်း ပါတယ်တဲ့ဟ။ သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ်။ အလုပ်ခွင်ထဲက facilities တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား။


ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့ ဒီ plan ရဲ့ risk တွေကိုလည်း တင်ပြကြသတဲ့။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ။ Bond လို့ ခေါ်တဲ့ ချေးငွေလက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ။

အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကိုပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ်၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ်။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ၊ austerity measure လို့ ခေါ်တဲ့ (လူမှုဖူလုံရေးအတွက်) သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ်၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေး သူ့အမေရိုက်တဲ့ Vicious cycle ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့။



နောက်တစ်ခုက တန်ဖိုးကျ weak ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import တွေအတွက် ဈေးမကြီးသွားဘူးလား။ အထူးသဖြင့် ၂၀၁၁ စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့... ကျွတ်ကျွတ်။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်းတိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ်။ ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ။ (တိဘူးလေ)


ဒါနဲ့ မမေ့ခင် ပြောရဦးမယ်။ stimulus လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို infrastucture တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၁၄ billion တဲ့ အေ့။ billion ဆိုတာ သန်းတစ်ထောင် မဟုတ်လား။ ဒေါ်လာ ၁၁၄ billion ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ။ အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ်။ သိပ္ပံသုသေတနလုပ်တဲ့နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့ renewable energy တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ်။


ဒီနေရာမှာ မှတ်ထားဦး တော်ရေ... ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ။ တိုင်းပြည် GDP ရဲ့ ၂၄၀% ရှိသတဲ့။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံးပါဘဲ တဲ့။ အကြွေး ၂၄၀% ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့ မဟုတ်လား။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်... ကိုယ့်ဖြင့် ဆပ်စရာ အကြွေးတစ်ပုံရှိနေသားနဲ့။

အဘေခမျာမလဲ သနားပါတယ်ဟယ်... လုပ်သာလုပ်နေရတယ်၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ... ''ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ်။'' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပိုသုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ်'' လို့ သုံးသပ်သူက သုံးသပ်သတဲ့။

(၃) Struttural Reforms ဆိုတာကရော ဘာလဲ
အဲဒါက စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ လုပ်မယ့် reform တွေလေ။ ဒီ reform တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ်... ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့။ TPP ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ ( ၁၁) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့။

အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့။ ဟင်... ဒါများ ဘာမကောင်းတာလဲ ရှိလဲလို့ ထင်နေပြီ မဟုတ်လား။ ဒီလို အေရဲ့... Tariff ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား... ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ။


အဲဒီ Tariff ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့။ ဘာလို့လည်းဆိုရင် အဲ့ဒီအခွန်မှမရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန်ဝင်လာနိုင်တယ်လေ။ ဥပမာပြောရရင်အေ... အခု တရုတ်က solar panel တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ်။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel တွေ အပေါ်မှာ Tariff အများကြီး ကောက်ဖို့ လုပ်နေတယ်လေ။ အဲဒါကို ဘောဂဗေဒမှာ Protectionism လို့ ခေါ်တယ် အေ့။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ။

ဂျပန်က အဲဒီ Protectionism ဆိုတာကို ကျင့်သုံးတယ်။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့။ အခု ရှင်ဇိုအဘေက အဲဒီ TPP ထဲကို ၀င်ချင်တယ် ဆိုတော့ TPP ရဲ့ မူကို ကျင့်သုံးရတော့မှာမယ်။ TPP ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ tariff တွေ လျှော့ချဖို့၊ ဖြစ်နိုင်ရင် tariff တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ်။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား။ TPP Agreement သာ လုပ်ဖြစ်လို့ tariff ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk ရှိတယ် လေ။ တခြားနိုင်ငံတွေက agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ်။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက် ပိုမှီခိုလာရနိုင်တယ်။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့။



တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ်။ ၀ယ်လိုအားတက်မယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့... ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ်... ဟုတ်ဖူးလား။

စာရေးသူ Spring Flowers
Facebook မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment