Wall St နှင့် ငွေကြေးကဏ္ဍ အပိုင်း(၃)

5:00 PM | ,


Wall St နှင့် ငွေကြေးကဏ္ဍ

အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာ အရေးအကြီးဆုံးပဲ။ သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာ ချေးပေါ့။

အမှန်က ငွေကြေးနဲ့ ပက်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍလို့ ခေါ်ပါတယ်။
ငွေကြေးကဏ္ဍအတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်းဈေးကွက်လို့ ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ ခေါ်ပါတယ်။ တချိန်တည်းမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ၊ သံမဏိကဲ့သို့ တွင်းထွက်ပစ္စည်းစတဲ့ ကုန်ကြမ်းနဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန်တို့ကို လဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက်နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရာ ဈေးကွက်အသီးသီး ရှိကြပါတယ်။

ဘဏ်ဆိုတိုင်းလည်း အများသိကြတာက ဘဏ်ဆိုတာနဲ့ မိမိတို့ငွေအပ်နှံရာဌာနနဲ့ မိမိလုပ်ငန်းအတွက် ငွေချေးနိုင်တဲ့ဌာနလို့ပဲ မြင်မိကြမယ်လို့ ထင်မိတယ်။ ဒါကို ရောင်းဝယ်ရေးဘဏ် Commercial Banks လို့ ခေါ်ပါတယ်။ ဒီဘဏ်တွေရဲ့ လုပ်ငန်းစဉ်က ရှင်းရှင်းလေးပါ။ လူတွေက ငွေလာအပ်နှံထားကြတယ်။ ဘဏ်က အတိုးနဲနဲပေးတယ်။ မထုတ်ဘဲ ကြာကြာထားရင် အတိုးများများရတယ်။ ဒီငွေကို စုပြီး ဘဏ်တွေက ငွေလိုတဲ့လုပ်ငန်း (Businesses) တွေကို ငွေချေးတယ်။ ဘဏ်က အတိုးရတယ်။ ဒီလိုငွေလည်ပတ်သွားတော့ အရင်းအနှီးတွေ ပိုလာတယ်။

အမေရိကားနဲ့ တိုးတက်ပြီး နိုင်ငံအများစုမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ဘဏ်တွေအပြင် ဒေသ၊ တိုင်းဒေသဘဏ် (Regional Banks) ဆိုတာတွေရှိသလို Saving and Loans လို့ခေါ်တဲ့ Mortage အဆောက်အဦအကြွေးလည်းလုပ်တဲ့ ဘဏ်တွေရှိပြန်တယ်။

အရင်းအနှီးဘဏ် (Investment Banks)
အရေးအကြီးဆုံးက Investment Banks လို့ခေါ်တဲ့ ရင်းနှီးမှုဘဏ် ဆိုတာတွေရှိတယ်။ ဒီဘဏ်တွေက ရိုးရိုးပြည်သူတွေအတွက် မဟုတ်၊ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီကြီးတွေ ငွေရင်းလိုတဲ့အခါ (ငွေရင်း)ရှာဖို့နဲ့ ငွေရှိသူတွေ ရင်းနှီးဖို့ (Investment) အတွက်ဖြစ်တယ်။ ဥပမာ စတော့ (Stocks) နဲ့ ဘွန်း (Bonds) တွေ ထုတ်ပေးတယ်။ Brokerage လို့ခေါ်တဲ့ (ပွဲစား) အလုပ်လည်း လုပ်တယ်။ Private Banking လို့ ခေါ်တဲ့ ငွေရှင်တွေအတွက် ရင်းနှီးမှုကိုလည်း တာဝန်ယူပေးတဲ့ အလုပ်ကိုလုပ်တယ်။ မိမိကိုယ်တိုင်လည်း Stocks & Bonds ကို အရောင်း/အ၀ယ် လုပ်တယ်။

ကုမ္ပဏီကြီးတခုက နောက်ကုမ္ပဏီတခုကို ၀ယ်ချင်ရင် ဒါကို (M&A) Merger & Acquisition ပေါင်းစပ်ခြင်းနဲ့ သိမ်းယူခြင်းလို့ ခေါ်ပါတယ်။ ဒီလို (M&A) လုပ်ရင် ၀ယ်ချင်တဲ့ ကုမ္ပဏီက ပစ်မှတ်ကုမ္ပဏီရဲ့ အကြောင်းနဲ့ Stock history စတော့ရာဇ၀င်အားလုံးကို သိဖို့လိုပါတယ်။ နောက်ပြီး ၀ယ်ရင် Public ကုမ္ပဏီဖြစ်ရင် ပစ်မှတ်ကုမ္ပဏီရဲ့ စတော့တန်ဖိုးက ဘယ်လောက်ရှိတယ်၊ ဘယ်ဈေးနဲ့ ပေးဝယ်မယ်ကအစ ဒီ Investment Banks ရဲ့လက်အပ်ရတာပဲ။ ၀ယ်ရင်လည်း မြန်မာနိုင်ငံမှာလို ငွေအလုံးအရင်း ပေးဝယ်တာမဟုတ်ဘဲ Stocks နဲ့ ချေတာများပါတယ်။

တခါတရံလည်း Public ကုမ္ပဏီကို Private လုပ်တာတွေရှိတယ်။ Public ကုမ္ပဏီဆိုတာက Public လူထုကို Stocks တွေ ထုတ်ရောင်းထားတဲ့အတွက် သုံးလတခါ မိမိရဲ့ ငွေစာရင်းအခြေအနေကို ရှင်းပြရပါတယ်။ ငွေကြေးရှင်းတမ်း Financial Statement လို့ ခေါ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Stocks Analyst လို့ခေါ်တဲ့ စတော့လေ့လာသူတွေက ဝေဖန်ကြပြီး ဒီစတော့ရဲ့ တန်ဖိုးဟာ ဒီ (၃)လ၊ (၆)လ၊ တနှစ်အတွင်း ဘယ်လောက်အထိ ဈေးတက်နိုင်တယ်၊ ကျနိုင်တယ်ဆိုပြီး ထင်မြင်ချက်ပေးကြတယ်။ အရင်းနှီးပြုသူ Investors တွေက ဒီလို ရီပေါ့ (Report) တွေကို ကြည့်ပြီး ၀ယ်/ရောင်းမယ်ဆိုတာကို ဆုံးဖြတ်ကြရတယ်။ Private ဆိုတာက ပုဂ္ဂလိက ပိုင်ဆိုင်တာကြောင့် စတော့ထုတ်ရောင်းစရာလည်း မလိုသလို၊ (၃)လပတ်ရှင်းတမ်းလည်း ထုတ်စရာမလိုပါ။ ရှုံးရှုံးမြတ်မြတ် ပိုင်ဆိုင်သူနဲ့သာ ဆိုင်တာကိုး။

စတော့ နဲ့ ဘွန်း (Stocks & Bonds)
စတော့ နဲ့ ဘွန်း (Stocks & Bonds) ဆိုတာတွေကတော့ တကယ်တော့ ငွေရှာ/ ငွေချေးတာပါပဲ။ အရင်းရှင်စနစ်မှာ အဓိက အကျဆုံးက (၀င်ငွေ) ရှိဖို့ လိုအပ်ပါတယ်။ အလုပ်သမားက အလုပ်ရှိရင် (၀င်ငွေ) ရှိတယ်။ လစာ (Salary) လို့ခေါ်ပါတယ်။

Blue Collar သမားက နာရီနဲ့ရတာ များတယ်။ White Collar အလုပ်သမားက လစာရကြတယ်ပေါ့။
အမေရိကားမှာတော့ နှစ်ပတ်တခါ လစာထုတ်ကြတာ များတယ်။

အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေလည်း (၀င်ငွေ) ရှိတယ်။ လုပ်ငန်းကုန်ကျငွေဟာ ၀င်ငွေထက်နည်းရင် (အမြတ်) ရှိတယ်။ သုံးငွေနဲ့ ၀င်ငွေ မမျှရင် (အရှုံး) ပေါ်တာပေါ့။ Financial Statement က ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေကို သာမာန်အားဖြင့် ဖေါ်ပြကြပါတယ်။

အရင်းရှင် ငွေကြေးစနစ်က ၀င်ငွေပြနိုင်ရင် ဒီဝင်ငွေအပေါ်မူတည်ပြီး (အကြွေး) ယူနိုင်တယ်။ အကြွေး ယူရင် (အတိုး) ပေးရတယ်။ ဒီ(အတိုး)က ဘဏ်နဲ့ ငွေချေးရာဌာန (Financial Institution) အတွက် (၀င်ငွေ) လာဖြစ်တယ်။

ငွေချေးပြီးပြန်ဆပ်တော့ ပေးဆပ်သူက (အတိုး) နဲ့ (အရင်း) ပေါင်းပြီး တလဘယ်လောက်သွင်းဆိုပြီး ပြန်ဆပ်ရတယ်။ ဘာကြောင့် ပြန်ဆပ်နိုင်တာလဲ။ လစဉ် လစာရှိရင်ရှိ၊ မရှိရင် (၀င်ငွေ) ရှိရမယ်။ ဥပမာ ရင်းနှီးမှု (Investment) ကနေ ၀င်ငွေ ရှိချင်ရှိမယ်။ ပင်စင် လစာရချင်ရမယ်။

နောက်ဆုံးတော့ (၀င်ငွေ) ရှိရင် ငွေလည်သွားပြီ။ (ငွေ) ကို အသေမထားဘူး။ (အရှင်) ထားတယ်။ ဒီတော့ (ငွေ) က (ငွေ) ကိုပြန်ဖေါ်တာပဲ။

ကျနော်တို့ ဗမာနိုင်ငံမှာတော့ အိပ်ရာအောက်သိမ်း၊ ဟိုသိမ်းဒီသိမ်း၊ ဟိုမြှုပ်ဒီမြှပ် လုပ်ကြတာ ဘယ်လောက် (နာ) တယ် ထင်ပါသလဲ။(စနစ်) မရှိတာပါ။ ကြားထဲ ခိုးလို့ဖြစ်စေ၊ ဓါးပြအတိုက်ခံရလို့ ဖြစ်စေ ဆုံးရှူံးမှုတွေ ရှိတယ်။

Leverage လုပ်တယ်ဆိုတာဘာလဲ။
အရင်းရှင်စနစ်မှာ ငွေကို အသေမထားရဘူး။ ဒါကြောင့် (၀င်ငွေ) ရှိရင် ဒါကို (အရင်း) ပြုပြီး ငွေဖေါ်ရမယ်။ ဒါကို Leverage လုပ်တယ်လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် ၀င်ငွေရှိတဲ့ လုပ်ငန်းကို (အပေါင်) ထားပြီး ငွေဖေါ်တာပါပဲ။

ဥပမာ ကျနော်က ရန်ကုန်-မန္တလေးအဝေးပြေး ခရီးသည်ဘတ်စ်ကားလိုင်း ထောင်ချင်တယ် ဆိုပါတော့။ ယမုံနာ အဝေးပြေးကားကုမ္ပဏီလို့ ခေါ်ကြရအောင်။

ဘတ်စကားတွေ ၀ယ်ရမယ်။ ကားမောင်းသမား ငှားရမယ်။ လက်မှတ်အရောင်းစာရေးတွေ ခန့်ရမယ်။ ကားပျက်ရင်ပြင်ဖို့ ငွေရှိရမယ်ပေါ့။ အလုပ်သမားလစာ ပေးတာတို့၊ နေ့စဉ်လက်မှတ် ရိုက်တာတို့စတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါကို Operating Cost လည်ပတ်မှုအတွက် ကုန်ကျစရိတ်လို့ ခေါ်ပါတယ်။

နောက်လုပ်ငန်းအောင်မြင်လို့ တိုးချဲ့ဖို့ ကားအသစ်တွေ ၀ယ်ရမယ်။ ကားပြင်ဖို့ hydraulic တွေ ၀ယ်ရမယ်၊ ကားပြင်ဖို့ စက်ကရိယာတွေ၊ ကွန်ပြူတာတွေ ၀ယ်ရမယ်ဆိုပါစို့။ ဒါတွေကို Capital cost ငွေရင်းလိုတာမို့ ငွေရင်းငွေလို့ ခေါ်ပါတယ်။ လုပ်ငန်းတိုင်းမှာ Operating Cost နဲ့ Capital cost ဆိုတာ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ငွေရင်းကို ဘယ်ကရမှာလဲ။ ဘဏ်ဆိုတာက collateral လို့ခေါ်တဲ့ ပိုင်ဆိုင်မှု အပေါင်ပစ္စည်းရှိမှ။ ပြန်ရစရာ အိုးအိမ်နဲ့ စိန်ရွှေရတနာရှိမှ ငွေချေးမှာကိုး။ ငွေချေးရင် အတိုးပေးရတယ်။ တနှစ်လောက်အကြာမှာ စာရေးသူရဲ့ လုပ်ငန်းက ပုံမှန်ဝင်ငွေရှိလာပြီ။ တိုးချဲ့ချင်တယ် ဆိုပါစို့။ ငွေရင်းဘယ်က ရမှာလဲ။ ဘဏ်ကနေ ထပ်ချေး၊ အတိုးထပ်ပေးရုံပဲ ရှိတယ်။

အရင်းရှင်နိုင်ငံမှာတော့ မိမိလုပ်ငန်းဝင်ငွေရှိပြီ။ ဒါကို leverage ယူပြီး Stock တွေ ထုတ်ရောင်းလို့ ရပါတယ်။ ဒါကို IPO (Initial Public Offering) လို့ ခေါ်ပါတယ်။ ပထမဦးဆုံး Stock စရောင်းတာမို့ပါ။
တဖက်ကကြည့်ရင် Stock ရောင်းတယ် ဆိုတာက မိမိရဲ့ လုပ်ငန်းအောင်မြင်မှုကို Public လူအများနဲ့ share မျှဝေခံစားတာပဲ။ ငွေရှိတဲ့သူက အောင်မြင်တဲ့လုပ်ငန်းရဲ့ တစိတ်တဒေသကို ငွေနဲ့ ၀ယ်ယူတာပဲ ဖြစ်တယ်။ ကုမ္ပဏီဖက်ကကြည့်ရင် မိမိရဲ့အောင်မြင်မှုကို အရင်းတည်ပြီး (leverage) လုပ်ပြီး ငွေဖော်တာပဲ။ Stock ရောင်းလို့ရတဲ့ ငွေနဲ့ Capital cost ကို တိုးချဲ့နိုင်တာကြောင့် ကားအသစ်တွေ ၀ယ်နိုင်မယ်၊ အလုပ်သမားသစ်တွေ တိုးငှားနိုင်မယ်။ ဒါကြောင့် ရန်ကုန်/မန္တလေးအပြင်၊ မန္တလေး/မေမြို့/ တောင်ကြီး လိုင်းသစ်တွေကို တိုးချဲ့နိုင်မယ်။ ဈေးကွက်ချဲ့နိုင်တာကြောင့် ၀င်ငွေတိုးမယ်။ ၀င်ငွေမှန်မှန်တိုးပြီး လုပ်ငန်းပိုအခြေကြလာရင် လူတွေက စာရေးသူရဲ့ ယမုံနာကုမ္ပဏီကို ပိုယုံကြည်လာပြီး stock ဈေးတက်တော့ ရင်းထားတဲ့လူတွေလည်း အကျိုးရှိတာပေါ့။

ကုမ္ပဏီလည်း Stock တွေ ပိုထုတ်နိုင်သလို Bond ထုတ်ရောင်းရင် လူတွေဝယ်ကြတော့မှာပေါ့။ Stock ဆိုတာဟာ (ပိုင်ဆိုင်မှု) ပါလာပြီး အတက်အကျရှိတယ်။ စွန့်စားမှု Risk ရှိတယ်။

Bond ဆိုတာကတော့ (ငွေချေး) စာချုပ်သက်သက်ပဲ။ ရေတို/ရေရှည် Bond ရှိတယ်။ အချိန်ကိုလိုက်ပြီး အတိုးအမျိုးစုံ ရှိတယ်။ Bond ၀ယ်သူက အတိုးစားရမယ်။ ၂ နှစ် Bond ဆိုရင် ၂ နှစ်မှာငွေပြန်ရမယ်။ ၁၀နှစ် Bond ဆိုရင် ၁၀နှစ်မှာမှ အရင်းပြန်ရမယ်။ mature date လို့ ခေါ်ပါတယ်။

ဒါတွေက အကြမ်းဖျင်းပဲ ရှိသေးတယ်။ Controlling Share ထိန်းချုပ်မှုရှယ်ယာ လို့ခေါ်ပါတယ်။ ဥပမာ ယနေ့ Rudolf Murdoch ရဲ့ News Corp ဆိုတာ ပြဿနာတွေ ပေါ်နေတယ်။ ဒါပေမဲ့ Murdoch ရဲ့ မိသားစုက Controlling Shares တွေကို ကိုင်ထားတဲ့အတွက် Share Holders meeting ရှယ်ယာ ပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ Murdoch မိသားစုကို မကျော်နိုင်။

ဒါကြောင့် Stock & Share ထုတ်ဝေတော့မယ်၊ Bond ထုတ်ရောင်းမယ်ဆိုရင် ဒီ Investment ဘဏ်တွေကို ငှားရတာပါပဲ။

ငွေအသေမခံ
အရင်းရှင်လောကမှာ ငွေကို အရှင်ထားကစားတာပဲ။ ငွေကို အသေမခံချင်ကြဘူး။ Secondary Mortage နဲ့ Mortage Based Bonds တွေ အကြောင်း၊ ၂၀၀၇ ငွေကြေးပြဿနာအကြောင်းရေးတုန်းက ရေးပြပြီးပါပြီ။ ဥပမာ စားသုံးသူ Consumer လူထုဟာ ဘဏ်တွေက အကြွေးကဒ် (Credit Card) ထုတ်ပြီး အကြွေးစားသုံးကြတယ်။ အများက ဒီလ $ ၁၀၀၀ သုံးရင် အကုန်ပြန် မဆပ်နိုင်ကြဘူး။ $ ၅၀၀ ပဲ ပြန်ဆပ်နိုင်တယ်ဆိုရင် $ ၅၀၀ အကြွေးတင်ရင် ဒီ $ ၅၀၀ အပေါ်မှာ အတိုးပေးတော့ပေါ့။ ဘဏ်တွေက ဒီ (Credit Card) အကြွေးတွေကို စုပေါင်းပြီး Bond ထုတ်ပြီးပြန်ရောင်းတယ်။ ဥပမာ ဘဏ်က စားသုံးသူဆီမှာ ၄% နဲ့ အတိုးယူရင် ၁% ပဲစားပြီး ၃% ကို Bond ၀ယ်သူကို ပေးစားလိုက်တယ်။ ၁% ပဲ အတိုးစားလို့ သူတော်ကောင်းလို့ မထင်လိုက်ပါနဲ့။ ဘီလျံနဲ့ချီတော့ အတိုးခက သန်းနဲ့ချီရပါတယ်။ ငွေပြန်ဖေါ်တာလေ။ တခါ ပေါ်လာတဲ့ (ငွေ) နဲ့ ပြန်ချေး ငွေထပ်ဖေါ်ပေါ့။

ကြံရည်ညှစ်သလို ဒီငွေကို အကြိမ်ကြိမ်ချေး၊ အကြိမ်ကြိမ် (၀င်ငွေ) ရအောင်လုပ်တာပါ။ ဒီလို Bond မျိုးစုံကို retail ပြန်ရောင်းတော့လည်း ဒီ Investment Banks တွေကပဲ ပြန်ရောင်းပေါ့။

အစိုးရ ဘွန်း (Bonds)
ရပ်ကွက်၊ ပြည်နယ်၊ တိုင်းပြည်ကို အုပ်စိုးရတဲ့ အစိုးရတိုင်းမှာလည်း (၀င်ငွေ) ဆိုတာရှိပါတယ်။ (အခွန်) TAX ဆိုတာ အစိုးရတိုင်းအတွက် ၀င်ငွေပါပဲ။ ဒါကြောင့် ဒီဝင်ငွေကို leverage အရင်းတည်ပြီး ငွေချေးလို့ရပါတယ်။ Bond တွေ ထုတ်ရောင်းလို့ရပါတယ်။

Capital market ငွေရင်းရှာတဲ့ ဈေးကွက်မရှိတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ တံတားတွေဆောက်ချင်တယ်၊ လမ်းတွေဖောက်ချင်တယ်ဆိုရင်၊ အစိုးရဟာ မိမိတို့ရဲ့ဘတ်ဂျက်ငွေထဲက ငွေနဲ့ပဲ ဆောက်ရပါမယ်။ ကံကောင်းချင်တော့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်တဲ့နိုင်ငံဖြစ်ပြီး သယံဇာတမှန်သမျှ အစိုးရပိုင်လို့ သတ်မှတ်တဲ့အတွက် ၀င်ငွေရှိတာကြောင့် ဘတ်ဂျက်ရှိပေမဲ့ ဒီငွေတွေကို အလုံးအရင်း မပေးရဘဲ သတ်မှတ်ထားတဲ့ အတိုးနဲ့အရင်းကို မျှပေးနိုင်ရင် သန်း ၁၀၀ သာတတ်နိုင်မဲ့အစား သန်း ၂၀၀ သန်း ၃၀၀ တတ်နိုင်ရင် တိုးတက်မှု ပိုမမြန်နိုင်ဘူးလား။ မဆလခေတ်မှာ ဘာမှ မဆောက်နိုင်ခဲ့တာ ဘတ်ဂျက်မရှိလို့ မဟုတ်ပါလား။

တခြားနိုင်ငံတွေမှာတော့ မြူနီစပယ်အစိုးရက ငွေလိုချင်ရင်တောင် Bond ထုတ်ရောင်းကြပါတယ်။ မြူနီစပယ် Bond မို့၊ မြူနီ (Muni) လို့ ခေါ်ပါတယ်။ ငွေချေးပြီး တည်ဆောက်ကြတာပါ။

အမေရိကန်နိုင်ငံမှာ အစိုးရကချေးတဲ့ Bond ကို Treasury Notes လို့ခေါ်ပါတယ်။ အမေရိကန် နိုငံရေးသမားတွေဟာ ကိုယ့်ပိုက်ဆံမဟုတ်တိုင်း တိုင်းပြည်ပိုက်ဆံကို မတရား ဖြုန်းကြတယ်။ ယနေ့ အမေရိကားမှာ အခွန်ကနေ လက်ငင်းရငွေ တလ ၁၇၀ ဘီလျံရှိပြီး သုံးငွေက ဘီလျံ ၃၀၀ ကျော်ပါတယ်။ အသုံးလျော့ဖို့ ၀ိုင်းပြောတာလဲ မရပ်နိုင်ကြ။ သမ္မတ ဘုဒ်ဟာ သူ့သက်တမ်း (၈) နှစ်မှာ ဒေါ်လာ (၄) ထီလျံ သုံးသွားတယ်။ အိုဘာမားက (၃) နှစ်ကျော်ကျော်လေးမှာ (၅) ထီလျံ ဖြုန်းပြီးပြီ။ စာရေးသူရဲ့ အမြင်အရ အိုဘားမားဟာ ရပ်ကွက် အက်တစ်ဗစ်အဆင့်ကနေ အီလီနွိုင်ပြည်နယ်အတွက် ဆီနေတာ သက်တမ်းပြီးအောင်တောင် တာဝန်ကို မထမ်းဆောင်ရသေးဘူး။ တရားအဟော ကောင်းတာနဲ့ အမဲကွဆိုပြီး လက်ဝဲလစ်ဖရယ်တွေက ၀ိုင်းမြှောက်တင်လိုက်ကြတာ သမ္မတဖြစ်လာပေမဲ့ အုပ်ချုပ်ရေးရော၊ နိုင်ငံခြားရေးရော နားမလည်သလို စီးပွားရေးအကြောင်းကို (ဂဃဏန) မသိ၊ အစက စသင်နေရတယ်။ ဟီလာရီကလင်တန်နဲ့ တခြားစီပဲ။ ခုမှ လက်ဝဲတွေ၊ လစ်ဖရယ်တွေ ဈေးဝယ်မှားတဲ့ နောင်တ Buyers Remorse ရနေကြပြီ။ အမေရိကန်နိုင်ငံဟာ လောလောဆယ် အကြွေးဟာ ၁၅ ထီလျံ ကျော်သွားပြီ။ GDP က ၁၂ ထီလျံကျော်ကျော်။ အကြွေးသိပ်ထူလာရင် အတိုးနှုန်းတက်လာပြီး ဂရိနိုင်ငံလို သူတောင်းစားနိုင်ငံဖြစ်မှာကို ဥာဏ်ရှိသူတွေက တွေးပူနေကြရပြီ။

ဒီအစိုးရ Bond တွေ ထုတ်ရောင်းတာအတွက်ရော၊ Treasury Notes တွေရောင်းဖို့ ပွဲစားလုပ်တာ အားလုံး Investment နဲ့ Banks Brokerage တွေရဲ့ လက်ထဲပဲအပ်ရတာပဲ။ အမှန်တော့ ဒီ Investment Bankers တွေဟာ ကြားပွဲစားအကြီးစားတွေပဲ။ ဟိုဖက်ဒီဖက် နှစ်ဖက်(ခွ)စားတာပဲ။ ဒါကြောင့် regulation လျော့သွားတဲ့အခါ လောဘမထိန်းနိုင်ပဲ (အစား)လွန်သွားတော့ ၂၀၀၇ Financial Crisis ဖြစ်ရတာပဲ။

ဒီရစ်ဗစ်တစ် (Derivatives)
သင်္ချာဘာသာရဲ့ ကဲကုလပ် Calculus ဘာသာရပ်မှာ အမှီခံတန်ဖိုး Input ပြောင်းသွားရင် မှီခိုတန်ဖိုး function တခုဟာ ၎င်း၏တန်ဖိုးက ဘယ်လိုပြောင်းသွားသလဲဆိုတဲ့ တိုင်းတာမှုကို ဒီရစ်ဗစ်တစ် Derivatives လို့ခေါ်ပါတယ်။ ဥပမာ ရွေ့ရှားနေတဲ့ အရာဝတ္ထုရဲ့အချိန်နဲ့ ယှဉ်တဲ့နေရာ (Position) ဟာ အဲဒီဝတ္ထုရဲ့ (အမြန်နှုန်း) (velocity) ဖြစ်တယ်။ ထို့နည်းတူစွာပဲ စီးပွားရေးမှာလည်း သူ့ဟာသူ တန်ဖိုးမရှိပေမဲ့ အခြားအရာကနေ တန်ဖိုးဖြစ်လာတာကို Derivatives လို့ခေါ်ပါတယ်။ ဒါတွေကို Financial Instrument ငွေကြေးကရိယာလို့ ခေါ်ပါတယ်။ ဒါတွေကို လက်နက်အဖြစ် အသုံးပြုပြီး ငွေကြေးကစားကြတယ်လို့ ခေါ်ပါတယ်။ နဲနဲရှုပ်ထွေးတဲ့အတွက် လွယ်လွယ်ပြောရရင် နောက်ဆက်တွဲ ငွေရှာနည်းတွေ အများကြီးရှိတယ်လို့ ယေဘူယျအားဖြင်သာ မှတ်သားထားစေချင်ပါတယ်။ ၂၀၀၇ ငွေကြေးပြဿနာ 2007 Financial Crisis အကြောင်းရေးခဲ့တဲ့ ဆောင်းပါးမှာ CDO နဲ့ (Collateralized debt obligations) CDS တွေရဲ့ အကြောင်းကို လုံးစေ့ပတ်စေ့ ဖော်ပြပြီးခဲ့ပါပြီ။ CDS ဟာ Credit Derivatives အမျိုးအစားထဲမှာပါပါတယ်။

ဒါတွေဟာ တကယ်တော့ ရှုံးနိုင်တဲ့ စွန့်စားမှု Risk ပါလာပါတယ်။ ဒါကြောင့် ဒီလို ငွေကြေးကရိယာ Financial Instrument တွေဟာ လောင်းကစားဆန်လာတယ် ဆိုလည်းမမှားပါဘူး။ ဒါထက် ပိုဆိုးတာက ဒီကရိယာတွေဟာ ရှုပ်ထွေးလွန်းတာကြောင့် Investment Banks တွေကို အုပ်ချုပ်နေတဲ့ ထိပ်ဆုံးပုဂ္ဂိုလ် CEO တွေတောင် အသေးစိပ်သိကြသည်မဟုတ်။ မိုးကောင်းနေတုန်း၊ ၀င်ငွေများနေချိန်မှာ သတိရှိရန်လည်း မသိခဲ့ကြ။ ထို့ပြင် သမ္မတဘုဒ်က အသေးစိပ်ကို ဂရုစိုက်တတ်သည့် ဥာဉ်မရှိ။ အဲဒန်စမစ် စကားအတိုင်း ဈေးကွက်က တာဝန်ယူလိမ့်မည်ဟု သဘောထားသူ။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကိုထိန်းရမည့် အစိုးရထိန်းကွပ်သူ regulators များကို ခန့်ရာတွင် လောဘီရစ် Lobbyist တွေကို ဆွဲခန့်တော့ ကြက်အိမ်အထဲ မြေခွေးထည့်ပေးလိုက်သလို ဘဏ်သမား Bankers တွေအဖို့ သကာတွေ့ ကိန်းကြုံရပါတော့တယ်။ လောဘီရစ် Lobbyist ဆိုတာက မိမိအကျိုးဆောင်ဖို့အတွက် အမတ်မင်းတွေကို ပေါင်းပြီး ရှေ့နေလိုက်ပေးသူများ ဖြစ်ကြပါတယ်။ ထို့ကြောင့် Lobbyist Firm အများစုဟာ ၀ါရှင်တန် K St မှာရှိတဲ့ ရှေ့နေဥပဒေ အကျိုးဆောင်အုပ်စုတွေရဲ့ အစိတ်အပိုင်းအဖြစ် ရပ်တည်ကြပါတယ်။ နဂိုကမှ ရှုပ်ထွေးတဲ့ အရောင်း/အ၀ယ်ကိစ္စကို ကြပ်ကြပ်မတ်မတ်ထိန်းပေးရမှာကို ထိန်းသိမ်းသူ regulator တွေက ကိုယ့်လူဖြစ်နေတာကြောင့် အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်လာခဲ့ကြရာ ၂၀၀၇ ငွေကြေးပြဿနာပေါ်မှ အမေကယ်ပါ၊ အဖေကယ်ပါကိန်း ဆိုက်ခဲ့ကြရတာပါ။

တခြားကရိယာတွေ
အရင်းရှင်စနစ်ဆိုတာ (လောဘ) ကို အင်အား၊ လက်နက်သဖွယ် အသုံးပြုပြီး ခိုင်းစားတာကြောင့် ရေယိုပေါက်ရှာသလို၊ ဘယ်နေရာက (အမြတ်) ရသလဲ ဆိုတာတွေကို အမြဲစဉ်းစားနေကြသူများ ဖြစ်သည်။ ၁၉၈၀ ခုနှစ်များက သမ္မတ ရောနယ်ရီကင် လက်ထက်မှာ Junk Bonds၊ LBO leverage Buy Out၊ Arbitrage ဆိုတဲ့ ငွေကြေးကရိယာ Financial Instruments တွေဟာ ခေတ်စားခဲ့ပါတယ်။ တခေတ်တခါ က Junk Bonds ဥာဏ်ရှင် Michael Milken ရဲ့ Drexel ကုမ္ပဏီဆိုတာ နာမည်ကျော်ပေါ့။ နောက်ဆုံး Drexel ကုမ္ပဏီလည်းပျက်သွားပြီး Michael Milken လည်း ငွေကြေးနယ်ပယ်မှာ (မလုပ်ရ) ဆိုပြီး နယ်နှင်ခံရသလို ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ဒါက ၈၀ ခုနှစ်က လွန်ကျွံမှု (Excesses) တွေပါ။ တခါ ၉၀ ခုနှစ်တွေမှာ Y2K, Tech Boom, Telecom Boom ဆိုတာတွေဖြစ်တော့ တခါ Wall St မှာ ပျော်ကြ၊ ပါးကြ၊ စားကြ၊ ၀ါးကြပေါ့။ ၂၀၀၀ ခုနှစ် အကုန်လောက်မှာ Bust ဖြစ်တော့ ၀ုန်းဆို လူတွေအလုပ်ပြုတ်ကြ၊ ငိုကြယိုကြပေါ့။ Enron တို့လို ကုမ္ပဏီတွေရဲ့ လိမ်ညာမှုတွေပေါ်ပြီး ပြုတ်ကုန်၊ ကုမ္ပဏီလူကြီးတွေ တရားစွဲခံရ၊ ကုမ္ပဏီလည်းပြုတ်၊ စာရင်းတွေ ၀ိုင်းလိမ်ပေးတဲ့ နံမည်ကျော် Arthur Anderson လို ကုမ္ပဏီကြီးပါ လုံးလုံးပြုတ်ပေါ့။ Wall St က လူလည်တွေက Bust ဖြစ်ပြီဆိုတာနဲ့ ရှိသမျှ အရင်ရောင်းပြီး ငွေပုံပေါ် ထိုင်နေကြတာ။ ၂၀၀၂ ကျော်တော့ ဟော Real Estate အိမ်ရောင်း/အိမ်ဝယ် ဈေးကွက်ကို ငွေဝင်ပုံအောကြပြန်ရော။ ဒီ Boom ကို လိုက်စီးဖို့ Country Wide Mortage လို ကုမ္ပဏီ မျိုးတွေပေါ်လာပြီး လှိမ့်စားကြပေါ့။ ဒီ Housing Boom လို့ခေါ်တဲ့ စီးပွားရေးဖေါင်းပွမှု လှိုင်းကိုလှေကြုံ လိုက်စီးရင်း ငွေရွှင်ကြ၊ ငွေပုံပေါ် စံကြပြန်တာပေါ့။

အမေရိကန် တီထွင်မှု ထိုးထွင်းဥာဏ်
အမေရိကန်လူမျိုးတွေ အလွန်ဂုဏ်ယူကြတာာရှိတယ်။ အဲဒါကတော့ အမေရိကန်တို့ရဲ့ တီထွင်မှု ထိုးထွင်းဥာဏ်လို့ပြောရမဲ့ American Ingenuity ပါပဲ။ အရေးကြုံလာရင် အဖြေရအောင်ရှာမယ်၊ တီထွင်ယူမယ်၊ လမ်းရှာမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ အမေရိကန်နိုင်ငံသားတွေ အင်မတန် ဂုဏ်ယူကြတဲ့ စိတ်ဓါတ်နောက်တစ်ခုက (Can Do Attitude) လို့ခေါ်ပါတယ်။ ရအောင် လုပ်ပြမယ်၊ မဖြစ်ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တာနဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောရမယ်ထင်ပါတယ်။ ဒီစိတ်ဓါတ်ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စစ်ကြီးအပြီး ပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေ ကုမ္ပဏီထောင်ပြီး အလုပ်လုပ်နိုင်အောင် စဉ်းစားကြရင်းက ပေါ်ပေါက်ခဲ့ရတာပါပဲ။

လူတစ်ဦး သို့မဟုတ် လူတစ်စုဟာ ကုမ္ပဏီထောင်ဖို့ အလွန်ကောင်းတဲ့ အကြံဥာဏ် ရရှိကြတယ် ဆိုပါစို့။ ဒါဆို ကုမ္ပဏီထောင်ဖို့ ငွေအရင်းအနှီး လိုလာပြီ။ ဘဏ်ဆိုတာက ၀င်ငွေရှိမှ၊ ငွေပြန်ဖေါ်စရာ အပေါင်ရှိမှ၊ ငွေချေးမှာကိုး။ ၂၀ရာစု ပထမပိုင်းမှာ Private Equity လို့ခေါ်တဲ့ အများကို စတော့ထုတ်မရောင်းတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေမှာ ငွေရင်းစိုက်နိုင်တာ ရော်ကာဖယ်လာ (Rockefella) တို့၊ ဖေါ့ (Ford) တို့လို ငွေရှိပြီးသား သူဌေးကြီးတွေ ပဲရှိတာကိုး။ လူတိုင်း ဒီသူဌေးတွေနဲ့ ထိတွေ့နိုင်တာမှ မဟုတ်တာ။ ဒါကြောင့် Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) လို့ ပြောရမယ်ထင်ပါတယ်။ စပြီးထောင်စ ကုမ္ပဏီတွေကို Startup Companies လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အလားလာကောင်းသော၊ တိုးတက်မှုမြန်သော Startup Companies တွေကို အစပြိုးဖို့ အရဲစွန့်ပြီး စထောင်ဖို့ ငွေရင်းထုတ်ပေးသော လုပ်ငန်းကို Venture Capital လို့ခေါ်တာပါပဲ။

အရဲစွန့်တယ်ဆိုပေမယ့် အသားလွတ် လောင်းကစားသလို အရဲစွန့်ခြင်းမဟုတ်ပါ။ Calculated Risk လို့ခေါ်ရမဲ့ “တွက်ချက်ပြီး စွန့်စားခြင်း” ပါပဲ။

စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) Venture Capital ဆိုတာဘာလဲ။
နောင်တစ်ချိန်မှာ ထိပ်ဆုံးရောက်လာမဲ့ အင်တယ်လ် (Intel) ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပေါ်လာပုံကို ဥပမာအနေနဲ့ ကြည့်ကြရအောင်။

ရောဘတ်နွစ် (Robert Noyce) နဲ့ ဂေါ်ဒွန်မော (Gordon Moore) ဆိုတဲ့ အင်ဂျင်နီယာနှစ်ယောက်က ၁၉၆၈ခုနှစ်မှာ Integrated Circuit ဆိုတာကို တီထွင်နိုင်ခဲ့ကြတယ်။ ဒီအခါမှာ သူတို့နှစ်ယောက်က ကုမ္ပဏီအသစ်ထောင်ဖို့ ဆုံးဖြတ်ကြတယ်။ သူတို့ နှစ်ယောက်နဲ့အတူ မကြာခင်မှာပဲ အရင်အတူ အလုပ်လုပ်ခဲ့ကြတဲ့ ဟန်ဂေရီနိုင်ငံက ရေဖြူဂျီ (refugee) အနေနဲ့ ရောက်လာတဲ့ အင်ဒရူးဂရို့ Andrew Grove က လာပေါင်းခဲ့တယ်။ အင်ဂျင်နီယာနှစ်ယောက်ဟာ သူတို့သိတဲ့ အာသာရော့က် Arthur Rock အမည်ရှိတဲ့ Venture Capitalist ကို အစပြိုးဖို့ငွေရင်းရဖို့ ချဉ်းကပ်ခဲ့ကြတယ်။ ဒီနှစ်ယောက်ရဲ့ အရည်အသွေးကိုသိတဲ့ အာသာက ငွေရင်း ဒေါ်လာ ၂ သန်း ထုတ်ပေးခဲ့တယ်။ စစချင်း စထောင်တဲ့သူတွေကို Founders လို့ ခေါ်ပါတယ်။ ဒီ စတည်ထောင်သူတွေအတွက် မူလသဘောတူညီချက်အရ Founder’s Stocks လို့ ခေါ်တဲ့ (စ)ထူထောင်သူစတော့တွေ ရပါတယ်။ အများအားဖြင့် ငွေရင်းစိုက်သူတွေက အများအပြား ယူကြတာပါပဲ။

သာမန်အားဖြင့် အရင်းရှင်စနစ်မှာ ဘယ်တော့မှ ဥအားလုံးကို ခြင်းတစ်ခုထဲ မထည့်ရဘူး။ ကောင်းတယ်လို့၊ အောင်မြင်နိုင်စရာရှိတဲ့ အခွင့်အရေးတွေ့ရင် ကိုယ်ကဦးစီးပြီး အရင်းထည့်ပြီး နီးစပ်ရာ တခြား Venture Capitalist တွေကို စုပြီး (မ)တည်ငွေ အရင်းထောင်ပေးရတယ်။ ဒါကို Initial Round ပထမအရစ်အနေနဲ့ ပေးရတယ်။ ဒီကမှတဆင့် တခြားအင်ဂျင်နီယာနဲ့ အုပ်ချုပ်သူတွေငှားပြီး (စ)တီထွင်ရတော့တယ်။ ဒီကမှတဆင့် တိုးတက်မှု ရှိလာတယ်၊ ဖြစ်နိုင်စရာရှိတယ်ဆိုမှ ဒုတိယအရစ်၊ တတိယအရစ် စသည်ဖြင့် တိုးတက်မှုအပေါ်မှီပြီး ငွေကို လီပေးရတယ်။ ဒီငွေတွေ ထပ်တိုးတိုင်း စတော့ကို ငွေရင်းအချိုးကျ ထပ်မံ ထုတ်ဝေပေးရပါတယ်။ ယေဘူယျအားဖြင့် စတော့တစ်ခုကို (၅)ပြား၊ (၁၀) ပြား စသည်ဖြင့် (ပြား) ဂဏန်းနဲ့ ရကြတာပါ။ သာမန်အားဖြင့် (၁၈)လ (သို့) တစ်နှစ်ခွဲလောက်ဆို product လို့ခေါ်တဲ့ တီထွင်မှုကရိယာဟာ ရုပ်လုံးပေါ်လာပါပြီ။ ဒီအခါမှာ အရောင်းသမား Sales Person တွေငှားပြီး မိမိတို့ကုမ္ပဏီပစ္စည်းကို စရောင်းနိုင်ပြီ။ ဒီတော့ (၀င်ငွေ) ရှိလာပြီ။ မိမိရဲ့ ပစ္စည်းဟာ ရောင်းကောင်းပြီဆိုလာရင် မိမိတို့ကုမ္ပဏီကို ပုဂ္ဂလိကပိုင်မှ အများပိုင်သို့ပြောင်းနိုင်ပြီ။ မိမိတို့ကုမ္ပဏီရဲ့ စတော့တွေကို စတော့ဈေးကွက်မှာ တင်ရောင်းရင် အများပိုင် Public Company လို့ သတ်မှတ်ပါတယ်။

ဒီလို မိမိတို့ကုမ္ပဏီရဲ့ စတော့ကို ပုဂ္ဂလိကပိုင်မှ အများပြည်သူသို့ စတင်ရောင်းချခြင်းကို Initial Public Offering (IPO) လို့ခေါ်ပါတယ်။

ဒီလို အိုင်ပီအို (IPO) သွားတော့မယ်ဆိုရင် မိမိဘာသာ လုပ်ဆောင်၍ မရပါ။ အရင်းပြုဘဏ် (Investment Banks) တွေ လက်ကို အပ်ရပါတယ်။ သူတို့က မိမိပစ္စည်းရဲ့ ဈေးကွက်၊ မိမိပစ္စည်း၏ ရောင်းအား၊ နာမည်ရမှု အခြေအနေတွေအားလုံးကို ကြည့်ပြီးမှ စထွက်ဈေး ဘယ်လောက်ရှိသင့်တယ်လို့ သတ်မှတ်ပေးပါတယ်။ တစ်ချိန်တည်းမှာ စတော့ဖြန့်ဝေမှု အလုံးစုံကို တာဝန်ယူပေးကြပါတယ်။ ဒီလို မသတ်မှတ်ခင်၊ ငွေရင်းဈေးကွက်၏ ဘရာမင်များ ဖြစ်ကြကုန်သော၊ ငွေရှင်များ ဖြစ်ကြကုန်သော အာမခံကုမ္ပဏီများ၊ ပင်စင်ရံပုံငွေ (Pension Funds) ၊ မြူချယ်ဖန်း (Mutual Funds) များနဲ့ သီးသန့်ချမ်းသာသူများ (Independently Wealthy) များနဲ့ အမြို့မြို့မှာ ကုမ္ပဏီအကြီးအကဲ (CEO) နဲ့ တွေ့ဆုံပွဲတွေ လုပ်ပေးပါတယ်။ ဒီပွဲတွေမှာ မိမိကုမ္ပဏီကို ရောင်းပေတော့ပဲ။ နောက် (၆)လ၊ နောက်တစ်နှစ်မှာ ဘာတွေထပ်ထုတ်ဖို့ အစီအစဉ်တွေရှိပါတယ်။ မိမိတို့ရဲ့ပစ္စည်း Product ဟာ ပြိုင်ဖက်တွေနဲ့ ဘယ်လောက်သာပါတယ်ဆိုပြီး ရှင်းပြပေါ့၊ တစ်ဖက်ကလည်း သတင်းသမားတွေနဲ့ ပေါင်းပြီး မိမိပစ္စည်းကောင်းကြောင်း ဆောင်းပါးတွေရေးလာအောင် ချော့ပြီးပေါင်း၊ Trade Show လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာပြပွဲတွေမှာ ပြပြီးကြော်ငြာပေါ့။ အကောင်းဆုံး သက်သေတွေကတော့ မိမိရဲ့ဖေါက်သည် Customers တွေပါပဲ။

မိမိရဲ့ပစ္စည်း ဈေးကွက်မှာ နာမည်ရပြီဆိုရင် IPO မထွက်ခင် စထွက်ထွက်ချင်း ဈေးနဲ့ရဖို့ရာ ကြိုအော်ဒါမှာသူတွေ ၀ိုင်းနေတာပေါ့။ ဒီဝယ်အားကိုကြည့်ပြီး အရင်းပြုဘဏ် (Investment Banks) တွေက စတော့ ဈေးသတ်မှတ်ကြတာပါ။

သာမန်အားဖြင့် ဒေါ်လာ ၂၀၊၃၀၊၄၀၊၅၀ စသည်ဖြင့် ဖွင့်ကြတာပါပဲ။ အောင်မြင်တဲ့ ကုမ္ပဏီတွေကြတော့ ဒေါ်လာ ၃၀၊၄၀ လောက်နဲ့ဖွင့်ပြီး ၀ုန်းဆို ရာကျော်သွားတာတွေ ရှိပါတယ်။ သာမန်အားဖြင့် (စ)ထောင်တဲ့ ဖောင်ဒါတွေဟာ စတော့သိန်းမက သန်းနဲ့ချီ ရကြပါတယ်။ အများကတော့ Venture Capitalist တွေကပဲ ယူထားကြတာပါ။ ဒီတော့ ကုမ္ပဏီတစ်ခု အောင်မြင်သွားပြီဆိုရင် တခါတရံ သန်းနဲ့မဟုတ် ဘီလျံနဲ့ချီ (ပွ)သွားကြပါတယ်။ ပြားဂဏန်းနဲ့ ရထားတဲ့ စတော့တွေ ဆယ်ဂဏန်း၊ ရာဂဏန်း တက်သွားရင် (စား)ပေတော့ပဲ။ ဒါကြောင့် ကုမ္ပဏီတစ်ခုထဲကို ပုံမအောကြပဲ ကုမ္ပဏီအများကြီးကို နည်းနည်းစီထည့်ပြီး (ဝေစား) ကြတာပဲ။ ဒါ အရင်းရှင်စနစ် (ချမ်းသာမှုကို ဖေါ်ထုတ်ခြင်း) Wealth Creation ပါပဲ။

တကယ်တော့ အသေအချာ လေ့လာကြည့်ရင် ဒီ Venture Capitalist ဆိုသူတွေဟာ ခေတ်သစ်ချစ်တီး တွေပါပဲ။ သို့သော် သူတို့ရှိလို့လဲ ဒီလိုအောင်မြင်မှုကို ဖေါ်ဆောင်နိုင်တာလို့ ငြင်းချက်ထုတ်လာရင်တော့ အဖြေရအခက်သား။

အဲလ်ပယ် (Apple) စတင် တည်ထောင်ကတည်းက ပါခဲ့တဲ့လူတစ်ယောက်ဟာ မစွန့်စားရဲတာကြောင့် စတော့အားလုံးကို ရာဂဏန်းနဲ့ပဲ ရောင်းပစ်ခဲ့တယ်။ အခုအထိ ဆက်ကိုင်ထားရင် ဘီလျံနဲ့ချီ တန်နေပြီ။
အရင်းရှင်စနစ်ဆိုတာ စွန့်စားရဲမှကိုး။

စတော့ကို ငွေကြေးအဖြစ် အသုံးပြုခြင်း
ဆိုရှယ်လစ် ဦးနေ၀င်းလက်ထက်မှာ ကြီးပြင်းခဲ့ရပြီး မာ့က်ဝါဒီသမား ဦးဘငြိမ်ရဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်အောက်မှာ ငတ်ခဲ့ကြရတဲ့ စာရေးသူ မြန်မာနိုင်ငံသားဟာ စတော့ဆိုတာ ဘယ်လိုနားလည်မှာလဲ။ စာရေးသူ စီလီကွန်ဗယ်လီကို ပြူးတူးတူးကြောင်တောင်တောင် ရောက်သွားတော့ အဆင့်မြင့် အတတ်ပညာ ကုမ္ပဏီ (High Tech Firms) တွေဟာ စတော့ဝယ်ခွင့် (Stock Option) ကို ငွေစက္ကူပမာ Currency အဖြစ် အသုံးပြုနေကြပြီ။

စတော့ဆိုတာက ကုမ္ပဏီရဲ့ ရောင်အားနဲ့ အမြတ် အပေါ်မူတည်ပြီး အတက်အကျ ဖြစ်တာကိုး။

သုံးလပတ်တစ်ခါ စာရင်းရှင်းတမ်းအပြီးမှာ ကုမ္ပဏီအကြီးအကဲတွေဟာ Stock Analyst ဆိုတဲ့ စတော့လေ့လာသူတွေနဲ့ တယ်လီဖုံးကွန်ဖရင့် လုပ်ကြရပါတယ်။ ဒီမှာ နောင်(၃)လအတွက် အခြေအနေ၊ ထွက်မဲ့ Product ပစ္စည်းအသစ်တွေနဲ့ မိမိထင်မြင်ချက်ကို တင်ပြကြလေ့ရှိပါတယ်။ ဒါကို စတော့လေ့လာသူတွေက အသေအချာ သုံးသပ်ကြပြီးမှ ၀င်ငွေ ဘယ်လောက်ရနိုင်သလဲဆိုတာကို သုံးသပ်ပြီးမှ စတော့ဈေး ဘယ်လောက်ရှိသင့်သလဲဆိုပြီး ထင်မြင်ချက်ပေးလေ့ရှိတယ်။ စာရေးသူလုပ်ခဲ့တဲ့ စစ္စကို Cisco လို ကုမ္ပဏီတွေက ကွက်တိပြောတဲ့အတိုင်းဖြစ်အောင် လိုက်ဆောင်ရွက်နိုင်ကြတယ်။ ဒီလို မှန်းချက်ကိုက်အောင် ဆောင်ရွက်နိုင်ရင် ဈေးကွက်က ယုံကြည်မှုရှိပြီး မိမိစတော့ဈေးတွေ၊ တရိပ်ရိပ် တက်ပြန်ရော။ ဒီလိုဖြစ်ဖို့ရာ အသုံးစရိတ်ကို သုံးရာမှာ စည်းကမ်းရှိဖို့လိုတယ်။ ဒါကြောင့် အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ မိမိဝန်ထမ်းတွေကို လစာပေးရာမှာ တခြားသူတွေထက် ၁၀%လောက် လျော့ပေးတယ်။ အစစအရာရာ အသုံးစရိတ်မှာ ခြွေတာကြတယ်။ ဈေးကွက်က မျှော်လင့်သလို (အမြတ်) များများရအောင် ကြိုးစားကြတယ်။ အမြတ်များများရမှ မိမိတို့ကုမ္ပဏီ စတော့တွေဈေးတက်မှာကိုး။

ဒီလို ကုမ္ပဏီတစ်ခုလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြတာက အလုပ်ကြိုးစားသူတွေကို အုပ်ချုပ်သူတွေက စတော့ဝယ်ခွင့် Stock Option ပေးပိုင်ခွင့်ရှိကြတယ်။ တနည်းအားဖြင့် (ပိုင်ဆိုင်ခွင့်) သို့မဟုတ် ကုမ္ပဏီရဲ့ အောင်မြင်မှုကို ၀န်ထမ်းတွေအားလုံး ပါဝင်ခံစားခွင့်ပေးပြီး (ချည်)လိုက်တာပဲ။ တနည်းအားဖြင့်လည်း (ပိုင်ဆိုင်ခွင့်) ပေးပြီး (ငါ) ဆိုတာကို (ရစ်ပတ်ချည်နှောင်) ပေးလိုက်တာ။

စာဖတ်သူ လူငယ်လေးတွေကို သတိပြုစေချင်တာက အရင်းရှင်စနစ်အရ အောင်မြင်ဖို့အတွက် တစ်ဦးချင်းစွမ်းဆောင်နိုင်မှု (Individualism) ကို အားပြုထားပေမဲ့ စတော့ဆိုတာက အားလုံးနဲ့ ဆိုင်တယ်။ အားလုံးက ပါဝင်ထမ်းဆောင်မှ (အမြတ်) များများရမယ်။ ဒါကြောင့် (အကျိုး) အတွက်ကြတော့ (အများ) ဆိုတဲ့ Collectivism ကို ဆွဲချည်ပေးလိုက်တာ။ သိပ်လှတဲ့ သိပ်ပညာပါတဲ့ လုပ်ကွက်။ အတုယူသင့်တယ်။ American Ingenuity ဆိုတာဒါပါပဲ။

စတော့က ဘယ်လို အကျိုးရမှာလဲ။
စာရေးသူ စစ္စကိုရောက်တော့ ကုမ္ပဏီက အထွဋ်အထိပ်ရောက်ချိန်လို့ ပြောရမယ်ထင်တယ်။ သူ့ဈေးကွက်မှာ နံပတ်တစ်ပဲ။ ထိုစဉ်က အင်တာနက်တည်ဆောက်မှုမှာ စစ္စကိုပစ္စည်း Product 85% လောက်ကို ပါတယ်။ ပြိုင်ဖက် မရှိသလောက်ပဲ။ ဒါကြောင့် ထိုစဉ်က စစ္စကိုကုမ္ပဏီမျိုးကို ၀င်ဖို့ရာ သိပ်ခက်တယ်။ စာရေးသူ ရောက်ခဲ့စဉ်က ၀န်ထမ်း ၃၅၀၀ လောက်ပဲ ရှိတယ်။ Startup လို့ ခေါ်တဲ့ စစချင်း အခြေအနေသာသာလေးပဲ ရှိသေးတယ်။ တစ်ဖက်ကလည်း ကုမ္ပဏီတိုင်းဟာ လူတော်တွေကို ၀ိုင်းလုရသလို၊ မိမိကုမ္ပဏီက လူတော်တွေကို တခြားကလာဆွဲမှာ စိုးရိမ်ရတယ်။ အကောင်းဆုံးနည်းက စတော့ပေးပြီး မသွားနိုင်အောင် ဆွဲချည်ထားလိုက်တာပဲ။

စာရေးသူတို့အဆင့်မှာ ကုမ္ပဏီကိုဝင်ရင် sign-on bonus လို့ခေါ်တဲ့ တခြားက မိမိကုမ္ပဏီကို ၀င်ရောက်လာတဲ့အတွက် ကြိုဆိုတဲ့သဘောနဲ့ စတော့အပိုရပါတယ်။ ဥပမာ စတော့ ၄၀၀၀ ရတယ် ဆိုပါစို့။ စတော့ကို ရော့ဆိုပြီး ပေးလိုက်တာ မဟုတ်ပါ။ စတော့ကို အဲဒီအချိန်မှာ ရှိတဲ့ပေါက်ဈေးနဲ့ ၀ယ်ခွင့် ပြုလိုက်တာပါ။ စစ္စကို ကုမ္ပဏီက စတော့ဈေးကို ဒေါ်လာ ၄၀နဲ့ ၈၀ အကြား ထားပြီးတော့ ကစားလေ့ရှိပါတယ်။ စတော့ဈေး သိပ်ကြီးသွားရင် ၀ယ်နိုင်သူအရေအတွက် နည်းမှာစိုးတာကြောင့် သာမန်အားဖြင့် ၄၀က တဖြည်းဖြည်းတက်လာရင် ၈၀ လောက်ရောက်ရင် split လုပ်တယ်ခေါ်ပါတယ်။ စတော့ကို နှစ်ဆ၊တစ်ဆ ခွဲပစ်လိုက်ပါတယ်။ နှစ်ဆတစ်ဆခွဲရင် လက်ရှိ စတော့တစ်ခုဟာ နှစ်ခုဖြစ်သွားပြီး ဈေးက ၈၀ ကနေ ၄၀ ဖြစ်သွားပါတယ်။ ကုမ္ပဏီရဲ့ ပစ္စည်းတွေရောင်းကောင်းရင် စစ္စကို စတော့ကို ၀ယ်ကိုင်ချင်သူတွေများတာကြောင့် စတော့ဈေးတွေ ထပ်တက်ပေါ့။ ဒီလိုဖြစ်တာ အဲဒီချိန်က တစ်လမှာ တစ်ကြိမ်လောက် စတော့က ကွဲတယ်။ Split ဖြစ်တယ်။

ဒီတော့ အလုပ်ဝင်ပြီး (၈)လမှာ စတော့ကွဲရင် မူရင်း စတော့ ၄၀၀၀ ဟာ ၈၀၀၀ ဖြစ်သွားပြီး မိမိက ၄၀နဲ့ ၀ယ်ခွင့်ရထားခဲ့ရင် ၀ယ်ဈေး ၂၀ ဖြစ်သွားရော။ နောက်ထပ်တစ်ခါ စတော့ထပ်ကွဲရင် မိမိဝယ်ခွင့်ရထားတဲ့ စတော့အရည်အတွက်က ၁၆၀၀၀ ဖြစ်သွားပြီး ၀ယ်ခွင့်ရတဲ့ဈေးက ၁၀ ဖြစ်သွားရော။ အကယ်၍ တစ်နှစ်ပြည့်တဲ့အချိန်မှာ စတော့ဈေးက ၅၀ ဆိုရင်၊ ၀ယ်ခွင့်ရတဲ့ ဈေးက ၂၀ ဒေါ်လာဆိုတော့ကာ စတော့ တစ်ခုကို ဒေါ်လာ ၃၀ မြတ်နေပြီ။ မိမိ ၀ယ်ပိုင်ခွင့်စတော့ပေါင်း ၂၀၀၀ ဆိုရင် တစ်နှစ်အတွင်း အမြတ်ငွေ ဒေါ်လာ ၆၀၀၀၀ ရနေပြီ။ ကုမ္ပဏီတွေက စတော့ပေးပြီး လူတွေကို မိမိဆီမှာနေအောင် ဆွဲထားချင်တာကြောင့် စတော့တစ်ခါပေးရင် သက်တမ်းက (၄) နှစ်ပြည့်အောင် စောင့်ရမယ်။ ဆိုလိုတာက ဒီစတော့ကရမဲ့ အမြတ်ကို လိုချင်ရင် ဒီကုမ္ပဏီမှာ (၄) နှစ်နေမှ အပြည့်အ၀ ခံစားခွင့်ရှိမည်။ တစ်နှစ်နေရင် ရပိုင်ခွင့်စတော့ထဲက လေးပုံတစ်ပုံကို ခံစားပိုင်ခွင့်ရှိတယ်။ ၀င်ဝင်ချင်း စတော့ (stock) ရသလို တစ်နှစ်တစ်ခါ ကုမ္ပဏီက အလုပ်ကြိုးစားတဲ့သူတွေကို စတော့ ချီးမြှင့်ပြန်တယ်။

ဘယ်သူတွေ ရထိုက်တယ်ဆိုတာကို မန်နေဂျာတွေ လက်ထဲအပ်ထားတယ်။ လူတိုင်းမရ။ အလုပ်ကြိုးစားတယ်၊ လူတော်ဆိုရင် မရတဲ့နှစ် မရှိပါဘူး။ ဒါ ၀န်ထမ်းတွေ အလုပ်ကြိုးစားအောင် မြူဆွယ်ထားတာပါ။ အလုပ်ပြီးအောင် လူတစ်ဦးချင်းအပေါ် မူတည်ပေမယ့် စတော့ဈေးတက်ဖို့ကြတော့ အားလုံးနဲ့ လာဆိုင်တယ်။ တစ်ဦးချင်းအကျိုး (Individualism) ကို အများအကျိုး (Collectivism) နဲ့ စတော့နဲ့ လာချိတ်ပေးထားတာပါပဲ။

တခြားကုမ္ပဏီတွေကို ၀ယ်တော့ကော
အမေရိကန်နိုင်ငံမှာ စက်မှုတော်လှန်ရေး (Industrial Revolution) လို့ခေါ်တဲ့ ရော့ကယ်ဖယ်လား (Rockefeller) တို့၊ ဖေါ့စ် (Ford) ခေတ်ကနေ၊ အိုင်ဖီအမ် (IBM) ခေတ်အချိန်အထိ အရင်းရှင်စနစ်ကို ဒေါင်လိုက် (Vertically) ထူထောင်ခဲ့ကြတယ်။ ဆိုလိုတာက လိုသမျှပစ္စည်းအားလုံးကို ငါတို့ ကုမ္ပဏီအတွင်းမှာပဲ ထွင်မယ်၊ တည်ဆောက်မယ်ပေါ့။ ဆိုးကျိုးက လူတွေအများကြီး ငှားပြီးဆောင်ရွက်ရတော့ ၀န်ပိုလာတယ်။ တချိန်တည်းမှာ အလုပ်သမားအဖွဲ့အစည်း Unions တွေက တောင်းဆိုတာများတော့ အလုပ်သမားစရိတ်ကြီးပြီး cost of Business အလုပ်ဝန်ဆောင်ခ ကြီးလာတယ်။ တစ်ဖက်ကလည်း မိမိကုမ္ပဏီက အားလုံးထွင်မှကောင်းမယ်လို့ ထင်တာကြောင့် research တီထွင်မှုစမ်းသပ်ခြင်းကိုလည်း မိမိကုမ္ပဏီမှာပဲ လုပ်တာကြောင့် စရိတ်တက်လာတယ်။ အောင်မြင်တာလည်း ရှိသလို၊ မအောင်မြင်တာတွေလည်း ရှိမှာကိုး။ စီးပွားရေးကျတဲ့အချိန်မှာ ဒီစရိတ်တွေက ထောင်းလာတော့မယ်။

ဒါကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အရင်းရှင်စနစ်ဟာ ပုံစံပြောင်းပြီး ဒေါင်လိုက်ကနေ အလျားလိုက် (Horizontal) ပုံသဏ္ဍန်ကို ပြောင်းပစ်လိုက်တယ်။ ဥပမာ ထုတ်လုပ်မှု (manufacturing) ကို ကြည့်ရအောင်။ မိမိကိုယ်တိုင် ထုတ်လုပ်ရင် အလုပ်သမားတွေ ငှားရမယ်။ ယူနီယံတွေက လာရှုပ်ကြဦးမယ်။ ဒီတော့ ထုတ်လုပ်မှုကို ကျွမ်းကျင်တဲ့ ကုမ္ပဏီကို ၀ကွက်အပ်လိုက်တယ်။ ဒါကို ကွန်တရက် ပေး၍ထုတ်လုပ်မှု (Contract Manufacturing) လို့ ခေါ်ပါတယ်။ အခုတော့ ဒါတွေအားလုံး တရုပ်ပြည် ရောက်ကုန်ပြီ။

တီထွင်မှုမှာလည်း စစ္စကိုက ကိုယ်တိုင် စမ်းသပ်စရာမလို။ စီလီကွန်ဗယ်လီ (Silicon Valley) မှာ Startup လို့ခေါ်တဲ့ စထွင်တဲ့ စပေါ်စကုမ္ပဏီ (Startup) တွေပြိုင်ပါစေ။ စစ္စကိုက အရင်းအနှီးပြုစရာမလို။ အနိုင်ရတဲ့ ကုမ္ပဏီ၊ အောင်မြင်မှုရတဲ့ ကုမ္ပဏီကိုမှ စစ္စကိုစတော့ကို (ငွေ) အဖြစ်သုံးပြီး ၀ယ်လိုက်ရုံပဲ။ စတော့သာမှန်မှန် ဈေးတက်ပါစေ၊ လိုချင်သူပေါတဲ့ စတော့ကို (ငွေ) အဖြစ်သုံးပြီ စတည်ထောင်ခါစ ကုမ္ပဏီငယ်လေးတွေကို ၀ယ်လိုက်ရုံပဲ။ သူများစရိတ်နဲ့ ပြိုင်ခိုင်းပြီး အရင်းရှင်နည်းနဲ့ အနိုင်ရသူကို (ငွေ)နဲ့ ပေါက်ဝယ်လိုက်တာပဲ။ အောင်မြင်တဲ့စတော့ (stock) တွေဟာ ငွေစက္ကူထက် ပိုတန်ဖိုး ရှိပါတယ်။

ရေးသားသူ - Bo K Nyein
ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။

1 comment:

worldw MOHAMED said...

အားလုံးပဲမင်္ဂလာပါ,
ကျွန်တော့်နာမည် Mr Rugare Sim ပါ။ ငါဟော်လန်မှာနေပြီးယနေ့ငါဟာပျော်ရွှင်တဲ့သူတစ်ယောက်လား။ ငါကိုယ်တိုင်ကိုယ့်ကိုယ်ကိုပြောတယ်။ ငါနဲ့ငါ့မိသားစုကိုဆင်းရဲတဲ့အခြေအနေကနေကယ်ဆယ်နိုင်တဲ့သူကငါ့အတွက်ငွေချေးတဲ့သူကိုငါပြန်ပြောမယ်၊ သူကငါ့မိသားစုကိုပျော်ရွှင်စေတယ်၊ ​​ငါယူရိုချေးငွေလိုတယ် ကျွန်ုပ်သည်ကလေး ၂ ယောက်ရှိသောဖခင်တစ် ဦး အနေဖြင့်ကျွန်ုပ်ဘဝကိုစတင်နိုင်ရန် ၃၀၀,၀၀၀,၀၀၀၀ ကျွန်ုပ်ရိုးသားဖြောင့်မတ်သူနှင့်တွေ့ဆုံခဲ့သည်။ ကျွန်ုပ်သည်ချေးငွေယူရန်ယူရို ၃၀၀,၀၀၀၀၀ ကိုကူညီသောအလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့သူဖြစ်သည်။ သင်ပြန်ဆပ်ပါက ကျေးဇူးပြု၍ သူနှင့်ဆက်သွယ်ပါ (Mr Rugare Sim) ကသင့်အားသူ့ကိုရည်ညွှန်းသည်။ အီးမေးလ်မှတဆင့် Mr, Mohamed Careen ကိုဆက်သွယ်ပါ။ (arabloanfirmserves@gmail.com)


ချေးငွေလျှောက်လွှာသတင်းအချက်အလက်များ
နာမည်......
အလယ်နာမည်.....
၂။ လိင်: .........
၃။ လိုအပ်သောချေးငွေပမာဏ .........
၄။ ချေးငွေကာလ - .........
၅။ နိုင်ငံ - .........
၆။ အိမ်လိပ်စာ - .........
၇။ မိုဘိုင်းနံပါတ် - .........
၈။ အီးမေးလ်လိပ်စာ ..........
၉။ လစဉ်ဝင်ငွေ .........
10) အလုပ်အကိုင်: ...........................
11) ဒီနေရာမှာဘယ် site ကိုလုပ်ခဲ့သလဲ .....................
ကျေးဇူးတင်ပါတယ်နှင့်လေးစားစွာဖြင့်။
arabloanfirmserves@gmail.com အီးမေးလ်ပို့ပါ

Post a Comment