Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

စတော့ရှယ်ယာပိုင်ရင် ဘာအခွင့်အရေးတွေရမှာလဲ

3:30 AM |


စတော့ရှယ်ယာပိုင်ဆိုင်မှုအတွက် ဥပဒေအရ ပြဋ္ဌာန်းထားသော အခွင့်အရေးများ

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာ ပိုင်ရှင်များ၏ အခွင့်အရေးများ

၁။ အစုရှင်တစ်ဦးသည် ၄င်းထည့်ဝင်သည့် အစုရှယ်ယာအတွက် သက်သေခံလက်မှတ်ရပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၀၈၊ ၁

၂။ အစုရှင်တစ်ဦးသည် ၄င်းအစုဝင်ထားသည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း MoA နှင့် သင်းဖွဲ့ စည်းမျဉ်း AoA စာအုပ် မိတ္တူတစ်စောင်ကို တောင်းယူခွင့်ရှိသည်။ ထိုသို့တောင်းယူလျှင် ကုမ္ပဏီ၏ သတ်မှတ်ထားသည့် အခကြေးငွေကို ထိုအစုရှင်ထံမှတောင်းယူနိုင်သည်။ စာအုပ်မိတ္တူကို ၁၄ရက်အတွင်းပေးရမည်။ ပုဒ်မ ၂၅

၃။ အစုဝင်တစ်ဦးသည် ၄င်းအမည်နှင့် အကြောင်း အရာများကိုကုမ္ပဏီတွင်ထားရှိသောအစုရှင်မှတ်တမ်း တွင် ထည့်သွင်းစေခြင်းအခွင့်အရေးရှိသည်။ ပုဒ်မ ၃၁

၎။ အစုရှင်တစ်ဦးသည် ၄င်း၏ အစုရှယ်ယာများကို လွှဲပြောင်းခွင့်ရှိသလို ထိုသို့လွှဲပြောင်းခြင်းကို ဒါရိုက်တာအဖွဲ့မှခွင့်ပြုပြီးပါက အစုရှင်မှတ်တမ်းတွင် မှတ်ပုံတင်ခွင့်ရှိသည်။ ပုဒ်မ ၃၄

၅။ အစုရှင်တစ်ဦးကွယ်လွန်သွားသည့်အခါ ၄င်း၏ တရားဝင်ကိုယ်စားပြုသူဖြင့် ၄င်းအသက်ရှင်နေ ဘိသကဲ့သို့ အစုရှယ်ယာလွှဲပြောင်းနိုင်သည်။ ပုဒ်မ ၃၅

၆။ အစုရှင်တစ်ဦးသည်ကုမ္ပဏီကထားရှိသော အစုရှင်မှတ်တမ်းများကို ကုမ္ပဏီချမှတ်သည့် စည်းကမ်းနှင့်အညီရုံးချိန်အတွင်း ပုဒ်မ ၃၇အရ ပိတ်ထားချိန်မှအပ ကြည့်ရှုစစ်ဆေးနိုင်သည်။ သို့သော်ဥပဒေနှင့်စည်းကမ်းများက သတ်မှတ်သည့် အခကြေးငွေကို ပေးရမည်။ အစုရှင်တစ်ဦးသည် ထိုမှတ်တမ်း၏ ကောက်နုတ်ချက်များကိုလည်း ကူးယူပိုင်ခွင့်ရှိသည်။ အစုရှင်တစ်ဦးသည် ထိုအစု မှတ်တမ်း၏ ကောက်နုတ်ချက်များကိုလည်း တောင်းခံပိုင်ခွင့်ရှိသည်။ ပုဒ်မ ၃၆

၇။ အစုရှင်တစ်ဦးသည် ၄င်း၏အကြောင်းအရာများ ကို အစုရှင်မှတ်တမ်းတွင်လွဲမှားစွာရေးသွင်းထားပါက တရားရုံးတော်သို့ပြင်ဆင်ပေးပါရန်လျှောက်ထား နိုင်သည်။ ပုဒ်မ ၃၈

၈။ အထူးအခွင့်အရေးခံစားခွင့်ရှိသည့်အစုရှင်တစ်ဦး သို့မဟုတ်အစုရှင်တစ်စုသည် ထိုထုတ်ဝေပြီး အစုရှယ်ယာ အတန်းအစား၏ ၁၀ရာခိုင်နှုန်းတန်ဖိုး ကို ပိုင်ဆိုင်လျှင် ၄င်းတို့ခံစားခွင့်ရှိသည့် အခွင့် အရေးကို ပြဋ္ဌာန်းချက်နှင့်အညီ ထိခိုက်နစ်နာ စေအောင်ပြောင်းလဲလိုက်လျှင် ထိုပြောင်းလဲချက်ကို ပယ်ဖျက်ပေးရန်တရားရုံးသို့လျှောက်ထားနိုင်သည်။ ပုဒ်မ ၆၆ က

၉။ အစုရှင်တစ်ဦးသည် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခါစတွင် အစုဝင်ထားပါက ဥပဒေအရ Statutory အစီရင်ခံစာတစ်စောင်ကို Statutory အစည်းအဝေး ( ကုမ္ပဏီဥပဒေအရကျင်းပသည့် အစည်းအဝေး ) မတိုင်မီ ၂၁ရက်ကြိုတင်ရပိုင်ခွင့် ရှိသည်။ ပုဒ်မ ၇၇၊ ၂

၁၀။ Statutory Meeting သို့တက်ရောက်သည့် အစုရှင်တစ်ဦးသည် ကြိုတင်အသိပေးထားလျှင် ဖြစ်စေ အသိမပေးထားလျှင်ဖြစ်စေ ဖွဲ့စည်းခြင်းမှ သို့မဟုတ် ဥပဒေအရ အစီအရင်ခံစာမှ ပေါ်ထွက် လာသည့် အကြောင်းအရာများကို ဆွေးနွေးခွင့်ရှိစေ ရမည်။ ပုဒ်မ ၇၇၊ ၂

၁၁။ ဥပဒေအရအစီရင်ခံစာကိုမတင်သွင်းလျှင် သို့မဟုတ် ဥပဒေအရအစည်းအဝေး မပြုလုပ်လျှင် အစုရှင်တစ်ဦးသည် ဖျက်သိမ်းရန် အခန်း ၅တွင် ပါရှိသည့် နည်းလမ်းအတိုင်းရုံးတော်ကို လျှောက်ထားခွင့်ရှိသည်။ ပုဒ်မ ၇၇၊ ၉

၁၂။ အစုရှင်တစ်ဦးသည် အစုရှင်များ၏ အထွေထွေအစည်းအဝေးအားလုံးကို တက်ရောက် ခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၁

၁၃။ အထူးဆုံးဖြတ်ချက်ချမှတ်ရန် အစည်းအဝေးမှ တစ်ပါး ကုမ္ပဏီ၏ အခြားအစည်းအဝေး တစ်စုံ တစ်ရာကို ၁၄ရက်ထက်မနည်း ကြိုတင်နို့တစ်စာ အား ရယူခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၁က

၁၄။ အစုရှင်တစ်ဦးသည် အတန်းအစားခြင်း တူသည့် အခြားအစုရှင်များနည်းတူ ခံစားခွင့်များ ရှိစေရမည်။ ပုဒ်မ ၇၉၊ ၁င

၁၅။ ပေးသွင်းပြီးအစုငွေပေါင်း၏ ၁၀ပုံ ၁ပုံ အောက် မနည်းလက်ရှိဖြစ်သည့် အစုပါဝင်သူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အစုပါဝင်သူ တို့သည် အထူးအစည်းအဝေးပြုလုပ်ရန် တောင်းခံခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂က

၁၆။ အစုရှင်တစ်ဦးသည် ကုမ္ပဏီဆိုင်ရာ သင်းဖွဲ့စည်းမျဉ်းက အခြားပြဋ္ဌာန်းချက်မပြုလုပ်သမျှ အခြားအစုရှင်တစ်ဦး၏ ကိုယ်စားမဲပေးခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂ဆ

၁၇။ အစုရှင်တစ်ဦးသည် ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ခေါ်ယူသည့် အထူးအစည်းအဝေးတွင် ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တက်ရောက်သူ အစုရှင်များအနက် လေးပုံ သုံးပုံ အောက်မလျော့သူများက သဘောတူလျှင် အထူး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။ ပုဒ်မ ၈၁၊ ၁

၁၈။ အစုရှင်တစ်ဦးသည် အထွေထွေ အစည်း အဝေး ပြုလုပ်ြပီး ခုနှစ်ရက်ကြာပြီးနောက် မည်သည့်အခါတွင်မဆို ပုဒ်မ ၈၃၊ ၄တွင် ရည်ညွှန်းသည့် အစည်းအဝေးမှတ်တမ်းကို ထိုက်သင့်သော အခကြေးငွေပေး၍ တောင်းယူနိုင်သည်။ ပုဒ်မ ၈၃၊ ၅

၁၉။ သာမန်ထက်ထူးကဲသော ဆုံးဖြတ်ချက်ကို ရယူနိုင်သည့် အစုရှင်တစ်စုသည် မည်သည့် ဒါရိုက်တာကိုမဆို ထုတ်ပယ်နိုင်သည်။ ၄င်း၏ နေရာကိုလည်း အစားထိုးရွေးချယ်ခန့်ထားနိုင်သည်။ အစုရှင်တစ်ဦးသည် ကုမ္ပဏီတွင် ပြုစုထိန်းသိမ်း ထားသော ဒါရိုက်တာများ မန်နေးဂျင်းအေးဂျင့်များ ၏ မှတါတမ်းများကို အခမဲ့ကြည့်ရှုနိုင်သည်။
ပုဒ်မ ၈၇၊ ၃

၂၀။ ကုမ္ပဏီက နောက်ထပ်ထုတ်ဝေရောင်းချမည့် အစုရှယ်ယာများကို လက်ရှိ အစုရှင်တစ်ဦးသည် အစုရှင်တစ်ဦးချင်းစီပိုင်ဆိုင်သော အစုရှယ်ယာများ အတိုင် အချိုးကျရှေးဦးစွာဝယ်ယူခွင့်ရှိသည်။
ပုဒ်မ ၁၀၅ ဂ

၂၁။ အစုရှင်တစ်ဦးသည် မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်စာရင်းတင်သွင်းထားသည့် အပေါင်များ ဖြင့် ချေးငွေများကို အခွင့်သင့်လျှင် အခမဲ့ ကြည့်ရှုခွင့်ရှိစေရမည်။ အပေါင်အနှံ မှတ်ပုံတင် စာရင်းကိုလည်း ထိုက်သင့်သောအခကြေးငွေပေး၍ ကြည့်ရှုခွင့်ရှိစေရမည်။ ပုဒ်မ ၁၂၄၊ ၁

၂၂။ စာရင်းစစ်အစီအရင်ခံစာ ဒါရိုက်တာအစီအရင် ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို အစည်းအဝေးကြီး တွင် အစုရှယ်ယာပါဝင်သူ မည်သူမဆို နားထောင် ခွင့်ရှိသည့် အပြင် ကြည့်ရှုခွင့်လည်းရှိစေရမည်။ ပုဒ်မ ၁၃၁၊ ၂

၂၃။ အစုရှင်တစ်ဦးသည် အခြားပြဋ္ဌာန်းထားသည် မှလွဲ၍ ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းနှင့် အရှုံး အမြတ်ရှင်းတမ်းတို့ကို သတ်မှတ်ထားသော အခကြေးငွေပေး၍ မိတ္တူများတောင်းယူပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၃၅

၂၄။ အစုရှင်တစ်ဦးသည် ထုတ်ပေးပြီး အစုများ အနက် ၁၀ပုံ ၁ပုံအောက်မလျော့သည့် အစုရှယ်ယာ ပိုင်ဆိုင်ပါက မှတ်ပုံတင်ရုံးသို့ လျောက်ထား၍ ကုမ္ပဏီ၏ စာရင်းများကို စစ်ဆေး ကြည့်ရှုနိုင်သည်။ ပုဒ်မ ၁၃၈၊ ၂

၂၅။ အစုရှင်တစ်ဦးသည် နှစ်ပတ်လည် အစည်း အဝေးကြီးတွင် စာရင်းစစ်အရာရှိတစ်ဦးဖြစ်စေ အများဖြစ်စေ ခန့်ထားရန်ပါဝင်ခွင့်ရှိသည်။
ပုဒ်မ ၁၄၄၊ ၃

၂၆။ အစုရှင်တစ်ဦးသည် ၄င်းတို့ အတန်းအစား အချင်းချင်းဖြင့် သော်လည်းကောင်း မြီရှင်များဖြင့် သော်လည်းကောင်း စာရင်းရှင်းဖျက်သိမ်းသူဖြင့် သော်လည်းကောင်း ရုံးတော်၌ဖြစ်စေ ပြင်ပ၌ဖြစ်စေ ညှိနှိုင်းဆောင်ရွက်နိုင်သည်။ ပုဒ်မ ၁၅၃၊ ၁

၂၇။ အစုရှင်တစ်ဦးသည် အနည်းဆုံး ရှိရမည့် အစုရှင်ဦးရေထက် လျော့နည်း၍လည်း ကုမ္ပဏီတွင် ရပ်တည်နိုင်သည်။ သို့သော် အလျော်တာဝန် ကန့်သတ်ချက်မရှိဘဲ ဖြစ်သွားမည်။ ပုဒ်မ ၁၄၇

၂၈။ အစုရှင်တစ်ဦးသည် ကျန်အစုရှင်များနှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့်အညီ အနည်းပိုင် မှ အများပိုင်သို့ ပြောင်းလဲနိုင်သည်။ ပုဒ်မ ၁၆၂၊ ၆

၂၉။ ပုဒ်မ ၁၆၂၊ ၆ အရ တရားရုံးတွင် တရားမျှတမှုကို ရှေးရှု၍ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်လိုအပ်ပါက အစုရှင်တစ်ဦးသည် ကုမ္ပဏီအားဖျက်သိမ်းရန် တရားရုံးသို့လျှောက်ထား နိုင်သည်။ ပုဒ်မ ၁၆၆

၃၀။ အစုရှင်တစ်ဦးသည် ကုမ္ပဏီဖျက်သိမ်းရန် လျှောက်လွှာတင်သည့်နေ့ မတိုင်မီ အနည်းဆုံး ခြောက်လအတွင်း မိမိအမည်နှင့်မှတ်ပုံတင် စာရင်းသွင်းပြီးပါက ဖျက်သိမ်းရန် လျှောက်လွှာများ ကို တင်သွင်းနိုင်ခွင့်ရှိသည်။ ပုဒ်မ ၁၆၆

၃၁။ အစုရှင်တစ်ဦးသည် အခြားအစုရှင်များနှင့် ပူးပေါင်း၍ ၇၅ရာခိုင်နှုန်း သဘောတူညီချက်ရသည့် အထူးဆုံးဖြတ်ချက် ချမှတ်၍ ကုမ္ပဏီတစ်ခုကို အလိုအလျောက်ဖျက်သိမ်းနိုင်သည်။ ပုဒ်မ ၂၀၃၊ ၂

၃၂။ အစုရှင်များသည်ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် ဖျက်သိမ်းခြင်းပြီးဆုံးသည့် အချိန်များတွင် စာရင်းရှင်းလင်းခေါ်ယူသည့် အစည်းအဝေးများကို တက်ရောက်ခွင့်ရှိသည်။ ပုဒ်မ ၂၀၈ ဃ င

စတော့ရှယ်ယာတွင်ရင်းနှီးမြှုပ်နှံသူလိုတိုင်းအတွက် အရေးကြီးသည့် အစုရှယ်ယာပိုင်ဆိုင်မှုမှ ရရှိမည့် အခွင့်အရေးများကို မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေအရ ဖော်ပြချက်များမှ ကောက်နုတ် တင်ဆက်လိုက်ပါသည်။ နောက်အပတ်အစီအစဉ် များတွင်လည်း စတော့ဈေးကွက်ဆိုင်ရာ အသိပညာများ ဗဟုသုတများကို ထပ်မံတင်ဆက်သွားပါမည်။

Law excerpt based on: U Thet Htun Oo's စတော့ရှယ်ယာဈေးကွက်အခင်းအကျင်း
MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ (၂)

4:30 AM | ,


သူဋ္ဌေးကြီး Warren Buffett ပြောသည့် ကျွန်တော်အရမ်းနှစ်သက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး

၂။ ဈေးနှုန်းအတက်အကျသာရှိသည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ဒုတိယအမျိုးအစားရင်းနှီးမြှုပ်နှံမှု၏ လက္ခဏာများကို ဆက်လက်လေ့လာကြည့်ပါမည်။ ဤအတန်းအစား တွင်မူ ဈေးနှုန်းအတက်အကျသာရှိပြီးဘာတစ်ခုမှ ထုတ်လုပ်နိုင်စွမ်းမရှိသည့်ပိုင်ဆိုင်မှုများပါဝင်သည်။ ၄င်းတို့ကိုဝယ်ယူခြင်းဖြင့် ငွေချေးစာချုပ်များ ဘဏ် စုငွေများကဲ့သို့ နှစ်စဉ်အတိုး ရရှိမည်မဟုတ်ပေ။ ၄င်းတို့ကိုပိုင်ဆိုင်ရုံဖြင့်ဈေးကွက်တွင် တန်ဖိုးတစ်ခုခု ရှိသည့် ထုတ်လုပ်မှုများ ဝန်ဆောင်မှုများကိုလည်း ထုတ်လုပ်နိုင်မည်မဟုတ်၍ မည်သည့်ဝင်ငွေ အမြတ်ငွေမှမရရှိနိုင်ပါ။ သို့သော် ၄င်းရင်းနှီးမြှုပ်နှံမှု များ၏ ဈေးနှုန်းသည် ဈေးကွက်တွင် အတက်အကျ အပြောင်းအလဲများ အမြဲတစေဖြစ်နေတတ်ပါသည်။ ထိုပိုင်ဆိုင်မှုများမှ အတိုးလည်းမရဘာတစ်ခုမှလည်း မထွက်သည်ကိုသိသော်လည်း ၄င်းတို့ကို ဝယ်ယူ ရင်းနှီးသူများသည် နောင်တစ်ချိန်တွင်အခြားတစ်ဦး က ဈေးပိုပေး၍ ဝယ်မည်ကိုမျှော်မှန်းကာကြိုတင် ဝယ်ယူထားခြင်းဖြစ်သည်။ ၁၇ရာစုတွင် ခတ္တာပန်း များကိုပင် ဈေးအတက်အကျများစွာဖြင့် ဈေး ကစားဝယ်ယူ ရင်းနှီးမှုများဖြစ်ပေါ်ခဲ့ပါသည်။

ထို့ကြောင့် ၄င်းရင်းနှီးမြှုပ်နှံမှုမျိုးသည် ဝယ်ယူရင်းနှီး ထားသူများအတွက် အကျိုးအမြတ်ရရှိစေရန် ဈေးပို ပေး၍ ဝယ်ယူမည့်အခြားဝယ်ယူလိုသူများ ထပ်မံ လိုအပ်ပါမည်။ ထိုသို့ဈေးပိုပေး၍ဝယ်ယူသူများသည် လည်း နောင်တစ်ချိန်တွင် ထိုဈေးထက်ကိုပိုပေးပြီး ဝယ်ယူမည့် အခြားသူများရှိလာမည်ကို မျှော်မှန်း၍ ဝယ်ယူခြင်းဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်နိုင်စွမ်းမရှိပဲအသက်မဲ့နေသည်ကိုသိ သော်လည်းနောင်တွင်အခြားသူများကလိုလိုချင်ချင် ဖြင့် ဈေးပိုပေး ၍ဝယ်ယူလိမ့်မည်ဟူသော ယုံကြည်ချက်ကြောင့် ဝယ်ယူရင်းနှီးကြခြင်းဖြစ်သည်။ ထို့ကြောင့်ယင်းပိုင်ဆိုင်မှုများသည် ဈေးနှုန်းအမြဲ အတက်ပြနေပြီး အကျိုးအမြတ် ကျန်ရှိစေရန် ဈေးပိုပေးမည့်ဝယ်ယူသူများ အမြဲတမ်းလိုအပ် နေမည်ဖြစ်ပြီး ဝယ်ယူသူများရှားပါး သွားပါက ဈေးနှုန်းများသည် ချက်ချင်းပင် တစ်ဟုန် ထိုးကျဆင်း သွားတတ်ပါသည်။

ဤအတန်းအစားရှိအဓိကရင်းနှီးမြှုပ်နှံမှုတစ်မျိုးမှာရွှေ ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းများသော အခုလိုအချိန်တွင် ရွှေသည် ဘဏ်စုငွေနှင့် အတိုးအခြေခံ ရင်းနှီးမြှုပ်နှံမှုများကိုရှောင်ရှားလိုသော ရင်းနှီးမြှုပ်နှံသူများ၏စိတ်ကြိုက်ရွေးချယ်မှု ဖြစ်နေ ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းကိုစိုးရိမ်သည်မှာ မှန်ကန်သောအကြောက်တရားဖြစ်သည်။ သို့သော် ရွှေတွင်အဓိကအားနည်းချက်နှစ်ခုရှိသည် သတိပြု ရပါမည်။ ပထမအားနည်းချက်မှာ ရွှေ၏အသုံးဝင်မှု အလွန်နည်းခြင်းဖြစ်သည်။ ရွှေသည် စက်မှုဆိုင်ရာ အသုံးချမှုနှင့် လက်ဝတ်တန်ဆာဆင်ရန် အသုံးဝင် သော်လည်း ထိုလုပ်ငန်းနှစ်ခုမှနှစ်စဉ် ဝယ်လိုအား သည်နည်းပါးလွန်းပြီး အကန့်အသတ်တစ်ခုတွင်း သာရှိပါသည်။ ဒုတိယအာနည်းချက်မှာရွှေပိုင်ဆိုင် ခြင်းဖြင့်မည်သည့်အရာမျှထပ်မံထွက်ရှိလာမည် မဟုတ်ပါ။ ကျွန်တော်တို့တစ်ချိန်ကပိုင်ဆိုင်ခဲ့သော ရွှေတစ်တုံးသည်ယခုလည်းရွှေတစ်တုံးပဲဖြစ်နေမည်။ ထို့ကြောင့်ရွှေသည် ဈေးနှုန်အတက်အကျသာရှိ၍ ကျွန်တော်တို့၏ စစ်မှန်သောဝယ်ယူသုံးစွဲနိုင်စွမ်း တိုးတက်လာအောင် နှစ်စဉ်မစွမ်းဆောင်ပေးပါချေ။

ရွှေဝယ်ယူလိုသူအများစု၏ယုံကြည်ချက်မှာ ၄င်းတို့ ဝယ်ယူစဉ်ကဈေးနှုန်းထက်ပိုပေး၍ဝယ်ယူရင်းနှီးမည့် အခြားသူများရှိလာမည်ပင်ဖြစ်သည်။ ငွေကြေးဖောင်း ပွမှုနှုန်းကို ကြောက်၍ ရွှေဘက်လှည့်လာခဲ့သော ရင်းနှီးမြှုပ်နှံသူများသည် ၄င်းတို့လိုပဲငွေကြေးဖောင်း ပွမှုကြောင့် ရွှေဝယ်ယူလိုသူများတိုးပွားလာပြီး ဈေးနှုန်းအတက်ပြလာမည်ကို မျှော်မှန်းကြပါသည်။ လွန်ခဲ့သည် ၁၀နှစ်တာကာလတွင် ထိုမျှော်မှန်းချက် များသည် မှန်ကန်သရောင်ရှိခဲ့ပါသည်။ ရွှေဈေးနှုန်း သည် နှစ်တိုင်းလိုလို ငွေကြေးဖောင်းပွမှုထက် ကျော်လွန်၍ အတက်ပြခဲ့သည်။ အတက်ပြနေသည့် ဈေးနှုန်းကြောင့် ရင်းနှီးလိုသူပိုမိုများပြားလာသည်။ ရွှေဈေးအတက်ပြလာမှုသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ အကျိုးအမြတ်ကိုလက်တွေ့ ရရှိသည့် သက်သေပြယုဒ်လိုလိုဖြစ်လာသည်။ ရွှေဝယ်တိုင်းမြတ်သည်ဟူသော လုပ်ကြံဇာတ်ခင်း ယုံကြည်ချက်ကြီးအချိန်ကာလတစ်ခုအထိရှိလာခဲ့ ပါသည်။ ထိုဈေးနှုန်းအတက်ကြောင့်ဝင်ရောက် ရင်းနှီးသူတိုင်းသည် ၄င်းတို့လိုဝယ်ယူလိုသူများ မရှိတော့ပါက ရွှေဈေးနှုန်းပူဖေါင်းကြီးကွဲသွားနိုင်ပြီး အထက်ဈေးပေးခဲ့ရသဖြင့်ဈေးကျသွားပါကဆုံးရှုံးမှု များ ဖြစ်ပေါ်နိုင်သည်ကိုသတိမူသင့်ပါသည်။

လူတိုင်းသည် ဈေးနှုန်းအတက်ပြနေသည့် မည်သည့်အရာကိုမဆိုပကတိတန်ဖိုးမည်မျှပင် နည်းပါး သော်လည်းရင်းနှီးမြှုပ်နှံချင်ကြပါသည်။ ဈေးနှုန်းတက်နေသည်ကိုက ရလဒ်ကောင်းသော အကျိုးအမြတ်ကိုသက်သေပြနေသလိုဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ပကတိတန်ဖိုးကို ဂရုမစိုက်ပဲ ဈေးနှုန်းအတက်ပြသည့်နောက်လိုက်ရင်း ဈေးနှုန်း ပူဖောင်းကြီးဖြစ်ပေါ်လာပြီး ထပ်မံဝယ်ယူရင်းနှီးသူ များ ကြောင့် ထိုပူဖေါင်းကြီးကြီးထွားလာရပါသည်။ လွန်ခဲ့သည့် ၁၅နှစ်ကာလတွင် စစ်မှန်သော ထုတ်လုပ်စွမ်းအား နှင့်တန်ဖိုးမရှိပဲ ဈေးနှုန်းများ ဆက်တိုက်အတက်ပြခဲ့၍ အင်တာနက်ကုမ္ပဏီ တစ်ချို့၏စတော့များနှင့်အိမ်ခြံမြေဈေးကွက်အချို့တို့ရှိရင်းနှီးမြှုပ်နှံမှုတန်ဖိုးများဖောင်းပွခဲ့ခြင်းမှသင်ခန်းစာ ရယူနိုင်ပါသည်။ ဈေးနှုန်းပူဖောင်းတို့မည်သည် ဝယ်လိုအားမရှိတော့၍ အချိန်တန်သည့်အခါတွင် ပေါက်ကွဲကာဈေးနှုန်းများကျဆင်းတတ်ခြင်းရှိသည်ပဲ ဖြစ်ပါသည်။ ပညာရှိသူတို့အရင်ဆုံးလုပ်သည့် အရာကို လူညံ့တွေကနောက်ဆုံးမှလုပ်သည် ဟူသော ရှေးစကားပုံလေးအတိုင်း မည်မျှပင် ဈေးနှုန်းများအတက်ပြနေသည်ဖြစ်စေပကတိတန်ဖိုးထက်လွန်ကဲစွာဈေးနှုန်းမြင့်မားနေသည့် ပူဖောင်း ဈေးကွက်များတွင် ဝင်ရောက်ရင်းနှီးခြင်းမှ ရှောင်ရှားရန်သတိမူသင့်ပါသည်။

ရွှေနှင့်ရွှေကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများကို ဈေးကွက် ပူဖောင်းအန္တရာယ်ကြောင့်သာမကပဲ အခြားပိုအရေး ကြီးသည့် အကြောင်းရင်းတစ်ခုအရပို၍ပင်နှစ်သက် ခြင်းမရှိပါ။ ၄င်းတို့သည် တန်ဖိုးရှိသည့် မည်သည့် အရာကိုမှမထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ယခု ကမ္ဘာပေါ်တွင် ရွှေစုစုပေါင်းတန်ချိန် မက်ထရစ်တန် ၁၇၀၀၀၀ခန့် ရှိပါသည်။ ၆၈ပေခန့်ပတ်ပတ်လည်စီ ရှိမည့်ရွှေကုဗတုံးကြီးတစ်တုံးရပါမည်။ တစ်အောင်စ လျှင် ကန်ဒေါ်လာ၁၇၅၀ အခုချိန်ရွှေဈေးအရရှိပါက ထိုရွှေတုံးကြီးသည်ကန်ဒေါ်လာ ၉ဒသမ၆ထရီလျံခန့် ရှိပါမည်။ ထိုရွှေတုံးကိုဝယ်ယူယူရင်းနှီးမည့် ရင်းနှီးမြှုပ်နှံမှုကို အစု က ဟုသတ်မှတ်ထားပါမည်။

ထိုပမာဏအတိုင်း အစု ခ ရင်းနှီးမြှုပ်နှံမှုကို ဖန်တီး ကြည့်ပါမည်။ ဒေါ်လာ၉ဒသမ၆ထရီလျံရှိ၍ အမေရိကနိုင်ငံရှိ လယ်မြေ ဧကပေါင်း သန်း၄၀၀ ခန့်ဝယ်ယူနိုင်ပါမည်။ ထိုလယ်မြေများမှ ဂျုံပြောင်း သီးနှံအစရှိသည့်လယ်ယာထွက်ကုန်များနှစ်စဉ် ဒေါ်လာ၂၀၀ဘီယျံဖိုးခန့်ထုတ်လုပ်ပေးပါမည်။ ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ၄၀ဘီလျံ အမြတ် ရရှိသည့် Exon Mobil ရေနံနှင့်လောင်စာဆီ ကုမ္ပဏီလိုမျိုးကုမ္ပဏီပေါင်း ၁၆ခုခန့်ထပ်မံဝယ်ယူ နိုင်ပါသည်။ ၄င်းတို့နှစ်မျိုးစလုံးဝယ်ယူပြီးပါက ကျွန်တော်တို့တွင် ဒေါ်လာ ၁ထရီလျံခန့် ကျန်ဦး မည်ဖြစ်သည်။ ထိုငွေကိုဘာမျှမလုပ်ပဲသည်အတိုင်း ထားမည်။ ယင်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းကို အစု ခ ဟုထားမည်။ ကျွန်တော်တို့ဆိုလျှင် မည်သည့် အစုကိုရွေးမည်နည်း။ အစု ခ ရွေးမည်မှာရှင်းပါ သည်။ အစု က ကိုရွေးပြီးအစု ခ ကိုပယ်သည့် ရင်းနှီးမြှုပ်နှံသူကိုကျွန်တော်တို့နားလည်နိုင်မည် မဟုတ်ပါ။

ထို့အပြင်သိရမည်မှာ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁၆၀ ဘီလျံဖိုးခန့်ရွှေများထပ်မံထုတ်လုပ်နေခြင်းဖြစ်သည်။ ထိုထုတ်လုပ်မှုပမာဏသည် လက်ဝတ်တန်ဆာ ပြုလုပ်ရန် စက်မှုဆိုင်ရာထုတ်လုပ်မှုများအတွက် အသုံးချရန်သာမက ရွှေဈေးကစားသူသစ်များ ရွှေဝယ်ယူစုဆောင်းလိုသူသစ်များ အတွက် လုံလောက်သည်ထက်ပိုလျံနေပါသည်။ ထို့ကြောင့် အစု က ရှိဒေါ်လာ ၉ဒသမ၆ထရီလျံတန်ရွှေတုံးကြီး သည်ရေရှည်တွင်ဝယ်လိုအားသိသိသာသာတိုးတက် မလာနိုင်၍ မူရင်းဝယ်ဈေးအတိုင်းရှိနေပါမည်။

တစ်ဖက်ကိုကြည့်ပါက အစု ခ ရှိလယ်မြေဧကသန်း ၄၀၀ သည်ရာစုတစ်ခုအကြာတွင်မရေမတွက် နိုင်သော ဂျုံ ပြောင်း စပါး ကောက်ပဲသီးနှံများစွာ ထုတ်လုပ် ပေးသွားနိုင်မည်ဖြစ်ပြီး ထိုအတိုင်း ထပ်မံထုတ်လုပ်ပေးနေနိုင်ဦးမည်ဖြစ်သည်။ ငွေကြေးတန်ဖိုးကျသည်ဖြစ်စေတက်သည်ဖြစ်စေ ၄င်းထုတ်လုပ်မှုများမှနှစ်စဉ်ဝင်ငွေများစွာ ရရှိနေ မည်ဖြစ်သည်။ Exon Mobil လိုကုမ္ပဏီ၁၆ခုသည် လည်း အမြတ်ဝေစုပေါင်း ထရီလျံပေါင်းများစွာကို ကျွန်တော်တို့အားခွဲဝေပေးခဲ့နိုင်မည်ဖြစ်ပြီး ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများသည်လည်းမူရင်းတန်ဖိုး ဒေါ်လာ ၉ဒသမ၆ထရီလျံထက်အဆပေါင်းများစွာ တန်သောပိုင်ဆိုင်မှုများရှိနေမည်ဖြစ်ပါသည်။ အစု က ရှိ ၁၇၀၀၀၀တန်ချိန် ရွှေတုံးကြီးမှာမူ အရွယ်အစားလည်းကြီးမလာ ဘာမှလည်း ထုတ်လုပ်မပေးနိုင်ပဲရှိအည်။ ကျွန်တော်တို့က ထိုရွှေတုံးကြီးကို တယုတယပွတ်သပ်ပေးရင်လျှင် လည်း ပြန်လည်တုံ့ပြန်မည်မဟုတ်ပါ။

ရွှေသည် စီးပွားရေးမတည်ငြိမ်သောကာလများတွင် ဝယ်ယူကိုင်ဆောင်သူများရှိသဖြင့် ဈေးအတက်ပြနိုင် အကျိုးအမြတ်ရှိနိုင်သည်ကိုဝန်ခံပါသည်။ သို့သော် အစု ခ ရှိရင်းနှီးမြှုပ်နှံမှုများမှနှစ်စဉ်ထုတ်လုပ်မှုများ ရောင်းချ၍ရရှိလာသောဝင်ငွေသည် အစု က ရှိ ရွှေတုံးကြီး၏ဈေးအတက်ပြမှုအနည်းငယ်ထက် အဆပေါင်းများစွာ ဆပွားနှုန်းဖြင့်သာလွန်နေပါမည်။ ထိုကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုတန်ဖိုးကို ငွေကြေးဖောင်းပွမှုနှုန်းများသည့်အချိန်များတွင် အထောက်အလျောက်ထိန်းသိမ်းပေးနိုင်သော်လည်း ထုတ်လုပ်နိုင်စွမ်းမရှိသည့်အပြင် ဈေးနှုန်းပူဖောင်း များပါကြုံကြိုက်နိုင်သည့် ရွှေကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများကိုကျွန်တော်မနှစ်သက်ပါ။ ရေရှည် တွင်အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစွာမြှင့်တင်ပေးရန် မသေချာ၍သာဖြစ်ပါသည်။

၃။ကျွန်တော်ကြိုက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ဖော်ပြခဲ့သည့်ရင်းနှီးမြှုပ်နှံမှုအမျိုးအစားနှစ်မျိုးသည် စီးပွားရေးဈေးကွက်အတွင်းအဆိုးမြင်မှုနှင့်အကြောက် တရားများဖုံးလွှမ်းနေသည့်အချိန်များတွင် လူကြိုက်များကြပါသည်။ စီးပွားရေးပျက်ကပ်များတွင် လူအများစုသည် အခြားရင်းနှီးမြှုပ်နှံမှုများမလုပ်ပဲ အစိုးရငွေချေးစာချုပ်များဝယ်ယူခြင်း ဘဏ်စုငွေဖွင့် ခြင်း စသည့်ပိုက်ဆံအတိအကျပြန်ရမည့်အတိုး အခြေခံရင်းနှီးမြှုပ်နှံများတွင်သာထည့်ဝင်ကြသည်။ ငွေကြေးတစ်ရပ်မခိုင်မာတော့၍ ငွေဖောင်းပွမှု ကြီးမားလာသည့်အချိန်များတွင်လည်း ရွှေကဲ့သို့ သောရင်းနှီးမြှုပ်နှံမှုမျိုးတို့တွင်ပြောင်းရွှေ့ရင်းနှီး ကြသည်။ အမှန်တွင် ထိုအချိန်များသည် ထုတ်လုပ်မှုနှစ်စဉ်ပုံမှန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများတွင် နှုန်းထားသက်သာစွာဖြင့်ထည့်ဝင်ရင်းနှီးရန် အကောင်းဆုံးအချိန်များဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ်စီးပွားပျက်ကပ်တွင်မူ ပိုက်ဆံတန်ဖိုးမြင့်မားနေ ပြီးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုနှုန်းထား သက်သာစွာဖြင့် ဝယ်ယူနိုင်သော်လည်း ပိုက်ဆံရှိရင်ဘုရင်ပဲဟုဆိုကာ ပိုက်ဆံကိုအသုံးချ မြှုပ်နှံသင့်သော်လည်း ကိုင်ထားလိုကြသည်။ အလားတူ ၁၉၈၀လွန်နှစ်များတွင် အတိုးအခြေခံ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုများတွင် ထည့်ဝင်သင့်သည့်အချိန်တွင်လည်း ပိုက်ဆံသည် အမှိုက်ဟုဆိုကာ ၄င်းတို့တွင် ရင်းနှီးမမြှုပ်နှံပဲ ဈေးနှုန်းပူဖောင်းများဖြင့်ဈေးအတက်ပြနေသော ရင်းနှီးမြှုပ်နှံမှုများကိုဈေးကြီးပေးဝယ်ယူရင်းနှီးကြ သည်။ ထိုကာလများတွင် အများအတိုင်းလိုက်၍ ရင်းနှီးမြှုပ်နှံလိုသူများသည် အများထောက်ခံသည့် ရင်းနှီးမှုမျိုးပြုလုပ်ရင်း ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ ရပါသည်။

ထို့ကြောင့် ကျွန်တော်ကြိုက်နှစ်သက်သည့် ရင်းနှီး မြှုပ်နှံမှုအမျိုးအစားမှာ ထုတ်လုပ်ဖြစ်ထွန်းမှုများရှိ သည့် ပိုင်ဆိုင်မှုများဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း များ လယ်ယာမြေများ အလားအလာရှိသည့် အိမ်ခြံမြေများ နှင့်တန်ဖိုးရှိသည့်ထုတ်ကုန်များ ဝန်ဆောင်မှုများထုတ်လုပ်သည့် ကုမ္ပဏီများ စသည်တို့တွင်ထည့်ဝင်ရင်းနှီးခြင်းသာလျှင် ရေရှည် တွင်စစ်မှန်ပြီးမြင့်မားသည့်ဝယ်ယူသုံးစွဲနိုင်စွမ်း Purchasing Power ကိုဖန်တီးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများမှ ထုတ်လုပ်လိုက် သောထွက်ကုန်များသည် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်နေသည့်အချိန်များတွင်ပင် ငွေကြေးဖောင်းပွ မှု ကြောင့်၎င်းတို့၏တန်ဖိုးများကျဆင်းသွားမည် မဟုတ်ပဲ အလိုက်သင့်ဈေးနှုန်းများတက်ကာ ၄င်းတို့၏မူရင်းတန်ဖိုးကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုထွက်ကုန်များကို ရောင်းချ၍ရရှိသော အမြတ်များသည်လည်း ငွေကြေးဖောင်းပွမှုနှုန်း အတိုင်းလိုက်၍မြင့်မားလာမည်ဖြစ်၍ ထိုအကျိုး အမြတ်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစေပါသည်။ ဘဏ် စုငွေနှင့်အစိုးရငွေတိုက်စာချုပ်များမှရရှိမည့် အတိုးနှုန်းကဲ့သို့ငွေကြေးဖောင်းပွမှု၏ဝါးမျိုမှုကြောင့် ရရှိမည့်အကျိုးအမြတ်များနည်းပါးတော့မည် မဟုတ်ပါ။ ထို့ကြောင့် လယ်ယာမြေများ အိမ်ခြံမြေ ပိုင်ဆိုင်မှုများ နှင့် Coca Cola၊ IBM နှင့် See's Candy စသည့်ခိုင်မာသည့်လုပ်ငန်းများသည် ဈေးကွက်အတွင်းရှိငွေကြေးဖောင်းပွမှုအန္တရာယ်မှ အမြဲကျော်လွှားနိုင်မည်ဖြစ်သည်။ တစ်ချို့ကုမ္ပဏီ လုပ်ငန်းများသည်ငွေကြေးဖောင်းပွမှုကြောင့် ၄င်းတို့၏ စတော့ရှယ်ယာများသည် ဈေးကြီး နေတတ်ပါသည်။ ထိုကြောင့်ထည့်ဝင်ရင်းနှီး မှုပမာဏများပြီး အမြတ်ရရှိမှုနည်းနေတတ်ပါသည်။ ထိုသို့ဖြစ်နေလျှင်ပင် ၄င်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များနှင့် ရွှေကဲ့သို့ပ္စစည်းများထက် ရေရှည်တွင်ပိုမို သာလွန်နေပေမည်။

ငွေကြေးတစ်ရပ်ကိုရွှေအကြွေစေ့ ခရုခွန် သို့မဟုတ် ငွေစက္ကူ မည်သည့်အရာဖြင့် နောင်တစ်ချိန်တွင် စံနှုန်းထားသုံးစွဲနေသည်ဖြစ်စေ အများပြည်သူတို့ သည် ၄င်းတို့၏နေ့စဉ်လုပ်အားရလဒ်များထဲမှ အချို့ကို Cola တစ်ပုလင်းအတွက်သော်လည်း ကောင်း မြေပဲစားလှော်တစ်ထုပ်အတွက်သော်လည်း ကောင်း သုံးစွဲဝယ်ယူနေမည်ဖြစ်သည်။ အနာဂတ် တွင် လူသားများသည် ပိုမိုထုတ်လုပ်မှု ပိုမိုစားသုံးမှု နှင့် ပိုမိုကောင်းမွန်သည့်နေထိုင်မှုများ ကိုသာ ပြုလုပ်နေပါမည်။ ထို့ကြောင့်လူတိုင်းသည် မိမိ၏ ထုတ်လုပ်မှုများကို အခြားသူများ၏ထုတ်လုပ်မှုများ ဖြင့် အစဉ်အမြဲလဲလှယ်နေမည်ဖြစ်သည်။ သို့တည်း ကြောင့် ထုတ်လုပ်မှုရှိသောပိုင်ဆိုင်မှုများသည်သာ ပကတိတန်ဖိုးတစ်ခုခိုင်မာစွာရှိနေမည်ဖြစ်ပြီး ထိုကဲ့သို့ပိုင်ဆိုင်မှုများတွင်သာရင်းနှီးမြှုပ်နှံသင့် ပါသည်။

ကျွန်တော်တို့နိုင်ငံရှိစီးပွားရေးလုပ်ငန်းများစွာသည် နိုင်ငံသားများလိုလားတောင့်တသည့် ထုတ်ကုန်များ ဝန်ဆောင်မှုများကိုအမြဲတစေထုတ်လုပ်ရောင်းချ ပေးနေပါသည်။ ထိုစီးပွားရေးလုပ်ငန်းများသည် ဈေးကွက်၏လိုလားတောင့်တမှုများကိုဖြည့်စည်းရန် နှစ်ပေါင်းများစွာဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး ၄င်းတို့၏ရင်းနှီးမြှုပ်နှံရှင်များအား များစွာသော အကျိုးအမြတ်များကိုနှစ်စဉ်ပေးဝေနေလိမ့်မည်။ ထိုလုပ်ငန်းများ၏တန်ဖိုးကို တိုင်းတာရာတွင် ဈေးကွက်အတွင်းရှိငွေကြေးတန်ဖိုးတစ်ခုတည်း ဖြင့်တိုင်းတာ၍ မရနိုင်ပါ။ ၄င်းလုပ်ငန်းတို့၏ လူအများနှစ်သက်လက်ခံသော ကုန်ပ္စစည်းများ ဝန်ဆောင်မှုများ ထုတ်လုပ်ပေးစွမ်းနိုင်စွမ်းကို သာကြည့်၍ တိုင်းထွာအကဲဖြတ်ရပါမည်။ ထိုကဲ့သို့ ထုတ်ကုန်မျိုးကို အမြောက်အများထုတ်လုပ်နိုင်သည့် စီးပွားရေးလုပ်ငန်း လယ်ယာမြေ အိမ်ခြံမြေ တို့တွင် သာရင်းနှီးမြှုပ်နှံခြင်းသည်သာလျှင် ရင်းနှီးမြှုပ်နှံသူ တို့၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို ဆပွားမှုများစွာ ဖြင့်မြင့်မားစေပါမည်။ ကျွန်တော်တို့ ဘက်ရှိုင်းယားကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့ ထုတ်လုပ်မှုစွမ်းအားမြင့်မားသည့်လုပ်ငန်းများတွင် ပိုင်ဆိုင်မှုများတိုးမြှင့်ရန်ဖြစ်သည်။ ထိုစွမ်းအားမြင့်မား သည့်လုပ်ငန်းများကို ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းသာအလုံးစုံ ပိုင်ဆိုင်လိုသော်လည်း အခြေအနေအရဈေးကွက်အတွင်းရှိဝယ်ယူနိုင်သည့် စတော့ရှယ်ယာအရေအတွက်ကိုသာတိုးချဲ့ဝယ်ယူ သွားပါမည်။ အထက်ပါအတန်းအစားများ အနက် ဤရင်းနှီးမြှုပ်နှံမှုမျိုးသည်သာ ရေရှည်ကာလတစ်ခု အကြာတွင် ရင်းနှီးမြှုပ်နှံသူများ၏ဝယ်ယူသုံးစွဲနိုင်စွမ်း ကိုအမြင့်မားဆုံးဖြစ်စေနိုင်ပါသည်။ ထို့အပြင် လုံခြုံစိတ်ချရဆုံး အတန်းအစားလည်းဖြစ်ပေသည်။

Warren Buffett ၏ ၂၀၁၁ခုနှစ်တွင် ဘက်ရှိုင်းယား ကုမ္ပဏီအစုရှယ်ယာရှင်များထံထုတ်ပြန်ချက်တွင် ပါရှိသော ရင်းနှီးမြှုပ်နှံမှုအတွေးအမြင်ကို လက်ရှိ မြန်မာနိုင်ငံအခြေအနေများနှင့်နှိုင်းယှဉ်လေ့လာရန် သင့်တော်၍ ဆီလျော်စွာဘာသာပြန် တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ Buffett ၏ နှစ်စဉ်ထုတ်ပြန်ချက်ပါ ပေးစာများသည် ရင်းနှီးမြှုပ်နှံမှုလောကတွင် မှတ်သားလေ့လာစရာများ အဖြစ်ထင်ရှားသည်။

Buffett ၏ပေးစာမှလေ့လာမှတ်သားစရာများ
၁။ရွှေသည်ထုတ်လုပ်မှုတစ်စုံတစ်ရာပြုလုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုမျိုးမဟုတ်၍ ရင်းနှီးသူ၏ ဓနကို တိုးပွားအောင်မစွမ်းနိုင်ချေ။
၂။ရွှေသည်ဈေးနှုန်းအတက်အကျသာရှိသည့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သည်။
၃။ရွှေနှင့်၎င်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုများသည် ဈေးနှုန်းပူဖောင်းများကွဲသွားပါကဆုံးရှုံးမှုများရှိနိုင်၍ ဈေးနှုန်းများမြင့်မားနေပြီးအတက်ပြနေသည့်အချိန် တွင် ဝင်ရောက်မရင်းနှီးသင့်ပါ။
၎။ထုတ်လုပ်မှုများနှစ်စဉ်ထွက်နေသည့် စီးပွားရေးလုပ်ငန်း လယ်ယာမြေ အလားအလာရှိသည့် အိမ်ခြံမြေ တို့တွင်သာရင်းနှီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
၅။ထိုရင်းနှီးမြှုပ်နှံမှုများမှထွက်သည့်ထုတ်ကုန်များ၏ ဈေးနှုန်းသည် ငွေဖောင်းပွမှုနှုန်းအတိုင်း လိုက်လံမြင့်မားမည်ဖြစ်သည်။
၆။ထုတ်လုပ်မှုရှိသည့်ပိုင်ဆိုင်မှုများသည်သာ ရေရှည်တွင် ရင်းနှီးသူ၏ပကတိဓနကို တိုးပွားစေနိုင်ပါသည်။

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ (၁)

3:30 AM | ,


သူဋ္ဌေးကြီး Warren Buffett ပြောသည့် ကျွန်တော်အရမ်းနှစ်သက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
ရင်းနှီးမြှုပ်နှံခြင်းကိုအနာဂတ်မှာ ပိုမိုများပြားသည့် ပိုက်ဆံများရရှိရန်ယခုအချိန်မှာရှိသည့်ပိုက်ဆံကို အသုံးချမြှုပ်နှံသည့်လုပ်ရပ်ဟုများသောအားဖြင့်ဖွင့်ဆို ကြသည်။ ကျွန်တော်တို့ကပိုမိုပြည့်စုံသည့်ရှုထောင့် ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။ ရင်းနှီးမြှုပ်နှံခြင်းသည် လက်ရှိအချိန်တွင်မိမိ၏ ဝယ်ယူသုံးစွဲနိုင်စွမ်း Purchasing Power ကို အခြားအခွင့်အလမ်းများထံ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခဲ့၍ နောင်အခါ မိမိထံတွင် ပိုမိုကြီးမား သည့်ဝယ်ယူသုံးစွဲနိုင်စွမ်းတွေကိုထိုအခွင့်အလမ်းများ မှ ပြန်လည်ရရှိရန်မျှော်မှန်းနိုင်ရပါမည်။ ထိုမှသာ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နောင်ကာလတွင်ပိုက်ဆံ များ ပိုမိုရရှိသော်လည်း မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းက တိုးတက်မလာသော် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု မဖြစ်နိုင်ပါချေ။ အတိုချုပ်ပြောပါက နောင်အနာဂတ်မှာ ပိုမိုသုံးစွဲမှု စားသုံမှုများပြုရန် အခုသုံးစွဲနိုင်သည် များကို လက်လွတ်ရင်းနှီးလိုက်ခြင်းသည်ရင်းနှီးမြှုပ်နှံခြင်း Investing ပင်ဖြစ်သည်။

ကျွန်တော်တို့၏ထိုအဓိပ္ပာယ်မှ အရေးကြီးသည့် ကောက်ချက်ထပ်မံချနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု တစ်ခု၏ ဆုံးရှုံးနိုင်ချေရှိမှု Riskiness ကို တိုင်းတာ ရာတွင် ၄င်းရင်းနှီးမြှုပ်နှံမှု၏ ဈေးနှုန်းတန်ဖိုးအတက် အကျအပြောင်းအလဲများကိုကြည့်၍မတိုင်းတာနိုင်ပါ။ ၄င်းရင်းနှီးမြှုပ်နှံမှုကြောင့်ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူ သုံးစွဲနိုင်စွမ်းသည် ကာလတစ်ခုအကြာတွင်လျော့ကျသွားနိုင်ခြင်းရှိမရှိကိုသာတိုင်းတာရပါမည်။ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်မှုများ သည် အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲ အတက်အကျဖြစ်နေပါမည်။ သို့သော်ဈေးနှုန်း အတက်အကျများဖြစ်နေရုံဖြင့် ၄င်းရင်းနှီးမြှုပ်နှံမှုများ အား ဆုံးရှုံးနိုင်ချေများသည်ဟူ၍ ကောက်ချမချနိုင်ပါ။ ဈေးနှုန်းများမည်မျှပင်ကျနေသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို ကာလ တစ်ခုအတွင်း မြင့်မားစေသောရင်းနှီးမြှုပ်နှံမှုကို အရှုံးများသည်ဟု မပြောနိုင်ပါချေ။ ထို့အပြင်ဈေးနှုန်း အပြောင်းအလဲမရှိတည်ငြိမ်နေသောရင်းနှီးမြှုပ်နှံမှုများ သည်လည်းဆုံးရှုံးနိုင်ချေများနှင့် ပြည့်နေတတ် ပါသည်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာသည် ကွဲပြား ခြားနားမှုမျိးစုံဖြင့်တည်ရှိနေတတ်ပါသည်။ ၄င်းတို့ကို အတန်းအစားသုံးမျိုးခွဲခြားနိုင်ပါသည်။ အတန်းအစား တစ်ခုချင်းစီ၏ လက္ခဏာများကိုနားလည်ရန် အရေး ကြီး၍ သုံးသပ်လေ့လာကြည့်သင့်ပါသည်။

၁။ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုမျိုး
အတိုးတစ်ခုပုံမှန်ပေးမည်ဖြစ်ပြီးကာလတစ်ခုအကြာ တွင် ငွေအရင်းတစ်ခုကိုအတိအကျမပျက်မကွက် ပြန်ရရှိမည့်ရင်းနှီးမြှုပ်နှံမှုအတန်းအစားဖြစ်သည်။ ဘဏ်စုငွေများ ဘဏ်စာရင်းသေအပ်ငွေများ အစိုးရ ငွေချေးစာချုပ်များငွေတိုက်စာချုပ်များအပေါင်စာချုပ် များ နှင့် ကုမ္ပဏီငွေချေးစာချုပ်များစသည့်အလားတူ အတိုးရနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ ၄င်း ရင်းနှီးမြှုပ်နှံမှုများသည် ဈေးနှုန်းအတက်အကျ အပြောင်းအလဲမရှိသော်လည်း အမှန်တကယ်တွင် ဆုံးရှုံးနိုင်ချေ Risk အလွန်ကြီးမားပါသည်။

ဤအတန်းအစားတွင် ရင်းနှီးမြှုပ်နှံသူများသည် အချိန်မှန်စွာ အတိုးနှင့်အရင်းကိုရရှိနေတတ်ပါသည်။ သို့သော်လည်း အတိတ်ကာလတစ်လျှောက်ကို ကြည့်ပါကဤအတန်းအစားရှိရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတိုင်းရှိ ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်ယူသုံးစွဲ နိုင်စွမ်းကို လျော့ကျနည်းပါစေခဲ့ပါသည်။ ဤ အကျည်းတန်သောဖြစ်ရပ်သည် ရင်းနှီးသူတိုင်း၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို နည်းပါးစေရန် ထပ်မံ ဖြစ်ပေါ်နေပါဦးမည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းရှိ အစိုးရများသည်သာ ငွေစက္ကူများထပ်မံ ရိုက်ထုတ်ခွင့်ကိုပိုင်ဆိုင်၍ ငွေကြေးတစ်ခုတန်ဖိုးကို ၄င်းတို့သာ သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့နောက်စီးပွားရေးစနစ်၏ အကြောင်းအမျိုးမျိုးသည် အစိုးရများအား ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် မူဝါဒများသာချမှတ်၍ဖြေရှင်းရန်အမြဲတစေသွယ်ဝိုက် တွန်းအားပေးနေမည်ဖြစ်သည်။ အချိန်တိုင်းတွင် ထိုမူဝါဒများကြောင့် ထိန်းချုပ်နိုင်သည်ထက်ပို၍ ငွေကြေးဖောင်းပွမှုများ Inflation ဖြစ်ပေါ်ခဲ့ပါသည်။

ခိုင်မာသောငွေကြေးတစ်ရပ်ကိုပြင်းထန်စွာ လိုလား သည့် အမေရိကလိုနိုင်ငံမျိုးတွင်ပင် ကျွန်တော်က ဘက်ရှိုင်းယား Berkshire ကုမ္ပဏီကို စတင် တာဝန်ယူသည့်ခုနှစ်၁၉၆၅ခုနှစ်မှစ၍ကန်ဒေါ်လာ၏ တန်ဖိုးသည် ယခုအခါ ၈၆ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ပါပြီ။ ထိုအချိန် ၁ ဒေါ်လာသာတန်သည့်အရာကို အခု ၇ ဒေါ်လာအထက်ပေးနေရပြီဖြစ်သည်။ ဤ ငွေကြေးဖောင်းပွမှု၏အကျိုးဆက်ကြောင့် အခွန်ငွေ မဆောင်ရသည့်ဘဏ်အပ်ငွေများ ငွေချေးစာချုပ်များ တွင် ထည့်ဝင်ရင်းနှီးထားသော ရင်းနှီးမြှုပ်နှံသူများ သည် တစ်နှစ်လျှင်အတိုးနှုန်း ၄ဒသမ၃ ရာခိုင်နှုန်း အနည်းဆုံးရရှိရန်လိုအပ်ပါမည်။ ထိုနှုန်းထားဖြင့် ရရှိမှသာရင်းနှီးမြှုပ်နှံသူများ၏၁၉၆၅ခုနှစ်တွင်ရှိသည့် ဝယ်ယူသုံးစွဲနိုင်စွမ်းကို ထိန်းသိမ်းနိုင်ရုံသာရှိ သေးမည်။ ၁၉၆၅ခုနှစ်တွင်ဝယ်ယူနိုင်မည့်အရာကို ယခုအချိန်တွင် ဝယ်ယူနိုင်ရုံသာပိုင်ဆိုင်မည်ကို ဆိုလိုပါသည်။ ထိုအတိုးနှုန်းထားမှ အမြတ်အနေဖြင့် တစ်ပြားမှရရှိမည်မဟုတ်။ ထိုနှစ်စဉ်အတိုးနှုန်း ၄ကျပ် ၃၀ပြားတွင် အမြတ်ဝင်ငွေပါသည်ဟု ယူဆပါက မိမိကိုယ်ကိုမိမိနောက်ပြောင်နေခြင်းသာ ဖြစ်ပါသည်။ ထိုအတိုးနှုန်းသည် ငွေကြေးဖောင်းပွမှု နှုန်းကို ကာမိရုံပင်ဖြစ်သည်။

အခွန်ပေးဆောင်ရမည့် ခင်ဗျားတို့ ကျွန်တော်တို့လို ရင်းနှီးမြှုပ်နှံသူများအတွက်မူပိုဆိုးပါသည်။ လွန်ခဲ့ သည့် ၄၇နှစ်ကာလအတွင်းအမေရိကန်အစိုးရသည် နှစ်စဉ်အတိုးနှုန်း ၅ဒသမ၇ ရာခိုင်နှုန်းရရှိမည့် ငွေတိုက်စာချုပ်များကိုထုတ်ဝေခဲ့ပါသည်။ လက်ခံ နိုင်လောက်သည့် အတိုးနှုန်းထားဟု ထင်မြင်စရာ ရှိပါသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ပေးရမည့်ဝင်ငွေခွန်သည် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ခန့် ဖြစ်ပါလျှင် ထိုငွေတိုက်စာချုပ်များ၏ အတိုးနှုန်း ၅ဒသမ၇ ရာခိုင်နှုန်းမှ အမြတ်ငွေတစ်ပြားမှမရရှိ နိုင်ပါ။ ဝင်ငွေခွန်၏ နှုန်းထားသည် ရရှိမည့်အတိုး၏ ၁ဒသမ၄ ရာခိုင်နှုန်းကိုဝါးမျိုသွားမည်ဖြစ်ပြီး မမြင်နိုင်သည့်ငွေကြေးဖောင်းပွမှုသည် အတိုးနှုန်း၏ ကျန်သည့် ၄ဒသမ၃ရာခိုင်နှုန်းကို သိမ်းယူသွားမည် ဖြစ်သည်။ မထင်ရှားမမြင်ရသောငွေကြေးဖောင်းပွမှု သည် သိသာသောအခွန်နှုန်းထက်သုံးဆကျော် ပိုများနေသည်ကိုတွေ့ရပါမည်။ ထို့ကြောင့်အခွန်နှုန်း တစ်ခုတည်းသာ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူတို့၏ ဝန်ထုတ်ဝန်ပိုးမဟုတ်သည်ကိုသိရန်လိုအပ်သည်။ အမေရိကန်ဒေါ်လာတွင် ဘုရားသခင်စီတို့ယုံကြည် ဟုပုံနိုပ်ထားသော်လည်း ငွေထုတ်စက်ကို မောင်းနှင်သောလက်ဖြစ်သည့်အစိုးရသည် အမှား မကင်းသည့်လူသားများဖြင့်ဖွဲ့စည်းထားသည်ကို သိရပါမည်။

သို့သော်မြင့်မားသောအတိုးနှုန်းများသည် အခုလို ပိုက်ဆံကိုအတိအကျပြန်ပေးမည့် ရင်းနှီးမြှုပ်နှံမှုများ အား ငွေကြေးဖောင်းပွမှုကြောင့်ဆုံးရှုံးရမည့် အန္တရာယ်မှကာကွယ်ပေးနိုင်ပါသည်။ ၁၉၈၀လွန်နှစ် များတွင် ရှိခဲ့သည့်အတိုးနှုန်းများသည်ရင်းနှီးမြှုပ်နှံသူ များ အတွက်အကျိုးရှိစေခဲ့ပါသည်။ မည်သို့ဖြစ်စေ ယခုကာလရှိအတိုးနှုန်းများသည် ရင်းနှီးသူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကိုပင် အနာဂတ်တွင် တည်မြဲ အောင် ထိန်းသိမ်းပေးနိုင်ခြင်းမရှိ၍ အထူးသတိပြု ရတော့မည်ဖြစ်သည်။ ငွေချေးစာချုပ်တိုင်းသည် အရှုံးပေါ်နိုင်သည်ဟု သတိပေးစာသားများ ရေးသားထား၍သာ ထုတ်ဝေသင့်ပါတော့သည်။

ထို့ကြောင့် ကျွန်တော်သည် အတိုးပေါ်အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို အခုလိုအချိန်အခါတွင် ကြိုက် နှစ်သက်ခြင်းမရှိပါ။ မကြိုက်သော်ညားလည်း ငွေဖြစ်လွယ်မှု Liquidity ကို ထိန်းသိမ်းရန် ကျွန်တော်တို့ဘက်ရှိုင်းယားကုမ္ပဏီသည် ကာလတို ငွေချေးစာချုပ်များကို ဝယ်ယူကိုင်ဆောင်ထားရ ပါသည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုတိုင်းအတွက် အရေးကြီးသည့် ရင်းနှီးမှုတစ်ချို့ကို လျင်မြန်စွာ ငွေကြေးအဖြစ် ပြောင်းလဲနိုင်စွမ်းသည် ကုမ္ပဏီတိုင်း အတွက် အခရာကျပါသည်။ ထို့ကြောင့် မည်သို့ပင် တွက်ချေမကိုက်သည့် အတိုးနှုန်းများဖြစ်နေ သော်လည်း စီးပွားရေးကမောက်ကမဖြစ်မည့် အချိန်များတွင်အကာအကွယ်ဖြစ်စေရန်ကျွန်တော်တို့ သည် အတိုင်းအတာတစ်ခုထိ အစိုးရငွေချေးစာချုပ် များကို အရန်ကိုင်ဆောင်ထားပါသည်။

ငွေဖြစ်လွယ်မှုနှင့် နည်းဥပဒေ၏လိုအပ်ချက်များအရ ငွေချေးစာချုပ်ကဲ့သို့ အတိုးအခြေခံရင်းနှီးမြှုပ်နှံမှုများ ကို အကန့်အသတ်အတွင်းသာရင်းနှီးမည်ဖြစ်သော် လည်း အကျိုးအမြတ်များပေါ်ထွန်းနိုင်မည့် အခွင့်အရေးများရှိလာလျှင်လည်း ၄င်းတို့ကို တိုး၍ ဝယ်ယူရင်းနှီးသွားပါမည်။ သို့သော်လည်း ငွေချေးစာချုပ်၏ ဈေးနှုန်း သည် အောက်ဈေးဖြင့် ဈေးကွက်တွင်ရရှိနေနိုင်မှု ၄င်းတို့၏ အတိုးနှုန်းများ အခြေအနေအရ မြင့်မား လွန်းနေမှုစသည့် အခွင့်အရေးများသည် အခုခေတ်တွင် ရင်းနှီးမြှုပ်နှံသူများ ထံသို့လုံးဝနီးပါး မရောက်ရှိ နိုင်တော့သည်ကိုသိရပါမည်။ ထိုကြောင့် နောင် တစ်ချိန်တွင် ပိုက်ဆံများစွာပုံမှန်ရရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မား အောင်မစွမ်းဆောင်ပေးသည့်အပြင် နိမ့်ပါးသွားစေ နိုင်သည့်အတိုးအခြေခံသည့် မည်သည့်ရင်းနှီးမြှုပ်နှံမှု မျိုးကိုမှ ကျွန်တော်မနှစ်သက်ပါ။ ရရှိလာမည့် အတိုးနှုန်းကို ဝင်ငွေခွန်နှင့် ပိုကြောက်စရာ ကောင်းသည့်ငွေကြေဖောင်းပွမှုက နှစ်စဉ်ဝါးမျိုနေ၍ ဖြစ်သည်။ ထို့ကြောင့် ဝေါလမ်းမကြီးမှ Shelby Davis ပြောသလို အမြတ်မရ အရှုံးကို အာမခံသည့် ငွေချေးစာချုပ်များနှင့် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များမှ ရှောင်ရှားခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

Warren Buffett ၏ ၂၀၁၁ခုနှစ်တွင် ဘက်ရှိုင်းယား အစုရှယ်ယာရှင်များထံပေးပို့သည့် ထုတ်ပြန်ချက်စာ တွင် ပါရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေးအမြင်ကို မြန်မာနိုင်ငံအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာ ရန်သင့်တော်၍ ဆီလျော်စွာ ဘာသာပြန် တင်ဆက်လိုက်ပါသည်။ Buffett ၏ နှစ်စဉ်ထုတ်ပြန်ချက်တွင် ပါရှိသည့် ပေးစာများသည် ရင်းနှီးမြှုပ်နှံမှုလောကတွင် ထင်ရှားသည်။

Buffett ပေးစာမှ လေ့လာမှတ်သားစရာများ
၁။ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏အကျိုးအမြတ်ကိုနောင်တွင် မည်မျှပိုက်ဆံရမည်နှင့်တိုင်းတာလို့မရ
၂။ ပိုက်ဆံများစွာပြန်ရတိုင်းလည်းရင်းနှီးမြှုပ်နှံမှု ကောင်းတစ်ခုမဟုတ်
၃။ မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းနောင်တွင် မြင့်မား လာမှသာ ရင်းနှီးမြှုပ်နှံမှုကောင်းဖြစ်
၎။ အတိုးအခြေခံရင်းနှီးမှုများပြုရာတွင် ဝင်ငွေခွန် နှင့် ငွေကြေးဖောင်းပွမှုများကို သတိထား
၅။ ဝင်ငွေခွန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းကိုပင် ကာမိရန်အတိုးလုံလောက်စွာမရသဖြင့် အတိုး အခြေခံရင်းနှီးမျြှုပ်နှံမှုများကို Buffett မနှစ်သက်

MIW Originals မှ ကူးယူဖော်ပြပါသည်။
Read More

စတော့အိပ်ချိန်း Trading Concepts ကဏ္ဍ

2:30 AM |


အနည်းငယ် ကြန့်ကြာရန်ရှိသော်လည်း အနှေးနှင့် အမြန် စတင်လာတော့မည့် ရန်ကုန် စတော့အိပ်ချိန်း ပေါ်ပေါက်လာချိန်တွင် ပါဝင် ရင်းနှီးမြှုပ်နှံလိုသူများ စတော့အိပ်ချိန်းရှိ စတော့ အကျိုးဆောင်ကုမ္ပဏီများ၏ အရောင်းအဝယ် ဝန်ဆောင်မှုများကို အထိရောက်ဆုံး အသုံးချနိုင်ရန် ကျွန်တော်တို့ MIW မှ စတော့ရှယ်ယာ ရောင်းဝယ်မှုနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ ဆက်နွှယ်သော သဘောတရားများနှင့် အသုံးအနှုန်းများကို အများပြည်သူများ၏ ဗဟုသုတ နှင့် လက်တွေ့အသုံးချနိုင်ရေးကို ရည်စူးကာ စတော့အိပ်ချိန်း Trading Concepts ကဏ္ဍတွင် မကြာခဏ တင်ဆက်သွားပါမည်။ ဤကဏ္ဍတွင် စတော့ဈေးကွက် အတွင်း ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်သမျှ အသုံးအနှုန်း၊ ရောင်းဝယ်မှု အော်ဒါ အမျိုးမျိုး နှင့် အသုံးပြုပုံ အမျိုးမျိုး တနည်း အားဖြင့် ဆိုသော် စတော့ဈေးကွက်က အထာလေးတွေကို အနည်းငယ်စီ ရှင်းလင်းစွာ ဖော်ပြသွားပါမည်။ ဖတ်ရှုသူ အပေါင်း စတော့ ဈေးကွက် အတွင်းရှိ ဝန်ဆောင်မှုများနှင့် အခွင့်အရေးများ အားလုံးကို တရင်းတနှီး ရှိနေပြီး အပြည့်အဝ အသုံးချနိုင်ရန် ကြိုးစားတင်ပြ လိုက်ပါသည်။

Portfolio: စတော့ရင်းနှီးမြှုပ်နှံမှု အစု
ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုများ ပါဝင်သော အစု တစ်စုသည် Portfolio ပင်ဖြစ်ပါသည်။ ဥပမာ မိမိက မြေကွက် ၂ကွက်နှင့် လုပ်ငန်း ၁ခုတွင် စုစုပေါင်း သိန်း ၁၀၀၀ ခန့် ရင်းနှီးထားသည် ဆိုပါစို့။ ထိုရင်းနှီးမြှုပ်နှံမှုအစုသည် Portfolio ပင်ဖြစ်သည်။ အလားတူ မိမိ၏ Portfolio တန်ဖိုးသည် သိန်း ၁၀၀၀ ပင်ဖြစ်သည်။ ဒီ Portfolio ဆိုသည့် စကားသည် စတော့ဈေးကွက် တွင် စတော့ရင်းနှီးမြှုပ်နှံမှု အစုဟု ထို့ကြောင့် အဓိပ္ပာယ်ရောက်ပါသည်။ မိမိမှ ကုမ္ပဏီ A ရှယ်ယာ ၂၀ခုနှင့် ကုမ္ပဏီ B ရှယ်ယာ ၁၀ခု ပိုင်လျှင် ၄င်း စတော့ရင်းနှီးမြှုပ်နှံမှု အစုသည် မိမိ၏ Portfolio ပင် ဖြစ်ပါသည်။ စတော့အိပ်ချိန်းတွင် ရှယ်ယာတို့၏ ဈေးနှုန်းများ အမြဲပြောင်းလဲ နေလေရာ Portfolio တန်ဖိုးသည်လည်း နေ့စဉ်ပြောင်းလဲနေနိုင်သည်။

Longing: ရှယ်ယာများကို ပိုင်ဆိုင်ရန် ဝယ်ယူခြင်း
စတော့ရှယ်ယာများကို ပိုင်ဆိုင်ရန် အတွက် မိမိပိုင်ငွေဖြင့် ဖြစ်စေ ငွေချေးငှား၍ ဖြစ်စေ ဝယ်ယူခြင်းကို Longing ဟု ခေါ်သည်။ Longing လုပ်လိုက်၍ မိမိ၏ Portfolio တွင် စတော့ရှယ်ယာများကို မိမိက ပိုင်ဆိုင်သွားသည်။ ဒီလို ရှယ်ယာများကို ပိုင်ဆိုင်ထားသည့် အနေအထားကို Long Position ဟုလည်း ခေါ်သည်။ စတော့ရှယ်ယာများကို ဝယ်ယူရ၍ Long Position သည် ၄င်းစတော့ရှယ်ယာများ ဈေးတက်မှ အမြတ်အစွန်းရပါမည်။

Shorting: မိမိ မပိုင်သည့် ရှယ်ယာများကို ချေးငှား၍ ရောင်းထုတ်ခြင်း
ဖွံဖြိုးပြီးသော စတော့အိပ်ချိန်းတိုင်းတွင် ရင်းနှီးမြှုပ်နှံသူများသည် အခြား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် Broker ကုမ္ပဏီထံမှ ၄င်းတို့ပိုင်သည့် စတော့ရှယ်ယာများကို စပေါ်ငွေအချို့ပေးကာ ချေးငှားနိုင်သည်။ ထို့နောက် ဈေးကွက်တွင် ချေးယူလာသည့် ရှယ်ယာများကို ရောင်းထုတ်ထားနိုင်သည်။ ထိုသို့ပြုလုပ်သည်ကို Shorting ဟုခေါ်သည်။ ရင်းနှီးမြှုပ်နှံသူက Shorting လုပ်ခြင်းမှာ ၄င်းရောင်းထုတ်လိုက်သည့် စတော့များသည် အနာဂတ်တွင် ဈေးကျသွားမည် ဟု မျှော်လင့်၍ ဖြစ်သည်။ ထိုမျှော်လင့်ချက် အတိုင်း ဈေးကျသွားပါက ရင်းနှီးမြှုပ်နှံသူသည် ရောင်းထုတ်ထားသည့် ရှယ်ယာများကို ကျဈေးဖြင့် ပြန်လည်ဝယ်ယူပြီး ပိုင်ဆိုင်သူကို ပြန်အပ်နှံမည် ဖြစ်သည်။ ထို့သို့ အတက်ဈေးနှင့် ရောင်းထုတ်ခဲ့ပြီး အောက်ဈေးနှင့် ပြန်လည် ဝယ်ယူနိုင်ခဲ့ သဖြင့် Shorting လုပ်ခဲ့သူသည် အမြတ်အစွန်း ရရှိခဲ့ပြီ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူ တစ်ဦးက စတော့ရှယ်ယာများကို ချေးယူ၍ ရောင်းထုတ်ထားသည့် အနေအထားကို Short Position ဟု ခေါ်သည်။ Short Position သည် ရောင်းထုတ်ထားသည့် စတော့များ ဈေးကျမှ အမြတ်ရမည် ဖြစ်ပြီး ဈေးတက်သွားလျှင် အရှုံးပြပါမည်။ ဒီနေရာတွင် Shorting ကို နားလည်ရန် သတိပြုစေလိုသည်မှာ Shorting သည် ပိုက်ဆံချေးခြင်းမဟုတ်ပဲ ရှယ်ယာများကို ချေးခြင်းဖြစ်ပါသည်။ ထို့နောက် ရှယ်ယာများကို အချိန်ကာလ တစ်ခု အကြာတွင် ပိုင်ဆိုင်သူထံ ချေးယူသူမှ အတိုးငွေနှင့်အတူ ပြန်အပ်နှံလိုက်ခြင်း ဖြစ်သည်။ ရှယ်ယာချေး၍ ရှယ်ယာပြန်ဆပ်ခြင်း ဖြစ်ပါသည်။

Market Order: ပေါက်ဈေးဖြင့် ရောင်းဝယ်ရန် အမိန့်အော်ဒါ
စတော့ရှယ်ယာ အသစ်များကို ဝယ်ယူရန် ဖြစ်စေ သို့မဟုတ် မိမိ၏ Portfolio အတွင်းမှ ရှယ်ယာများကို ထုတ်ရောင်းရန် ဖြစ်စေ စတော့ အကျိုးဆောင်ကို မိမိရောင်းဝယ်လိုသည့် ဈေးနှုန်းကို အတိအကျ မသတ်မှတ်ပဲ ဈေးကွက် အတွင်းတွင် ဖြစ်နိုင်သော ပေါက်ဈေးဖြင့် ရောင်းဝယ်ရန် စေလိုက်သည့် အမိန့်အော်ဒါကို Market Order ဟုခေါ်သည်။ ဥပမာ စတော့ရှယ်ယာ အစု ၃၀ ကို Market Order ဖြင့် ဝယ်ရန် အော်ဒါပေးလိုက်ခြင်းသည် မိမိ၏ စတော့ အကျိုးဆောင်ကို ဈေးကွက်တွင် ဖြစ်နိုင်သော အကောင်းဆုံး ဈေးတစ်ခုခု ဖြင့် ဝယ်ရန် မှာလိုက်ခြင်း ဖြစ်သည်။ Market Order ကို ဆောင်ရွက်ရာတွင် မိမိ၏ အကျိုးဆောင်သည် တစ်ခါတစ်ရံ အရောင်းအဝယ် အဖြစ်များသော ဈေးထက် ပိုပေး၍ ဝယ်မိသည်လည်း ဖြစ်နိုင်သည်။ ထို့အပြင် စတော့များ ရောင်းဝယ်ရန် မရှိလျှင် Marekt Order ကို မဆောင်ရွက်နိုင်ပဲ တန့်နေနိုင်သည်။

Limit Order: ဈေးနှုန်း ကန့်သတ်ချက်တစ်ခုဖြင့် ရောင်းဝယ်ရန် အော်ဒါ
စတော့ရောင်းဝယ်ရာတွင် ဈေးနှုန်းကန့်သတ်ချက် နှုန်းတစ်နှုန်း စိတ်ကြိုက်သတ်မှတ်၍ ရောင်းဝယ်ရန် မှာကြားသော အော်ဒါဖြစ်သည်။ ဥပမာ ရင်းနှီးမြှုပ်နှံသူသည် အကျိုးဆောင် Broker အား စတော့ ၃၀ စုကို တစ်စု ကျပ် ၃၀၀၀ ဖြင့် ဝယ်ရန် Limit Order ပေးလိုက်ခြင်းသည် Broker အား စတော့များကို တစ်စု ကျပ် ၃၀၀၀ ထက် ပိုမပေးပဲ ဝယ်ယူခိုင်း လိုက်ခြင်း ဖြစ်သည်။ အလားတူ Broker အား စတော့များကို တစ်စု ကျပ် ၁၀၀၀ ဖြင့် ရောင်းရန် Limit Order ပေးလိုက်ခြင်းသည် Broker ထံ စတော့များကို တစ်စု ကျပ် ၁၀၀၀ အောက် မလျော့ပဲ ထို့အထက် ဈေးဖြင့် ရောင်းချ ခိုင်းလိုက်ခြင်း ဖြစ်သည်။ Limit Order သည် စတော့များ ရောင်းဝယ်ရန် ဈေးကွက်တွင် ပ္စစည်းမရှိ၍ သော်လည်းကောင်း သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းဝယ်မည့်သူ မရှိ၍ သော်လည်းကောင်း တန့်နေနိုင်သည်။

Stop Order: ဈေးကွက်ရှိ ပေါက်ဈေးနှုန်းထား တစ်ခုရောက်လျှင်စ၍ ရောင်းရန်ဝယ်ရန် အော်ဒါ
စတော့အိပ်ချိန်းတွင် ဈေးကွက် အတွင်း ရှယ်ယာဈေးနှုန်းများကို အရောင်းအဝယ် ဖြစ်သည့်အခါတိုင်း ထုတ်ပြန်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ စတော့များကို နှုန်းထား တစ်ခု အရောက်တွင် ရောင်းထုတ်ရန် သို့မဟုတ် ဝယ်ယူရန် Stop Order ဖြင့် မှာထားနိုင်သည်။ ဥပမာ စတော့ ၃၀ စုကို တစ်စု ကျပ် ၃၀၀၀ ဖြင့် ရောင်းရန် Stop Order ဖြင့် Broker အား မှာထားခြင်းသည် စတော့အိပ်ချိန်းရှိ ၄င်း စတော့၏ ဈေးနှုန်း ကျပ် ၃၀၀၀ ဖြစ်လာသော အခါ စတော့များကို စတင် ရောင်းချရန် အမိန့်ပေးထားခြင်း ဖြစ်သည်။ ထို့အတူ စတော့ ၃၀ စုကို ကျပ် ၁၀၀၀ ဖြင့် ဝယ်ရန် Stop Order ပေးထားခြင်းသည် ၄င်း စတော့၏ ဈေးနှုန်း ကျပ် ၁၀၀၀ ဖြစ်လာသောအခါ Broker အား စတင်၍ အစု ၃၀ ဝယ်ယူရန် မှာထားခြင်း ဖြစ်သည်။ Stop Order လုပ်ရာတွင် ရင်းနှီးမြှုပ်နှံသူသည် စတော့များကို ရောင်းဝယ်ရန် Stop Order ရှိဈေးဖြင့် အတိအကျ အရောင်းအဝယ်ဖြစ်ရန် မသေချာပေ။ Broker သည် ထိုသတ်မှတ်ထားသော ဈေးနှုန်း ရောက်ရှိချိန်တွင် စတော့များကို စတင်ရောင်းချခြင်း ဝယ်ယူခြင်း ပြုလုပ်သွားမည် ဖြစ်သည်။

Good Till Canceled Order: မပယ်ဖျက်ခိုင်းသရွေ့ ဆက်လက် အကျုံးဝင်မည့် အော်ဒါ
ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံသူ တစ်ဦးက စတော့ ၃၀ စုကို Market Order ဖြင့် ၄င်း၏ Broker အား ဝယ်ရန် မှားကြားပြီးနောက် ထိုအော်ဒါမှာ Good Till Canceled သို့မဟုတ် GTC Order ဖြစ်ကြောင်း ထပ်မံ ပြောကြားလိုက်ခြင်းသည် ထိုအော်ဒါကို ရင်းနှီးမြှုပ်နှံသူမှ ပယ်ဖျက်ရန် ထပ်မံ အကြောင်း မကြားမချင်း ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

Immediate or Cancel Order (IOC): အခုချက်ချင်း ရောင်းဝယ်မှု ပြုရန် အမိန့်ပေးပြီး အရောင်းအဝယ် မဖြစ်လျှင် ချက်ချင်း ပယ်ဖျက်ရန် အော်ဒါ
ဥပမာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးက ၄င်း၏ ရှယ်ယာ ၃၀ စုကို တစ်စု ကျပ် ၃၀၀၀ ဖြင့် ရောင်းရန် IOC Order ဖြင့် ၄င်း Broker ကို မှာကြားထားရာ Broker သည် စတော့များကို ထိုဈေးဖြင့် ရောင်းထုတ်ကြည့်မည် ဖြစ်ပြီး ရောင်းမထွက်ပါက ထိုအော်ဒါကို ဆက်လက် မဆောင်ရွက်တော့ပဲ ပယ်ဖျက်လိုက်မည် ဖြစ်သည်။ အကယ်၍ ရှယ်ယာ ၃၀ စု အနက် အစု ၂၀ ကို ကျပ် ၃၀၀၀ ဖြင့် ရောင်းချနိုင်ပါက ရောင်းချနိုင်သည့် အရေအတွက်ကိုသာ ရောင်းထုတ်ပြီး ကျန် ရှယ်ယာများ အတွက် အော်ဒါကို ဖျက်သိမ်းသွားမည် ဖြစ်သည်။ အော်ဒါတွင် ပါသမျှ ရှယ်ယာများ အားလုံး အရောင်းအဝယ် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ပယ်ဖျက်ရမည့် အော်ဒါကိုမူ Fill or Kill Order ဟု ခေါ်သည်။

Day Order၊ Good till Date Order နှင့် Specified Length Order များ
Day Order ဆိုသည်မှာ အမိန့်ပေးထားသည့် အော်ဒါတစ်ခုသည် နေ့စဉ် အိပ်ချိန်း၌ အရောင်းအဝယ် ပြုသည့် အချိန်အတွင်းသာ အကျုံးဝင်မည် ဖြစ်ပြီး အိပ်ချိန်း ပိတ်သွားချိန်တွင် ဆောင်ရွက်မှု ပယ်ဖျက်သွားမည့် အော်ဒါဖြစ်သည်။

Good till Date Order သည် သတ်မှတ်ထားသည့် နေ့ရက် မတိုင်မချင်း အကျုံးဝင်နေမည့် အော်ဒါ ဖြစ်သည်။ Specified Length Order သည် မိမိ စိတ်ကြိုက် သတ်မှတ်ထားသော အချိန်ကာလ အတွင်း အကျုံးဝင်နေမည့် အော်ဒါဖြစ်သည်။ အချိန်ကာလနှင့် ဆက်နွယ်ကာ ကန့်သတ်ထားသော အော်ဒါများ အားလုံးကို Duration Order ဟု သတ်မှတ်နိုင်ပါသည်။

စတော့ဈေးကွက် အတွင်းရှိ ရောင်းဝယ်မှု သဘောတရားများကို အနည်းငယ်စီ တင်ဆက်ထားခြင်း ဖြစ်ပါသည်။ စတော့ရှယ်ယာများ ရောင်းဝယ်မှုကို အထူးသဖြင့် အခြေပြု၍ ရှင်းလင်းထားခြင်း ဖြစ်ပါသည်။ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်ရေး ဈေးကွက် Forex Market၊ ကုန်စည်ဈေးကွက် Commodities Market နှင့် ကြိုရောင်းကြိုဝယ် စာချုပ် ဈေးကွက် Futures Market အတွင်းရှိ ရောင်းဝယ်မှု သဘောတရားများသည် ယခု တင်ဆက်ခဲ့သည်များနှင့် သဘောတရားအရ များသောအားဖြင့် တူညီသော်လည်း အခေါ်အဝေါ်၊ နည်းစနစ်နှင့် လုပ်ဆောင်ပုံချင်း အနည်းနှင့် အများ ကွဲလွဲနေနိုင်ပါသည်။

MIW Originals: Stock Trading Concepts မှ ကူးယူဖော်ပြပါသည်။
Read More

ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း

2:30 AM | ,


(၁)
နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းနိမ့်ကျသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် မြင့်မားလေ့ရှိပြီး နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းမြင့်မားသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် နိမ့်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံသားတို့၏ ၀င်ငွေထဲမှ စားသုံးမှုကုန်ကျစရိတ်၊ အခွန်အခများ၊ အခြားသောစရိတ်စကများကို နုတ်၍ ကျန်ရှိသော လက်ကျန်ငွေပမာဏကို စုဆောင်းမှုဟု ခေါ်ဆိုနိုင်သဖြင့် ယင်းစုဆောင်းနိုင်မှုပမာဏ နိမ့်ကျသောနိုင်ငံများတွင် လိုအပ်သော အရင်းအနှီးပမာဏကို ရရှိစေရန် ရည်ရွယ်စေသော ဘဏ်တိုးနှုန်းကို မြှင့်ထားလေ့ရှိခြင်းဖြစ်ပြီး စုဆောင်းနိုင်မှု အင်အားကြီးမြင့်သော နိုင်ငံများတွင်မူ ပြည်တွင်းနှင့် ပြည်ပ(နိုင်ငံတကာ)အရင်းအနှီးဈေးကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် ဘဏ်တိုးနှုန်းများသည် နိမ့်လေ့ရှိသည်။

(၂)
သို့သော် ကမ္ဘာ့ငွေကြေးဈေးကွက်တွင်မူ စုဆောင်းမှုမြင့်မားသောနိုင်ငံများမှ အရင်းအနှီးများသည် စုဆောင်းမှုနိမ့်သောနိုင်ငံများ၏ ငွေကြေးဈေးကွက် (Money Market) ၊အရင်းအနှီးဈေးကွက် (Capital Market) အတွင်းသို့ စီးဝင်လာ(စီးဝင်လာ)လေ့ရှိသည်။ ယင်းစုဆောင်းမှုနိမ့်ကာ ဘဏ်တိုးနှုန်းမြင့်သောနိုင်ငံများအတွင်းသို့ စီးဝင်လာတတ်ပြီး ဘဏ်တိုးနှုန်းကွာဟမှုအပေါ်တွင် စိတ်ဝင်စားကြခြင်းပင် ဖြစ်သည်။

(၃)
ယနေ့ ကမ္ဘာကြီးတွင် အဓိကလည်ပတ် သုံးစွဲငွေကြေးများအနေဖြင့် အမေရိကန်ဒေါ်လာသည် အများဆုံးဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအနေအထားတွင်လည်း အရေးပါဆုံးသော ငွေကြေးတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ၏ ခေတ်ရှေ့ပြေးနည်းပညာများ (ဥပမာ Google၊ Smart Phone ၊ အာကာသနည်းပညာ၊ ဆေးဝါးဖော်စပ်မှုနည်းပညာ အစရှိသည်) နှင့် လွတ်လပ်သော ဈေးကွက်၊ ကမ္ဘာအနှံ့ဖြန့် ကြက်ချထားနိုင်သော စစ်အင်အား၊ ပေါများကြွယ်ဝသော သဘာဝသယံဇာတ (ဥပမာ - ရေနံ)နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်၊ ကမ္ဘာ့အများသုံး အင်္ဂလိပ်စကားပြောနိုင်ငံ၊ ဧရိယာကျယ်ဝန်းခြင်း အစရှိသောကမ္ဘာပေါ်တွင် ယင်းအချက်အလက်များ ပြည့်စုံသော နိုင်ငံ (တစ်နည်းအားဖြင့်ယှဉ်ပြိုင်နိုင်သော နိုင်ငံ) မရှိသေးခြင်းကြောင့်ပင် အမေရိကန်ဒေါ်လာသည် အမေရိကန်စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းသာမကဘဲ ကမ္ဘာ့စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပေသည်ဟု ယူဆသည်။

(၄)
အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ကျပ်ခန့်ဟူသော ငွေလဲနှုန်းစနစ်မှ ယနေ့ထိန်းကျောင်းနှုန်းရှင်စနစ် (Managed Floating System) သို့ ကူးပြောင်းကျင့် သုံးလာနေသော မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ “ပကတိငွေကြေး ကျပ်ငွေတန်ဖိုး (Red Kyat's Value)သည် မိမိနိုင်ငံ၏ စီးပွားရေးအင်အား (ထုတ်လုပ်နိုင်မှုအင်အား၊ စားသုံးနိုင်မှုအင်အား၊ စုဆောင်းနိုင်မှုအင်အား)တို့နှင့် တိုက်ရိုက်ဆက်စပ်လာနေသည်ဟု ယူဆသည်။

(၅)
အပိုဒ်(၁)တွင် ဆိုခဲ့သကဲ့သို့ စုဆောင်းနိုင်မှု ပမာဏနိမ့်သောနိုင်ငံသို့ စုဆောင်းနိုင်မှုမြင့်မားသော နိုင်ငံများ၏ ငွေကြေးအရင်းအမြစ်များ ပုံသဏ္ဌာန်မျိုးစုံဖြင့် စီးဝင်လာမည်ဖြစ်ရာ ယင်းစီးဆင်းမှုများ (စီးဝင်မှုများ၊ စီးထွက်မှုများ) မည်ရွေ့မည်မျှမြန်ဆန်နေသည် (ကာလတိုအတွင်းတွင်) ဆိုသည်ကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်နေပေလိမ့်မည်။

(၆)
မည်ကဲ့သို့သော ပုံစံများဖြင့် စီးဝင်မှုများ (Inflows) နှင့် မည်ကဲ့သို့သော ပုံစံများဖြင့် စီးထွက်မှုများ (OutFlows) ရှိနေသည်ဆိုသည်နှင့် ယင်း “စီးဝင်မှုများ” နှင့် “စီးထွက်မှုများ” ကိုပေါင်းစပ်ကာ “စီးဆင်းမှုများ (Flows) ” ကို ဖြစ်တည်စေနိုင်သနည်းဆိုသည်ကိုလည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်ပေလိမ့်မည်။

(၇)
ပုံမှန်မဟုတ်သော စီးဝင်မှုများ (Informal Inflows) ၊ပုံမှန်မဟုတ်သော စီးထွက်မှုများ (Informal Outflow) တို့တွင် အမြဲတစေဘေးထွက်ဆိုးကျိုးများကို ချန်ရစ်ထားလေ့ ရှိသောကြောင့်ပင် ဖြစ်သည်။

(၈)
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်မှု (Foreign Exchange Rate Stability) နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှု (Price Stability) တို့၏ အပြန်အလှန်ချိတ်ဆက်နေမှု သဘောတရားကို သိရှိထားပြီး ယင်းတည်ငြိမ်မှုနှစ်ရပ်သည် တစ်နည်းအားဖြင့် စီးပွားရေးတည်ငြိမ်မှု (Economic Stability) ၏ အခြေခံ ဖြစ်ပေမည်။

(၉)
တစ်နည်းအားဖြင့် ယင်းတည်ငြိမ်မှုနှစ်ခုကို တစ်ပြေးညီ ထိန်းနိုင်ရန်ဆိုသည်မှာ နက်နဲသကဲ့သို့ ယင်းတည်ငြိမ်မှုနှစ်ခုကို ထိန်းသိမ်းရင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု (Economic Growth) ကို မြှင့်တင်ရန်သည်လည်း အရေးကြီးပေသည်။ ဤတွင် မည်ကဲ့သို့ ထိန်းကျောင်းမည်နည်းဆိုသည့် မဟာဗျူဟာ (Strategies) ၊နည်းဗျူဟာများ (Tactics) အပေါ်တွင် မူတည်ပေလိမ့်မည်။

(၁၀)
ပြည်တွင်းစုဆောင်းမှုနှုန်းနိမ့်လျှင် ယင်းကို ဆွဲဆောင်ရန်အတွက် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများကို မြှင့်ထားလေ့ရှိသော်လည်း ယင်းသည် ပြည်တွင်းမှ ငွေကြေးအရင်းအနှီးများထက် ပြည်ပမှ (စုဆောင်းမှုနှုန်း မြင့်မားသည့် နိုင်ငံများမှ) ငွေကြေးအရင်းအနှီးများ စီးဝင်လာစေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံးတွင် ဘဏ်တိုးနှုန်းကိုလည်း မလျှော့ချနိုင်ခြင်းနှင့်အတူ ယင်းပြည်တွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် မြင့်မားသော ဘဏ်တိုးနှုန်းဖြင့် စီးပွားရေးလုပ်ကိုင်ရခြင်းအစရှိသော နောက်ဆက်တွဲများစွာကို ရင်ဆိုင်ရလေ့ရှိသည်။

Writer: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Read More

အလီဘာဘာနဲ့ ဂျက်မား

10:30 PM |


အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ စင်္ကာပူက လူငယ်တွေပြောနေကြတာ မကြာခဏ ကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲက နာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီး အလီဘာဘာဟာ တရုပ်ပြည်က ကုမ္ပဏီတခုမို့ ပိုလို့ စိတ်မဝင်စားသေးတယ်။

မနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုး အစုရှယ်ယာတွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့ စံချိန်တင်သွားတယ်ဆိုတဲ့ သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား (Jack_Ma) ရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့် တရုပ်ပြည်ရဲ့ အချမ်းသာဆုံးလူတယောက် ဖြစ်လာတယ် စတဲ့ သတင်းတွေကို အင်တာနက်နဲ့ သတင်းစာတွေမှာ တွေ့လာမိတော့ စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက်၊ မဂ္ဂဇင်းတွေ၊ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ တွေ့ရတယ်။ မြန်မာလူငယ်တွေ အားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

အလီဘာဘာကုမ္ပဏီဆိုတာ ရိုးရိုးလေးပြောရရင် အင်တာနက်က ပစ္စည်းကြော်ငြာပြီး ပစ္စည်းရောင်းတဲ့ ကုမ္ပဏီပါ။ အလီဘာဘာအကြောင်းပြောရင် ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ တက္ကသိုလ်ဆရာ ဂျက်မားအကြောင်း ပြောမှပြည့်စုံမှာပါ။

ဂျက်မားကို (၁၉၆၄)ခုနစ်မှာ တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သား လင်မယားနှစ်ယောက်က ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းနေတော့ လူကောင်သေးလေးမို့ အတန်းသားတွေရဲ့ စနောက်တာတွေ အမြဲခံရတယ်။ လူကောင်သာသေးပေမဲ့ ဂျက်မားဟာ ရန်ဖြစ်ရင် သူ့ထက်လူကောင်ကြီးတဲ့ လူငယ်တွေကို မကြောက်မရွှံ့ တုံ့ပြန်တိုက်ခိုက်ရဲတယ်။

ဂျက်မားဟာ အင်္ဂလိပ်စာ အရမ်းတတ်ချင်တယ်။ သူ့မြို့မှာ အင်္ဂလိပ်စာတတ်သူ တယောက်မှမရှိဘူး။ အင်္ဂလိပ်စာအုပ်တအုပ်တောင် မရှိဘူး။ ကျောင်းမှာလဲ အင်္ဂလိပ်စာမသင်ဘူး။ ဒီတော့ သူဘာလုပ်သလဲ။ မနက်အစောကြီး ထတယ်။ ကျောင်းမသွားခင်မှာ စက်ဘီးလေးစီးပြီး ဟန်ဇိုးမြို့လည်က နိုင်ငံခြားသားတိုးရစ်တွေ တည်းခိုနေတဲ့ ဟိုတယ်တခုကို နေ့တိုင်းသွားတယ်။ တိုးရစ်တွေကို မြို့အနှံ့ လိုက်ပြပေးတယ်။ ပိုက်ဆံမယူဘူး။ သူကို အင်္ဂလိပ်စကားပြောသင်ပေးဖို့ အပေးအယူလုပ်တယ်။ လူကောင်သေးသေးနဲ့ အရမ်းသွက်လက်တဲ့ ဂျက်မားကို တိုးရစ်တွေကလဲ အရမ်းခင်ကြတယ်။ မကြာခင်ဂျက်ဟာ ပိုက်ဆံစုပြီး ရေဒီယိုတလုံးဝယ်လိုက်တယ်။ ရေဒီယိုကလာတဲ့ အင်္ဂလိပ်စကားပြောတွေကို နေ့တိုင်းနားထောင်တယ်။ လိုက်ဆိုကျင့်တယ်။ တိုးရစ်တွေဆီက နေ့တိုင်း အင်္ဂလိပ်စာသင်ခဲ့တာ ကိုးနှစ်ကြာခဲ့တယ်။

အဲဒီအချိန်တုံးက တရုပ်ပြည်မှာ အင်္ဂလိပ်စာတတ်သူ၊ အင်္ဂလိပ်စကားပြောတတ်သူဆိုတာ အလွန်ကိုနည်းပါးတယ်။ ဂျက်မားတယောက် ဘာကြောင့်အင်္ဂလိပ်စာကို တတ်ချင်ရတာလဲ။ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားတဲ့တရုပ်ပြည်ဟာ တချိန်တံခါးဖွင့်လိုက်ရင် သူလေ့လာထားတဲ့ အင်္ဂလိပ်စာဟာ သူ့အတွက် အကျိုးပြုလိမ့်မယ်ဆိုတာ သူသိနေလို့ပါ။ ငွေကြေးမပြည့်စုံတဲ့ ဂျက်မားဟာ ပညာရေးကသာ သူ့ကိုဆင်းရဲတွင်းက လွတ်မြောက်နိုင်စေမယ်ဆိုတာ ယုံကြည်တယ်။

ဂျက်မားဟာ အင်္ဂလိပ်စာတော်ပေမဲ့ သင်္ချာဘာသာမှာ ညံ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့ သင်္ချာဘာသာမှာ ကျလို့ဝင်ခွင့်မရဘူး။ နောက်တကြိမ် ထပ်ဖြေတယ်။ သင်္ချာကြောင့် ထပ်ကျတယ်။ သင်္ချာဘာသာကို အပြင်းအထန်ကြိုးစားပြီး တတိယအကြိမ်ထပ်ဖြေမှ ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။ ဆရာဖြစ်သင်တက္ကသိုလ် တက်တယ်။ ၁၉၈၈ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ကုမ္ပဏီ(၃၀)မှာ အလုပ်လျှောက်တယ်။ ကုမ္ပဏီတခုမှ သူ့ကိုမရွေးဘူး။ ကြက်သားကျော် ကုမ္ပဏီ KFC ဆိုင်တွေကို တရုပ်ပြည်လာပြီး စဖွင့်တော့ အင်တာဗျူးဖြေသူ (၂၄)ယောက်မှာ (၂၃)ယောက်၊ သူကလွဲပြီး အရွေးခံရတယ်။ နောက်ဆုံးမှ တက္ကသိုလ်တခုမှာ တလကို(၁၂)ဒေါ်လာ(မြန်မာကျပ် တစ်သောင်းနှစ်ထောင်)နဲ့ အင်္ဂလိပ်စာသင်တဲ့ ဆရာအဖြစ် အလုပ်ရတယ်။ အင်္ဂလိပ်စာ အသင်အပြကောင်းတဲ့သူ့ကို ကျောင်းသားကျောင်းသူတွေက အရမ်းချစ်ကြတယ်။

ဂျက်မားရဲ့ ငယ်ဘဝကို ရေးပြရတာက သူဟာ မိဘချမ်းသာလို့ အမွေရပြီး ချမ်းသာလာတာမဟုတ်ဖူးဆိုတာ သိစေချင်လို့ပါ။ ဂျက်ဟာ လူကောင်လေးသေးပေမဲ့ ရည်မှန်းချက်က တောင်ကြီးတခုလို ကြီးတယ်။ ခါကျဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ ကြံနေတယ်။ အခွင့်သာမဲ့ အချိန်အခါကို စောင့်နေတယ်။

၁၉၉၀ခုနစ်နောက်ပိုင်းမှာ တရုပ်ပြည်ကြီးဟာ ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံတကာကို ထုတ်ကုန်တွေတင်ပို့ရင်း တရုပ်ပြည်ဟာ စီးပွားရေး တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ဂျက်မားဟာ ကျောင်းဆရာအလုပ်က ထွက်လိုက်ပြီး တရုပ်စာကို အင်္ဂလိပ်ဘာသာပြန်ပေးတဲ့ ကုမ္ပဏီတခုကို ထောင်လိုက်တယ်။

၁၉၉၅ခုနှစ်မှာ ဂျက်မားဟာ အဝေးပြေးလမ်းမတခု ဆောက်မဲ့စီမံကိန်းတခုအတွက် သူ့မြို့က အစိုးရကို ကူညီဘာသာပြန်ပေးဖို့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်သွားတယ်။ သူ့သူငယ်ချင်းက ကွန်ပြူတာကနေ အင်တာနက်ဖွင့်ပြပြီး လိုချင်တဲ့ပစ္စည်းကို အင်တာနက်က ဝယ်လို့ရတယ်လို့ ပြောတယ်။ ဂျက်က Beer ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ နိုင်ငံတကာက ဘီယာမျိုးစုံပေါ်လာတယ်။ ဒါပေမဲ့ China_Beer ရှာမတွေ့ပါဘူး။ နောက်ပြီး သူအံ့သြသွားတာက China ဆိုတဲ့စာလုံး ရိုက်လိုက်တယ်။ ဘာမှပေါ်မလာဘူး။ China နဲ့ ပတ်သက်တာ အင်တာနက်မှာလုံးဝမရှိဘူး။

အမေရိကားက ပြန်လာတယ်။ သူ့အိမ်ကို ပြန်ရောက်တော့ တရုပ်ပြည်ရဲ့ တခုတည်းသော အင်တာနက်က ပစ္စည်းရောင်းတဲ့ China_Pages ဆိုတဲ့ website ကို ဝင်ကြည့်တယ်။ တင်ထားတဲ့ပစ္စည်းတွေက မစုံသလို အားလုံးက တရုပ်စာနဲ့ ရေးထားတယ်။ တရုပ်စာနဲ့ ရေးထားတဲ့ပစ္စည်းကို တရုပ်စာမဖတ်တတ်တဲ့ နိုင်ငံတွေက ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့ အတွေးတခု သူ့ခေါင်းထဲပေါ်လာတယ်။

အဲဒီမှာ ဂျက်မားတယောက် အခွင့်အလမ်းတခုကို စပြီး စဉ်းစားလိုက်မိပြီ။ အခွင့်အလမ်း(opportunity)ဆိုတာ အရံသင့် ရွှေလင်ပန်းနဲ့ ပေးလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ နှစ်ပေါင်းများစွာ စောင့်နေခဲ့တဲ့ ဂျက်အဖို့ကတော့ ဒါဟာကြီးပွားမဲ့လမ်းစတခုဆိုတာ သိနေတော့ ရတဲ့အခွင့်အလမ်းကို အမိအရ ဖမ်းဆုတ်ဖို့ ပြင်ဆင်တော့တယ်။

နောက်လေးနှစ်အကြာ(၁၉၉၉)ခုနှစ် အောက်တိုဘာလမှာ ဂျက်မားဟာ သူ့သူငယ်ချင်း၁၇ယောက်ကို သူ့အိမ်ကိုခေါ် ထမင်းစားဖိတ်ကျွေးပြီး သူတည်ထောင်မဲ့ အင်တာနက်ကုမ္ပဏီမှာ အစုငွေထည့်ဝင်ကြဖို့ ပြောတယ်။ ပထမတော့ အားလုံးဟာ အင်တာနက်အကြောင်းကို နည်းနည်းလေးပဲသိတဲ့ ဂျက်ရဲ့လုပ်ငန်းကို မယုံကြဘူး။ ဒါပေမဲ့ စိတ်အားထက်သန်ပြီး ရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ ဆွဲဆောင်မှုကြောင့် နောက်ဆုံး အစုငွေတွေ ထည့်ကြတယ်။ ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ၆သောင်း ရလိုက်တယ်။ Website တခု ထောင်လိုက်တယ်။ ဂျက်မားဟာ ကွန်ပြူတာပရိုဂရမ်အကြောင်း ဘာမှမသိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့အားသာချက်က တရုပ်စာကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ဘာသာပြန်တတ်တယ်။ သူလိုချင်တဲ့ website ပုံစံရအောင် သူ့သူငယ်ချင်း ကွန်ပြူတာကျွမ်းကျင်သူတွေကို လုပ်ခိုင်းတတ်တယ်။ အလီဘာဘာနာမည်နဲ့ ကုမ္ပဏီထောင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတချို့က သူတို့လိုချင်တဲ့ ပစ္စည်းတွေ လှမ်းမှာတယ်။ ဂျက်မားတို့က ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို အကြောင်းကြားပြီး မှာတဲ့နိုင်ငံကို ပို့ခိုင်းတယ်။ အလုပ်ဖြစ်ရင် ဝန်ဆောင်ခ Commission ယူတယ်။

လအတန်ကြာမှာ အမေရိကန်က ရင်းနီးမြုပ်နံမှုဘဏ်ကြီး Goldman_Sachs က ဒေါ်လာ(၅)သန်းနဲ့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး SoftBank ကဒေါ်လာသန်း(၂၀)ကို အလီဘာဘာမှာ ထည့်ဝင်ကြတယ်။ ၂၀၀၅ခုနှစ်မှာ Yahoo က ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြုပ်နှံလာပြန်လို့ အလီဘာဘာရဲ့ ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိ ရှိလာခဲ့တယ်။

အလီဘာဘာဟာ ပစ္စည်းဝယ်စုထားပြီး အင်တာနက်ကအမြတ်နဲ့ ပြန်ရောင်းနေတဲ့ Amazon တို့ eBay တို့နဲ့ မတူပါဘူး။ ပစ္စည်းဝယ်ချင်သူနဲ့ ပစ္စည်းရောင်းသူချင်း ဆက်သွယ်ပေးလိုက်ပြီး အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ ပွဲစားကုမ္ပဏီမျိုးပါ။ ပွဲစားကုမ္ပဏီက ဘာလို့များ အခုလို ကမ္ဘာသိအောင်မြင်ခဲ့တာလဲ။ တရုပ်ပြည်က ဈေးသက်သာတဲ့ ပစ္စည်းဝယ်ချင်တဲ့ အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။ သဘောက ဘီလီယံချီတဲ့ ဈေးကွက်ကြီးရှိနေတယ်။ ထိုနည်းတူ စီးပွားရေးကောင်းလာလို့ ချမ်းသာတဲ့ တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ အနောက်နိုင်ငံထုတ် Branded ပစ္စည်းအကောင်းစားတွေ ဝယ်ချင်တယ်။ စကားပြောမတူကြတဲ့ လူနှစ်မျိုးကို ကြားခံဆက်သွယ်ပေးနိုင်ပြီး ရောင်းသူရော၊ ဝယ်သူပါ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့လို့ပါ။ ဂျက်မားရဲ့ Business ကျွမ်းကျင်မှုနဲ့ Risk ယူရဲတတ်တာတွေကလဲ ကုမ္ပဏီရဲ့ အောင်မြင်မှုမှာ အဓိကကျခဲ့ပါတယ်။ ယနေ့ အလီဘာဘာကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ(၁၆၀)ဘီလီယံ ဖြစ်နေပါပြီ။

နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက် မှတ်သားစရာလေးတခု ပြောပြချင်ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတခုမှာ တက္ကသိုလ်တက်တုန်းက ဂျက်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့ သူ့မိန်းမချောချောလေး Zhang_Ying က အခုလိုပြောပြခဲ့ပါတယ်။ "မားဟာ ရုပ်မချောပါဘူး။ ဒါပေမဲ့ သူ့မှာ ရုပ်ချောသူတွေ မလုပ်နိုင်တာတွေကို လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ အဲဒီအရည်အချင်းကို သဘောကျလို့ သူ့ကိုကျမလက်ထပ်ခဲ့တာပါ"တဲ့။ ကြားကြရဲ့လား။ သူမလက်ထပ်တုံးက ဂျက်ဟာ တနေ့ ဒီလောက် ချမ်းသာလာမယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျက်ရဲ့ အရည်အချင်းကြောင့် အများကြီးတက်လမ်းရှိတယ်ဆိုတာ သူမ ကောင်းကောင်းသိနေခဲ့တယ်။

အလီဘာဘာနဲ့ ဂျက်မားတို့ရဲ့ စိတ်ဝင်စားဖွယ်အခြားအချက်များ
  1. ဂျက်မားရဲ့ အရပ်ဟာ ငါးပေပဲရှိတယ်။ လူရွှင်တော် ဗေလုဝနဲ့ ရုပ်တူသလို ဗေလုဝလိုပဲ လူကောင်သေးသေးလေးပါ။
  2. အလီဘာဘာဆိုတာ Alibaba_Group ကိုပြောတာဖြစ်ပြီး အဲဒီ Group အောက်မှာ Taobao ရယ်၊ Tmail ရယ်၊ Alibaba ဆိုပြီး ကုမ္ပဏီသုံးခုနဲ့ ဖွဲ့စည်းထားတာပါ။
  3. အလီဘာဘာဆိုတဲ့ နာမည်ကို ဂျက်မားက "အလီဘာဘာနဲ့ ခိုးသားလေးဆယ်" ကမ္ဘာကျော်အာရပ်ပုံပြင်ထဲက ယူလိုက်တာပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ ကမ္ဘာသိပုံပြင်ထဲက နာမည်ကို ယူသုံးလိုက်တာပါ။
  4. အလီဘာဘာရဲ့ကုမ္ပဏီ website တွေကို ဝင်ကြည့်သူတွေဟာ တနေ့ကို လူပေါင်းသန်း(၁၀၀) လောက် ရှိပါတယ်။
  5. ဂျက်မားဟာ ကမ္ဘာကျော် အမေရိကန်ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရဖို့ လျှောက်တာ (၁၀)ကြိမ် ရှိခဲ့ပြီး အကြိမ်တိုင်း အပယ်ခံခဲ့ရပါတယ်။ မကြာခင်ကပဲ ဟားဗတ်တက္ကသိုလ်က သူ့ကို လက်မခံလိုက်တာ မှားသွားတယ်လို့ ဝန်ခံခဲ့ပါတယ်။
  6. ဂျက်မားရဲ့ နာမည်ရင်းက Ma_Yun (မားယွန်း)ပါ။ ဂျက်ဆိုတဲ့ အင်္ဂလိပ်နာမည်ကို သူငယ်ငယ်က ဟန်ဇိုးမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ တိုးရစ်အမျိုးသမီးတယောက်က ပေးခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ ယောက်ျားနဲ့ အဖေနာမည်တွေမှာ Jack ပါနေတယ်။
  7. ဂျက်ဟာ တရုပ်တိုင်ချီသိုင်းကစားတာကို အလွန်ဝါသနာပါလို့ နေ့တိုင်းလေ့ကျင့်ပါတယ်။
  8. ဝန်ထမ်း(၁၅)ယောက်နဲ့ စခဲ့တဲ့ အလီဘာဘာဟာ အခုဝန်ထမ်းပေါင်းသုံးသောင်းကျော် ရှိနေပါပြီ။
  9. အလီဘာဘာဟာ ပစ္စည်းမှာတဲ့ဖေါက်သည်တွေရဲ့ ယြုံကည်မှုရစေဖို့ ပစ္စည်းအတုလုပ်တဲ့၊ လိမ်ညာတတ်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ပါဘူး။
  10. ဂျက်မားရဲ့ အင်္ဂလိပ်စကားပြော ဘယ်လောက်ကောင်းသလဲဆိုတာ သိချင်ရင် Jack_Ma_Davos_Interview ဆိုတဲ့ စကားလုံးကို Youtube မှာ ရိုက်ထည့်ပြီး ဖွင့်ကြည့်လိုက်ပါ။ အံသြသွားလိမ့်မယ်။
ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More