အရင်းရှင်စနစ်ဆိုတာ ဘာလဲ။
တကယ်တော့ အရင်းရှင်စနစ်ဆိုတာက စီးပွားရေးစနစ်သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ် မဟုတ်ပါ။ စစ်ကြီးအပြီး လွတ်လပ်တဲ့ ကမ္ဘာမှာ တနည်းအားဖြင့် အနောက်ဖက်ခြမ်းလို့ ခေါ်ကြတဲ့ နိုင်ငံတွေမှာ အစိုးရကို ပြည်သူလူထုက ရွေးချယ်တဲ့ လစ်ဖရယ်ဒီမိုကရေစီကို ပြန်လည်ကျင့်သုံးလာကြပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ပြန်လည်ပြီးတော့ အကောင်အထည်ဖေါ်လာကြပါတယ်။
ဥရောပက နိုင်ငံတွေထူထောင်ဖို့ မာရှယ်ပလင် (Marshall Plan) ကို အမေရိကန်ငွေနဲ့ စတင် အကောင်အထည် ဖေါ်လာကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီးမက်ကာသာက ဦးဆောင်ပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ကို ရေးဆွဲပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ခဲ့ပါတယ်။
ဆိုဗီယက်တွေ စိုးမိုးထားတဲ့ အရှေ့ဥရောပမှာတော့ ဆိုဗီယက်ပုံသဏ္ဍန် ကွန်မြူနစ်ပါတီ အသီးသီး ပေါ်ပေါက်လာကြရာ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီက (သံမဏိ) လိုက်ကာ Iron Curtain ဆိုပြီး သမုတ်ခဲ့ပါတယ်။
ဒါကြောင့် စစ်ပြီးကာလမှာ ကမ္ဘာကြီးဟာ နိုင်ငံရေးအရ ဒီမိုကရေစီကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ဖေါ်ဆောင်တဲ့ အနောက်အုပ်စုနဲ့ နိုင်ငံရေးအရ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ထူထောင်ပြီးသကာလ စီးပွားရေးအရ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဖေါ်ဆောင်သော အရှေ့အုပ်စုဆိုပြီး ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်ပေါက်ခဲ့ရပါတယ်။
ဒီမှာ စာဖတ်သူများကို သတိပြုစေချင်တာက ဒီမိုကရေစီဆိုတာက လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ အရင်းရှင် စီးပွားရေးစနစ်က လွတ်လပ်စွာ ရောင်း/၀ယ်ခွင့်ရှိတာကြောင့် (လွတ်လပ်မှု) ကို အရင်းတည်ပါတယ်။
ကွန်မြူနစ်စနစ်ကတော့ နိုင်ငံရေးအရ အာဏာရှင်စနစ်ကို အခြေခံပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုတာကလည်း အားလုံးကိုထိန်းချုပ်တဲ့ (ထိန်းချုပ်မှု) (Control) ကို အခြေခံကြပါတယ်။ နောက်ဆုံးတနေ့မှာ ကွန်မြူနစ်စနစ်ကျဆုံးသွားရတာက ဒီ (ထိန်းချုပ်မှု) (Control) ကြောင့်ပဲဆိုတာကို သိမြင်စေချင်ပါတယ်။
တချိန်ထဲမှာ (လွတ်လပ်ခွင့်) ရှိတယ်ဆိုတာနဲ့ (မျှတမှု) (Fair) ဖြစ်ပြီလို့ မဆိုနိုင်ပါ။ အရင်းရှင်စနစ်ဟာ စီိးပွားရေးစနစ်သက်သက်ဖြစ်တာကြောင့် (မျှတခြင်း) ဟာ ၎င်းရဲ့တာဝန်မဟုတ်ပါ။ (မျှတခြင်း) ဟာ နိုင်ငံရေးစနစ်မှာသာ တာဝန်ရှိပါတယ်။
ဒါဆို အရင်းရှင်စနစ်ရဲ့ ရည်မှန်းချက်ကဘာလဲဆိုရင် Wealth Creation လို့ဆိုတဲ့ (ချမ်းသာမှုကိုဖေါ်ထုတ်) ခြင်းသာဖြစ်တယ်။ တနည်းအားဖြင့် မျှတမှုကို တတ်နိုင်သမျှ ဖေါ်ဆောင်တဲ့ Wealth Distribution ချမ်းသာမှုကို (ဝေဖြန့်) ခြင်းလည်း မဟုတ်ပါ။
အများစုက Wealth Creation နဲ့ Wealth Distribution ကို ရောနေကြတဲ့အတွက် အရင်းရှင်စနစ်ကို ဖိဝေဖန်နေကြခြင်းဖြစ်သည်။ ဆိုရှယ်လစ်စနစ်ကမှ Wealth Distribution ကို ဦးတည်ပါတယ်။
ဒီလိုဆိုလို့ အရင်းရှင်စနစ်သည် တရားပါသလားဟု မေးလာလျှင် လုံးဝ (မတရား) ပါ။ အရင်းရှင်စနစ်မှာ (ငွေ) သည်သာ အဓိကဖြစ်၍ (အမြတ်)ရရှိရေးသည် ၎င်း၏ အသက်သွေးကြောဖြစ်သဖြင့် မည်သို့မှ မျှတမှုကို ဦးမတည်နိုင်ပါ။
တဖက်ကကြည့်ရင် မျှတမှုမရှိတဲ့စနစ်ကြီးကို ဘာကြောင့် လက်ခံကျင့်သုံးနေကြရတာလဲလို့ မေးစရာ ရှိပါတယ်။ အဖြေက ရိုးရိုးရှင်းရှင်းလေးပါ။ မွေးကတည်းကိုက လူသားတွေဟာ သာတူညီမျှ မွေးလာကြတာမှ မဟုတ်တာ။
ဥာဏ်ကောင်းသူများပါလာသလို၊ ဥာဏ်နည်း၊ ဥာဏ်ထိုင်းသူများလည်း ပါလာသည်။ စိတ်ကောင်းရှိသူများ ရှိသလို၊ စိတ်ပုတ်သူများကလည်းမရှား။ ရုပ်ရည်ချောမောသူများ ရှိသလို၊ ရုပ်ဆိုးသူများကလည်း အနန္တ။ လူတော်များရှိသလို၊ လူညံ့များလည်းရှိသည်။ နောက်ဆုံး သဘာဝမှာပင် မက်တာ (Matter) ဒြပ်ထု ရှိသလို ၎င်း၏ဆန့်ကျင်ဖက် အင်တီမက်တာ (Anti Matter) လည်း ရှိပြန်သည်။
ထို့ကြောင့် သဘာဝကို ဆန့်ကျင်၍မရ၊ သဘာဝအတွင်း အမျှတဆုံး၊ အကောင်းဆုံးဖြစ်နိုင်အောင်သာ ကြိုးစားကြရမည်။ လွတ်လပ်ပြီဆိုပြီး ကိုယ်မုန်းသည့်သူကို သွားသတ်၍မရ၊၊ လူသတ်မှုနှင့် အဖမ်းခံရမည်။ ကျောက်ခေတ်ကကဲ့သို့ မိမိနှစ်သက်ရာ အမျိုးသမီးကို အိမ်သို့ဆွဲလာလို့မရ။ မှုဒိန်းမှုနှင့် အဖမ်းခံရမည်။
ဒီမိုကရေစီအရ လွတ်လပ်သည်ဆိုရာတွင် ဥပဒေဘောင်အတွင်းမှသာ လွတ်လပ်ခွင့်ရှိသည်ပါ။ လူ့ဘောင်ကျင့်ဝတ်တွေကို လူ့ဘောင်အဖွဲအစည်းတွေက သတ်မှတ်ကြ၍ လူထုကိုကိုယ်စားပြုသူ အမတ်မင်းတွေက လွှတ်တော်မှာ ဥပဒေပြုကာ တရားဝင်မှုကို ဖန်တီးကြရပါသည်။
ထို့နည်းတူစွာ အရင်းရှင်စီးပွားရေးစနစ်တွင်လည်း မျှတမှုအတွက် တရားဝင်မှု၊ တရားမ၀င်မှုကို ဥပဒေနဲ့ပဲ ဘောင်ခတ်ပြီးတော့ ကန့်သတ်ပေးရပါတယ်။ ဥပမာ တိုးတက်သောနိုင်ငံများတွင် တနေ့ ရှစ်နာရီသာ အလုပ်ချိန်အဖြစ် သတ်မှတ်ထားပြီး၊ ပိုလာပါက အပိုလုပ်ခပေးရမည်။ ကလေးအလုပ်သမား မရှိစေရ စတဲ့ ဥပဒေမျိုးတွေပါ။
အမေရိကန်နိုင်ငံတွင် အများမသိသောသတင်းကို အသုံးပြု၍ စတော့အရောင်းအ၀ယ် မလုပ်ရဆိုတဲ့ Insider Trading ဥပဒေ ရှိပါတယ်။ ကျူးလွန်ရင် ထောင်ကျနိုင်ပါတယ်။
ဒါထက်အဆင့်မြင့်တဲ့ မျှတမှုတွေအတွက်ကတော့ ဥပဒေအပြင် (ပေါ်လစီ)နဲ့ပဲ ဖေါ်ထုတ်နိုင်သလို၊ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ Universal Health လို့ခေါ်တဲ့ နိုင်ငံသားတိုင်း ဆေးကုသခွင့်ရှိတယ်ဆိုတဲ့ ပေါ်လစီမျိုးပေါ့။ တဖက်ကပြန်ကြည့်ရင် ဒီမညီမျှမှုကပဲ အရင်းရှင်စနစ်ကို အောင်မြင်စေတာလို့ ငြင်းချက်ထုတ်နိုင်ပြန်ပါတယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်ကျဆုံးရတဲ့ အကြောင်းအရင်းတခုဟာ Incentive လို့ခေါ်တဲ့ (ဆွဲဆောင်မှု/ တွန်းအားပေးမှု) မရှိတာကြောင့်လို့ ငြင်းနိုင်စရာရှိပါတယ်။
ကောင်းပြီ၊ ဒါဆိုရင် အရင်းရှင်စီးပွားရေးစနစ်ရဲ့ ဆွဲဆောင်မှု (၀ါ) တွန်းအားဟာ ဘာလဲဗျလို့ မေးရင် (လောဘ) လို့ ဖြေနိုင်ပါတယ်။ တဆင့်တက်ပြီး အရင်းရှင်စီးပွားရေးစနစ်ဟာ (လောဘ) ကို ၀ရဇိန်လက်နက်အဖြစ် အသုံးပြုတာဗျလို့ ဖြေရင်တောင် မှန်ပါတယ်။
ဘာကြောင့်လဲ။ (Greed is good) လောဘဟာ ကောင်းပါတယ်တဲ့။
ဗမာစကားမှာ လူတွေဟာ လောဘသားတွေမို့ လောဘနှင့် မကင်းဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မာ့က်စ်က ရုပ်ဝါကို အခြေခံသည်မို့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို မမှု၊ အသိမှတ်မပြုဟု ငြင်းနိုင်သည်။
ဗုဒ္ဓဘာသာက လူသားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို အသိမှတ်ပြုတယ်။ ဒီစိတ်တွေကြောင့် အတ္တနှင့် တဏှာ (Attachment) ရှိနေသမျှ၊ တဏှာ မကျွတ်သ၍ သံသရာက မလွတ်နိုင်သေး။ ထို့ကြောင့် ဗုဒ္ဓဘာသာက ဒီလောဘစိတ်နဲ့အတူ အတ္တအစွဲနဲ့ တဏှာကို အဆုံးသတ် အနိုင်ယူဖို့ ကြိုးစားတယ်။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ဆိုက်မှ ဒီစိတ်တွေပျောက်ပြီး နိဗ္ဗန်ကို ရှေ့ရှုနိုင်မှာ မဟုတ်ပါလား။
အရင်းရှင်စီးပွားရေးစနစ်ကတော့ (လောဘ) ကို အသိအမှတ်ပြုရုံမက လောဘကို အားပေးသည်။ (လောဘ) ကို လက်နက်သဖွယ် အသုံးပြုသည်။ ကမ္ဘာကျော် Wall St ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Mr. Grecko ပြောခဲ့တဲ့ စကားဟာ အရင်းရှင် စီးပွားရေးစနစ်အတွက် အမှန်တရားဖြစ်တယ်။ Greed is good လောဘဟာ ကောင်းပါတယ်တဲ့။ တိန်ချောက်ပိန်ကလည်း ထို့နည်း၎င်း ပြောခဲ့တာပဲ။
လောဘမရှိရင် (အမြတ်) ကို ဘယ်ဂရုပြုတော့မှာလဲ။ လောဘရှိမှ အမြတ်များများ လိုချင်တော့မှာပေါ့။ လောဘရှိမှ ပြိုင်ဖက်တွေကို အနိုင်လိုချင်တော့မှာပေါ့။ ဒီပြိုင်ဆိုင်မှု အနိုင်ရလိုမှုက တွန်းအား (Driving Force) လာဖြစ်စေတဲ့အတွက် (ကြိုးစားမှု) (တီထွင်မှု) တွေ ပေါ်ပေါက်ခဲ့ရတယ်။ ဒီကြိုးစားမှု၊ တီထွင်မှုတွေက နောက်ဆုံးအောင်မြင်မှုကို ရရှိစေပြီး အဆုံးမှာ (ချမ်းသာမှု)(Wealth) ကို လာပေးတာ။
ဒါကြောင့် အရင်းရှင်စီးပွားရေးစနစ်ကို Wealth Creation ချမ်းသာမှုကို ဖေါ်ထုတ်ခြင်းလို့ ဆိုကြတာပါ။
လောဘလွန်ရင်ဘာလုပ်မလဲ။
အရင်းရှင်ရဲ့ဖခင်လို့ ပြောကြတဲ့ အဲဒမ်စမစ် Adam Smith က ဈေးကွက်ကို မမြင်ရတဲ့လက် Invisible Hand က ထိန်းပေးလိမ့်မည်လို့ဆိုခဲ့တာ အခုထိမှန်ပေမဲ့ ဈေးကွက်ကပဲ အားလုံးကို တာဝန်ယူသွားလိမ့်မယ် ဆိုတာကတော့ မမှန်ဘူးလို့ စာရေးသူအမြင်ရှိပါတယ်။
လူဆိုတာ လောဘသားများဖြစ်ကြရုံမက ထိန်းကွပ်မှုမရှိလျှင် အဆုံးအထိ မိုက်ဖို့ရာ ၀န်မလေးကြတာကြောင့်ပါ။ ၂၀ရာစု နှစ်ဦးပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးကပ် (Great Depression) ၊ ၂၀၀၇ က ကြုံခဲ့ရတဲ့ ကမ္ဘာ့ငွေကြေးပြဿနာ (Financial Crisis)၊ ယခုဖြတ်ကျော်နေရတဲ့ ယူရိုဒုက္ခနဲ့ နိုင်ငံပိုင်အကြွေးထူမှု ပြဿနာ (Euro and Sovereign Debt Crisis) အားလုံးတွေဟာ လောဘ လွန်ကြူးမှုတွေကြောင့်ပဲ။ ဒါကြောင့် အရင်းရှင်တွေ လောဘလွန်ကြူးတာကြောင့် တကမ္ဘာလုံး စီးပွားရေးကပ် မဆိုက်စေဖို့ရာ အစိုးရတွေက ဥပဒေနဲ့ ဘောင်ခပ်ပေးရပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်မှာတော့ တနိုင်ငံတည်းနဲ့ မထိန်းနိုင်ကြတော့တာကြောင့် အစုလိုက် G8-G20 စသည်ဖြင့် စီးပွားရေးအရ အကြီးဆုံး၊ အရေးအပါဆုံး နိုင်ငံတွေက စုပေါင်းဖြေရှင်းရတဲ့ အဖြစ်ရောက်ရှိနေကြပါပြီ။
အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ်
တချို့က အရင်းရှင်စီးပွားရေးစနစ်နှင့် ဈေးကွက်စနစ် (Free Market) ကို ရောသုံးကြတယ်။ အမှန်က ဈေးကွက်စနစ်ဆိုတာက အရင်းရှင်စနစ်အထဲက ဂွင်းဆက်စပ်ဆက် (Subset) တခုသာဖြစ်တယ်။
စစ်အေးကာလ (Cold War) တုန်းက အနောက်ဖက်ကမ္ဘာက နိုင်ငံတွေမှာ လစ်ဖရယ်ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးကြပြီး အရှေ့ဖက်ကမ္ဘာကနိုင်ငံတွေက ကွန်မြူနစ်စနစ်အောက်မှာ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးကြတော့ ခွဲခြားရတာ လွယ်ပါတယ်။
ဒါပေမယ့် တရုတ်မှာ တိန်လျောက်ပိန်တက်လာပြီး ကွန်မြူနစ်အုပ်ချုပ်ရေးအောက်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနိုင်တယ်လို့ ပြောဆိုလိုက်တော့မှ ရှုပ်ကုန်တယ်လို့ ခံစားရမိတယ်။ အခုတော့ တိန်လျောက်ပိန်ရဲ့ ရှေ့ပြေးအတွေးက ရုပ်လုံးပေါ်လာပါပြီ။ တိန်က နိုင်ငံရေးအာဏာကို ကွန်မြူနစ်ပါတီကပဲ ဆက်ကိုင်ထားပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတာကြောင့် တိန်ရဲ့ မူဝါဒကို State Capitalism လို့ သတ်မှတ်ခေါ်ဝေါ်နေကြပါပြီ။
အရင်းရှင်စနစ်မျိုးစုံ
အရင်းရှင်စနစ်ကို ပုံဖေါ်တဲ့ အပေါ်မူတည်ပြီး အရင်းရှင်ပုံသဏ္ဍာန်အမျိုးမျိုး ပေါ်ပေါက်လာပါတယ်။
အမေရိကန်
အမေရိကန်ပုံသဏ္ဍန်က အရင်ဘရာဇီးအသင်း ဘောလုံးကန်တာနဲ့ တူပါတယ်။ ပီလီခေတ်က ဘရာဇီးဘောလုံးအသင်းဟာ တိုက်စစ်အားက အလွန်ကောင်းတာကြောင့် ခံစစ်ကို အားမထားလှပါ။ ပြိုင်ဖက်အသင်းက တစ်ဂိုးသွင်းရင် ပီလီတို့က နှစ်ဂိုးပြန်သွင်းပြပါလိမ့်မည်။ အမေရိကန် အရင်းရှင်စနစ်ကလည်း ထိုနည်း၎င်းပဲ။ အမေရိကန်ပြည်ကို ကြိုက်တဲ့သူလာပြီး အရင်းအနှီးလုပ်၊ အဟန့်အတားမရှိပါ။ အလွတ်လပ်ဆုံး အရင်းရှင်စနစ်ဖြစ်တယ်။ ဒါ့အပြင် အမေရိကန်ပုံသဏ္ဍာန်က စီးပွားရေးတိုးတက်မှုကို ဦးစားပေးတာကြောင့် တချို့ကလည်း Growth-based economy လို့ ခေါ်ကြပါတယ်။ အမေရိကန်ပုံစံက စီးပွားရေးအကြပ်အတည်းတွေ့ရင် growth ကြီးထွားမှုနဲ့ ရှင်းတာပဲ။
ဥရောပ
ဥရောပကတော့ ဒီမိုကရေစီနည်းနဲ့ ဆိုရှယ်လစ်စနစ်ကို သွားမယ်ဆိုတဲ့ Democratic Socialism နဲ့ ပိုနီးတာကြောင့် အခွန်ပိုကောက်သလို အစိုးရထိန်းချုပ်မှုတွေ ပိုများပါတယ်။ တနည်းအားဖြင့် Wealth Distribution ပိုပြီးတော့ အားများပါတယ်။ စကင်တီ နေဗီးယား လို့ခေါ်တဲ့ နော်ဝေး၊ ဒင်းမတ်၊ ဆွီဒင်တို့မှာ ၀မ်းဗိုက်အတွင်းမှ သေသည်အထိ... From Womb to Tomb အစိုးရကတာဝန်ယူတဲ့ စနစ်ကို ကျင့်သုံးကြပါတယ်။ အခွန်တိုးကောက်၊ ထိန်းချုပ်မှု regulation တွေနဲ့ ပိနေတာကြောင့် ဥရောပပုံစံက growth ကြီးထွားမှု နှေးကွေးတယ်။
ဂျပန်
ဂျပန်ကတော့ ပဒေသရာဇ်စနစ်ရဲ့ အငွေ့အသက်တွေ လုံးလုံးမကုန်သေးတာကြောင့် ပဒေသရာဇ်ဆန်ဆန် အရင်းရှင်စနစ်ကို အသုံးပြုကြတယ်။ ဂျပန်လို ကီရက်စု keiretsu (系列) လို့ခေါ်တဲ့ စီးပွားရေးအုပ်စုတွေ ရှိတယ်။ ဥပမာ Mitsui - Mitsubishi စတဲ့ အုပ်စုတွေ ရှိကြတယ်။ ဥပမာ မစ်စူဘီရှီဘဏ်၊ မစ်စူဘီရှီ အကြီးစား စက်မှုလက်မှု၊ မစ်စူဘီရှီ ကူးသန်းရောင်းဝယ်ရေးစသည်ဖြင့် ကုမ္ပဏီပေါင်းများစွာ ပါဝင်တဲ့ မစ်စူဘီရှီအုပ်စုရှိသလို မစ်စူအီ Mitsui အုပ်စုလည်း ရှိပြန်တယ်။ ဒီကုမ္ပဏီတွေရဲ့ စတော့နဲ့ ရှယ်ယာ (Stocks & Shares) တွေကို အချင်းချင်း ပြန်ဝယ်ထားကြတယ်။ စတော့ဈေးအတက်အကျကို ထိန်းနိုင်အောင်နဲ့ တခြားသူတွေ ၀င်ရောက်ပြိးတော့ မသိမ်းနိုင်အောင် ကာကွယ်ထားကြတယ်။ ဒါမှရေရှည်အတွက် ပလင် (Plan) လုပ်နိုင်အောင်လို့ ဆိုတယ်။ ကိုရီးယားနိုင်ငံကပဲ ဂျပန်ပုံစံကို အတုခိုးတာကြောင့် Samsung ဆန်ဆောင်းအုပ်စု၊ Hyndai ဟွန်ဒေးအုပ်စု ဆိုပြီးပေါ်လာတယ်။
ဒီပုံစံက အမေရိကန်ပုံစံနဲ့ ပြောင်းပြန်ပဲ။ အမေရိကားမှာ သူဌေးတဦးတည်း (သို့) ကုမ္ပဏီတခုတည်းက မအုပ်စီးထားနိုင်အောင် Anti Trust ဥပဒေ ရှိတယ်။ အုပ်စုဖွဲ့ပြီး ဈေးမကစားနိုင်အောင်ပါ။ ကုမ္ပဏီတခုဟာ သိပ်ကြီးလာပြီး ဈေးကွက်ကို မတရားစိုးမိုးထားပြီဆိုရင် အစိုးရက အစိုးရအာဏာနဲ့ ဖြိုခွဲပစ်လိုက်လို့ရတယ်။ ဥပမာ Standard Oil နဲ့ AT&T တို့ကို အစိုးရက ဥပဒေနဲ့ ခွဲပစ်လိုက်တယ်။ ပြိုင်ဖက်မရှိ အဖြစ်မခံဘူး။ နောက်အမေရိကန် ကုမ္ပဏီတွေဟာ ရည်တိုသုံးလပတ် အမြတ်အတွက်ပဲ ကြည့်လွန်းတယ်လို့ အစွပ်စွဲခံရတယ်။ သုံးလတခါ မိမိတို့ရဲ့ လုပ်ငန်းအခြေအနေကို တင်ပြရတယ်။ ဒီတင်ပြချက်အပေါ်မှာ စတော့သုံးသပ်သူ (Stock Analyst) တွေက ဝေဖန်ချက်ပေးပြီး စတော့တန်ဖိုးကိုဖြတ်၊ အတက်အကျကို ကစားကြတာကိုး။
တရုတ်
တရုတ်ပုံစံကတော့ တချို့နေရာတွေမှာ အမေရိကန်ပုံစံ လွတ်လပ်မှုရှိပေမဲ့ အဓိကကွာတဲ့ (၂)ချက်က တရုတ်က သွားမဲ့ရေရှည်ပလင် (Plan) ကို မက်ကရိုအဆင့်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ပြီး တကယ့်ထုတ်လုပ်မှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုပဲ ထုတ်လုပ်စေတယ်။ နောက် အရေးကြီးတဲ့ ကုမ္ပဏီတွေရဲ့ အကြီးအကဲကို ရွေးတဲ့နေရာမှာ အစိုးရရဲ့ ချယ်လှယ်မှုနဲ့ မကင်းဘူး။
မာ့က်စ်ရဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ အရင်းအနှီးတွေကို ပိုင်တာလည်း အစိုးရပဲ၊ ပလင်လုပ်တာလည်း အစိုးရပဲ၊ ထုတ်ကုန်ကို ဖေါ်ထုတ်တာ၊ ဖြန့်ဝေတာ အားလုံးအစိုးရပဲ။ ပကတိ ထိန်းချုပ်မှုအောက်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြီး အသက်မရှူနိုင်ပဲ အသက်ငင်ခဲ့ရတယ်။
တိန်လျောက်ပိန်ချသွားတဲ့ စီးပွားရေးစနစ်မှာ ပိုင်ဆိုင်မှုနဲ့ ထုတ်လုပ်မှုဟာ ပြည်သူတွေလက်ထဲမှာ။ ဒီထုတ်လုပ်မှုကြောင့် သန်း၃၀၀ ကျော်ကို ဆင်းရဲတွင်းက ဆွဲတင်နိုင်ခဲ့တာ။ ချီးကျူးစရာကောင်းတာက တရုတ်ကွန်မြူနစ်ပါတီက တရုတ်လုပ်ငန်းရှင်တွေ ချမ်းသာလာကြတာကို မနာလို မဖြစ်ကြ။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအောင်မြင်မှ သာမန်တရုတ်တွေ အလုပ်ရကြမယ်၊ ဒါကို ကောင်းကောင်းသဘောပေါက်တယ်။ အခု တရုတ်ပြည်မှာ သန်းကြွယ်သူဌေးတွေကနေ ဘီလျံနာတွေ တဖြည်းဖြည်း များလာပြီ။
ရုရှားမှာ ကွန်မြူနစ်စနစ်က အရင်းရှင်စနစ်ကိုပြောင်းတော့ အမေရိကန် စီးပွားရေးပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး အခြေခံအုတ်မြစ်မရှိဘဲ ၀ုန်းဒိုင်းကြီးပြောင်းတော့ ရုရှားပြည်စီးပွားရေးဟာ ဖရိုဖရဲဖြစ်၊ ထုတ်ကုန် GDP ၄၀%အထိ ထိုးကျ၊ လူတွေ အလုပ်လက်မဲ့ဖြစ်၊ ရုရှမလေးတွေ ပျက်စီးနဲ့ အတော်ကို ဒုက္ခရောက်ကြတယ်။ သေသေချာချာ စဉ်းစားထားတာမရှိပဲ ရယ်ဆင် (Yeltsin) ဟာ သူနဲ့ နီးစပ်တဲ့သူတွေကို အစိုးရပိုင်လုပ်ငန်း (SOE) တွေကို နှစ်ပြားတပဲနဲ့ ရောင်းချတော့ သန်းကြွယ်သူဌေးတင်မဟုတ်တော့ဘဲ ခေတ်ပျက်ဘီလျံနာတွေပေါ်လာပြီး အရင်းရှင်စနစ်အစား လက်ရင်းအရင်းရှင်စနစ် (Crony Capitalism) ဘ၀ကို ရောက်သွားရတယ်။
ဒါကိုကြည့်ပြီး တရုတ်ခေါင်းဆောင်တွေက ရုတ်တရက်မပြောင်းဘဲ ဖြေးဖြေးချင်းပြောင်းတဲ့ ပေါ်လစီကို ချမှတ်ခဲ့ကြတယ်။ တိန်လျောက်ပိန်ကိုယ်တိုင်ကလည်း မလျှောက်ဖူးတဲ့လမ်းကို ထွင်ပြီးတော့ လျှောက်ကြရတာမို့ မြစ်ကိုကူးရင် ခြေတလှမ်းချင်း၊ မိမှ နောက်တလှမ်း လှမ်းသလို ဖြေးဖြေးကူးကြလို့ မှာခဲ့တာကိုး။ ဥပမာ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပြောင်းတဲ့နေရာမှာ အစိတ်အပိုင်းတစ်ခုချင်း (Sector by sector) ဖြေးဖြေးချင်း ပြောင်းတယ်။ ဥပမာ လျှပ်စစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ ပြီးမှ retail၊ ဖရုတ်ဖရက်မဖြစ်ရအောင် စနစ်တကျစီစဉ်ပြီးမှ အစိုးရပိုင်တွေကို ပုဂ္ဂလိကကို ပြောင်းတာ။ အနှစ် ၂၀ကျော်လုံးလုံး တရုတ်ရဲ့ GDP တိုးတက်မှုဟာ ကြောက်ခမန်းလိလိပဲ။ ဥပမာ ပလင် (Plan) လုပ်ရာမှာလည်း လျှပ်စစ်လိုအပ်ချက်ကို ရေရှည်အတွက် (လေးဆ)တိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ ကြိုတင်တည်ဆောက်ခဲ့တာတောင် လိုအပ်ချက်လောက်ရုံလေးပဲ ရှိတယ်။ တရုတ်တွေဥာဏ်ရှိတာ... ချီးကျူးအတုယူစရာပဲ။
တရုတ်တွေက တိုင်ဝမ်တရုတ်ကို နိုင်ငံရေးအရသာ ဘာဘာညာညာပြောနေကြတာ စီးပွားရေးနဲ့ ပက်သက်လာရင် တရုတ်တွေပဲ ဖြစ်သွားတယ်။ ဥပမာ ကလင်တန်လက်ထက်မှာ မြောက်အမေရိက လွတ်လပ်စွာ ရောင်းဝယ်မှုစာချုပ်ဆိုပြီး ကနေဒါ၊ အမေရိကန်နဲ့ မက်စီကိုတို့ စာချုပ်ရေးသဘောတူကြပြီး အမေရိကန် စက်ရုံအချို့က လုပ်အားခပေါတဲ့ မက်စီကိုဘက်ကို ရွှေ့သွားကြလို့ ၀ိုင်းအော်လိုက်ကြတာ။ နောက်ပြီး သိပ်မကြာလိုက်ဘူး။ လူမသိသူမသိ တရုတ်ပြည်ကို ရောက်ကုန်ကြပြန်ရော။ ကြားပွဲစားတွေက ဘယ်သူထင်ပါသလဲ။ တိုင်ဝမ်တရုတ်တွေ။ ထို့နည်းတူစွာပဲ အဝေးရောက်တရုတ် (Overseas Chinese)တွေဆီက အကူအညီတွေ အများကြီးရကြတယ်။ အတုယူစရာပါ။
အရင်းရှင်စနစ်ကို ကျင့်သုံးပါတယ်ဆိုပေမဲ့ မိမိရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ လိုက်ဖက်တဲ့နည်းကို ရွေးကြရတာပဲ။
ဒါကြောင့်
- အမေရိကန်ပုံစံ - Growth-Based စီးပွားရေး တိုးတက်မှုကို အားကိုးတယ်။ ယုန်လိုပေါ့။ မြန်မြန်ပြေး၊ လဲကျ၊ ပြန်ထ၊ ပြန်ပြေးပဲ။
- ဥရောပ - ဆိုရှယ်လစ် အဖြစ်ဆုံးပဲ။ safety net လို့ ခေါ်တဲ့ အစိုးရ အစောင့်အရှောက် အများဆုံး။ အခွန်တွေကို ကောက်လွန်းတော့ growth သိပ်နှေးတယ်။ ပက်ကျိပဲ။
- ဂျပန် - ပဒေသရာဇ်စနစ်ရဲ့ သြဇာက မပျောက်သေးဖူး။ အများက လခစားတွေ။ ချမ်းသာတာက ကုမ္ပဏီကြီးတွေ။ Japan Inc.။ ဖါးတပိုင်း ငါးတပိုင်း။
- တရုတ် - ဖြေးဖြေးနဲ့ မှန်မှန်။ လိပ် အစစ်။ သူလည်း Growth-Based စီးပွားရေးပဲ။
အခုလို ပုံစံခွဲပြောရတဲ့ အကြောင်းအရင်းက နိုင်ငံတိုင်းဟာ သူ့ယဉ်ကျေးမှု၊ အတွေးအခေါ်အပေါ် မူတည်ပြီး အရင်းရှင်စနစ်ကို ပုံဖေါ်ကြတာကြောင့့်် စီးပွားရေးကျဆင်းတဲ့ အချိန်အခါမှာ ကိုင်တွယ်ကြတာချင်း မတူကြလို့ပါ။
ဥပမာလေးတင်ပြပါရစေ။
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်လောက်။ ရောနယ်ရီကင်ခေတ်မှာ တရှိန်ထိုး စီးပွားရေးကြီးထွားမှု Boom နှစ်နေရာမှာ ဖြစ်တယ်။ Real Estate လို့ ခေါ်တဲ့ အိမ်ရာမြေနယ်ပယ်နဲ့ Thrift Banks လို့ခေါ်တဲ့ ဘဏ်အသေးစားတွေမှာပါ။ Mortage ဆိုတဲ့ အိမ်ယာမြေငွေချေးမှုကို ဦးစားပေးတဲ့ နယ်ပယ်ဘဏ် အသေးစားလေးတွေပါ။ တချို့ကလည်း Saving and Loans လို့ ခေါ်ကြပါတယ်။
တချိန်ထဲမှာ ဂျပန်မှာလည်းပဲ အိမ်ရာမြေနယ်ပယ် Real Estate Boom ဖြစ်ပါတယ်။
ဝုန်းဆို Bust ပေါက်ကွဲမှုလည်းဖြစ်ရော အမေရိကန်လွှတ်တော်က ဒီဘဏ်တွေမှာ ချေးငွေကို ကြားကန်ပေးဖို့ နောက်ခံငွေသား ဘယ်လောက်ရှိရမယ်ဆိုပြီး ဥပဒေထုတ်၊ Resolution Trust Corp. (RTC) ကို ငွေရင်း(မ)တည်ပေးပြီး ဒီပြဿနာကို RTC လက်ထဲ ထည့်လိုက်တယ်။ RTC က ပြဿနာ မရှိတဲ့ Thirfts တွေကို ချန်ထားပြီး ငွေရှုံးနေတဲ့ Thirfts တွေကို အရှုံးခံပြီး ရောင်းထုတ်ပြစ်လိုက်တယ်။
အနာတည်နေတဲ့ ပြည်ပုတ်တွေကို ညှစ်ထုတ်လိုက်သလိုပေါ့။ အချိန်တိုတိုအတွင်းမှာ ဒီပြဿနာ ရှင်းသွားတော့ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို လာဒုက္ခမပေးတော့ဘူး။ ဒီနယ်ပယ်က လူတွေတော့ အလုပ်တွေပြုတ်၊ ဖရိုဖရဲပေါ့။ ဒါပေမဲ့ ကျန်တဲ့နယ်ပယ်တွေမှာ အလုပ်အသစ်ရှာကြပြီး ဘ၀သစ်ထူထောင် အသက်ဆက်ကြပေါ့။ ဒီပြဿနာရှင်းသွားတော့ RTC ကို ဖျက်ပစ်လိုက်တယ်။ အမေရိကန်နည်းက ရက်စက်တယ်။ သို့သော် ထိရောက်မှုရှိတယ်။
တချိန်ထဲမှာလိုလို ဂျပန်နိုင်ငံမှာလည်း Real Estate Bust ဖြစ်တယ်။ အမေရိကန်နည်းတူ ချေးထားတဲ့ ငွေတွေ၊ ၀င်ငွေမရှိပဲ ငွေမလည်တော့တဲ့ ပြဿနာပေါ်တယ်။ ဂျပန်ယဉ်ကျေးမှုက ပိုင်ဆိုင်မှုတွေ ဆက်စပ်နေတယ်။ အားနာမှုတွေ ရှိတယ်။ အစုလိုက် အပြုံလိုက် အလုပ်ဖြုတ် အပြတ်ရှင်းလို့မရဘူး။ ဒါကြောင့် မျက်နှာနာမှာကို စိုးရိမ်ပြီး တအိအိ ရှင်းနေကြတာ အနှစ် ၂၀ နီးပါး ကြာသွားတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန်ပြီး ခေါင်းထောင်လာတာ မကြာသေးဘူး။
ဒါကြောင့် နိုင်ငံရဲ့အတွေးအခေါ်၊ ယဉ်ကျေးမှုတွေက နိုင်ငံရဲ့ ပြဿနာတွေကို ရှင်းတဲ့အခါ အရေးပါလာတယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့တွေ့ကြုံနေရတဲ့ စီးပွားရေး ဒုက္ခတွေကို လေ့လာတဲ့အခါ ပိုထင်ရှားလာပါလိမ့်မည်။
ရေးသားသူ - Bo K Nyein
ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
No comments:
Post a Comment